Switch Mode

အခန်း (၁၇၆)

ကလေးလေးရေ လိမ္မာပါ

လခွမ်း

ထိုတိုက်ချက်မှ ကြီးမားသော နာကျင်မှုကြီးကို စုရှောင်ရှန်ခံစားနေရသည်။ သူ့မျက်နှာများ လုံး၀ အဆင်းပျက်သွားမလားမသိ သူ့ရုပ်ရည်လေးအတွက် စိတ်ပူမိသည်။ သူ့နှာရိုးလည်းကျိုးသွားရကာ နာကျင်မှုကြောင့် မျက်ရည်များတောင် ဝဲလာ၏။

စုရှောင်ရှန်တကယ် စိတ်ဆိုးသွားပြီ။

တိုက်ခိုက်တဲ့အခါမှာ မျက်နှာကို မတိုက်ခိုက်ရဘူးဆိုတဲ့ စည်းမျဉ်းစည်းကမ်းရှိတယ်မဟုတ်ပါလား။ သူ့ပြိုင်ဘက်က ရုပ်သေးရုပ်တစ်ရုပ်ဆိုရင်တောင် ထိုစည်းမျဉ်းကို နားလည်ထားသင့်သည်။

ရုပ်သေးရုပ်ကလေးငယ် လက်‌ထပ်မြှောက်တာကို‌မြင်သောအခါ စုရှောင်ရှန် ချက်ခြင်း ပါးစပ်မှ မီးတောက်တစ်စေ့မှုတ်ထုတ်ပစ်လိုက်သည်။ ၎င်းနောက်မှ ခွန်အားက အံ့မခန်းဖြစ်၏။

ထိုသို့ နီးကပ်သောအခြေအနေမှာတောင် ရုပ်သေးကလေးငယ်က ခေါင်းလေးအသာအယာဆောင်းကာ အေးဆေး ရှောင်လိုက်သည်။

“လခွမ်း။ ငါတန်ပြန်တိုက်ခိုက်တာကိုတောင် အေးဆေးရှောင်နိုင်နေပါလား”

စုရှောင်ရှန်ဘာလုပ်ရမှန်းမသိတော့ပေ။

ကြမ်းပြင်ကို ခြေတစ်ချက်ပေါက်ပြီး ခုန်ထလိုက်သည်။ သူ့လက်ငါးချောင်းတွင် မီးတောက်အစေ့များ ပေါ်လာတော့၏။ ထို့နောက် သေချာတောင်မကြည့်ဘဲ အောက်တည့်တည့်ကို ပစ်လွှတ်လိုက်သည်။

အကြောင်းက ထိုရုပ်သေးကလေးငယ်က အလွန်လျှင်မြန်နေလေရာ သူ့အကြားအမြင်ဖြင့်တောင်မှ ထိအောင် တိုက်ခိုက်ရခက်နေသည်။ ထိုရုပ်သေးကလေးငယ်ကို အာရုံခံမိလိုက်တယ်ဆိုရင်တောင် တိုက်ရိုက် တိုက်ခိုက်လို့မရဘဲ သူဘာဆက်လုပ်မယ်ဆိုတာ မှန်းပြီးပဲ တိုက်ခိုက်ရ၏။

သူ့ပစ်ချက်များအားလုံး လွဲချော်သွားပြီး လေကိုသာ ထိသွားသည်။

ထိုရုပ်သေးကလေးငယ်က လက်ပိုက်ပြီး သူ့ကို စောင့်ကြည့်နေတာကို မြင်တဲ့အခါ စုရှောင်ရှန် အလွန်အမင်း အံ့အားသင့်သွားရ၏။ ပို၍ တုန်လှုပ်ဖွယ်ရာက သူမြေပြင်ပေါ်ပြန်ကျလာမည့် နေရာ၏ အနောက်၌ ရပ်နေခြင်းဖြစ်သည်။

“ဒီလိုမှန်းသိရင် သူ့လှုပ်ရှားမှုကို ကြိုတင်မခန့်မှန်းခဲ့ပါဘူး…” စုရှောင်ရှန် ရင်တဒိတ်ဒိတ်ခုန်နေပြီး တံတွေးများကို ခက်ခက်ခဲခဲမျိုချလိုက်ရသည်။

ထိုရုပ်သေးကကြောက်မက်ဖွယ်ရာကောင်းလွန်းလှသည်။ ဘယ်သူများဖန်တီးလိုက်လဲမသိ။ လုံး၀ကို တိုက်ခိုက်ဖို့သက်သက် ထုတ်ထားဟန်ရ၏။

ရုပ်သေးကလေးငယ်လေး၏ ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှု၊ အလျင်နှင့် တုန့်ပြန်နှုန်းတို့က စုရှောင်ရှန်ထက် အပုံကြီးသာသည်။ ဘာအားနည်းချက်မှ မရှိရလောက်အောင် ပြိုင်ဘက်ကင်းနေသည်။

စုရှောင်ရှန် ကိုယ်ကိုယ်ဆန့်ပြီး ရောက်လာမယ့် တိုက်ခိုက်မှုအတွက် ပြင်ဆင်ထားသော်လည်း ရုပ်သေးကလေးငယ်က ထပ်မံတိုက်ခိုက်ဖို့ ရည်ရွယ်ချက်မရှိတာကို‌တွေ့လိုက်ရသည်။ ထိုအတိုင်းသာ ငူငူကြီးရပ်နေ၏။

“ဘာလဲ။ ဘာလို့ အခုမှ ရပ်နေတာလဲ”

ထိုအရာဘာတွေးနေမှန်းမသိ စုရှောင်ရှန် နောက်လှည့်ပြီးကြည့်လိုက်သည်။

စုရှောင်ရှန်ကို မကြည့်‌တော့ဘဲ ကောင်းကင်ကြီးကို ကြည့်‌နေသည့် ရုပ်သေးကလေးငယ်၏ မျက်၀န်းများထဲ၌ နားမလည်နိုင်မှုတို့ကို အထင်းသားမြင်နေရ၏။

ထိုကမ္ဘာပျက်ကပ်ကြီးက သူ့ရှေ့မှ အားနည်းသောလူသားထက်ပို၍ စိတ်၀င်စားဖွယ်ကောင်းနေတာက ပြောစရာတောင်မလိုချေ။

“မေမေ…”

“ဟင်”

ရုပ်သေးကလေးငယ် စုရှောင်ရှန်ကို ပြန်ကြည့်သည်။

စုရှောင်ရှန်၏ နှုတ်ခမ်းထောင့် စလှုပ်လာ၏။ ရုပ်သေးကလေးငယ်ကို လှောင်ပြောင်တာတော့မဟုတ်ပေမယ့် စိတ်ထဲမှာ ဘယ်လိုများ အတွေးတွေ ဖြစ်ပေါ်နေသလဲဆိုတာ တကယ် သိချင်မိသည်။

ဒါက ဘ၀မှာ ပထမဦးဆုံးအကြိမ်အဖြစ် တွေးတောနိုင်စွမ်းရှိသည့် သက်မဲ့အရာတစ်ခုကို မြင်ဖူးခြင်းဖြစ်လေသည်။ ထိုအရာက ဆန်းကြယ်လွန်းလို့ စုရှောင်ရှန်တောင် စိတ်ကူးမယဉ်ကြည့်နိုင်ချေ။

“မင်းငါပြောတာနားလည်ရင်… ဟေး ဟေ့ကောင် မတိုက်ခိုက်နဲ့တော့ဟ”

စုရှောင်ရှန် ရုပ်သေးကလေးငယ်နှင့် ဆက်သွယ် ပြောဆိုရန်ကြိုးစားနေချိန် လက်လှုပ်လာတာကိုမြင်သောအခါ ချက်ခြင်းတုန့်ပြန်လိုက်သည်။

ရုပ်သေးကလေးငယ်က သူပြောတာနားလည်သည့်အလား လက်ပြန်ချကာ ရင်ဘက်အ‌ရှေ့ ပိုက်လိုက်သည်။

“မေမေ”

ထိုအသံမှ အင်မတန်နူးညံ့ကာ မေးခွန်းမေးသလို လေသံမျိုးကို ခံစားရသည်။

ရုပ်သေးကလေးငယ်နှင့် ဘယ်လို ဆက်သွယ်ရမလဲ ရှာတွေ့သွားတာများလားဆိုပြီး စုရှောင်ရှန် စိတ်လှုပ်ရှားသွား၏။ သူ့လက်ကို ပိုက်ထားရင် တိုက်ခိုက်မှာ မဟုတ်တာ သေချာသည်။

“ဟုတ်တယ် ကလေးလေး။ လက်ကို အဲ့အတိုင်းပိုက်ထားပြီး မေမေ့ကို ချိုချိုသာသာလေးပြောနော် ဟုတ်ပြီလား”

စုရှောင်ရှန်စိတ်အားထက်သန်စွာ လက်နှစ်ဖက် ပွတ်သပ်နေတာကို ရုပ်သေးကလေးငယ်ကြည့်လိုက်သည်။ တကယ်လဲ ရတနာလို့မဆိုရပေ။ အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်ကိုတောင် လက်သီးတစ်ချက်တည်းနှင့် ဖျက်ဆီးနိုင်လိုက်၏။ ထိုရုပ်သေးကလေးငယ်ကို သူနှင့် တစ်ပါးတည်ခေါ်ဆောင်သွားနိုင်လျှင် အဖိုးကြီးစန်းကို ပညာပြ‌နိုင်ပေမည်။

သု့ကိုကြည့်နေသော ရုပ်သေးကလေးငယ်က ရုတ်တရက်ထပြီး သူလုပ်သလို လက်များပွတ်သပ်နေတာကို စုရှောင်ရှန်‌တွေ့လိုက်ရသည်။

ဘာလဲဟ။

“ငါ့လို လိုက်မလုပ်နဲ့” စုရှောင်ရှန် လက်ပိုက်၍ ‌လေသံမာမာဖြင့်ပြောသည်။

စိတ်ထဲမှ ရုတ်တရက် ရုပ်သေးကလေးငယ် လက်ပွတ်သပ်နေတာကနေ ထရိုက်မလား မသေချာသည့်အတွက် သူ့လက်များကိုပိုက်၍သာ စကားပြောသည်က ကောင်းမည်ဟု ခံစားလိုက်ရ၏။

“မင်းငါ့မျက်နှာကို ထိုးလိုက်တဲ့ လက်သီးချက်တွေကို လျော်ပေးမယ်။ မလုပ်ခဲ့ဘူးလို့ မှတ်လိုက်ပေါ့”

ထိုအရာက သူ့ကို စိုက်ကြည့်နေသေးသဖြင့် သူ့အမှားအတွက် သဘောထားကြီးစွာ ခွင့်လွှတ်ပေးမယ်ပြောလိုက်သည်။ မဟုတ်လည်း သူ့မှာဘာရွေးချယ်စရာရှိလို့လဲ။ ထိုရုပ်သေးက အသန်မာကြီးကို သူအနိုင်မယူနိုင်ချေ။ ရေလိုက်ငါးလိုက်ဘ၀လေးကသာ ကောင်းသည်။

“မင်းတွေ့တဲ့အတိုင်း ကောင်းကင်က ပေါက်ပြဲလာပြီ ဒီကမ္ဘာကြီးက ပျက်ဆီးတော့မယ်”

စုရှောင်ရှန်လက်ညိုးထိုးပြသော နောက်ကို ရုပ်သေးကလေးငယ် လိုက်ကြည့်သည်။ ၎င်း၏ မျက်၀န်းများအထဲမှာ လူသားလို အသိဉာဏ်ရှ်ိတာကို တစ်စွန်းတစ်စ မြင်ရ၏။

အလုပ်ဖြစ်တယ်ဟ။

အခြေနေက ကောင်းနေလေရာ စုရှောင်‌ရှန်ပျော်သွားပြီး ဆက်လိုက်သည်။ “ငါမင်းနဲ့ တည့်တိုးပဲပြောချင်တယ်။ ငါကိုယ်တိုင်ကိုက လွတ်လပ်မှုကိုကြိုက်တဲ့သူတစ်ယောက်။ မင်းလည်းဒီကမ္ဘာသေးသေးလေးမှာ တစ်ချိန်လုံး အမြှပ်နှံခံထားရတာကြိုက်မှာမဟုတ်ဘူး”

“ငါနဲ့လိုက်ခဲ့။ အပြင်ဘက် ကမ္ဘာကြီးက ဒီ့ထက်ပိုကျယ်တယ်။ ပိုပြီးလှပတဲ့အရာတွေ‌၊ တွေ့ကြုံစုံမက်ရမယ့်အရာတွေနဲ့ မင်းဘဝရဲ့ အချစ်စစ်ကို ရှာတွေ့သွားမှာတောင်ဖြစ်နိုင်တယ်”

စုရှောင်ရှန် အချိုသာဆုံးလို့ သူထင်သည့် အပြုံးမျိုးဖြင့် ရိုးသားသောလေသံသုံးကာ အားပေးတိုက်တွန်းမှုပြုလိုက်သည်။ သို့သော် လက်တော့ မဆန့်ထုတ်ရဲပါသေးချေ။

“မေမေ…” ရုပ်သေးကလေးငယ်က ထိုမျှသာ တုန်ပြန်သည်။

စုရှောင်ရှန်ဘာ လုပ်ရမှန်းမသိဖြစ်သွား၏။

အဲ့တာ ဘယ်လိုအဖြေလဲ။ ငါအခုလှုပ်ရှားလို့ရပြီလား။

ရုပ်သေးကလေးငယ်၏ စကားကို ဘာသာပြန်ပေးမယ့်အရာ ဘယ်လောက်လိုချင်လိုက်လဲ။ သူပြောတာနားမလည်သည့်အတွက် စုရှောင်ရှန်က ဆက်၍ “ကြားဖြတ်ရတာတော့ စိတ်မကောင်းပါဘူး…”

ရန်သူ ရပ်နေသမျှ ငါလည်းရပ်နေရင် ဘာထိခိုက်အနာတရမှ ဖြစ်စရာမလိုတော့ဘူး။

စုရှောင်ရှန်အမှန်တရားကို သိလိုက်သည်။

ဘန်းးး ဘန်းးးး

ကမ္ဘာပျက်နေသည့်နှုန်းကပိုမြန်လာခဲ့သည်။ မိုးကုပ်စက်ဝိုင်းအလွန်မှ တစ်ဖြည်းဖြည်း တိုးချဲလာသော အမှောင်ထုကြီးက အလျင်အမြန် နီးကပ်လာခဲ့၏။

ကြည့်ရတာ ရုပ်သေးကလေးငယ်က တကယ် ရတနာတစ်ပါးဖြစ်ပေမည်။ ယခု သူ့အကာအကွယ်ကိုဖျက်လိုက်လို့ ကမ္ဘာကြီး ပျက်စီးနှုန်းက ပိုမြန်လာတာများလား။

“ချီးပဲ…”

စုရှောင်ရှန် မြေပြင်ကို စိုးရိမ်တကြီးကြည့်လိုက်သည်။ သူပဲ ထပ်အထိုးခံပြီး မြေအောက်တည့်တည့်ကိုဆင်းရမလား ‌ယခုလို ရုပ်သေးကလေးငယ်ကိုပဲ ဆက်နားချရမလား ဘာလုပ်ရမှန်းမသိဖြစ်သွားသည်။

“ဒီလိုလုပ်လေကလေး။ ငါတို့ လက်တွေကို ဒီအတိုင်းဆက်ထားမယ်နော်။ ငါမင်းအနားလာမယ်။ မင်းလဲ ငါ့အနားလာ။ ‌ဖြည်းဖြည်းချင်းနော်…”

ရုပ်သေးကလေးငယ်စီကို ခြေတစ်လှမ်းချင်းစီ စုရှောင်ရှန် သတိချပ်၍ တက်သွားသည်။ ထို ရုပ်သေးကလေးငယ် တုန်ခါလာတာကိုမြင်သောအခါ တည်ငြိမ်သောလေသံဖြင့် စုရှောင်ရှန်က ချက်ခြင်း “ငါမင်းကို မရိုက်ပါဘူး။ စိတ်မပူနဲ့။ မင်းနဲ့ငါနဲ့ ကမ္ဘာကြီးကို ကယ်တော့မှာ ဟုတ်ပြီလား”

ထို့နောက် ကျောက်စိမ်းစာလိပ်ကိုထုတ်ယူကာ ရုပ်သေးကလေးငယ်ရှေ့၌ ဝေ့ရမ်းပြလိုက်သည်။ “ငါဒီဟာကို မင်းကိုတွေ့တဲ့နေရာမှာ ထားရမယ်။ မဟုတ်ရင် အားလုံးသေကုန်လိမ့်မယ်”

ကျောက်စိမ်းစာလိပ်ကိုမြင်တာနဲ့ ရုပ်သေးကလေးငယ်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ၎င်း၏ အနီရင့်ရောင်မျက်လုံးများဖြင့်တောင် စုရှောင်ရှန် ခံစားချက်တစ်စုံတစ်ရာကို ခံစားနိုင်၏။

“သေပြီဆရာ…”

ရုပ်သေးကလေးငယ်က သူ့ကိုခုန်အုပ်ပြီး ကျောက်စိမ်းစာလိပ် အ‌ချိန်မရွေးလုလိုက်နိုင်တာကြောင့် ၎င်းကို တင်းတင်းကြပ်ကြပ်စုပ်ကိုင်ထားလိုက်သည်။

“ငါမင်းကိုဒါမပေးနိုင်ဘူး။ မင်းသာလျှောက်လုပ်နေရင် ဘယ်သူမှ ကယ်နိုင်မှာမဟုတ်တော့ဘူး”

ရုပ်သေးကလေးငယ် ထိတ်ထိတ်ပျာပျာ မြေအောက်သို့ဆင်းသည့် အပေါက်ကြီးကို ကြည့်လိုက်သည်။ လျှပ်တပြက်အတွင်းသာဆိုပေမယ့် သူ့မျက်လုံးထဲက ကြောက်ရွံ့မှုကို စုရှောင်ရှန်တွေ့လိုက်ရ၏။

ရုတ်တရက် အရာအားလုံးကို စုရှောင်ရှန်နားလည်သွားသည်။

အ‌မှောင်ထားမှာ ပိတ်ထားခံရတာက အသိဉာဏ်ရှိသည့် ဘယ်သက်ရှိအတွက်မ‌ဆို ကြောက်စရာအကောင်းဆုံးအတွေ့အကြုံဖြစ်၏။ စုရှောင်ရှန် ရုပ်သေးကလေးငယ်က ဘယ်လောက်ကြာအောင် ဖမ်းချုပ်ခြင်းခံထားရသည်မသိပေမယ့် တော်တော်ကြာပြီဆိုတာတော့သိသည်။

ရုပ်သေးကလေးငယ်ကို အမှောင်ကမ္ဘာထဲ ပြန်သွားခိုင်းခြင်းကို သဘောတူမည်မဟုတ်သလို မဖြစ်နိုင်သည့်အရာဖြစ်သည်။

ရုပ်သေးကလေးငယ်၏ ကြောက်ရွံ့မှုကို အခွင့်အရေးယူလို့ရမည့် နည်းလမ်းကို သိလိုက်၏။

သတ္တဝါတစ်ကောင်က ဘယ်လောက်ပဲသန်မာပါစေ ကြောက်ရွံ့သွားတယ်ဆိုရင် အားနည်းချက်များပေါ်ပေပြီ။

သူ့‌ရှေ့မှ ဒီရုပ်သေးကလေးငယ်က အသိဉာဏ်ရှိတယ်ဆိုပေမယ့် ကြီးရင့်မယ့်ပုံမပေါ်သေးပေ။ သူ့လုပ်ရပ်များကိုကြည့်၍လည်း ကလေးတစ်ယောက်သာသာ ရှိမယ်ဆိုတာ ပြောနိုင်နေသည်။

ရုပ်သေးကလေးငယ်က အရှင်သခင်နယ်ပယ်ထက်ပိုသော ခွန်အားရှိပေမယ့် ၎င်းကို အသုံးချနိုင်တဲ့ အသိဉာဏ်မရှိချေ။ ကလေးငယ်တစ်ယောက်လိုခန္ဓာကိုယ်ကြောင့်လားဘာလားမသိပေမယ့် အသိဉာဏ်ချို့တဲ့မှုကြောင့် လက်ရှိ သူ့အလားအလာက အကန့်အသတ်နှင့်သာရှိ၏။

ရုပ်သေးကလေးငယ်စောနက သူ့ကို ဘာလို့တိုက်ခိုက်ရသလဲ သူမသိသလို ရုပ်သေးကလေးငယ်လဲ သူကိုယ်တ်ိုင်သိလိမ့်မယ်လို့ စုရှောင်ရှန်မထင်ပါချေ။

ချုပ်နှောင်ခံထားရတာကြာ၍ပဲလား ဒေါသပုံချချင်သည်မလားမသိ။ သို့ဆိုရင်တော့ လူတိုင်းလည်း လုပ်မိမည်ဖြစ်ရာ နားလည်ပေးလို့ရသည်။

“လိမ္မာနော်။ ဒီမှာစောင့်နေဟုတ်လား။ လျှောက်မသွားနဲ့။ မြေအောက်က ထောက်ကို မေမေ ဖျက်ဆီးလိုက်မယ် ဟုတ်ပြီလား” စုရှောင်ရှန်ဆိုသည်။

“မေမေ…”

ရုပ်သေးရုပ်၏ ခြောက်ကပ်ကပ်လေသံမှဘာကို ခံစားနေရသလဲမသိရချေ။ မျက်မှောင်ကြုတ်လိုက်ပြီး ရှေ့တက်ကြည့်သည်။ အဆိုးဆုံးအခြေအနေအတွက်လည်း ကြိုတင်ပြင်ဆင်ထားလိုက်၏။

ရုပ်သေးကလေးငယ် မလှုပ်ရှားပါချေ။

ထိုကလေးငယ်က သူ့ကို လက်ပိုက်ပြီးသာ ကြည့်နေသေး၏။

Comment

Leave a Reply

Options

not work with dark mode
Reset