ဒီကောင်တွေ အသိဉာဏ်ရှိကြတာလားဟ။
စုရှောင်ရှန် ဆုတ်ခွာသွားသော ထိုသံမဏိ ရုပ်သေးရုပ်များကိုကြည့်ရင်း အတွေးနက်သွားသည်။
သူ့အကြားအမြင်နှင့် ထိုသံမဏိတံခါးများနောက်မှ အရာကို မြင်နိုင်လေသည်။ ထိုသံမဏိရုပ်သေးရုပ်များ ပြန်၀င်သွားသောအခါ မြေပြင်၌ ထိုင်လိုက်ကြသည်။
အနောက်ဘက်တွင်လည်း အဖြူရောင်ဖန်သားပြင်လို အရာတစ်ခုရှိပြီး ရုပ်သေးရုပ်များ ၎င်းကို ကျော်နိုင်သည့်ပုံမပေါ်ချေ။
“အင်း။ ငါသာ ရတနာကိုရှာချင်ရင် သူတို့ အကူအညီလိုမယ့်ပုံပဲ။ ကြည့်ရတာ ဒီလိုနဲ့ပဲ ရှာလို့ရတော့မယ်ထင်တယ်” သူ့ဟာသူရေရွတ်ပြီး စိတ်လှုပ်ရှားသွားသည်။
သို့သော် ဘာမှ အကောင်အထည်မဖော်သေးဘဲ ကျိုးထျန်းရှန်စီသွားလိုက်သည်။
အဝေးကမို့မမြင်ရပေမယ့် အနီးရောက်မှ သူ့တစ်ကိုယ်လုံးမှာ ခုတ်ရာပြတ်ရာ များကိုတွေ့လိုက်ရသည်။ ထိုသံမဏိရုပ်သေးရုပ်များ၏ တိုက်ခိုက်ချက်များကြောင့်ဖြစ်ဟန်ရသည်။
သူ့အတွင်းဒဏ်ရာများကလည်း အခြေအနေအတော်ဆိုးပြီး ကျိုးထျန်းရှန်၏ အရွတ်များ၊ သွေးကြောများမှာ ဆိုးဆိုးရွားရွား ပေါက်ပြဲ ပြတ်ထွက်ကုန်ကြ၏။
သူ့ကိုယ်ကိုယ်လည်း တိုက်စားနေသော ခက်ထန်သည့် ဓားဆန္ဒတစ်ခုကိုလည်း ထောက်လှမ်းမိသည်။ ထိုဓားဆန္ဒက သူ့အတွင်းအင်္ဂါများကို တိုက်စားနေလေရဲ့။ ဒီလိုသာဆက်သွားရင် သူရပ်နေတဲ့နေရာမှာပဲ သေသွားလောက်သည်။
ပိုပြီး အရေးကြီးတာက… သူ့အင်္ကျီအထက်၀တ်ကိုချွတ်ပြီး လက်ပြတ်ထွက်သွားသော နေရာကို စုရှောင်ရှန်ကြည့်လိုက်သည်။
ဒဏ်ရာက ဓားဒဏ်ရာကြောင့်လားမသိ အညိုအမဲ အစင်းကြောင်းများ ဆွဲနေသည်။ ဒီကမ္ဘာကြီးမှာ မေးခိုင်ရောဂါရှိမလား စုရှောင်ရှန် မသိချေ။
ဘာပြောပြော ကျိုးထျန်းရှန်အသက်ရှင်နေသေးတာကိုက အံ့အားသင့်စရာကောင်းလှနေပြီ။
“အင်း… ငါ့ကျောက်စိမ်းနက် အဲ မဟုတ်ဘူး ရွှေနီဆေးရည်ကိုသုံးလို့ရမယ်ထင်တယ်”
စုရှောင်ရှန် လက်လုပ် ပျားရည်နှင့်အရောင်တူသော ပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်။ ထို့နောက် တစ်ဇွန်းခပ်ထုတ်ကာ ကျိုးထျန်းရှန်ကိုတိုက်လိုက်သည်။ ပြီးနောက် ဒဏ်ရာများပေါ် လိုက်လံ လိမ်းကျံပေးပြီး ကျိုးထျန်း၏ လက်ပြတ်ထွက်သွားသော နေရာကို အဓိက ထူထူထပ်ထပ် လိမ်းပေးလိုက်၏။
သူ့အကြားအမြင်ဖြင့်တောင် ကျိုးထျန်းရှန်၏ ပြတ်ထွက်သွားသော လက်ကို ရှာမတွေ့ပါချေ။ ကြည့်ရတာ တိုက်ပွဲအတွင်း အပိုင်းပိုင်း အစအနမကျန်အောင်ဖြစ်သွားသည့်ပုံရသည်။
“နှမျောစရာပဲ…”
ဒီဆေးရည်ကလည်း လက်အသစ်ဖြစ်ပေါ်လာအောင်လုပ်နိုင်မယ်လို့တော့ စုရှောင်ရှန်မထင်ပါ။ ၎င်းက အဆင့် (၁၀) ဆေးလုံးကို အရည်ပြောင်းထားတဲ့ အဆင့်မြင့် ဆေးတစ်မျိုးသာဖြစ်သည်။
သိပ်မကြာလိုက်ဘဲ ကျိုးထျန်းရှန်၏ကိုယ်ခန္ဓာ လှုပ်ရှားလာသည်။
“အဟမ်း”
သူ့မျက်၀န်းထဲမှ သွေးဆာလောင်မှုများပျောက်ကွယ်သွားပြီဖြစ်သော်လည်း သူ့မျက်လုံးကတော့ နီနေစဲ။ ကျိုးထျန်းရှန် အင်မတန် ပင်ပန်းနှုံချိနေသလိုခံစားလိုက်ရသည်။
“စုရှောင်ရှန်လား” သူ့ရှေ့မှ လူငယ်လေးကိုကြည့်ပြီး တအံ့တအောဆိုသည်။
စုရှောင်ရှန်နောက်မှ ကပ်ပျက်နေသလို ကောင်းကင်ကိုမြင်ရာ သူ့မျက်လုံးများ မျက်အိမ်များမှ ထွက်လာမတတ်ပြူးကျယ်သွား၏။
“ဘုရားရေ ဘာတွေဖြစ်သွားတာလဲ”
ကျိုးထျန်းရှန်၏ တုန်လှုပ်နေသော မျက်နှာကိုကြည့်ပြီး စုရှောင်ရှန်အကြံတစ်ခုရသွားသည်။ သို့ဖြင့် လက်ခုပ်တီး၍ဆို၏။ “အေး… အချိန်ကုန်တာကလည်း မျက်စိတစ်မှိတ်အတွင်းဘဲ။ နှစ်တစ်သောင်းကလျှပ်တပြက်အတွင်းကုန်သွားခဲ့ပြီ”
ကျိုးထျန်းရှန်မှင်တက်သွားသည်။
သူ့မျက်ဆံများပြူးကျယ်လာပြီးနောက် ပြန်ကျုံ့သွားပြန်၏။
“တကယ်ကြီးလား”
စုရှောင်ရှန်သူ့ အသိပေးချက်ဖန်သားပြင်ကိုကြည့်သောအခါ “သံသယ” ဆိုသည့် စကားလုံးကို မတွေ့ရပါချေ။
တကယ်ကြီးယုံတာဟ။
တကယ်ကို ရိုးသားတဲ့ ဓားသမားပါပေ။
ကျိုးထျန်းရှန်သူ့တံတွေးကိုမျိုချပြီး ခက်ခက်ခဲခဲပြောလိုက်သည်။ “ဒါဆို ဒါက ကမ္ဘာပျက်တော့မှာပေါ့”
“အင်း ငါတို့တွေ ဒီနှစ်တွေအတွင်းမှာ ဘယ်မှာရှိနေလဲသိလား…” စုရှောင်ရှန် တုံ့ခနဲရပ်သွားသည်။
ကျိုးထျန်းရှန်မျက်မှောင်ကြုတ်၍ စဉ်းစားခန်း၀င်သွား၏။
“ထျန်းရွှမ်တံခါး”
သူ့မှတ်ဉာဏ်များထဲ နှစ်တစ်သောင်းလောက်မှတ်ဉာဏ်များဖြတ်ပြေးသွားသလို မှတ်မိသွားပြီး အလန့်တကြားထအော်လိုက်သည်။
စုရှောင်ရှန် ၀မ်းနည်းသလိုလို၊ ဆွေးမြည့်သလိုလို သက်ပြင်းရှည်ကြီးဟန်ဆောင်ချ၍ ပြောလိုက်သည်။ “ဟုတ်တယ်။ ထျန်းရွှမ်တံခါး။ ဒီနာမည်ကို မကြားရတာတောင် အတော်ကြာပြီပဲ”
“ဘယ်လိုဖြစ်နိုင်မှာလဲ။ ဘယ်လိုဖြစ်နိုင်မှာ”
ကျိုးထျန်းရှန် ရုတ်တရက် ထိတ်ထိတ်ပျာပျာ ထဖောက်တော့သည်။ “ဒါပေမယ့် ငါ့မှာ ဒီနှစ်တစ်သောင်းအတွင်းက မှတ်ဉာဏ်တွေမရှိဘူးကော”
“ဟူးးး…”
စုရှောင်ရှန် ချက်ခြင်းဘဲ ထိန်းမနိုင်သိမ်းမရ ၀မ်းနည်းမှုနှင့် ပဟေဠိဖြစ်နေသော အမူအရာတို့ကို တစ်ပြိုင်တည်းဖော်ပြလိုက်ပြီး တိုးတိုးတိတ်တိတ်ပြောသည်။
“ငါ့မှာလည်းမရှိဘူး… ဒါပေမယ့် ကြည့်ရသလောက်တော့ ငါတို့နှစ်ယောက်ပဲ ရှင်သန်ကြပုံရတယ်”
ထို့နောက် ကျိုးထျန်းရှန်၏ ပုခုံးကို စိတ်လှုပ်တရှား ကိုင်ရမ်းကာ “ငါတို့က အရွေးချယ်ခံတွေပဲ။ အရွေးချယ်ခံတွေမို့ အသက်ရှင်ကျန်ရစ်ခဲ့တာ ပြီးတော့…”
သူ ကျိုးထျန်းရှန်၏ နဖူးပေါ်က နီနီရဲရဲအရာကြီးကို ကြည့်လိုက်သည်။
“တတိယမျက်လုံး”
ကျိုးထျန်းရှန် ဘာမှန်းမသိပေမယ့် သူ့မျက်ခုံးအလယ်၌ တစ်စုံတစ်ခုရှိနေတာကို ခံစားမိသည်။ ၎င်းကို အာရုံစိုက်လိုက်သောအခါ နာကျင်မှုကို အနည်းငယ် ခံစားလိုက်ရ၏။
ငါ့မှာ တတိယမျက်လုံးရှိနေတာဟ။
“ငါ… ငါက အရွေးချယ်ခံပေါ့”
သူ့နှလုံးသားထဲ၌ ပျော်ရွှင်မှုတို့ ၀င်ရောက်လာသည်။
“ဒါပေမယ့် မင်းကကော ဘာလို့မရှိတာ” စုရှောင်ရှန်၏ မျက်ခုံးအလယ်တွင် အရွေးချယ်ခံမျက်လုံးကို သူမတွေ့ရပါချေ။
“ဟားဟား”
စုရှောင်ရှန် ခြောက်ကပ်ကပ်ရယ်မောလိုက်ပြီး ပြောသည်။ “ဘယ်ရှိမလဲ ငါက ကယ်တင်သူမဟုတ်ဘူး။ ဖျက်ဆီးသူပဲ”
ထိုသို့ပြောပြီး နောက်လှည့် ထွက်သွားလိုက်သည်။
“မင်းငါ့စီမှာ ရှုံးပြီးသွားပြီ။ ဒီကမ္ဘာကြီးကို ငါဖျက်ဆီးပစ်မယ်ကွ”
ကျိုးထျန်းရှန်လို သွေးဆူလွယ်သည့် လူနှင့် ရင်ဆိုင်ရသောအခါ ကမ္ဘာကြီးကို ကယ်တင်ခြင်းလို အရာကသာ လှုံဆော်ပေးနိုင်တာကို စုရှောင်ရှန်သိသည်။
“စုရှောင်ရှန် ရပ်လိုက်စမ်း”
ထင်တဲ့အတိုင်း ကျိုးထျန်းရှန် ဒေါသတကြီး ထအော်သည်။ “လွန်ခဲ့တဲ့ နှစ်တစ်သောင်းလောက်က ရှုံးချင်ရှုံးသွားမယ်။ ဒီနေ့တော့ မရှုံးစေရဘူးကွ”
စုရှောင်ရှန် ရယ်ချင်စိတ်ကိုမနည်းထိန်းပြီး ပြန်တောင်လှည့်မကြည့်ဘဲ ထွက်သွားလိုက်သည်။
ကျိုးထျန်းရှန် ထရပ်လိုက်ချင်သော်လည်း သူက နံရံထဲမှ မြုပ်နေတာကိုသိလိုက်ရပြီး ကောင်းကင်ကိုသာ ကူကယ်ရာမဲ့စွာကြည့်လိုက်ရ၏။
“ငါ့ကိုဆွဲထုတ်ပေးစမ်း။ ငါတို့ ချမယ်။ မင်းယောက်ျားဆိုရင်လုပ်လိုက်”
…
စုရှောင်ရှန် သံတံခါးကြီး တစ်ခုထဲ၀င်လိုက်သည်။
အချိန်က လူကိုမစောင့်လေရာ ထိုကိုရိုးသားနှင့် အချိန်မဖြုန်းပါတော့ချေ။
“ငါ့ကို မှန်မှန်ပြောစမ်း ရတနာဘယ်မှာလဲ”
သူရဲဘောကြောင်နေတဲ့ ရုပ်သေးရုပ်တစ်ရုပ်ကို စုရှောင်ရှန် လက်သီးပြပြီး ခြိမ်းခြောက်လိုက်သည်။
သို့သော် ထိုအရုပ်က သူ့ကြောင့် ဒေါသထွက်သွားဟန်ရသည်။ အရုပ်များ တပ်ဆုတ်နေကြတာချိန် ထိုအရုပ်က သူ့ကို ပြန်တိုက်ခိုက်ရန်ပြင်လိုက်၏။
ထိုအရုပ် ကိုယ်ကို ဆန့်တာကိုမြင်လိုက်သောအခါ စုရှောင်ရှန် လက်သီးထိုးချပစ်လိုက်သည်။ ဘုန်းကတည်းမြည်သံဖြင့် ရုပ်သေးရုပ် ဒူးထောက်ကျသွား၏။
“မင်းတို့အားလုံး အသိဉာဏ်ရှိတာငါသိတယ်။ ငါမေးတာမှန်မှန်ဖြေရင် အသက်ချမ်းသာပေးမယ်” ဆိုလိုက်သည်။
ရုပ်သေးရုပ်များပြန်မဖြေပါချေ။ စုရှောင်ရှန် ချက်ခြင်း စစ်နည်းဗျူဟာမှာ သုံးနေကြ နည်းစနစ်ဖြင့် တုန့်ပြန်လိုက်သည်။ “မင်းမပြောလဲရတယ်နော်။ ဒီမှာ မင်းရဲ့ အဖော် (၈) ယောက်လောက်ရှိသေးတယ်။ ငါအဖြေလိုချင်ရင် အသာလေးပဲ”
သို့မှ ထိုအရုပ်များစကားမပြောနိုင်ဘူးလားဟု တွေးမိသွားသည်။
“စကားမပြောနိုင်ရင် ခေါင်းညိတ်ပြ”
ချလန်း…။
သံမဏိ ရုပ်သေးရုပ်၏ ဧရာမ ခေါင်းကြီး ပြုတ်ကျသွားသည်။
စုရှောင်ရှန် ပြောစရာစကားများပျောက်ရှသွား၏။ သူက ခေါင်းလေးပဲ ညိတ်ခိုင်းတာပါ။ ခေါင်းကို မပစ်ချခိုင်းပါဘူး။
ပြိုင်တူနည်းပါး စုရှောင်ရှန် ထိုသို့အသံများကို ဆက်တိုက်ကြားလိုက်ရသည်။ ၎င်းတို့က အခြား ရုပ်သေးရုပ်များ၏ ခေါင်းများဖြစ်သည်ဟု သူပြောနိုင်သည်။
အခြေအနေက သူထင်ထားတာထက် ပို၍ ထူးဆန်းနေ၏။
စိတ်ဝိညာဉ်အသိရှိကြတာလား။
အစကတည်းဒီကောင်တွေက ဘာလို့ စိတ်ဝိညာဉ်အသိရှိနေတာလဲ။ မဖြစ်သင့်ပေ။ အခုလည်း ခေါင်းတွေ တစ်ညီတစ်ညွတ်ထဲ ပြုတ်ထွက်ပြန်ကုန်ပြီ။ မဟုတ်မှလွဲရော…
“တစ်စုံတစ်ယောက်က သူတို့ကိုထိန်းချုပ်နေတာများလား။ ခုတော့ ဒီကောင်တွေကို အသက်ပြန်မဲ့အောင်လုပ်တာမျိုးပေါ့”
ထိုသို့ကောက်ချက်ချပြီး မြေပြင်ကိုသူကြည့်လိုက်သည်။
တိတိကျကျ ပြောရလျှင် မြေပြင်၏ အတွင်းဘက်အောက်ကိုဖြစ်သည်။
“ဘယ်သူလဲ”
ထိုသတ်ဖြတ်ကွင်းပြင်ကြီး၏ အောက်တွင် ဖျော့တော့တော့ အသက်စွမ်းအင်တစ်ခုကို စုရှောင်ရှန် အကြားအမြင်မှ အာရုံခံလိုက်ရသည်။
ထိုအရာက ဆက်တိုက်ကြီးထွားလာနေ၏။
“ဒါ ရတနာအကာအကွယ်ဆိုတာငါပြောနိုင်တယ်။ အင်း ချိတ်ပိတ်တဲ့ အမျိုးအစားဖြစ်ရမယ်”
ကွဲပြဲနေသော ကောင်းကင်ကိုကြည့်လိုက်ရာ အချိန်အကန့်အသတ်ကိုရောက်တော့မှာဖြစ်တာကြောင့် စုရှောင်ရှန် ဆက်ပြီး တွေးမနေပါတော့ချေ။ သူ့တွင်လည်း တစ်ခြား ရွေးချယ်ချက်မရှိပါလား။
ထိုရတနာရဲ့ အကာအကွယ်က သူ့ကို အန္တရာယ်ကျစေလောက်မည်ဟုတော့မထင်ပါ။ ထိုအသက်စွမ်းအင်ခံစားရသည့် နေရာကို အပြေးလေးသွားလိုက်ပြီး လက်ဆန့်ထုတ်လိုက်သည်။
“လက်ငါးချောင်းပေါ်က မီးတောက်အစေ့”
သူ့နည်းစနစ်က အင်မတန်မြင့်မားသော အပူချိန်ကို ထုတ်လွှတ်သည်။ သူ့လက်ကို အောက်စိုက်ချလိုက်ရာ ထိတောင်မထိရသေးဘဲ ကွင်းကြမ်းပြင်က စတင်၍ အရည်ပျော်လာသည်။
အရာအားလုံးကို လောင်ကျွမ်းနိုင်သော ငရဲမီးတောက်ကောင်းကင်မီးလျှံများက လေပွေသဏ္ဌာန်ရစ်ပတ်ပြီး မြေအောက်တည့်တည့် ကို မီတာရာကျော်သည့်တိုင်အောင် ထွင်းဖောက်သွား၏။
အနက်ရှိုင်းဆုံးနေရာမှ မြေအောက်အသက်စွမ်းအင်က သာမန်လူများကိုတောင် ကျော်တက်နေသည်။
စုရှောင်ရှန်တစ်ခုခုမှားနေတာ သတိထားမိပေမယ့် အနက်ရောင်ဓားအိမ်ထက်ဘယ်အရာမှ မကြမ်းလောက်ဟု ယုံကြည်ကာ လုပ်လက်စ ဆက်လိုက်သည်။
ထိုအထဲမှ လူတစ်ယောက်တော့ ဘယ်လိုထွက်လာနိုင်မှာလဲ။
“ဟက်”
စုရှောင်ရှန် ခြောက်ကပ်ကပ်ရယ်ရင်း ရုတ်တရက် သူ့လက်များ တုံ့ခနဲရပ်သွားသည်။
အနက်ရောင်ကျောက်တုံးတစ်တုံးကို သူတွေ့လိုက်ရ၏။ ငရဲမီးတောက်များ ၀န်းကျင်ရှီ အရာအားလုံးကို တိုက်စားသွားသောအခါ ထိုအရာက ခါးအရွယ်အစားလောက်မြင့်သည့် သလင်းကျောက်ကြီးဆိုတာ သိလိုက်ရသည်။
သိပ်သည်းသောအသက်စွမ်းအင်များကို ထိုအရာကြီးက ထုတ်လွှတ်နေ၏။
မီးခိုးမြူပုံရိပ် သုံးလိုက်သည့် မုကျစ်ရှီကို လှောင်ပိတ်သလိုမျိုး ခြောက်ထောင့်ပုံသဏ္ဌာန် ချိတ်ပိတ်တဲ့ တံခါးလို ဒီထဲမှာရော တစ်ခုခုများချိတ်ပိတ်ထားမလား အတွေး၀င်လာပြီး ထိုအရာကို သတိချပ်ပြီးထိကြည့်လိုက်သည်။
ထို့နောက် လက်သီးတစ်ချက်။
ဘန်း…။
ဘာမှ မတုန့်ပြန်ပါချေ။
နည်းနည်းတော့ အက်ရာထသွားသည်။
စုရှောင်ရှန်မှာ ယခု တောင်တစ်လုံးကို ထိုးပါဆိုလျှင် ဖောက်ခွဲပစ်နိုင်သော ခွန်အားမျိုးရှိနေပြီ။ ဒါတောင် ဒီသလင်းကျောက်က နည်းနည်း အက်ရုံပဲတဲ့လား။
ဘန်း…။
နောက်လက်သီးတစ်ချက်။
အက်ရာများက ပင့်ကူအိမ်လိုဖြစ်လာသည်။
သူ့မျက်လုံးများကို စုရှောင်ရှန်မှေးလိုက်သည်။ ဒီအရာကို တစ်နေ့လုံးချနေရတော့မှာလား။
သူ့လက်သီးကိုပြန်မြှောက်လိုက်၏။
ဘန်း…။
ဘန်း…။
ဘန်း…။
သူ့လက်သီးတစ်ချက်ထိုးချက်တိုင်းမှာ ကျောက်တုံးအတွင်းမှ ပဲ့တင်ပြန်ထွက်လာသည်။ ထိုအရာက သူ့လက်သီးချက်များနှင့် စည်းချက်ညီညီ နောက်မှ လိုက်နေတော့၏။
စုရှောင်ရှန်လက်နှစ်ဖက်ဖြင့် တစ်ပြိုင်တည်းထိုးထည့်လိုက်ရာ အနက်ရောင် သလင်းကျောက်ကြီး ကွဲထွက်သွားသည်။
စုရှောင် မှင်တက်သွားသည်။
သူ့လက်သီးချက်များဖြင့်တော့ အချက်ရာနှင့်ချီ၍ ထိုးလျှင်တောင် ထိုသလင်းကျောက်ကကွဲလိမ့်မည်မဟုတ်ပါချေ။
ယခုတော့ တကယ်ကွဲသွားတယ်လား။
ထိုအထဲက အသက်စွမ်းအင်ထုတ်လွှတ်နေသည့် အရာနှင့် ပတ်သက်ကောင်းပတ်သက်နိုင်သည်။
ထိုမှ သလင်းကျောက်ကွဲသွားသောအခါ ဖုန်များအကြားမှ အတွင်းရှိ အရာကို ခပ်ရေးရေးလေးမြင်လိုက်ရသည်။
ထိုအရာက လူခေါင်းတစ်လုံး…။