“စကားတောင်မဆုံးသေးဘူး ဖုန်းချသွားတယ်။ ရိုင်းလိုက်တာ” စုရှောင်ရှန် ရေရွတ်လိုက်သည်။
သူ့မေးခွန်းများအတွက် အဖြေများမရတာကတော့ နှမျောစရာကောင်းသည်။ ကြည့်ရတာ အခြားရတနာများကိုပါ လက်ဝါးကြီးအုပ်ရန် ခက်ခဲတော့မည့်ဟန်ရသည်။
ထို့နောက် သူ့လက်ထဲမှ ကျောက်စိမ်းစာလိပ်ကိုကြည့်ပြီး ရဲ့ရှောင်ထျန်းပေးတဲ့ တာ၀န်ကို ထမ်းဆောင်လိုက်သည်။
“ဒီကျောက်စိမ်းစာလိပ်က ပုံမှန်နဲ့ ဘာမှလည်းမကွာဘူး။ တကယ်ရော ရတနာထားတဲ့နေရာမှာ ငါသွားထားလိုက်ရင် ထျန်းရွှမ်တံခါးပျက်ဆီးတာက ရပ်သွားမှာမလို့လား”
ထိုရိုးရှင်းသော ကျောက်စိမ်းစာလိပ်လေးက မတူညီတဲ့ ကမ္ဘာနှစ်ခုအကြားကို ဘယ်လိုချိတ်ဆက်ပေးနိုင်တာလဲ အံ့ဩဘနန်းဖြစ်သွားရသည်။
စုရှောင်ရှန် အားတက်သွား၏။ ထိုပစ္စည်းက တကယ်ပဲ ထူးခြားတဲ့ ရတနာတစ်ပါးဖြစ်နေနိုင်တာများလား။
မဟုတ်သေးဘူး။ ဒီဟာက အသက်ကယ်ပစ္စည်း။ စုရှောင်ရှန် လောဘမကြီးစမ်းနဲ့။
“ကဲကဲ အမျိုးသမီးများနဲ့ လူကြီးလူကောင်းများ”
ထိုလူအုပ်ကြီးကို ကြည့်ပြီး နောင်တရနေသလိုပြောသည်။ “မင်းတို့အားလုံးကို သတင်းဆိုးပေးစရာရှိတယ်။ အပြင်ထွက်သွားနိုင်ဖို့ ထပ်ပြီး စောင့်ရဦးမယ်”
“မင်းဘာပြောတာလဲကွ”
“အေး မလုပ်ချင်ပေမယ့် ရွေးချယ်ခံ ဖြစ်တဲ့ငါက မင်းတို့ရဲ့ ကယ်တင်ရှင်ကြီးဖြစ်လာပေးရတော့မှာပေါ့”
သူ့အင်္ကျီစများကို ခါရမ်းလိုက်ပြီး ကောင်းကင်ယံကို ကြေကွဲစွာကြည့်လိုက်သည်။ ထို့နောက် အသာအယာသက်ပြင်းချကာ ထပ်လောင်း၍ “ဘယ်တတ်နိုင်မလဲ ကံကြမ္မာကြီးက ငါ့ကို ဒီလိုအရေးကြီးတဲ့ တာ၀န်ကိုပေးလိုက်တော့မှလဲ”
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၇]
[ကဲ့ရဲ့ခံရပါသည်။ ပင်ကိုယ်မှတ် + ၄]
“စုရှောင်ရှန် ကိုယ့်ကိုယ်ကိုယ် အရေးပါသလိုလုပ်မနေနဲ့။ ခေါင်းဆောင်ဘာပြောလဲ ငါတို့ကို မြန်မြန်ပြန်ပြောပြ”
“တကယ် ကမ္ဘာကြီးကို ကယ်တင်တာဆိုရင်တော့ ဂိုဏ်းတူအမ လင်းလင်းလည်း ဒီမှာရှိနေတာ ဘာလို့မင်းဖြစ်ရမှာလဲ”
လျှိုလင်းလင်း ၎င်းကိုကြားသော် အံ့အားသင့်သွားသည်။ သို့မှ သူမရှိရက်သားနဲ့ ရဲ့ရှောင်ထျန်းက စုရှောင်ရှန်နှင့် ဘာလို့ စကားပြောချင်ရသလဲ ခပ်ရေးရေးလေး သိရတော့သည်။
စုရှောင်ရှန် သူတို့ကို စကားမပြောချင်တော့သလို ရှင်းပြရန် ရည်ရွယ်ချက်မရှိပါချေ။
သူတို့က ထိပ်သီး (၃၃) ဦးထဲမှ ဆိုပေမယ့် ထျန်းရွမ်တံခါးဘာကြောင့် ပြိုလဲရသလဲတောင်မသိကြပေ။ သူဆက်ပြောလည်း အကျိုးထူးနေတော့မည်မဟုတ်။
နောက်ဆုံး လျှိုလင်းလင်းအပေါ် သူ့အကြည့်ရောက်သွားသည်။
“ငါပြန်မလာမချင်း ထွက်ပေါက်ကို ကာကွယ်ထား”
သို့ပြောပြီးနောက် ချက်ခြင်းလှည့်ထွက်သွား၏။
“စုရှောင်ရှန် အဲ့လောက်တောင် မင်းသေချင်နေရင်လည်း ကျောက်စိမ်းစာလိပ်ကိုထားခဲ့”
အခြေအနေက ချက်ခြင်းတင်းမာလာခဲ့သည်။ သူတို့အတွက်တော့ စုရှောင်ရှန်က ဘာမဟုတ်တဲ့ မူလနန်းတော်က ကျင့်ကြံသူသာဖြစ်၏။ ထိုအကောင်က ကျောက်စိမ်းစာလိပ်ကိုသာ ယူသွားနေခြင်းမဟုတ်ရပါချေ။ သူတို့၏ အသက်များလည်းဖြစ်၏။
ဘယ်သူက ဒေါသမထွက်ဘဲနှင့် နေနိုင်မလဲ။
သူတို့ထဲက တစ်ယောက် စုရှောင်ရှန်ကို ဖမ်းဖို့လုပ်လိုက်ရာ လျှိုလင်းလင်းက ၀င်တားသည်။
“ဂိုဏ်းတူအမလျှို ဒါဘာသဘောလဲ”
လျှိုလင်းလင်းဘာမှမပြောချေ။ သူမ၏ မျက်လုံးများမှေးသွားပြီး ခန္ဓာကိုယ်၌ လျှပ်စီးများ တဂျစ်ဂျစ် လက်လာတော့၏။
“ပါးစပ်ပိတ်ထား”
အခြေအနေကို သူတို့မသိပေမယ့် သူမကတော့သိသည်။ ထွက်ပေါက်ကလည်း တစ်ခုတည်းရှိရာ စုရှောင်ရှန် ဘယ်လောက် မယုံချင်စရာကောင်းကောင်း သူ့ကို ယုံကြည်ဖို့မှတစ်ပါး ရွေးချယ်စရာမရှိပေ။
ထို့ပြင် ခွန်အားအရာမှာလည်း လက်ရှိလူများအတွင်း စုရှောင်ရှန်က အသန်မာဆုံးဖြစ်၏။ ဆိုရလျှင် ဘာလုပ်လုပ် စုရှောင်ရှန်က စိတ်အချရဆုံးဖြစ်သည်။ သူပြောသလို ကမ္ဘာကြီးကို ကယ်တင်နေတာလည်း ဖြစ်နိုင်၏။
“နင်…”
စုရှောင်ရှန်ကြောင့် ဒေါသထွက်နေသော ထိုလူသုံးဦးကို လျှိုလင်းလင်းက ထပ်စွပေးလိုက်သလိုဖြစ်သွားသည်။ ထိပ်သီး(၃၃)ဦး၀င်များအနေဖြင့် စုရှောင်ရှန်၏ ခွန်အားကိုမသိသော်လည်း လျှိုလင်းလင်း၏ ခွန်အားကိုသိတာကြောင့် အနည်းငယ် သတိချပ်ထားကြသည်။
ဒါပေမယ့် သူမက သူတို့သုံးယောက်လုံးနဲ့ တိုက်ခိုက်ချင်နေတာလား။
ဘယ်လိုဟာသလဲ။
“သူ ကျိုးထျန်းရှန်ကိုကယ်ဖို့လုပ်နေတာ”
“ဟုတ်တယ် ကြည့်လိုက် ကမ္ဘာကြီးက ဒီလောက်ပျက်ဆီးနေပြီ ဘာလို့ သေဖို့ထိုင်စောင့်နေမှာလဲ”
သူတို့ထဲမှ အချို့က အသိရှိသေးသည်။ ဖြစ်နိုင်လျှင် မတိုက်ခိုက်ချင်ကြပါချေ။
သို့သော် လျှိုလင်းလင်းပို၍ စိတ်အနှောက်အယှက်သာဖြစ်လာပြီး ပြန်လည် ချေပလိုက်သည်။ “ပါးစပ်ပိတ်ထား ပိတ်ထား”
အချိန်မရွေးတိုက်ပွဲစဖြစ်နိုင်သကဲ့သို့ အခြေအနေက တင်းမာလာခဲ့သည်။
အဲ့ဒီနောက်မှာ မုကျစ်ရှီနှင့် မိုမိုတို့ လျှိုလင်းလင်း၏ တစ်ဖက်တစ်ချက်စီမှာ ရပ်လိုက်၏။ သူတို့ရဲ့ ရပ်တည်ချက်က ထင်ရှားသည်။
အနည်းငယ်တုန့်ဆိုင်းနေပြီးနောက်မှာ ကျောက်ချင်းထန်လည်း သူတို့နှင့် ရောရပ်လိုက်သည်။
အခြားကျန်သုံးယောက်က ဒေါသထွက်လွန်းလို့ တဟားဟား ကြောက်မက်ဖွယ်ရာ ကောင်းစွာ ထရယ်လိုက်ကြ၏။
“ဒီအတွင်းစည်းကို၀င်လာနဲ့ လူသစ်လေးတွေနဲ့ ငါတို့ကို ယှဉ်ချလို့ရမယ်ထင်နေတာလား”
လျှိုလင်းလင်းသူတို့ကို အထင်အမြင်သေးစွာ ကဲ့ရဲ့လိုက်သည်။ “ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီးထင်နေတဲ့လူတွေ။ ငါတစ်ယောက်တည်းတောက် နင်တို့ကို နိုင်တယ်”
သူတို့သုံးဦး လျှိုလင်းလင်းကို ဦးတည်၍ ခုန်အုပ်လိုက်ကြသည်။ လျှိုလင်းလင်း လက်ကိုမြှောက်လိုက်ရာ ကောင်းကင်မှ မိုးကြိုးသုံးတန်း သူတို့ကို လာရောက်ရိုက်ခတ်ပြီး မဲတူးသွားစေ၏။
ဂျစ်…။
သူတို့မှာ အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်မရှိရာ ချက်ခြင်းလဲကျသွားပြီး တစ်ချက်တစ်ချက်တွန့်ကာ သွေးများအန်ထုတ်တော့သည်။
“ဘာလဲဟ။ သူမ ဘယ်လိုတောင် သန်မာရတာလဲ”
သူတို့ သုံးဦး ကြက်သေသေသွားသည်။ လျှိုလင်းလင်းက ယခင်အခြေအနေမှ လုံး၀ကွဲပြားသော လူတစ်ယောက်လိုလိုနှင့်။
ဘာတွေဖြစ်နေတာလဲ။
ထျန်းရွှမ်တံခါးကို ၀င်ပြီးတာနဲ့ ဘာလို့ ဒီလောက် တိုးတက်လာတာလဲ။ မဟုတ်မှလွဲရော အားနည်းချင်များ ဟန်ဆောင်နေခဲ့တာလား။
ပြဿနာကောင်များကို ဖြေရှင်းပြီးသောအခါ စိတ်နှလုံးမအေးချမ်းနိုင်ဘဲ လျှိုလင်းလင်း လုံး၀အတ်ိ နက်မှောင်နေသော ကောင်းကင်ကို မော့ကြည့်လိုက်သည်။
ဒီကမ္ဘာကြီးပျက်မှာ အဲ့သလောက်မပူပါချေ။ အပြင်ဘက်ကမ္ဘာမှာဖြစ်မယ့် တခြားအရာကို ပူပင်နေမိတော့၏။
ထို့နောက်ခေါင်းခါရမ်းကာ ထိုအတွေးများကို ခေါင်းထဲမှ ထုတ်လိုက်သည်။
ဘုန်းးး…။
နောက်ထပ် မိုးကြိုးတန်းသုံးခု ကောင်းကင်မှ ပေါ်လာပြီး ထရပ်ရန်ကြိုးစားနေသော ထိုသုံးယောက်ကို ထပ်ထိသည်။
သူတို့ငိုချင်သွားကြ၏။
ဒီတိုင်းလေးထချင်ရုံပါ။ တိုက်ခိုက်ချင်စိတ်မရှိရတော့ပါဘူး။
လျှိုလင်းလင်းထပ်ပြီး ရိုက်နှက်မှာကြောက်တဲ့အတွက် မြေပြင်မှာ မလှုပ်မယှက်နေ နေလိုက်ကြသည်။
“အဆင်ပြေမှာပါ”
စုရှောင်ရှန်ထွက်သွားသော တောင်ဘက်အရပ်ကို လျှိုလင်းလင်းကြည့်လိုက်၏။
စုရှောင်ရှန် သတ်ဖြတ်ခြင်းကွင်းပြင်လို့ခေါ်တဲ့နေရာကိုသွားနေသည်။ သူထင်တာ မမှားရင် ထိုနေရာတွင် ကျိုးထျန်းရှန် ရှိလောက်သည်။
“ဒီကောင် ကမ္ဘာပျက်တော့မှာတောင်မသိရလောက်အောင် အလွန်အကျွံ ကျင့်ကြံနေတာလားမသိပါဘူး။” စုရှောင်ရှန် ထိုတောင့်တောင့်ဖြောင့်ဖြောင့် ကိုရိုးသားကိုမြင်ယောင်မိပြီး ရေရွတ်လိုက်သည်။
တကယ်ပြောရရင် သူလည် ကျိုးထျန်းရှန်ကို ကယ်ချင်ပါသည်။ သို့သော် ကံမကောင်းစွာဖြင့် သူ့တွင် သမိုင်းပေးတာ၀န်ကရှိနေတော့ရာ စိတ်ကူးယဉ်ရုံမှတစ်ပါး တခြားမရှိပါချေ။
တကူးတကြီးသွားကယ်ပြီးတော့မှ သူပြန် ရောက်တဲ့အချိန် တံခါးဖွင့်ပြီး လူတိုင်းထွက်သွားကြပြီးရင် ဘယ်လိုလုပ်မလဲ။ သူကျန်ခဲ့တော့မှာပေါ့။ ကျိုးထျန်းရှန်အတွက်နဲ့ ကိုယ်ကိုယ့်ကိုယ်တော့ မစတေးနိုင်ပါဘူး။
ကျိုးထျန်းရှန်နှင့်သူ့အကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်ဆိုပေမယ့် ကမ္ဘာကြီးက ရက်စက်ပေသည်။ နှစ်ယောက်သေတာထက် တစ်ယောက်သေတာက ပို၍ ဖြေသာသည်ဟု တွေးမိလိုက်၏။
ရဲ့ရှောင်ထျန်း၏ တာ၀န်ကို လိုက်နာနေခြင်းဟု တွေးလိုက်သောအခါ အပြစ်ရှိသလိုခံစားရတာ နည်းနည်းဖြေသာသွားတော့သည်။
သူလည်း ကျောက်စိမ်းစာလိပ်ထားဖို့ သွားနေမှတော့ မထူးတော့ပါဘူး တစ်ခါတည်း ကယ်နိုင်ရင် ကယ်ဖို့သွားကြည့်သွားတာအေးပါတယ်။
ဘုန်း ဘုန်း…။
သူ့ရှေ့မှ ပေါက်ကွဲသံများကိုကြားရသောအခါ စုရှောင်ရှန် ရှေ့သို့ တစ်ဟုန်ထိုးလေကိုခွင်းပြီး ပျံသွားလိုက်သည်။ သူ့ခြေထောက်နှစ်ဖက်အောက်၍ မီးတောက်များဖြစ်ပေါ်လာတော့၏။
အခြားသူများ၏ နေ့တစ်၀က်ဘာညာနှင့်ယှဥ်လျှင် စုရှောင်ရှန်အတွက်ကတော့ ယခုဦးတည်ရာကို အမြန်ဆုံးအလျင်နှင့်ဆို ၁၅မိနစ်မတိုင်ခင်ရောက်နိုင်သည်။
သူ့လမ်းမှာ နံရံကြီးတစ်ခု ပေါ်လာသည်။
ထိုမှ နီးကပ်လာလေလေ ကြက်သီးထဖွယ်ရာ သတ်ဖြတ်ခြင်း စွမ်းအင်များကို ခံစားလာရလေလေဖြစ်လာသည်။ ထိုစူးရှနေသော သွေးပုတ်နံ့များက စက်ဆုပ်ရွံရှာဖွယ်ရာကောင်းလှသည်။ စုရှောင်ရှန် ပါးစပ်နှင့်နှာခေါင်းကိုပိတ်ပြီး ပျံသန်းရ၏။ ထိုသတ်ဖြတ်ခြင်းစွမ်းအင်တို့ သူ့စိတ်ထဲမှ ခက်ထန် ဖျက်ဆီးချင်သောစိတ်များကို စွပေးနေသည်။
လူ့ဘီလူကြီး၏ဒေါသနိုးထလာတာကို ခံစားရပြီးတဲ့နောက်မှာ ဒီသတ်ဖြတ်ခြင်းစိတ်ဆန္ဒများက ဘာမှ မဟုတ်ပါတော့ချေ။ သို့ဖြင့် စုရှောင်ရှန် စိတ်မလွတ်သွားရပါ။
“ဒီနေရာက တော်တော် လာဘ်ပိတ်မယ့်ပုံဘဲ”
ယခုမှ ကျိုးထျန်းရှန်ဘာလို့ မထွက်လာလဲ စုရှောင်ရှန် သိသွားသည်။
သူသေသွားလို့ဖြစ်လျှင်ဖြစ်မဟုတ်လျှင် သတ်ဖြတ်ခြင်းစွမ်းအင်များကြောင့် စိတ်လွတ်သွားတာပဲဖြစ်ရမည်။ ဒါကြောင့် ပိတ်မိနေတာဖြစ်နိုင်သည်။
“ငါတကယ် ဘ၀င်ခိုက်လွန်းတယ်။ ကျိုးထျန်းရှန်ကိုလာမရှာကြည့်သင့်ဘူး”
စုရှောင်ရှန် ထိုနေရာတွင် နေ့တစ်၀က်လောက်တောင်နေရဲတဲ့သတ္တိမရှိပါချေ။ ကျိုးထျန်းရှန် အသက်မှရှင်သေးရဲ့လား။
သူဆက်လက်ပျံသန်းလာရာ မကြာခင်မှာ ထိုနံရံကြီးကို ကျော်ပြီး အထဲမှ ဘာရှိတာလဲ မြင်လိုက်ရတော့သည်။
ထိုနေရာက ရောမက ပြိုင်ကွင်းအတွင်း သတ်ဖြတ်ဖျော်ဖြေသူတွေ ဖျော်ဖြေ လုပ်ထားတဲ့ ကွင်းပြင်လို အနက်ရောင်နံရံများဖြင့် ကာထားသည်။ အလည်ကိုဦးတည်၍ သံတံခါးကြီး (၈) ခုပွင့်နေသည်။ ထိုတံခါးများမှ ဓားကိုင်ထားသော ရုပ်သေးရုပ်များ ကွင်းအထဲကို ဆက်တိုက်ထွက်လာနေကြ၏။
ရုပ်သေးရုပ်တစ်ရုပ်စီတိုင်းက ၂မီတာလောက်အရပ်ရှည်ပြီး အတော်ကြမ်းတမ်းပုံပေါက်သည်။
ထိုကွင်း၏ အလယ်မှာ လက်တစ်ဖက်တည်းသာရှိသော လူငယ်လေးကို ရုပ်သေးရုပ်ငါးကောင်ဝိုင်းထားကြသည်။ ထိုလူငယ်လေးက တောင့်တင်းကျစ်လစ်သောခန္ဓာကိုယ်ရှိပြီး တလက်လက်ထနေသော ရွှေရောင်ဆေဘာတစ်လက်ကို ကိုင်ထား၏။
ထန်း ထန်း
သူ့ ဆေဘာခုတ်ပိုင်းဖြတ်တဲ့ပုံစံက အစွန်းရောက်ထူးဆန်းလွန်းလှသည်။ သူ့လက်ကိုတောင် သူပြန်ခုတ်သကဲ့သို့ ဝိုက်သွား၏။ ဆေဘာတစ်ချက်ခုတ်လိုက်တိုင်းမှာလည်း ရုပ်သေးရုပ်ကြီးများ၏ အစိတ်အပိုင်းတစ်ခုခု ပြတ်ထွက်သွားနေသည်။
“ကျိုးထျန်းရှန်ပါလား”
ထိုလက်တစ်ဖက်ပြတ်လူငယ်လေးကို စုရှောင်ရှန် အာရုံစိုက်လိုက်သည်။
သူ့လက်သူများကို သူကိုင်တိုင်ခုတ်ဖြတ်ထားတာလားမသိ။ သူဆေဘာကိုလွှဲရမ်းနေသည့် ပုံစံဖြင့်တော့ ထိုယူဆချက်ကမှန်လောက်သည်။ ဒီကောင် တားမြစ်နည်းစနစ်တစ်ခုခုကို ကျင့်ကြံနေတာလား။
စွမ်းပကားကတော့ ဩချရပေသည်။
တစ်စုံတစ်ယောက်ချဉ်းကပ်လာတာကို ကျိုးထျန်းရှန်မသိပါချေ။ သူ့လက်များက ရုပ်သေးရုပ်များနှင့်သာ တိုက်ပွဲ၀င်နေကြ၏။ ကောင်းကင်မှ တစ်ချက်တည်း စုရှောင်ရှန် နေရာမှ ပျောက်ကွယ်သွားသည်။
ဘန်း ဘန်း ဘန်း
အသံတစ်ချို့နှင့်အတူ ကြောက်မက်ဖွယ်ရာ သံမဏိ ရုပ်သေးရုပ်များ ကောင်းကင်ပေါ် လွင့်ပျံတက်သွားကြချိန် ကျိုးထျန်းရှန်၏ ပုခုံးကို စုရှောင်ရှန်လှမ်းကိုင်လိုက်သည်။
“ဟင်”
ကျိုးထျန်းရှန် သူ့ကို မျက်လုံးနီနီရဲရဲကြီးများဖြင့် လှည့်ကြည့်လ်ိုက်၏။
ရုတ်တရက် ရွှေရောင်အလင်းတန်းတစ်ခုက ကောင်းကင်ပေါ်မှကျလာခဲ့သည်။ ထိုမှ ကြောက်မက်ဖွယ်ရာအတိဖြစ်သော သတ်ဖြတ်ခြင်းစွမ်းအင်က စုရှောင်ရှန် ခြေထောက်အောက်မှ ကျောက်ဖျာကိုတောင် အက်ကွဲသွားစေလေသည်။
ထန်းးး…။
စုရှောင်ရှန် ရွှေကြီးစိုးခြင်းဆေလာကို လက်နှစ်ချောင်းဖြင့် ဖမ်းလိုက်ရာ မျက်လုံးနီ ကျိုးထျန်းရှန် မှင်တက်သွား၏။
သူ့ရှေ့မှလူက အဘယ်ကြောင့် ရုပ်သေးရုပ်များထက် သန်မာနေရသလဲ အံ့အားသင့်သွားသည်။
စုရှောင်ရှန် အသိပေးချက်ဖန်သားပြင်ကို လှမ်းကြည့်လိုက်ရာ ဘာကိုမတွေ့ရပါချေ။ မည်သည့် အကျိုးကျေးဇူးမှ မရနိုင်တာ သိရပြီး စုရှောင်ရှန် ဒေါကန်သွားသည်။
“ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့”
သူ့ခေါင်းနှင့် ကျိုးထျန်းရှန်၏ ခေါင်းကို ဆောင့်တိုက်လိုက်သည်။ စွမ်းအားပြင်းလှိုင်းများက ကျိုးထျန်းရှန်ကို လေထဲမှ ချာလပတ်ရမ်းသွားစေပြီး အနက်ရောင်နံရံမှာ ခြေကားယားလက်ကားယား ကပ်သွားစေ၏။
ကျိုးထျန်းရှန် မျက်ဖြူများလှန်သွားပြီး သတိမေ့သွားတော့သည်။
စုရှောင်ရှန် လက်ဖဝါး ဖုန်ခါပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
သူမျှော်မှန်းထားသလိုပင်။ သူ့တိုက်ခိုက်စွမ်းရည်နှင့်ဆို ယခုမှ စစ်မှန်ခြင်းနယ်ပယ်သို့၀င်လာသော ဘယ်သူ့ကိုမဆိုအေးဆေးအနိုင်ယူနိုင်ပြီဖြစ်သည်။ ထိုသူက မျက်လုံးနီအခြေအနေ၌ ရှိနေသည် ဆိုစေဦးတော့။
အတိတ်ကလည်း သူ့ထက် တိုကိုက်စွမ်းရည်မြင့်သောသူများဖြင့်သာ တိုက်ခိုက်ခဲ့ရပါသည်။ တစ်ခါတစ်ရံ အဆင့်မြင့်လွန်းလို့ အသက်လုပြီး တိုက်ခိုက်ခဲ့ရတာတောင်ရှိသည်။
နောက်ဆုံးတော့ နယ်ပယ်တူ တိုက်ခိုက်ရခြင်းရဲ့ ပျော်ရွှင်မှုကို ခံစားရပေပြီ။
သူတို့ကို စက္ကန့်ပိုင်းအတွင်းတောင် သတ်နိုင်၏။
ဟုတ်တယ်။
စုရှောင်ရှန် ပတ်ပတ်လည်ကိုကြည့်လိုက်ရာ သံမဏိရုပ်သေးရုပ်များ တံခါးရှစ်ခုမှ ထွက်လာနေတာကိုတွေ့လိုက်ရသည်။ အခြေအနေကို နားလည်သဘောပေါက်သွားသည့်အလား ထိုရုပ်သေးရုပ်များ ထင်မှတ်မထားစွာ အလျင်အမြန် နောက်ပြန်ဆုတ်ကုန်ကြ၏။
စုရှောင်ရှန် ထို အချင်းအရာကို တိတ်တဆိတ်ကြည့်နေလိုက်သည်။