လျှိုလင်းလင်းသူ့ကို မိုးကြိုးစက်ဖြင့် ရိုက်မိလိုက်တော့သကဲ့သို့ဖြစ်သွားသည်။
ဒီလိုအချိန်မျိုးမှာ ဒီလိုမေးခွန်းမျိုးမေးတာ ဒီကောင် နတ်ဆိုးလား။
“စုရှောင်ရှန်” သူမ၏ ခံစားချက်များကို ပြန်ဖိနှိပ်လိုက်ပြီး ကျောက်စိမ်းစာလိပ်ကို ကိုင်ကာ သူ့နားကပ်လာ၍ “အပြင်ရောက်သွားတဲ့အခါ ငါနဲ့လိုက်ခဲ့”
ဒီကောင်က လူထူးလူဆန်းတစ်ယောက်ဆိုပေမယ့် သူ့ခွန်အားကတော့ စိတ်ဝိညာဉ်နန်းတော်အပြင်ဘက်၌တောင် ဩချရလောက်စရာဖြစ်သည်။ ဒီလိုလူက ဒုတိယအခွင့်အရေးဖြင့်ထိုက်တန်၏။
စုရှောင်ရှန်လည်း သူမရဲ့ ကမ်းလမ်းချက်ကို သဘောကျသည်။ သို့သော် နောက်ခြေတစ်လှမ်းပြန်ဆုတ်လိုက်ပြီး “ငါနင်နဲ့မလိုက်နိုင်ဘူး”
“ဘာကြီး”
အနီးနားရှိလူတိုင်း နားမလည်နိုင်ဖြစ်သွားကြပြီးနောက် စတင်၍ မနာလို၀န်တိုမှုတို့ဖြင့်ပြည့်လာသည်။
လျှိုလင်းလင်းပြောတာ သူတို့မကြားရဘူးဆိုပေမယ့် စုရှောင်ရှန်ပြောတာကိုတော့ ကြားရသည်။ အခြေအနေက ဘာဖြစ်နေတာလဲ။
ကမ္ဘာပျက်တော့မှာမို့ လျှိုလင်းလင်းက စုရှောင်ရှန်ကို ဖွင့်ပြောနေတာလား။ ပြီးတော့ ရက်ရက်စက်စက် အငြင်းခံလိုက်ရတာလား။
မုကျစ်ရှီသူတို့နှစ်ယောက်ကို သင်္ကာမကင်း တစ်ကြော့ပြန်ကြည့်လိုက်သည်။ စုရှောင်ရှန် အခြား အချစ်ရေးကိစ္စတစ်ခုမှမပြီးသေး ယခု နောက်မိန်းမတစ်ယောက်ထပ်တိုးလာပြန်ပြီလား။
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၇]
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
[မုန်းတီးခြင်းခံရပါသည်။။ ပင်ကိုယ်မှတ် +၁]
ငါ့ကို မုန်းတီးတယ်တဲ့။
မုကျစ်ရှီကို ဘာများ ကြောင်နေသလဲ စုရှောင်ရှန် ချက်ခြင်းကြည့်လိုက်သည်။ သူမ သူ့ကို ကျိန်ဆဲတာတစ်ခုတည်း လုပ်တာမလား။ ဒါဆို ဒီမုန်းတီးတာက ဘယ်ကလာတာ။
လျှိုလင်းလင်း၏ ချစ်စရာမျက်နှာလေး ချက်ခြင်း ရဲရဲနီသွားသည်။ သူမတို့၏ ဆက်ဆံရေးကို လူတိုင်း အထင်မှားသွားကြပြီမှန်းသိ၏။
သို့သော် ရှင်းပြနေရင်အချိန်မရှိတော့ရာ ထိုသူများကို လစ်လျူရှူပြီး မေးလိုက်သည်။ “ဘာလို့မလိုက်ချင်တာလဲ”
ထိုအချင်းအရာကိုကြားသောအခါ လူအုပ်ကြီး စိတ်လှုပ်ရှားလာခဲ့သည်။
ကမ္ဘာကြီးပျက်တော့မယ့်အခြေအနေကြောင့်သာမဟုတ်ရင် အကျင့်ပါနေသော ထိုလူတစ်စု ထိုင်ခုံများ၊ စားစရာများထုတ်ကာ ထိုင်ကြည့်ကြပေမည်။
“ငါနင့်ကိုပြောပြီးပြီပဲ။ ဘာလို့ ထပ်လာမေးနေတာလဲ” စုရှောင်ရှန်ပြောသည်။ နောက်မှ ထပ်လောင်း၍လည်း “ဒီကိစ္စတွေထားလိုက်တော့။ ခေါင်းဆောင်ကို ခုချက်ခြင်းဆက်သွယ်ဦး”
မုကျစ်ရှီ၏ မျက်၀န်းများပြူးကျယ်သွားသည်။ စုရှောင်ရှန် ထိုလောက်ပြတ်ပြတ်သားသား ငြင်းလိုက်မည်ဟု မထင်ပါချေ။
သူမ၏ လက်ညိုးမှ လက်စွပ်ကိုပွတ်လိုက်သည်။ ကြည့်ရတာ ဒီပစ္စည်းရတာတောင် သူ့နှလုံးသားထဲမှာ နေရာတစ်ခုရှိလို့ဖြစ်ရမည်။
ဒါပေမယ့်… အပန်းရောင်ခို…။
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
လျှိုလင်းလင်း ဒေါသတကြီး အံကို တင်းတင်းကြိတ်၍ သွားကြားထဲမှ ထွက်လာသော လေသံဖြင့် “နင်တကယ် မစဉ်းစားကြည့်ပေးတော့ဘူးလား”
“မစဉ်းစားဘူး ငါငြင်းတယ်”
စုရှောင်ရှန် ပြတ်သားလွန်းလှပေသည်။
လူတိုင်း သူတို့ရှေ့မှ လျှိုလင်းလင်းကို သနားညှာတာစွာကြည့်လိုက်ကြသည်။ သူမက လှပသော မိန်းမပျိုတစ်ယောက်ပါ ဘာလို့ ဒီလို သူမကို တန်ဖိုးမထားတဲ့လူကိုမှ နှစ်သက်နေရတာလဲ။
ကမ္ဘာကြီးကပျက်တော့မယ်။
လူတယောက်နောက်လှည့်ကြည့်လိုက်ရာ ကမ္ဘာကြီး ပြိုလဲပျက်ဆီးမှုက စတင်၍ တိုးချဲ့လာခဲ့ပြီး သူတို့ထံ ကပ်လာသည်ကိုတွေ့လိုက်ရသည်။ “ဂိုဏ်းတူအမ လင်းလင်း ဒီအချိန်က ခံစားချက်တွေကို ထုတ်ဖော်ပြသနေရမယ့်အချိန်မဟုတ်တော့ဘူး။ အမြန် ခေါင်းဆောင်ကို ဆက်သွယ်ပါ…”
သူမ ဒေါသထွက်ပြီး လူတိုင်းကို အချစ်ကြောင့် စတေးပစ်လိုက်မှာ သိပ်ကြောက်ပါသည်။
လျှိုလင်းလင်းသူ့ကို စိုက်ကြည့်ပြီး ကျောက်စိမ်းစာလိပ်ကို နဖူးနားကပ်လိုက်သည်။
သူမကိုကြည့်ရင်း စုရှောင်ရှန် စဉ်းစားခန်း၀င်သွား၏။
ဘာလို့ အကြီးအကဲတွေ လျှိုလင်းလင်းရဲ့ သရုပ်မှန်ကို မရိပ်မိသေးတာလဲ။ ရိပ်မိမယ်ဆိုရင်တောင် သူမက ထျန်းရွှမ်တံခါးဖွင့်တာနဲ့ ထွက်သွားနိုင်မှာသေချာနေတာ မျက်နှာဖုံးတပ်လယနဲ့ ပြန်လာမှာ မလို့လား။
သူစဉ်းစားနေရင်းနှင့် အသိပေးချက်ဖန်သားပြင်၌ ဆက်တိုက်ပေါ်လာနေသော “မုန်းတီးချင်း” ထံအာရုံရောက်သွားသည်။
ဘာလဲဟ။
ဘယ်သူက ငါ့ကိုသေစေချင်နေတာလဲ။ သူလူတိုင်းကိုကြည့်လိုက်ပြီးနောက်ဆုံးမှာ ကျောက်ချင်းထန်စီ အကြည့်ရောက်သွားသည်။
“မင်းငါ့ကို ဘာကြည့်နေတာလဲ”
ကျောက်ချင်းထန်၏ ခန္ဓာကိုယ်ချက်ခြင်းတောင့်တင်းသွားသည်။ လက်ရှိအခြေအနေမှာ စုရှောင်ရှန်၏ ပြိုင်ဘက်ဖြစ်နိုင်ပါ့မလား သူမသိချေ။ သူလည်း အဆင့်တက်သွားတယ်ဆိုပေမယ့် စုရှောင်ရှန်လည်း စစ်မှန်ခြင်းနယ်ပယ်သို့ရောက်နေလေပြီ။
နေပါဦး သူက ဘယ်လိုမြန်မြန်ရောက်လာတာက။ အစတုန်းက အဆင့်(၉) မှာပဲ မဟုတ်ဘူးလား။ ဒီကောင် မကောင်းဆိုးဝါးလား။
မုန်းတီးခြင်းများ သံသယ အဖြစ်ကိုပြောင်းသွားတာကိုမြင်သောအခါ စုရှောင်ရှန်၏ မျက်နှာထက်၌ ဇာတ်ရည်လည်သွားသော အမူအရာမျိုးပေါ်လာသည်။
လျှိုလင်းလင်းကို စကားစပြောကတည်းက ထိုမုန်းတီးခြင်းများ ပေါ်လာတာဖြစ်သည်။
အံ့သြစရာကြီး။ ထျန်းရွှမ်တံခါးထဲကို ဘာမဟုတ်တဲ့ ခရီးစဉ်လေးက အချစ်နှောင်ကြိုးတစ်ခုကိုဖြစ်စေလိုက်တယ်ပေါ့။
ချက်ခြင်းရှေ့သွားလိုက်ပြီး ကျောက်ချင်းထန်၏ ပုခုံးကို ဖြတ်ကတည်း ရိုက်လိုက်သည်။ “အသက်က အရေးမကြီးဘူး။ အဓိက တခြားသူကို မင်းချစ်ရင် ချစ်တယ်ဆိုတာ ၀န်ခံရဲဖို့ပဲ။ တစ်ဖက်သက်အချစ်ဆိုတာ နာကျင်ရတယ်”
ရှေ့ပိုင်း ဒရာမာ အခန်းမှ လူတိုင်း စိတ်လျော့လိုက်နိုင်ရုံရှိသေး ထိုမှတ်ချက်ကြောင့် တကယ်ပဲ ထိုင်ခုံတွေဆွဲထုတ်ရမလားဖြစ်သွားကြသည်။
ဘာတွေဖြစ်နေတာလဲ။ ကျောက်ချင်းထန်ရော အချစ်နွံနစ်နေတာလား။ ဒီကနေ့ခေတ်ကြီးမှာ ချစ်ရကြိုက်ရ လွယ်လိုက်တာနော်။
ကျောက်ချင်းထန်၏ ချောမောခန့်ညားသော မျက်နှာ အနီရောင် ချက်ခြင်းပြောင်းသွားသည်။ စုရှောင်ရှန်၏ လက်ကို ပုတ်ထုတ်လိုက်ကာ “မင်းဘာတွေလျှောက်ပြောနေတာလဲ။ ငါ ဂိုဏ်းတူအမ လင်းလင်းကို မကြိုက်… ဟ ချီး”
လူတိုင်း မထင်မှတ်ထားသော ထိုစကားကြောင့် လဲကျသွားကြသည်။
မုကျစ်ရှီ ခက်ခက်ခဲခဲ ထရပ်လိုက်ရပြီး မယုံနိုင်စွာ သူတို့ကိုကြည့်လိုက်၏။ သူတို့အတွင်းစည်းကို၀င်တာတောင် ခဏတည်းရှိသေးတာကို ဘာတွေဖြစ်ကုန်ကြတာလဲ။ လျှိုလင်းလင်းအတွက်လည်း ဒီအခြေအနေက ပထမဦးဆုံးဖြစ်မည်။
စုရှောင်ရှန် ခေါင်းညိတ်လိုက်ကာ “ယောက်ျားဆိုတာ ဒီလိုမှပေါ့ကွ”
ဘုန်း…။
ကျောက်ချင်းထန်ဘာဖြစ်နေသလဲနားလည်သွားပြီး ငူငူကြီးကြည့်ရင်း မြေပြင်ပေါ် ဖင်ထိုင် လဲကျသွားသည်။
လျှိုလင်းလင်းလည်း မှင်တက်သွား၏။ သူမနဖူးနားမှ ကျောက်စိမ်းစာလိပ်ကို ပြန်ခွာကာ စုရှောင်ရှန်တို့ထံ လျှောက်သွားလိုက်သည်။
“မဟုတ်ဘူး ဂိုဏ်းတူအမ လင်းလင်း ကျွန်တော်ပြောတာ နားထောင်ဦး” ကျောက်ချင်းထန် အလန့်တကြားထရှင်းပြရန် ပြင်လိုက်၏။
သို့သော်လျှိုလင်းလင်းက သူ့ကိုလစ်လျူရှူပြီး စုရှောင်ရှန်ထံ သွားကာ ကျောက်စိမ်းစာလိပ်ကိုကမ်းပေးလိုက်၏။ “နင့်ကိုပေးလိုက်တဲ့”
ထိုကျောက်စိမ်းစာလိပ်ကိုကြည့်ပြီး သူ့နှလုံးသားထဲမှ ရင်းရင်းနှီးနှီးခံစားချက်ကြီးကိုရလိုက်ပါသည်။
စုရှောင်ရှန် သူ့အင်္ကျီထဲ လက်တစ်ဖက်ထည့်ကာ နောက်လှည့်လိုက်ပြီး ခြေလမ်းအနည်းငယ်လှမ်းပြီးနောက်မှာ ကျောက်စိမ်းစာလိပ်ကို နားနားကပ်လိုက်၏။
“ဟယ်လို အမိန့်ရှိပါ”
စုရှောင်ရှန်၏ ခေါင်းဆောင်ကို သာမန်ကာလျှံဖြင့် ပြောသောလေသံကြောင့် လူအုပ်ကြီး မေ့လဲမတတ်ဖြစ်သွားကြသည်။ အခြားတစ်ဘက်မှ ဘာသံမှမကြားရတာကြောင့် စုရှောင်ရှန် မျက်မှောင်ကြုတ်လိုက်သည်။
စောနက လျှိုလင်းလင်း ကျောက်စိမ်းစာလိပ်နှင့်စကားပြောသောနေရာကိုသွားလိုက်ပြီး “မိုရှီ မိုရှီ”
ဘာသံမှ မကြားရပြန်ဘူး။
ကျင့်ကြံခြင်းကမ္ဘာမှာတောင် လိုင်းက ဒီလောက် စုတ်ရသလား။
ထို့နောက် သူလျှိုလင်းလင်း လှမ်းကိုမေးလိုက်သည်။ “လိုင်းမရဘူးရော”
လျှိုလင်းလင်းသူ့ကို နားမလည်နိုင်စွာကြည့်လိုက်သည်။ လိုင်းဆိုတာဘာကြီးတုန်း။
ထို့နောက်မှ စုရှောင်ရှန် ကျောက်စိမ်းစာလိပ်ကို ကိုင်ထားပုံကို တွေ့လိုက်ရသည်။
“နင့်နဖူးမှာကပ်ပြီး စိတ်ဝိညာဉ်အာရုံထည့်ကြည့်ရမှာလေ”
စုရှောင်ရှန်၏မျက်နှာကို ခုန်ပြီး ထိုးပစ်လိုက်ချင်စိတ်များ တဖွဖွဖြစ်လာသည်။
သူ့အမှားကို ချက်ခြင်းနားလည်သွားပြီး ပုခုံးတွန့်ပြကာ နဖူးနားကပ်လိုက်သည်။
“စုရှောင်ရှန်လား” ရဲ့ရှောင်ထျန်း၏ အသံက အလွန်လေးနက်နေသည်။
“ဟုတ်ပါတယ်”
“မင်း ရတနာတွေကို စည်းနှောင်ထားတဲ့ အကာအကွယ်နေရာ ၁၂ ခုလုံးသိတယ်မလား”
အကြီးအကဲစန်း၏ မြေပုံကို မြင်ယောင်မိပြီး ရဲ့ရှောင်ထျန်းကို ထိုအကြောင်းပြောရမလား တွေဝေသွားသည်။ မဟုတ်မှလွဲရော အဲ့တာ အဖိုးကြီးများ အသက်နှင့်ရင်းပြီး ယူထားတဲ့ဟာများလား။
“မသိဘူး”
“ကောင်းပြီ မြန်မြန် အနီးနားက ရတနာအကာအကွယ်တစ်ခုစီအမြန်သွားပြီး ကျောက်စိမ်းစာလိပ်ကို အမြန်တင်လိုက်။ မြန်မြန်နော် မင်းအချိန်နည်းနည်းပဲရတယ်”
စုရှောင်ရှန် “ဘာကြီး”
ငါ့ကို စမ်းသပ်ချင်နေတာလာ။
“ကျူပ်တကယ်မသိဘူးလို့”
“အရည်မရအဖက်မရတွေတော်လိုက်တော့။ ထျန်းရွှမ်တံခါးက ပေါက်ကွဲတော့မယ်။ မင်းလက်ထဲမှာ အနက်ရောင်ဓားအိမ်ရှိတာ ငါသိတယ်။ မင်း ဒီတာ၀န်ကို ပြီးမြောက်အောင်လုပ်နိုင်ရင် ဒီဓားအိမ် မင်းကို အပိုင်ပေးမယ်”
ရဲ့ရှောင်ထျန်း ဘယ်လိုများသိတာလဲ စုရှောင်ရှန်မှင်တက်သွားရသည်။
သူ့ကိုယ်သူ တည်ငြိမ်အောင် စိတ်လျော့လိုက်ရပြီး ပြန်ဖြေသည်။ “ကျုပ်လက်ထဲမှာမဟုတ်ဘူ အဲ့ဓားအိမ်က။ လျှိုလင်းလင်း ကျုပ်စီက ပြန်ယူသွားပြီ။ ပြောကာမှ သူမ တကယ် သံသယ၀င်စရာကောင်းတယ်”
စုရှောင်ရှန် သတင်းမှားရော သတင်းမှန်ရော ရောပြီး မမျှော်လင့်ထားတာများရမလား တွေးတောပြီး ပြောလိုက်သည်။
တခဏကြာ တိတ်ဆိတ်နေပြီးနောက်မှာ ရဲ့ရှောင်ထျန်းပြောသည်။ “ဒီကိစ္စကို အရင်အပထားလိုက်ဦး။ ငါပေးတဲ့တာ၀န်ကိုပဲ ပြီးအောင်လုပ်”
ငါသူ့ကို လှည့်စားလိုက်နိုင်တာလား။
စုရှောင်ရှန် ကျေနပ်သွားပြီး ရဲ့ရှောင်ထျန်းများ လျှိုလင်းလင်း၏ သရုပ်မှန်ကို သိနေသလိုပြောနေတာကို ရိပ်မိသွားသည်။
သူအတည်ပြုချက်လိုသည်။
“ကျုပ်မှ အမြန်ဆုံးမဟုတ်တာ”
မရှင်းမလင်းပြောလိုက်ပြန်သည်။ အမြန်နှုန်းနှင့်ယှဉ်လာလျှင် လျှိုလင်းလင်းက ပြိုင်ဘက်မရှိ အမြန်ဆုံးဖြစ်သည်။ သူမက မိုးကြိုးလျှပ်စီးကိုခြယ်လှယ်နိုင်တာ ရဲ့ရှောင်ထျန်းသိလောက်ပါသည်။
“ဒါပေမယ့် မင်းက အယုံကြည်ရဆုံးပဲလေ”
ထင်တဲ့အတိုင်းပဲ။
စုရှောင်ရှန် ကျောက်ချင်းထန်နားမှာ ရပ်ပြီး တစ်ခုခုကို တီးတိုးပြောနေသော လျှိုလင်းလင်းကိုကြည့်လိုက်သည်။ ကြည့်ရတာ သူမလည်း စကားပြောလို့ပြီးသွားပုံရသည်။
ရဲ့ရှောင်ထျန်းက သူ့ကိုပဲ ယုံမှတော့လဲ စိတ်ဝိညာဉ်အသက်တံဆိပ်ပြားရော၊ ချိတ်ပိတ်ခြင်းကျောက်တုံးကိုပါ ဖြစ်ဖြစ်သမျှ လျှိုလင်းလင်းခေါင်းပေါ် ပုံချလိုက်ရမလား တွေဝေသွား၏။
တစ်ခါ အပြစ်တင်ထားမှတော့ နောက်အခါများဆက်၍လည်း မထူးတော့ချေ။ ဒီမိန်းမက သူ့ သူငယ်ချင်းရော ဆွေမျိုးပါမဟုတ်တာကြောင့် ဘာကိုမှ စိတ်ပူရန်မလိုပါပေ။
ကျောက်ချင်းထန်ကတော့ သနားစရာကောင်းသည်။ သူ့အချစ်များက ရေစုန်မျောကာ ဦးတည်ရာတစ်ဖက်တည်းဖြင့် ပင်လယ်စီသို့ပဲရောက်ရတော့မည့်ဟန်ပေါ်သည်။
“ဆိုတော့ အောင်မြင်တဲ့အခါ ဆုလဒ်လေးဘာလေးမရှိဘူးလား”
စုရှောင်ရှန်ထပ်မေးသည်။ ဒီဆုအကြောင်းကိစ္စပြောရခြင်းက ထျန်းရွှမ်တံခါးထဲက ထွက်တဲ့အခါ ဘာမှ မရရင်တောင် သူယူခဲ့တဲ့ ရတနာများကို ပြန်မတောင်းရန်ဖြစ်သည်။
သို့သော် သူကြားချင်တာ မကြားရဘဲ ရဲ့ရှောင်ထျန်း၏ ဒေါသကို ဖိနှိပ်ထားသော အသံကိုသာကြားလိုက်ရသည်။
“မြန်မြန်လုပ်”
စုရှောင်ရှန် စွံ့အသွားရ၏။
သူဘာမှ ဆက်မပြောနိုင်ခင်မှာ “တီ” ဆိုသည့်မြည်သံကြီးနှင့် အချိတ်အဆက်ပြတ်သွားတော့သည်။