စန်းလျှိုသစ်တော….။
စုရှောင်ရှန်ကောင်းကင်ပေါ်က အနက်ရောင် အပေါက်ကြီးကို စိုးရိမ်တကြီးကြည့်လိုက်သည်။ အကယ်၍ သူ့တုန့်ပြန်နှုန်းသာ မြန်မနေလျှင် ထိုထဲ၀င်သွားလောက်ပေပြီ။
ထိုအပေါက်ကြီး၏ ကြီးမားသောစုပ်အားကို ခုခံရန် အခြားတစ်ဘက်သို့ ပြေးသွားလိုက်ရသည်။ အနီရောင်တောအုပ်ကြီးကတော့ ထိုအနက်ရောင်စုပ်ခွက်ထဲသို့ စုပ်ယူခြင်းခံလိုက်ရ၏။
“တကယ်ပဲ ဗလာနယ်ပယ် နိယာမတွေ ပေါက်ပျက်ကုန်တာလား”
စုရှောင်ရှန် အရင်တစ်ခေါက်က ရဲ့ရှောင်ထျန်း၏ ကောင်းကင်ခွဲလက်ဖြင့် ဤသို့ လုပ်ဖူးတာကို ပြန်မြင်ယောင်လိုက်သည်။
ဘုန်းးးး…။
ထျန်းရွှမ်တံခါး ထပ်မံတုန်ခါလာပြန်သည်။ ဒီတစ်ခါတော့ အရင်ကလို ပြန်၍ မတည်ငြိမ်တော့ဘဲ ကမ္ဘာငယ်လေးက ဆက်တက်တုန်ဟီးလှုပ်ခါနေခဲ့သည်။
“ဘာဖြစ်နေတာလဲ” မုကျစ်ရှီလည်း လုပ်နေတာရပ်ပြီး မြေပြင်ကို အလန့်တကြားကြည့်လိုက်သည်။
“ငါထင်တာတော့ ကမ္ဘာငယ်လေးနဲ့ ပတ်သက်ပြီး တစ်ခုခု ဖြစ်နေတာ ဖြစ်ရမယ်”
မိုမိုပြောပြီးတာနဲ့ ရဲ့ရှောင်ထျန်၏ အသံကို သုံးဦးသား တစ်ပြိုင်တည်းကြားလိုက်ရသည်။
“၁၅မိနစ်။ အစီအရင်တံခါးရှေ့မှ စုကြ”
စုရှောင်ရှန် ချက်ခြင်းမြေပြင်ပေါ်ကိုဆင်းလာပြီး သူ့ဆရာတူညီမလေးကို တင်းတင်းကြပ်ကြပ် လှမ်းဖက်လိုက်သည်။ သူဘေးဘီဝဲရာကို ကြည့်သော်လည်း အစီအရင်တံခါးကို မတွေ့ပေ။
“ဟေး ငါ့ကိုလွှတ်” မုကျစ်ရှီ အပြင်းအထန် ရုန်းကန်သည်။
“သေတော့မှာကို ကကျိုးကကြောင် လုပ်မနေနဲ့စမ်း”
“…”
မုကျစ်ရှီတိတ်ဆိတ်သွားပြီးခဏ တိုးတိုးတိတ်တိတ် မာန်မဲလိုက်သည်။ “အပန်းရောင် ခို။ နင်ပဲ အပန်းရောင်ခို။ နင့်တစ်မိသားစုလုံးပဲ အပန်းရောင်ခို”
“…”
ဒီကောင်မလေး ဒီလိုအချိန်တောင် ဒါကို အငြိုးထားနေတာ စုရှောင်ရှန် စွံ့အသွားရသည်။
ထို့နောက် မိုမို့ဘက်လှည့်ကာ ဆိုလိုက်သည်။ “စန်းလျှိုသစ်တောက ငါတို့ စမှတ်နဲ့အတော်ဝေးတယ်။ ငါထင်တာသာ မမှားရင် အဲ့မှာ အစီအရင်တံခါးရှိလိမ့်မယ်။ ၁၅မိနစ်တည်းနဲ့ နင်အဲ့ကို ရောက်အောင်သွားနိုင်လား”
မိုမို ခေါင်းကိုငိုက်စိုက်ချလိုက်သည်။ မီးခိုးမြူပုံရိပ်သာ အိပ်မောမကျသွားပါက ၁၅မိနစ် သူမ သွားကောင်းသွားနိုင်လိမ့်မည်။ ယခုတော့…
သူမတွေးနေရင်းနဲ့ ကောင်းကင်နှင့် မြေပြင်က ပြောင်းပြန်ဖြစ်ကာ သူတို့ လေထဲတွင် ပြုတ်ကျသွားကြောင်းကို သိလိုက်သည်။ ထိုမှ စုရှောင်ရှန်က သူမကိုလက်တစ်ဖက်ဖြင့် ဖက်လိုက်၏။
မိုမို ကသိကအောက်ဖြစ်သလိုလို ရှက်ကိုးရှက်ကန်းဖြစ်သွားသလိုလိုနှင့် ရုန်းသည်။ “ငါ့ကိုလွှတ်”
စုရှောင်ရှန်သူမ ပြောတာကို လစ်လျူရှူလိုက်သည်။ သူမ၏ အခြေအနေအရတော့ မိုမိုက ယခု ကူကယ်ရာမဲ့နေကြောင်းကို သူသိလေသည်။ သူမက အားနည်းလွန်းလို့ လမ်းတောင်လျှောက်နိုင်လိမ့်မည်မဟုတ်။
လပ်တစ်ဖက်တစ်ချက်စီမှ မိန်းကလေးနှစ်ယောက်ကို သယ်ကာ စုရှောင်ရှန်ကောင်းကင်ယံကို ပျံတက်လိုက်သည်။ အရှင်သခင်နယ်ပယ် လျင်မြန်မှုကို အစွမ်းကုန် အသုံးချပြီး သူ့ခြေထောက်အောက်တွင်လည်း မီးလျှံများပေါ်လာသည်။ ရွှစ်ကတည်း လေကိုထိုးခွင်းသွားတော့၏။
“မြန်လိုက်တာ။ ဘယ်သူထင်မှာလဲ သူ့အကန့်အသတ်က ဒီလောက်မြန်နေမယ်လို့”
စုရှောင်ရှန်၏ ရင်ခွင်ထဲမှာ လုံခြုံတယ်လို့် မိုမို ခံစားလိုက်ရကာ ထိုကောင်လေး၏ မေးရိုးတစ်လျှောက်ကိုကြည့်ပြီး ရင်ခုန်သွားသည်။ အကြမ်းပတမ်းတိုက်ခတ်နေသောလေများအကြားမှ ရှက်သွေးဖြာနေသော နီနီရဲရဲမျက်နှာလေးကို သူ့ရင်ခွင်ထဲအပ်လိုက်၏။
ဒုတ် ဒုတ် ဒုတ်
သူ့ရင်ဘက်ကို ဖိလိုက်ရာ နှလုံးခုန်သံကို ကြားရသည်။ အကြောင်းတိုက်ဆိုင်စွာ သူတို့နှစ်ဦးရဲ့ နှလုံးခုန်သံများက စည်းချက်ညီ နေ၏။
သူမ၏ အနက်ရောင်ဆံနွယ်များ လေထဲတွင် လူးလွန့်သွားပြီး တစ်ချို့က သူမ၏ မျက်နှာကိုလာဖုံးသည်။ မိုမို လက်ကောက်၀တ်မှ အဖြူရောင် လက်ကောက်လေးကို ကိုင်လိုက်သည်။
အခြားတစ်ဘက်မှတော့…။
“စုရှောင်ရှန် နင့်ပုခုံးပေါ်ကနေ ငါ့ကို ပြောင်းပြန်မသယ်သွားလို့မရဘူးလား။ ငါခေါင်းမူးနေပြီ” မုကျစ်ရှီထအော်ပြီး အန်တော့မလိုလို စုရှောင်ရှန်၏ ပုခုံးပေါ်၌ လှုပ်လှုပ်ရွရွဖြစ်လာ၏။
“နင့်ဂါ၀န်စကိုဖယ်ဦး။ ငါ့မျက်နှာကိုကာနေပြီ”
“…”
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
“နင်ငါ့ကို ပြောင်းပြီကြီးမသယ်လို့မရဘူးလား”
“အေး ဟုတ်းသားပဲ”
မိုမို ရယ်ချင်သွားပြီး သူမ၏ နှုတ်ခမ်းထောင့်ကွေးတက်သွားသည်။ ထို့နောက် ကောင်းကင်မှ အနက်ရောင်အပေါက်ကြီးကိုကြည့်လိုက်သည်။
ဘုန်းးး…။
ကောင်းကင်တစ်ဖန်ပေါက်ကွဲသွားပြီး မှန်အပိုင်းအဆလို ချွန်ထက်တဲ့အရာများ ပြုတ်ကျလာကာ ကမ္ဘာကြီးကို ဗလာနတ္ထိ စုတ်ဖြဲပစ်လိုက်လေသည်။ ဒီဖြစ်ရပ်ပြီးနောက်မှာ ဘယ်အရာမှ ဒီနယ်မြေထဲ တည်ရှနိုင်တော့မှာ မဟုတ်သလိုလိုနှင့်။
ထျန်းရွှမ်တံခါးအတွင်း လူအနည်းငယ်သာရှိကြသည်။ ကမ္ဘာငယ်လေးကိုတစ်ခုခုဖြစ်နေတာနဲ့ ရဲ့ရှောင်ထျန်းရဲ့ စကားကြောင့် လူတိုင်း အစီအရင်တံခါးစီ အပြေးသွားကြ၏။
စုရှောင်ရှန်ရောက်သောအခါ တံခါး၀၌ လူအနည်းငယ် စုစည်းနှင့်နေပြီးကို တွေ့လိုက်ရသည်။
ထိုသူများအားလုံးက ထိပ်သီး (၃၃) ဦး၀င် အသုတ်သစ်ဖြစ်ပြီး မြင့်မားသော ကျင့်ကြံခြင်းနယ်ပယ်နှင့် လွတ်မြာက်ခြင်းနည်းစနစ်များ ကိုယ်စီရှိကြသည်။ အစကတည်းက အစီအရင်တံခါးနှင့်ဝေးဝေးလည်းမသွားခဲ့ရာ အချိန်တိုအတွင်းမှာ ပြန်ရောက်လာခဲ့၏။
အတွေ့အကြုံနည်းပါးသောသူက ကျောက်ချင်းထန်လို့ဆိုရမည်။ အစက ဒီလို ချက်ခြင်းတောင်မပြေးလာဘဲ ကြောင်ကြည့်နေသည်။
ဘေးတစ်ဘက်မှ ခရမ်း၀တ် မိန်းမပျိုလေးကိုကြည့်လိုက်တိုင်း ယခုတော့ ဘာကိုမှ ဂရုမစိုက်ပါဘူးဆိုတဲ့ ထိုကောင်လေးရဲ့ မျက်နှာထက်မှာသိမ်မွေ့သော အမူအရာပေါ်လာနေ၏။
ဒါက သူမ သူ့ကိုကယ်တာ တတိယအကြိမ်ဖြစ်၏။
စုရှောင်ရှန် လက်တစ်ဖက်တစ်ချက်စီက မိန်းမပျိုနှစ်ဦးကို ဖက်ပြီးရောက်လာတာ တွေ့သောအခါ သူတို့အားလုံး စိတ်လှုပ်ရှားသွားကြသည်။
“သူတို့လာပြီ။ ငါတို့အားလုံးဒီမှာစုပြီဆိုတော့ တံခါးက ပွင့်သင့်ပြီမလား”
“မဟုတ်ဘူး နှစ်ယောက်ကျန်သေးတယ်”
“ငါတို့ထပ်စောင့်လို့မဖြစ်တော့ဘူး။ မဟုတ်ရင် အားလုံးသေကုန်လိမ့်မယ်”
စုရှောင်ရှန် ဆင်းသက်လိုက်ပြီး မိုမိုတို့ကိုချပေးလိုက်သည်။ ထို့နောက် နောက်လှည့်ကာ မျက်စီတစ်ဆုံးမြင်ကွင်းကိုကြည့်လ်ိုက်၏။
ဗလာနယ်ပယ်က တစ်လက်မချင်းစီ ကွဲပျက်ဆီးလာနေသည်။ မသိလျှင်ဘဲ ကမ္ဘာပျက်တော့မလိုလိုနှင့် အနက်ရောင်စုပ်ခွက်ကြီးကလည်း အရာအားလုံးကို ဝါးမျိုနေပြီး သူတို့ စောနက ဖြတ်သန်းခဲ့သော နေရာကိုပါ ဝါးမျိုသွားတာ တွေ့လိုက်ရသည်။
“ဘာထွက်ပေါက်လဲ”
စုရှောင်ရှန် သူရင်းနှီးသည့် တစ်စုံတစ်ယောက်တည်းသော လျှိုလင်းလင်းကိုကြည့်လိုက်၏။
“ခေါင်းဆောင်ပြောတာတော့ ထျန်းရွှမ်တံခါးအတွင်းက ကမ္ဘာငယ်လေး မပြိုကွဲသွားမချင်းတော့ တံခါးကပွင့်ဦးမှာမဟုတ်ဘူးတဲ့။ ဒီတော့ တံခါးကို တွန်းဖွင့်ရုံပဲရှိတော့တယ်။ ဒါပေမယ့် လက်ရှိအခြေအနေက ဖရိုဖရဲဆန်လွန်းတယ်။ အပြင်ကမ္ဘာနဲ့ဆက်ထားတဲ့ ဗလာနယ်ပယ်လမ်းကြောင်းကို အရင်ဖွင့်မှရမယ်။ ဒါတောင် အဲ့တာက တစ်စက္ကန့်ပဲခံမှာ”
“တစ်စက္ကန့်ဆိုလည်း လုံလောက်ပါပြီ။ ဘာတွေစောင့်နေတာလဲ။ ဖွင့်တော့လေ”
စုရှောင်ရှန် အတန်ငယ် စိုးရွံ့သွားသည်။ သူရေတွက်ကြည့်လိုက်ရာလည်း လူ(၈) ဦးသာ တွေ့ရသည်။
ဟုတ်သား ယွမ်တုက ပျောက်သွားပြီ။
ကျန်တစ်ယောက်က…
ထိုလူများအကြားဟိုကြည့်ဒီကြည့်လုပ်ပြီးမှ လူတိုင်းက သူတစ်ကြိမ်တစ်ခါသာမြင်ဖူးသောသူများဖြစ်ကြောင်းသိရသည်။ သူနှင့်ခင်မင်သော ကျိုးထျန်းရှန်ကတော့ ပျောက်နေ၏။
“ကျိုးထျန်းရှန်မလာသေးဘူးလား” ကျောက်ချင်းထန်ကိုကြည့်ပြီး မေးသည်။
ကျောက်ချင်းထန် မျက်မှောင်ကြုတ်လိုက်ပြီး စကားပြန်မပြောဘဲ ခေါင်းသာ အသာခါရမ်းပြလိုက်သည်။
ဆိုတောာ့ စုရှောင်ရှန်နှင့် ဂိုဏ်းတူအမ လင်းလင်းတို့က တစ်ယောက်နဲ့တစ်ယောက်သိကြတယ်ပေါ့။
ချီးပဲ။
သူလက်သီးကျစ်ကျစ်ပါအောင်ဆုပ်လိုက်တဲ့ကြားမှာ လျှိုလင်းလင်းက စုရှောင်ရှန်နား ချဉ်းကပ်သွားကာ “စုရှောင်ရှန် ငါဒီမှာရှိတဲ့ လူတိုင်းကိုမေးကြည့်ပြီးသွားပြီ ဘယ်သူမှ ရတနာကို စောင့်ရှောက်ထားတဲ့ အကာအကွယ်ကို မထိကြဘူးတဲ့”
“ဘာ ရတနာ အကာအကွယ်တုန်း”
လျှိုလင်းလင်း မျက်စောင်းကလေးထိုးကာ “အနက်ရောင်ဓားအိမ်တုန်းကလိုပြောတာ”
“အဲ့တော့…”
“အဲ့တော့ နင်နောက်ထပ်ရတနာ ဘယ်နှစ်ခု ယူသေးတုန်း”
လျှိုလင်းလင်းများ သူ့စီက လုယူချင်တာ တွေးမိပြီး စုရှောင်ရှန် သတိချပ်လိုက်သည်။
“အဲ့တာ နင်နဲ့ဘာဆိုင်လို့တုန်း”
“မဆိုင်ပါဘူး။ ဒီတိုင်းမေးတာ။ နင်နောက်ထပ် ရတနာနှစ်ခုကိုထိလိုက်သေးလား”
စုရှောင်ရှန် စိတ်ဝိညာဉ်အသက်တံဆိပ်ပြားနှင့် ချိတ်ပိတ်ခြင်းကျောက်တုံးတို့ကိုရခဲ့လေသည်။ ချိတ်ပိတ်ခြင်းကျောက်တုံးက လက်စွပ်တစ်ကွင်းအရွယ်အစားသာရှိတော့တယ် ဆိုစေဦးတော့ ရတနာက ရတနာသာ။
သူခေါင်းကိုညိတ်ပြလိုက်သည်။ ဒီကောင်မလေး သူ့ကို မနိုင်မှတော့ သူ၀န်ခံလည်း သူမ ဘာမှ လုပ်လို့ရမည်မဟုတ်ချေ။
“ငါထင်တဲ့အတိုင်းပဲ”
လျှိုလင်းလင်း ထိုအကောင့်ကို ဖြတ်ရိုက်ပစ်ချင်စိတ်များ ထိန်းထားလိုက်ရသည်။ သူ့မျက်နှာပေါ်မှ အူလည်လည် အမူအရာကိုမြင်သောအခါ ပို၍ ဒေါသထွက်သွားရ၏။
နင်ဒီကမ္ဘာကြီးကိုဖျက်စီးပစ်လိုက်တာ သိရဲ့လား။
ပြောကာမှ အချိန်တိုအတွင်း နောက်ထပ် ရတနာ နှစ်ခုကို သူက ဘယ်လိုရသွားတာလဲ။ သူလျှိုကဘယ်သူလဲ။
အသက်ကို ခပ်ပြင်းပြင်းရှိုက်လိုက်ပြီး လျှိုလင်းလင်းဘာမှ ဆက်မပြောတော့ချေ။ “အချိန်မရှိတော့ဘူး။ ခေါင်းဆောင်ကိုဆက်သွယ်ပြီး ဒီကနေ အရင်ထွက်သွားကြရအောင်”
ထို့နောက် ရဲ့ရှောင်ထျန်း ပေးလိုက်သော ကျောက်စိမ်းစာလိပ်ကို ထုတ်ယူလိုက်သည်။ သူမက ဒီကို ပထမဦးဆုံးရောက်ရှိသူဖြစ်ပြီး ထိုအရာကို ဖွက်ထားခဲ့လေသည်။
“နေဦး” စုရှောင်ရှန် သူမကို တားလိုက်သည်။ “ထွက်ပေါက်ကတစ်ခုတည်းဆိုပေမယ့် ဆက်သွယ်တာကရော တစ်ခါတည်း ဆက်သွယ်လို့ရတာလား”
“ဟုတ်တယ်”
လျှိုလင်းလင်း မျက်လုံးမှေးကာ “နင်က အခြား နှစ်ယောက်ကို စောင့်ချင်လို့လား”
သူမပြောတာကြားသောအခါ အခြားသူများ စိုးရွံ့သွားကြသည်။ ကမ္ဘာကြီးက ပျက်ဆီးတော့မည်ဖြစ်ရာ အခြားသူများအကျိုးကိုထည့်တွက် စဉ်းစားပေးနေဖို့ အချိန်မရှိပါချေ။
“စုရှောင်ရှန် ငါတို့ ဒီမှာ လူတစ်၀က်ကျော်လောက်ရောက်တာနဲ့ ထွက်သွားမယ်လို့ သဘောတူထားတာ။ မင်းတို့ သုံးယောက်ကို စောင့်တာတောင် ကံကောင်း”
“ဟုတ်တယ်။ ခုချိန်မှာ ကိုယ့်ကိုယ်ကိုယ်အတွက် တွေးပေးတာ အကောင်းဆုံးပဲ။ ဟိုနှစ်ယောက်က ဘာဖြစ်သွားသလဲမသိရဘူး။ သူတို့ ဒီ ဗလာနယ်ပယ် ပေါက်ပြဲမှုမှာ သေသွားတာလည်း ဖြစ်နိုင်တယ်”
“…”
“တော်ပါတော့” အဆက်မပြတ် စိုးရိမ်လာနေသည့် လူအုပ်ကြီးကိုမြင်လျှင် စုရှောင်ရှန်ပြောလိုက်သည်။ “ဘယ်သူက ငါသူတို့ကိုကယ်ချင်ပါတယ်လို့ ပြောလို့လဲ”
“မဟုတ်ဘူးလား” လူအုပ်ကြီး မှင်တက်သွားသည်။
မင်းသူတို့ကိုမကယ်ရင် ဘာလို့ ဆက်သွယ်မှာကိုတားရတာလဲ။
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၇]
“နင်ဘာလုပ်ချင်လို့လဲ” လျှိုလင်းလင်းမေးသည်။
“ဆက်သွယ်တဲ့သူက ငါဖြစ်လို့ရမလား” လျှိုလင်းလင်းလက်ထဲမှ ကျောက်စိမ်းစာလိပ်ကိုကြည့်ပြီး စုရှောင်ရှန်လက်နှစ်ဖက်ကိုပွတ်လိုက်သည်။
မသိစိတ်ကြောင့် လျှိုလင်းလင်း ကျောက်စိမ်းစာလိပ်ကို အနောက်ပို့လိုက်မိ၏။ ဒီကောင် ဒီတစ်ခါရော ဘာလုပ်ချင်နေသည်နည်း။
“မရရင်လည်း ထားလိုက်ပါတော့” ဘာမှ မဖြစ်သလိုဖြင့် စုရှောင်ရှန် လက်ဝှေ့ရမ်းပြကာ ပြောလိုက်သည်။ “ဒါပေမယ့် ဆက်သွယ်နေတုန်း မေးခွန်းတစ်ခု ငါ့အစားမေးပေးလို့ရမလား”
“ဘာမေးခွန်းတုန်း”
စုရှောင်ရှန်ကိုကြည့်ရတာ အနည်းငယ် ရှက်ရွံ့နေပုံရသည်။ “ထျန်းရွှမ်တံခါးပေါက်ကွဲတဲ့အချိန်မှာ တခြား ရတနာတွေရော ပေါက်ကွဲသွားမှာလားလို့”
အခြား ရတနာ (၈)ခုကို မြင်ယောင်မိသောအခါ သူ့မျက်၀န်းများထဲ အလင်းတစ်ခု လျှပ်တပြက်လက်သွားသည်။
သူတို့ကို မယူရင် နှမျောစရာပဲမလား။