အတွင်းစည်း၊ ညီလာခံ ခန်းမ…။
ကျန်းပင်းယန် လာချပေးသည့် ရေနွေးကြမ်းကိုသောက်ရင်း အတွေးလေလွင့်နေသည်။
အတွင်းစည်းကို၀င်ရောက်ခါမှ လူတိုင်းက တစ်စုံတစ်ခုကို တိုက်ခိုက်ရန် အသင့်ပြင်ထားကြသော တင်းမာနေသော အခြေအနေကို တွေ့လိုက်ရသည်။ ၎င်းက အပြင်စည်းနှင့် ကမ္ဘာနှစ်ခုလိုကွာခြားနေ၏။
ထို့နောက် ၀င်ပေါက်နားရှိ ရှေးဟောင်းအပင်ကြီးအောက်မှ အနတ်ဝတ်လူများကို မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်သည်။ “နန်းတော်သခင်ရဲ့။ ဒီလောက်ကြီး တင်းကြပ်နေဖို့လိုလို့လား” သူမေးသည်။
သူ့ကိုတိုက်ခိုက်ဖို့အတွက်တော့ ထိုလူများကို နေရာချထားခြင်းမဟုတ်ကြောင်း ကျန်းပင်းယန်သိသည်။ ဆိုတော့ ဖြစ်နိုင်ချေက သူတို့အကူအညီတောင်းတဲ့အထဲက သူတော်စင်အစေအပါးနှင့် ပတ်သက်၍သာဖြစ်ချေမည်။
‘လိုအပ်လို့လားတဲ့။ မေးရဲတယ်နော်’
ရဲ့ရှောင်ထျန်း ရေနွေးကြမ်းခွက်ကိုပြန်ချပြီး တုန့်ပြန်လိုက်သည်။ “နန်းတော်သခင်ကျန်းတို့လို အရေးကြီးဧည့်သည်တွေက အဝေးကြီးကနေလာခဲ့တာ။ ပင်ပန်းနေလောက်ရောပေါ့။ နေရာချထားပေးဖို့ ကျုပ်စီစဉ်ခိုင်းထားတယ်”
ရှင်းပြချက်တောင် သူမပေးပါလေ။
‘အရေးကြီးတယ်ဟုတ်လား။ နေရာချပေးဖို့ စီစဉ်ခိုင်းထားတယ်တဲ့။ ငါတို့ကိုမျက်လုံးထဲတောင်မထည့်ဘဲနဲ့’
ကျန်းပင်းယန်သူ့မုတ်ဆိတ်များကို စိတ်ဆိုးမာန်ဆိုး ပွတ်သပ်လိုက်သည်။
ရဲ့ရှောင်ထျန်း သူတို့ကို စိတ်ဝိညာဉ်နန်းတော်ထဲသို့ ၀င်လာသည့်တစ်လျှောက်မှာ တည်ရှိတယ်လို့တောင် မျက်လုံးထဲမထည့်ထားတာ။ လခွေးလိုပဲ။
ကျောက်ကျန်းရှီ စိတ်ထဲမှ တင်းမာနေသော အခြေအနေကို မှတ်ကာ ပြောလိုက်သည်။ “ခန်းမသခင်ကျန်းလည်း မြင်တဲ့အတိုင်း ဒီမှာက တစ်ခုပြီးတစ်ခု ပြဿနာလေးတွေတက်နေတာဆိုတော့ ကျုပ်တို့လည်း အလုပ်တွေရှုပ်နေကြတာ။ အိမ်ရှင်ကောင်းမဖြစ်သွားရင် ခွင့်လွှတ်ပေးဖို့ ကျုပ်ကပဲ တောင်းဆိုပါတယ်”
သူ၏ ချိုသာသောလေသံနှင့် စကားလုံးရွေးချယ်ချက်များမှလွဲ၍ ကျန်တာအကုန်လုံး ရဲ့ရှောင်ထျန်းပြောတာနှင့် မထူးခြားမနား။
“ထျန်းရွှမ်တံခါးက အချိန်မရွေးထပေါက်ကွဲသွားနိုင်တဲ့ အခြေအနေမှာရှိနေတာ ပိုပြီး အစွမ်းထက်တဲ့သူကို မလွှတ်လိုက်ဘူးလား”
လက်ရှိလာသည့် သုံးယောက်အဖွဲ့ထဲတွင် တကယ် သန်မာတာဆိုလို့ တစ်ယောက်တည်းရှိသည်။ သို့သော်ဘာဖြစ်ဖြစ်ပါ။ တကယ်အရေးကြုံလာရင် ကြားထဲ၀င်မရှုပ်ရင် အဆင်ပြေပါသည်။
ထိုလူနှစ်ယောက် တကယ် စိုးရိမ်ပူပန်နေတာကို ကျန်းပင်းယန်ပြောနိုင်သည်။ သို့ဖြင့် သိချင်သွားပြီး မေးလိုက်သည်။ “ဘာပြဿနာသေးသေးလေးတွေလဲ”
ကျောက်ကျစ်တုံ့လက်ထဲက ဘီးကို ကျောက်ကျန်းရှီ ကြည့်လိုက်သည်။ ထိုထဲမှ ပုလဲလေးလုံးမြောက်က မှိတ်တုတ်မှိတ်တုတ်နှင့် အချိန်မရွေးပြုတ်ထွက်သွားတော့မလိုလို ဖြစ်နေသည်။
“ဒီတိုင်း ကိုယ်ရေးကိုယ်တာ ကိစ္စပါပဲ”
ချန်ရှင်းချု အလွန် ဒေါသထွက်သွားခဲ့သည်။ ထိုလူများက အကူအညီလည်း တောင်းထားသေးတယ်။ မေးခွန်းမေးတော့လည်း ရှောင်လား တိမ်းလားနဲ့။ သူ့အမြင်တွင်တော့ ထိုအရာက သူတို့သုံးယောက်ကို မျက်လုံးထဲမထည့်ထားသလိုပင်။
သူစတင်၍ စကားပြောတော့မည့်အချိန် အဓိကခုံပေါ်က ဆံဖြူကလေးငယ်ကိုကြည့်မိပြီး သူ့စကားများကို ပြန်မျိုချလိုက်ရသည်။
“ကျွန်မထင်တာ မမှားရင် ဒါက စိတ်ဝိညာဉ်ပုလဲ(၁၂) ဘီးမလား” ဘေးတစ်ဘက်မှ အေးစက်စက် အသံတစ်သံ ထွက်လာသည်။
“ဟုတ်တယ်” ကျောက်ကျန်းရှီ သူမကို ကြည့်ပြီး ဖြေလိုက်သည်။
“ဒီဘီးက ထျန်းရွှမ်တံခါးတစ်ခုမှာရှိတဲ့ ရတနာ (၁၂) ပါးနဲ့ စည်းနှောင်ထားတာဖြစ်မယ်။ ခု ဒါကို ကြည့်ရသလောက်တော့ ထျန်းရွှမ်တံခါးထဲမှာ ပြဿနာနည်းနည်းတက်သွားတာဖြစ်ရမယ်”
ထိုင်နေသော လူသုံးဦး ထိုကောင်မလေးရဲ့ တွေးခေါ်နိုင်စွမ်းရည်နှင့် လေ့လာဆန်းစစ်နိုင်စွမ်းတို့ကြောင့် အံ့အားသင့်သွားရသည်။ ဒီလို အသိအမြင်မျိုးနဲ့ ဆုံးဖြတ်ချက်ဆိုတာက သာမန်လူတွေမလုပ်နိုင်သည့် အရာမျိုးဖြစ်သည်။
ကျောက်ကျစ်တုံ့ ထိုကောင်မလေး၏ မျက်နှာကာစဖြင့် မျက်နှာကို ကြည့်လိုက်သည်။ သို့တောင် သူမ၏ မျက်၀န်းများက နှစ်သက်စွဲမက်ဖွယ်ရာကောင်းနေတာ ပဝါစကို ဖယ်လိုက်မယ်ဆိုရင်ရော။
“သိခွင့်ရှိရင် ဒီက မိန်းကလေးက…”
“ယွဲ့ကျစ်၀မ်” သူမဖြေသည်။ ထို့နောက်ပြုံးလိုက်ရာ ပ၀ါစက အနည်းငယ်တွန့်သွား၏။
“လှလိုက်တဲ့နာမည်လေးပဲ”
ထိုစွဲမက်ဖွယ်ရာကောင်းသော မျက်၀န်းများက ကျောက်ကျစ်တုံ့ကို ချက်ခြင်း ညှို့ဆွဲဆောင်သွားသည်။ သူ့ချစ်သူနှင့် မကြာသေးခင်ကမှ လမ်းခွဲထားသည်ဖြစ်ရာ ထိုလှပမှုကြီးကို သူတောင့်မခံနိုင်ပါချေ။
“ငါ့-ငါ့ နာမည်က ကျောက်တုံ့… အဲ… မဟုတ်ဘူး ကျောက်ကျစ်တုံ့”
ထို့နောက် ခေါင်းမော့ရင်ကော့ကာ ဆိုလိုက်သည်။ “တွေ့ရတာ၀မ်းသာပါတယ်”
ထို့နောက် စိတ်ဝိညာဉ်ဘီးကို ဘေးတစ်ဘက်မှာ ချလိုက်ကာ လက်ကို အင်္ကျီမှာသုတ်ပြီး ရှေ့ဆန့်ထုတ်လိုက်သည်။
သို့ပေမယ့် ထိုမိန်းကလေးက သူနှင့် လက်ခြင်းဆွဲနှုတ်ဆက်မည့်ပုံမရပေ။
ကျောက်ကျစ်တုံ့ချက်ခြင်း ချန်ရှင်းချုထံ လက်လွှဲလိုက်သည်။ သူ့လှုပ်ရှားမှုက စက္ကန့်၀က်လေးတောင်မကြာရာ အလွန် ယုတ်တိရှိနေတော့သည်။
“ချန်ရှင်းချု”
ခဏတာ တုန့်ဆိုင်းသွားပြီးနောက် မျက်နှာ မပျက်စေလိုသည့်အတွက် လက်ဆွဲနှုတ်ဆက်ရန်ဆုံးဖြတ်လိုက်သည်။ သူဖြတ်သန်းခဲ့ရသည့်အရာများကြောင့် အလွန်စိုးရိမ် ကြောက်ရွံ့စွာခံစားနေရသည်။
သူတို့လက်ချင်းထိလိုက်တာနဲ့ ကျောက်ကျစ်တုံ့ချက်ခြင်း ဓာတ်လိုက်သွားသည့်အလား လက်ကိုပြန်ဆွဲဆုတ်လိုက်သည်။ ထို့နောက် အင်္ကျီမှာ လက်ကိုပြန်သုတ်ပြီး အရင်ရပ်နေသည့်နေရာပြန်သွားသည်။
“တွေ့ရတာ၀မ်းသာပါတယ်” လို့ပြောလိုက်ပေမယ့် သူ့မျက်လုံးများက ယွဲ့ကျစ်၀မ်အပေါ်တွင်သာရှိနေသည်။
ချန်ရှင်းချု ပို၍ ဒေါသထွက်သွားရသည်။
ဒီစိတ်ဝိညာဉ်နန်းတော်မှာ လူကောင်းဆိုတာရှိရဲ့လား။ ဘာလို့ လူထူးလူဆန်းတွေနဲ့ပဲတွေ့နေရတာလဲ။
သူလည်း ကသိကအောက်နှင့် အရင်ရပ်နေသည့်နေရာကို ပြန်သွားလိုက်သည်။
“ထျန်းရွှမ်တံခါးက အလယ်ပိုင်းနယ်မြေမှာရှိတဲ့ မြင့်မြတ်နန်းတော်က ရှန်းရွှမ်တံခါးနဲ့တူတယ်လို့ပြောတယ်။ ကျွန်မ မြင်တွေ့ခွင့်များရရင် ကြည့်ချင်ပါတယ်” ယွဲ့ကျစ်၀မ်ပြောသည်။
ဟားဟားဟား…
ကျောက်ကျန်းရှီ တစ်ယောက်တည်း တဟားဟားထရယ်လိုက်ပြီးနောက် လူတိုင်းသူ့ကို စိုက်ကြည့်နေတာမြင်လျှင် ပါးစပ်ကို အလျှင်အမြန်ပိတ်ပြီး ပြောလိုက်သည်။ “ကလေးမလေး နင်တကယ် ဗဟုသုတ ကြွယ်၀တာပဲ။ မြင့်မြတ်နန်းတော်ကနေ သင်လာတာလား”
“ဒါပေမယ့် နှမျောစရာပဲ ထျန်းရွှမ်တံခါးက တစ်နှစ်ကို တစ်ခါပဲဖွင့်တာ။ ဒီနှစ်အတွက်က အရင် (၂) ရက်ကတည်းက ဖွင့်ပြီးသွားပြီ။ ခုမှ ၀င်ဖို့ဆိုတာမဖြစ်နိုင်ဘူး။ ဒါပေမယ့် တံခါးကိုပြန်ဖွင့်တဲ့ အခါကြရင်တော့ ဘယ်လိုလဲ မြင်ရမှာပါ”
သူမ၏ မျက်၀န်းများအတွင်း၌ စိတ်ပျက်သလို အရိပ်အယောင်အနည်းငယ် စွန်းထင်းသွားပြီး “နှမျောစရာပဲ”
ကျောက်ကျန်းရှီထို့နောက် ဘီးကြီးထံ အကြည့်ပြန်လွှဲကာ “ကျုပ်တို့အကူအညီတောင်းလိုက်တဲ့ ကိစ္စကလဲ ထျန်းရွှမ်တံခါးနဲ့ပတ်သက်နေလို့ပါပဲ။ အချိန်ကြရင်တော့ ခန်းမသခင်ကျန်းရဲ့ အကူအညီကို ကျုပ်တို့ လိုလာလိမ့်မယ်”
“ထျန်းရွှမ်တံခါးထဲမှာ ဖြစ်သွားတဲ့ ပြဿနာအသေးလေးဆိုတာက…”
ခန်းမသခင်က ထိုပြဿနာဘက် လမ်းပြန်လှည့်သွားတာကို အကြီးအကဲကျောက်က ကြား၀င်ဖြတ်လိုက်သည်။ “အချိန်လည်းနှောင်းနေပြီဆိုတော့ လိုရင်းကိုပဲပြောပါတော့မယ်။ ထျန်းရွှမ်တံခါးထဲမှာ ဖြစ်ပျက်သွားတဲ့ ကိစ္စက ကျုပ်တို့ဘက်က ချက်ခြင်း ဖြေရှင်းရမယ့်အရာပါ။ ခန်းမသခင် နားလည်မယ်လို့မျှော်လင့်ပါတယ်”
ထို့နောက် ထရပ်ကာ ကျန်းပင်းယန်ကို လက်နှစ်ဖက်ဆုပ်ကိုင်ပြလိုက်ပြီးနောက် ရဲ့ရှောင်းထျန်ဘက်လှည့်ရာ ပြောသည်။ “ကျုပ်တို့ နောက်ထပ် အချိန်တွေ ဖြုန်းနေလို့မရတော့ဘူး”
ရဲ့ရှောင်ထျန်းခေါင်းကိုညိတ်လိုက်ပြီး အကြီးအကဲကျောက်၊ ကျောက်ကျစ်တုံ့တို့နဲ့အတူ ညီလာခံ ခန်းမထဲကထွက်သွားသည်။
သူကြုံတွေ့လိုက်ရသောအရာကြောင့်ချန်ရှင်းချု မျက်ခုံးများလှုပ်သွားသည်။ ထျန်းစန်းနန်းတော်က သူတို့ ဧည့်သည်များကို ဘယ်လို ဆက်ဆံလဲဆိုတာ သူသိရလေပြီ။
ဦးစွာ နန်းတော်သခင်ဖြစ်သူက ဧည့်သည်များကို အရှက်ခွဲသည်။ ထို့နောက် သူတို့ကို ဒီတိုင်းထားပြီးထွက်သွားသည်။ ထိုနန်းတော်သခင်သာ စိတ်မကြည်ဖြစ်နေရင် သူတို့သုံးယောက်ကိုများ ပေါ်တင် နှင်ထုတ်မလားမသိ။
“ခန်းမသခင်ကျန်း။ ကျုပ်တို့ဘာလို့ ဒီနေရာမှာ ဆက်နေနေကြရတာလဲ။ အရမ်းရှက်စရာကောင်းတယ်”
ကျန်းပင်းယန်ဘာမှ ပြန်မပြောဘဲ သူ့ရေနွေးကြမ်းကိုသာ သောက်နေလိုက်သည်။ တကယ်က စိတ်ဝိညာဉ်နန်းတော်ထဲမှာ ဖြစ်ပွားနေတာကို သူစိတ်၀င်စားလေသည်။ အတွင်းရော အပြင်ကပါ ပြဿနာများကို ရင်ဆိုင်နေရဟန်ပေါက်၏။
သူ့လို ခန်းမသခင်ကိုတောင် ဒီလို ဘာမဟုတ်သလို ဆက်ဆံမှုမျိုးပေးရလောက်အောင် ဘယ်လောက်များ အခြေအနေက ပြင်းထန်နေမှန်းမသိ။
သူလည်း စိတ်ဝိညာဉ်နန်းတော်၌ သူ့အလုပ်ကိစ္စရှိသေးရာ စတင်ရတော့မည် အချိန်ကျရောက်ပြီဖြစ်သည်။
“ကိစ္စမရှိဘူး။ မင်းတို့ သူတို့ပြင်ပေးထားတဲ့နေရာမှာ ပင်ပန်းနေရင်နားလိုက်ကြ။ ငါတော့ ဆက်ပြီး စောင့်ကြည့်ဦးမယ်”
ချန်ရှင်းချု ဘာမှ ဆက်မပြောတော့ဘဲ ထိုင်နေရာမှ ထလိုက်သည်။
“ကျစ်၀မ်မိန်းကလေး အပြင်သွားကြည့်ရအောင်”
သူစတင်၍ လျှောက်လှမ်းနေပြီးနောက်က ဘယ်သူမှ လိုက်မလာတာကို သတိထားမိလိုက်သည်။ နောက်သို့ပြန်လှည့်ကြည့်လိုက်သောအခါ တစ်ယောက်မှ မရှိတော့သည်ကို တွေ့လိုက်ရ၏။
ချန်ရှင်းချု အပြင်ထွက်လိုက်သောအခါ သူတို့နှစ်ဦးက အနက်၀တ်လူများကို စိတ်၀င်တစားကြည့်နေကြသည်ကို တွေ့လိုက်ရသည်။
“…”
ချီးပဲ။
ဆောင့်ကြီးအောင့်ကြီးလုပ်ပြီး ကိုယ့်ဟာကိုယ် ထွက်သွားလိုက်တော့သည်။
…
အကြီးအကဲကျောက် ခရမ်းရောင် အစီအရင်တံဆိပ်ပြားကို ဘာမှ စကားရှည်မနေတော့ဘဲ ထုတ်ယူလိုက်သည်။
ကနဦးက မြင့်မြတ်နတ်ဘုရားနန်းတော်က တပ်ကူတွေက စောင့်ရတာနဲ့ တန်မယ်လို့ ထင်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် သူတို့ (၃) ဦးသာ ရောက်လာကြပြီး စကားရှည်နေတာနဲ့ အချိန်တွေ အလဟသတ်ဖြစ်ကုန်၏။
“ထျန်းရွှမ်တံခါး … ဖွင့်”
သူအော်လိုက်ရာ ဘက်ပေါင်းစုံမှ စိတ်ဝိညာဉ်စွမ်းအင်များ စီးဆင်းလာတော့သည်။ အစီအရင် ပုံပန်းပုများ လေထဲတွင် တောက်ပလင်းလက်လာပြီး သံချေးတက်နေသော တံခါးကြီး ထွက်ပေါ်လာ၏။
အနီရောင် ကနုတ်များ အရောင်တောက်လာပြီး အသက်၀င်စွာ ထွင်းထုထားသော သားရဲ တံခါးလက်ကိုင်များကို နောက်တစ်ခါ ပြန်မြင်လိုက်ရသည်။ ထျန်းရွှမ်တံခါးပေါ်လာလေပြီ။
အနား၌ စုနေကြသော စည်းကမ်းကြီးကြပ်သူများ စိုးရိမ်စိတ်လှုပ်ရှားသွားကြသည်။ ၎င်းက သမိုင်းမှာ ပထမဦးဆုံးအကြိမ်အဖြစ် သုံးရက်မပြည့်သေးဘဲ ထျန်းရွှမ်တံခါးကို ပြန်ဖွင့်ခြင်းဖြစ်သည်။
ထိုအထဲတွင် တစ်ရက်ကျင့်ကြံခြင်းက အပြင်မှာ လပေါင်းများစွာကျင့်ကြံတာနဲ့ ညီမျှသည်။ သို့ဖြင့် ဆုံးရှုံးသွားသော အချိန်မျာက တန်ဖိုးရှိလှသည်။
ယွဲ့ကျစ်၀မ်ရဲ့ မျက်၀န်းများ တောက်ပသွားပြီး “ဒါ ထျန်းရွှမ်တံခါးလား” သူမမေးသည်။
“ဟုတ်တယ်”
ကျန်းပင်းယန် အသာအယာခေါင်းညိတ်လိုက်ပြီး ဆိုသည်။ “ဒီရတနာနယ်မြေတစ်ခုတည်းက ထျန်းစန်းစိတ်ဝိညာဉ်နန်းတော်ကို တခြား သူတို့ထက်အရင် တည်ရှ်ိတာ ကြာပြီဖြစ်တဲ့ စိတ်ဝိညာဉ်နန်းတော်နဲ့ ပတ်ပတ်လည်မြို့တွေအကြားမှာ မြောက်ကြွားမြောက်ကြွားလုပ်ပေးစေနိုင်တယ်”
ယွဲ့ကျစ်၀မ်ကတော့ ထို(၁၀) မီတာရှည်သည့် ဧရာမ အနက်ရောင်တံခါးကြီးကိုကြည့်ပြီး တစ်မျိုးတွေးလိုက်သည်။
ထျန်းစန်းစိတ်ဝိညာဉ်နန်းတော်မှာရှိတဲ့ ထျန်းရွှမ်တံခါးကတောင် ဒီလောက်ခမ်းနားကြီးကျယ်နေရင် မြင့်မြတ်နန်းတော်မှာရှိတဲ့ ရှန်းရွှမ်တံခါးဆိုရင် ဘယ်လိုနေလိမ့်မလဲ။
“အသင့်ပြင်”
ရဲ့ရှောင်ထျန်း အမိန့်ပေးလိုက်သောအခါ အနက်၀တ်လူအားလုံး အဆင်သင့်ပြင်လိုက်ကြသည်။
ဘုန်းးး…။
တံခါးကြီးပေါ်မှာ လက်တင်ပြီး အကြီးအကဲကျောက်တွန်းလိုက်သည်။
ထိုလှစ်ဟသွားသော တံခါးကြားမှ စိတ်ဝိညာဉ်စွမ်းအင်များ အလုံးလိုက်အရင်းလိုက် ထွက်လာကြ၏။ လူတိုင်းအသက်ပြင်းပြင်းရှိုက်လိုက်ကြသည်။
ကျွီ… ဂျုတ်…။
အနည်းငယ်သာဖွင့်ရသေးသော တံခါးကြီး ညပ်သွားပြီး စတင်တုန်ခါလာတော့သည်။
“ဘာဖြစ်နေတာလဲ” လူတိုင်း ထျန်းရွှမ်တံခါးကြီး ညပ်သွားတာကြောင့် စိုးရိမ်ပူပန်သွားကြသည်။
၎င်းက တစ်ခါမှ မကြားဖူးသလို ဖြစ်လည်း မဖြစ်ဖူးပေ။
တစ်စုံတစ်ခု မှားယွင်းနေတာကို သိသောအခါ အကြီးအကဲကျောက်၏ မျက်ဆံများကျုံ့သွားပြီး ကျောက်ကျစ်တုံ့ကို ချက်ခြင်းလှည့်ကြည့်လိုက်၏။
ခရက်…။
စိတ်ဝိညာဉ်ဘီးပေါ်မှ စတုတ္ထမြောက်ပုလဲလုံး နောက်ဆုံးတော့ မခံနိုင်တော့ဘဲ အက်ကွဲကြေသွားတော့သည်။
ကျောက်ကျစ်တုံ့ လန့်ဖျပ်သွားပြီး လိပ်ပြာများလွင့်သွားသလားမသိ မျက်လုံးများက ငူငူကြီးဖြစ်သွား၏။
စတုတ္ထမြောက် ပုလဲလုံးကွဲသွားတယ်ဆိုတော့… သူ့အိပ်မက်က တကယ်ဖြစ်လာပြီပေါ့။