ရဲ့ရှောင်ထျန်းဘာကိုဆိုလိုသလဲ ကျန်းပင်းယန်သိသည်။ သို့သော် မသိသလိုလုပ်ပြီး ပြန်မေးလိုက်၏။ “ဟုတ်တယ်လေ နန်းတော်သခင်ရဲ့ ဘာဖြစ်လို့လဲ”
အကယ်၍ သူတို့သာ ထျန်းစန်းနန်းတော်စီမှ အကူအညီကိုမတောင်ခဲ့ဖူးလျှင်၊ ယခင်ဆယ်စုနှစ်များအတွင်း ထျန်းစန်းနန်းတော်၏ ကြီးထွားလာမှုကိုမသိရှိလျှင် ကျန်းပင်းယန်တောင် ကိုယ်တိုင်ကိုယ်ကျ လာရောက်လိမ့်မည် မဟုတ်ပေ။
အကူအညီတောင်းတဲ့စာက ဘယ်လောက်ကောင်းအောင်ရေးရေး အကြီးအကဲများစွာ တစ်ပါးတည်း လာရလောက်အောင်တော့ မလုပ်ဆောင်နိုင်ပါပေ။ သူကိုယ်တိုင်လာတာတောင် မလုံလောက်သေးဘူးလား။
ရဲ့ရှောင်ထျန်း မျက်လုံးများကို မှေးလိုက်သည်။ သူတကယ် စိတ်တိုသွားပါသည်။
သူတော်စင် အစေအပါး။
သူတို့ရဲ့ အခုလက်ရှိအခြေအနေက သူတော်စင် အစေအပါး နှင့် ရင်ဆိုင်နေရတာဖြစ်သည်။
မြင့်မြတ်နတ်ဘုရားနန်းတော်ကလူတွေဦးနှောက်မရှိကြတာလား။ ဒီလိုအခြေအနေကို အသာလေး မှတ်ယူလို့ရတယ်ထင်နေကြတာလား။
စာထဲမှာတောင် သူတို့ရင်ဆိုင်နေရတာက အသေအချာကို သူတော်စင်အစေအပါးဆိုပြီးကို ရှင်းရှင်းလင်းလင်းဖြစ်အောင်ရေးပြီး ထည့်ပေးလိုက်သေးသည်။ ဒါ့အပြင်ကို သူတော်စင် အစေအပါးက တစ်ယောက်တည်းလာမှာလား ဘာလားတောင်မသိရဘူး။
ပြီးတော့ ထိုသူတော်စင်အစေအပါးတွေက ထောင်ချောက်ထဲ တည့်တိုးကြီး၀င်လာမယ်ထင်နေတာလား။ ပြင်ဆင်လာမှာ။ အသေအချာလေးကို ပြင်ဆင်ပြီးလာကြမှာ။
ခုတော့… ခန်းမသခင်တစ်ယောက်နဲ့ ဘာမှ မသိသေးတဲ့ ကလေးနှစ်ယောက်ကို လွှတ်လိုက်တယ်တဲ့။
‘ဒီလူတွေ ဒီလောက်အားယားနေလို့ ဒီမှာလာကစားကြတာလား။ ဟမ်။ သူတော်စင်အစေအပါးနဲ့ဆော့ရတာ ပျော်တယ်ပေါ့’
ရဲ့ရှောင်ထျန်း လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။ ဒီအခွင့်အရေးက မြင့်မြတ် နတ်ဘုရားနန်းတော် စောင့်နေသည့် သူတော်စင်အစေအပါးများကို တစ်ပေါင်းတည်း အမြစ်ဖြတ်နိုင်သည့် အရာဖြစ်သည်။ မဟုတ်လျှင် စာတောင် သူတို့စီမရောက်လောက်ပေ။
ယခုတော့…
အကြီးအကဲစန်းပြောသည်များကို ပြန်မြင်ယောင်လိုက်ပြီးနောက် ရဲ့ရှောင်ထျန်း၏ စိတ်နှလုံး ဘုံးဘုံး ပြိုလဲသွားရသည်။ မြင့်မြတ်နတ်ဘုရားနန်းတော်က တကယ်ပဲ သူတော်စင်အစေအပါးတွေကို သူတို့လို လူတွေ လက်ထဲ လွှဲပေးချင်နေတာလား။ ဘာတွေကြံစည်နေတာလဲ။
အကြီးအကဲစန်း တစ်ချိန်လုံး မှန်နေခဲ့သလားတောင် တွေဝေသွား၏။
သူ့ခံစားချက်တွေကို ဖုန်းကွယ်မထားတော့ သူချက်ခြင်းတိတ်ဆိတ်သွားတာကိုမြင်လျှင်မြင်ချင်း လူတိုင်း ရဲ့ရှောင်ထျန်း ဒေါသထွက်သွားတာကို သိလိုက်ကြရသည်။
ခန်းမသခင်နောက်၌ ရပ်နေသည့် လူငယ်လေးက ဒေါသထွက်လွန်းလို့ မျက်လုံးများတောင် မီးတောက်လာနိုင်လောက်၏။ မြင့်မြတ်နတ်ဘုရားနန်းတော်ကို ထိုသို့ ဆက်ဆံရဲသည့်သူကို သူမတွေ့ဖူးပါချေ။ ထိုသူက စိတ်ဝိညာဉ်နန်းတော်တစ်ခုရဲ့ နန်းတော်သခင်ဖြစ်သည် ဆိုစေဦးတော့။
“နန်းတော်သခင်ရဲ့။ ခင်ဗျားက ဒါဆို မြင့်မြတ်နတ်ဘုရားနန်းတော်က လွှတ်လိုက်တဲ့လူတွေက မလုံလောက်ဘူးထင်နေတာလား” သူ့အသံက အေးစက်စက်နိုင်သည်။
ထိုကောင်လေးပြောတာ ကြားသောအခါ ကျန်းပင်းယန် ရုတ်တရက် အလန့်တကြား ထခုန်လုမတတ်ဖြစ်သွား၏။
‘ဒီကောင် မြင့်မြတ်နတ်ဘုရားနန်းတော်မှာ ကောင်းကောင်းစား ကောင်းကောင်းနေတာ များပြီး ဘ၀မြင့်သွားတာလား။ ဒီလိုနေရာမျိုးမှာ ဒီလိုစကားကိုတောင် လာပြောရဲနေတယ်။ လုပ်ကြပါဦး’
‘ဒီ ရဲ့ရှောင်ထျန်းက သာမန်ဧကရာဇ်တစ်ပါးမဟုတ်ဘူးကွ။ ဧကရာဇ် နယ်ပယ် ကျင့်ကြံသူတွေထဲမှာတောင် တကယ့်ဒိတ်ဒိတ်ကျဲ အစစ်အမှန် ဧကရာဇ်ကွ။ မင်းလို စစ်မှန်ခြင်းနယ်ပယ်က ကလေးတစ်ယောက်က မဟာလမ်းစဉ်ကို တကယ်ထိတွေ့ဖူးတဲ့သူကို ပြန်ခံပြောလို့ရမယ်ထင်နေတာလား’
ထိုကောင်လေးစကားပြောပြီးနောက် အခြေအနေက ပို၍ တင်းမာသွားခဲ့၏။
ခန်းမသခင်ကျန်းပင်းယန် တစ်စုံတစ်ခုကို ပြောတော့မည်ပြင်စဉ် ရဲ့ရှောင်ထျန်းလက်ပြပြီး တားလိုက်သည်။ ထို့နောက် ထိုကောင်လေးကို စိတ်ဝင်တစားကြည့်လိုက်၏။
“မင်းနာမည်ကဘာလဲ”
အင်မတန်ကြောက်မက်ဖွယ်ရာအတိ အရှိန်အဝါက ထိုလူငယ်လေးကို ဖိနှိပ်လိုက်ရာ တစ်ကိုယ်လုံးတဆတ်ဆတ်တုန်ခါသွားပြီး တိမ်ပေါ်ကနေတောင် ပြုတ်ကျလုမတတ်ဖြစ်သွားသည်။ သူ့နောက်ကျောတစ်ခုလုံး ချွေးစေးများဖြင့် ပြည့်သွား၏။
သို့သော် သူ့ကိုယ်သူ ပြန်တည်ငြိမ်အောင်လုပ်လိုက်ပြီး ထိုအရာက ဤတန်ခိုးရှင်ထံမှ စမ်းသပ်မှုတစ်ခုခုဖြစ်နိုင်ကြောင်းသိသွားသည်။ သူလည်း မြင့်မြတ်နတ်ဘုရားနန်းတော်မှာတုန်းက ဒီလို အခြေအနေကို ခဏခဏ ကြုံကြိုက်ရသည် မဟုတ်ပါလား။
“ချန်ရှင်းချု” ကောင်လေး၏ မျက်လုံးများထဲတွင် ပြတ်သားသော အရိပ်အယောင်များရှိနေသည်။
“ချန်ရှင်းချု…”
ရဲ့ရှောင်ထျန်း တစ်ဘက်သို့ မျက်နှာလွှဲလိုက်ပြီး ထိုနာမည်ကို အခေါက်ခေါက်အခါခါ ရွတ်လိုက်သည်။ ထို့နောက် လူငယ်လေးကို အာရုံပြန်စိုက်လိုက်၏။
ဘုန်း…။
သူတို့နံဘေးရှိ ဟင်းလင်းပြင် စုတ်ပြဲသွားပြီး တိမ်တိုက်များလည်း ပျက်ပြယ်သွားသည်။ ချန်ရှင်းချု ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေသွားပြီး ချက်ခြင်း ထိန်းချုပ်မှုကင်းမဲ့သွားကာ ကောင်းကင်ပေါ်မှ အရုပ်ကြိုးပြတ် ပြုတ်ကျတော့သည်။
အားးး…။
သူ့အလန့်တကြား အော်သံကြီးက ကောင်းကင်ယံတစ်လျှောက်လုံးကို ပျံ့နှံ့သွား၏။
“မလုပ်နဲ့” မှင်တက်နေသော ကျန်းပင်းယန် စတင်လှုပ်ရှားလိုက်သည်။ သူ့လက်ကိုဆန့်ထုတ်ရရုံပဲရှိသေး သူ့ကိုယ်သူ မီတာ ရာပေါင်းများစွာ ဝေးသည့် တစ်နေရာ၌ ရောက်နှင့်ပြီးနေပြီကို သိလိုက်ရ၏။
ဗလာနယ်ပယ် စွမ်းအား… ဟင်းလင်းပြင်။
တစ်စုံတစ်ခုကို သိရှိသွားသည့်အလား သူ့မျက်ဆံများကျုံ့သွားသည်။
ရဲ့ရှောင်ထျန်း၏ ပင်ကိုယ်ဓာတ်စွမ်းအင်က နယ်ပယ်တူများအကြား သူ့ကို ပြိုင်ဘက်ကင်းဖြစ်စေလေသည်။ ထို့ပြင် ရဲ့ရှောင်ထျန်းက သူ့ထက်ပိုသော နယ်ပယ်မှလူကို သတ်ဖူးသည့် မှတ်တမ်းရှိသည်။
ထိုဆံဖြူကလေးငယ်က ဧကရာဇ်နယ်ပယ်သို့ ဟန်ပြရောက်နေသည်မဟုတ်ပါချေ။ တကယ့် အကြမ်းပတမ်းတိုက်ခိုက်စွမ်းရည်များဖြင့် နာမည်ရလာခြင်းဖြစ်သည်။
ချန်ရှင်းချု သူ့ကို အောက်ကနေ အနက်ရောင်စုပ်ခွက်ကြီးတစ်ခုက စုပ်ယူနေသလို ခံစားနေရသည်။ သူတကယ် တစ်စက်ကလေးမှ လှုပ်လို့တောင်မရဖြစ်နေ၏။
သူငုံ့ကြည့်လိုက်ရာ… သူ့အောက်မှာ တစ်ကယ် အနက်ရောင် စုပ်ခွက်ကြီးရှိနေတာကို တွေ့လိုက်ရလေသည်။
‘လခွမ်း။ ဒါဘယ်လို စမ်းသပ်မှုမျိုးတုန်း။ ငါ့ကိုသတ်နေတာပဲ’ စိတ်ထဲမှပြောသည်။
“ရူးသွားပြီလား။ ကျုပ်ဘယ်သူဆိုတာမသိဘူးလား။ သတ်ရဲတယ်ပေါ့” သူဆက်လက်၍ အောက်ချနေစဲဖြစ်တာ တွေ့ရပြီး ချန်ရှင်းချု ထိတ်ထိတ်ပျာပျာ ထအော်သည်။
ဘုန်းးး…။
သူ့မျက်လုံးရှေ့မှ အရာအားလုံးကို အနက်ရောင်တို့သာ ကြီးစိုးဝါးမျိုသွားသည်။
ငါသေပြီလား…။
သူ့မျက်ခွံများလှုပ်သွားပြီး မျက်လုံးပြန်ဖွင့်လိုက်သည်။
အရာအားလုံးကို အလင်းတို့က အစားထိုးပြန်၀င်ရောက်လာသည်။ ကောင်းကင်ကြီးက လိမ္မော်ရောင်သန်းနေပြီး နေ၀င်ဆည်းဆာ၏ အလှတရားဟူသည့် အနက်အဓိပ္ပာယ်ကို ကောင်းကောင်းကြီး ဖော်ပြနေတော့သည်။
သူ့အမြင်အာရုံကို ပြန်ရသွားတဲ့အခါ သူ့ရှေ့၌ ကျန်းပင်းယန် ရှိနေတာကိုတွေ့လိုက်ရ၏။ သူနှင့်အတူ ပါလာသော မိန်းမပျို၏ အကြည့်များတွင် အထင်အမြင်သေးဟန်များကို မြင်ရသည်။ သူ့ကိုသတ်တော့မယ့် ရဲ့ရှောင်ထျန်းကလည်း စိုက်ကြည့်နေ၏။
“…”
အိပ်မက်မက်နေတာလား။
ထိုအခိုက်၌ အရာအားလုံးက အိပ်မက်ဖြစ်ပါစေဟု ချန်ရှင်းချု ဆုတောင်းနေမိတော့သည်။ သို့သော် သူ့အောက်မှ ရယ်သံနှင့် လှောင်ပြောင်သံတို့က သူ့စိတ်ကူးလေးကို ဖျက်စီးလိုက်၏။
“ဟားဟားဟား။ အဲ့ကောင်ကိုကြည့်လိုက်ပါဦး။ သေးတောင်ထွက်ကျတယ်”
“မင်းကလည်း သူက ဧည့်သည်လေအဲ့လိုမပြောပါနဲ့။ ပြီးတော့ စစ်… ဟားဟားဟား မခံနိုင်တော့ဘူး။ အဲ့တာ စစ်မှန်ခြင်းနယ်ပယ်တဲ့”
“ဒီသခင်လေး လေသံနဲ့ကောင်ဘယ်ကလာတာလဲမသိဘူး။ နို့မပြတ်သေးတဲ့ ကလေးတစ်ယောက်လို သေးပါတဲ့အထိ ကြောက်တတ်လိုက်တာ လွန်ရော”
“ဟေး။ ငါ့ကိုသတ်ရဲလား။ ငါဘယ်သူလဲသိလား”
“…”
ချန်ရှင်းချု ငုံ့ကြည့်လိုက်ရာ သူ့ဘောင်းဘီ၌ ဖျော့တော့တော့ စိုထိုင်းနေတာကိုတွေ့ရသည်။ သူ့လက်ထဲမှာ ဓားရှိမနေတာဆိုးသည်။ မဟုတ်ချှင် ထို စတင်ခြင်းနယ်ကယ်က ပုရွက်ဆိတ်တွေကို သွားသတ်ပြီးလောက်ပြီ။
သူ့စိတ်ဝိညာဉ်အနှစ်များဖြင့် ထိုစိုထိုင်းကွက်ကို မသိမသာ ချောက်သွေ့စေလိုက်ပြီး အသက်ကို ခပ်ပြင်းပြင်းရှိုက်လိုက်သည်။ “ကျုပ်…”
“လူကြီးတွေစကားပြောနေတယ်။ လူငယ်တွေက ၀င်မရှုပ်ပါနဲ့” ရဲ့ရှောင်ထျန်းအသာအယာပြောလိုက်သည်။
ရဲ့ရှောင်ထျန်း၏ မျက်၀န်းများက ထို အနက်ရောင် စုပ်ခွက်အလား ခံစားလိုက်ရပြီး ထပြေးလုမတတ်ဖြစ်သွားသည်။ ယနေ့မှစပြီး အိက်မက်ဆိုးများတောင် စတင် မက်လောက်လေသည်။
‘ချီးပဲ။ ထျန်းစန်းစိတ်ဝိညာဉ်နန်းတော်။ စောင့်နေပါ။ ငါ တစ်နေ့ အစွမ်းထက်လာတဲ့အခါ… ငါ…’
“ရှက်စရာကောင်းလိုက်တာ”
အေးစက်စက်အမျိုးသမီးတစ်ဦး၏ အသံထွက်လာသည်။ ချန်ရှင်းချု၏ ပါးစပ် ရွဲ့သွားပြီး အာခေါင်ချောက်သလို ဘာမှ ပြန်မပြောနိုင်ဖြစ်နေသည်။
ရဲ့ရှောင်ထျန်း ထို မျက်နှာကို ပ၀ါစဖြင့် ဖုံးကွယ်ထားသော မိန်းမငယ်လေးကို လှည့်ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများက စွဲမက်ဖွယ်ရာကောင်းလှ၏။ သို့သော် သူမ၏ ခွန်အားကတော့… ပြောပလောက်စရာမရှိပေ။
ထို့နောက် ကျန်းပင်းယန်ကို ပြုံးကာ မှတ်ချက်ပေးလိုက်သည်။ “မြင့်မြတ်နတ်ဘုရားနန်းတော်ရဲ့ တပြည့်တပန်းတွေက တယ်တော်ကြပါလား။ သူတို့နယ်ပယ်နဲ့ လုံး၀ မကိုက်ညီတဲ့အရာကိုတွေ့တာတောင် တည်တည်ငြိမ်ငြိမ်နဲ့ အော်ရဲသေးတယ်။ ဒီလို ဂိုဏ်းသားမျိုးက တကယ် ရှားပါပေတယ်။ ချန်ရှင်းချုကိုကြည့်ရသလောက်တော့ မဟာဧကရာဇ်ဖြစ်လာမယ့် အလားအလာပါရှိတယ်။ သူ့ကို ကောင်းကောင်းပြုစုပျိုးထောင်ပေတော့ ခန်းမသခင်ကျန်းရေ”
ကျန်းပင်းယန်၏ နှုတ်ခမ်းများလှုပ်သွားသည်။
ရဲ့ရှောင်ထျန်းထို့နောက် နောက်လှည့်ကာ လက်ကိုဆန့်ထုတ်ပြီး ဆိုလိုက်သည်။
“ကြွပါ”
ရဲ့ရှောင်ထျန်းက သူ့ကို သာမန်ကာလျှံ ရင်းနှီးသလိုလို ဘာလိုလို ပြောတယ်ဆိုပေမယ့် ကဲ့ရဲ့ရှုတ်ချနေတာ ကျန်းပင်းယန် မသိဘဲ ဘယ်နေလိမ့်မလဲ။ သူလည်း စိတ်ထဲ၌ ကျိန်ဆဲလိုက်သည်။
‘ရဲ့ရှောင်ထျန်း တကယ်လွန်လွန်းတယ်။ ငါက မြင့်မြတ်နတ်ဘုရားနန်းတော်က ခန်းမခွဲက သခင်တစ်ယောက်ပါ။ လူတိုင်းရှေ့မှာ ချန်ရှင်းချုကို သေးထွက်နဲ့အထိ ချောက်လှန့်ပြီး ငါ့ကို မျက်နှာပျက်အောင်လုပ်ရသလား။ ဒါ ဒီကလေးကို ခေါ်လာတဲ့ ငါ ကျန်းပင်းယန်ကို စော်ကားလိုက်တာပဲ”
သူချက်ခြင်းအကူအညီတောင်းဆိုထားသည်ကို လစ်လျူရှူပြီး စိတ်ဝိညာဉ်နန်းတော်မှ ထွက်သွားချင်လိုက်သည်။
သို့သော် သူ့မှာ အရေးကြီးအလုပ်ရှိသေးတာ သတိရလျှင်ရချင်း ထိုအတွေးများကို ခေါင်းထဲမှ ထုတ်ပစ်လိုက်၏။
“ကျေးဇူးပါ”
ရဲ့ရှောင်ထျန်းညွှန်ပြထားသည့်ဘက်ကို ဘာမှမဖြစ်သလို အမူအရာနဲ့ ခန်းမသခင် ကျန်းသွားလိုက်သည်။
ရဲ့ရှောင်းထျန် မှင်တက်သွား၏။ သူများလုံလုံလောက်လောက်မစော်ကားသေးလို့များ အခြားတစ်ဘက်က မျက်နှာဖုံးကိုမခွာချသေးတာလား။
ကျေးဇူးပါနဲ့တောင်တွေ့သေး…။
“ကောင်းပါပြီ ဒါဆိုသွားကြတာပေါ့…” ကျန်းပင်းယန်နောက်မှ ကောင်လေးနှင့် ကောင်မလေးကို တစ်ချက်ကြည့်ပြီး ရှေ့မှ ဦးဆောင်သွားလိုက်သည်။
ချန်ရှင်းချုလည်း ကြက်သေသေသွားသည်။ အိမ်ရှင်က နှင်ထုတ်လုမတတ်ဖြစ်နေတာကို ဘာလို့ အထဲကို ဆက်သွားနေကြရမှန်း မသိဖြစ်သွားသည်။ ခန်းမသခင်များ စိတ်ဖောက်သွားတာလား။
သူ့ဘေးနားမှ ကောင်မလေး သူ့ကို ဖြတ်သွားသည်။ ချန်ရှင်းချု သူ့အောက်က လူအုပ်ကိုကြည့်လိုက်တဲ့အခါ ရွံရှာခြင်းများကိုသာ ခံစားလိုက်ရ၏။ ဒီလို နေရာမျိုးမှာ နောက်တစ်စက္ကန့်တောင်မနေချင်တော့ပါချေ။
“ကျစ်၀မ်မိန်းကလေး စောင့်ပါဦး”
…
အပြင်စည်းက ပြန်၍ ငြိမ်ကျသွားခဲ့သည်။ ထိုအဖြူ၀တ်ဧည့်သည်များအကြောင်းကနောက်တော့ ပြောစရာတစ်ခုဖြစ်လာခဲ့သည်။ ထိုမှ အသစ်၀င်လာသော ဂိုဏ်းသားများ၏ စိတ်အားများ မြင့်တက်သွားကြသည်။
စိတ်ဝိညာဉ်နန်းတော်အတွင်း ကြာရှိတာ ကြာပြီဖြစ်သော ဂိုဏ်းသားဟောင်းများကသာ ကောင်းကင်ကြီးကိုကြည့်ရင်း အတွေးနက်သွားကြသည်။
“မြင့်မြတ်နတ်ဘုရားနန်းတော်တဲ့”
“ဒီလူတွေ စိတ်ဝိညာဉ်နန်းတော်မှာဘာလာလုပ်ကြတာလဲမသိဘူး။ တစ်ခုခု ဖြစ်လို့များလား”
…
ဒက် ဒက်
ငန်းရေကန်းအနားရှိ မိုးမခပင်ကြီးများ၏ အရိပ်အောက်၌ လူငယ်တစ်ယောက်လမ်းလျှောက်သွားခြင်းနှင့်အတူ ကျိုးပြတ်နေသော သစ်ကိုင်းများ ပြန်လည် အသစ် ကြီးထွားလာကြ၏။ ထိုလူက မျက်ကန်းတစ်ယောက်လို မျက်လုံးကိုမှိတ်ထားပြီး တုတ်နဲ့ ထောက်ပြီး သွားနေသည်။
သူ့ခေါင်းကို အသာငုံ့ကြည့်လိုက်ရာ ရေကန်ထဲမှ ငန်းတစ်ကောင်က အတောင်များလှုပ်ခါရင်း ရေထဲကို နှုတ်သီးဖြင့်ထိုးလိုက်တာ တွေ့ရသည်။ ထိုသေစေမည့် ထိုးချက်ကို ငါးတစ်ကောင်က ကပ်သီးလေး ရှောင်လိုက်၏။
မျက်ကန်းလူငယ်လေးက ရေကိုထိချင်သည့်အလား လက်ကိုဆန့်ထုတ်လိုက်သော်လည်း အဖြူရောင်ကျောက်လက်ရန်းကိုသာ ထိမိလိုက်သည်။ သူကရပ်နေသည်ဖြစ်ရာ ထိုသို့ ရေကိုထိချင်လျှင်တော့ ကန်ထဲကို တစ်ပါးတည်း ဇောက်ထိုးကျသွားပေလိမ့်မည်။
နောက်ဆုံး နေ့အလင်းရောင်ကပျောက်သွားပြီး ညလေညှင်းလေးတိုက်ခတ်တော့သည်။
“နေရာသီကုန် ရွက်ခြောက်ကြွေကာ ဆောင်းဦးရာသီရဲ့ အစောပိုင်းလေညှင်းကလေးလာတယ်… ယွဲ့ကျစ်၀မ်။ နင်ဒီမှာရှိတယ်မလား”
“ဟေး” ပါးလွှာသည့် ၀တ်ရုံတစ်ခုကို ခြုံထားသော မိန်းကလေးတစ်ယောက် မလှမ်းမကမ်းမှ လျှောက်လာပြီး သူ့ပုခုံးပေါ်လက်တင်လိုက်သည်။
“ဆိုတော့ နင်ကလည်း ငါတို့နဲ့တစ်ဖွဲ့တည်းကပဲလား။ ငါနင့်ကို အရင်က မတွေ့ဖူးပါဘူး”
မျက်ကန်းလူငယ်လေးက သူ့ ပုခုံးပေါ်တင်ထားသော လက်ကို မျက်စောင်းထိုးပြီး ကြည့်လိုက်သည်။
ထို့နောက် နောက်ကိုလှည့်လိုက်ရာ မိန်းမငယ်လေး၏ မြင်ကွင်းထဲ၌ ကြောက်မက်ဖွယ်ရာ အမာရွတ်များဖြင့်ပြည့်နေသည့် ရုပ်ဆိုးဆိုးမျက်နှာတစ်ခုပေါ်လာစ။
ဘုတ်…။
မိန်းမငယ်လေးက လန့်ဖျပ်သွားပြီး မြေပြင်ပေါ်တွင် ဖင်ထိုင်ကျသွားသည်။ သူမ၏ မျက်၀န်းများက ထိတ်လန့်ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နေသည်။
“န-န-နင်…”
“ခွင့်ပြုပါဦး”
နောက်လှည့်မကြည့်ဘဲ ပြေးတော့သည်။