ထျန်းစန်းစိတ်ဝိညာဉ်နန်းတော်အတွင်း၌ဖြစ်သည်။
အတွင်းစည်းညီလာခံ ခန်းမ အရှေ့၌၊ ရှေးဟောင်းသစ်ပင်ကြီးက လေညင်းလေးအကြားတွင် အသာအယာ ယိမ်းယိုင်နေသည်။ ထိုအပင်လေး၏အောက်တွင် လေးနက်နေသော အမူအရာနှင့် အနက်၀တ်လူတစ်စု ရှိနေကြ၏။
ကျောက်ကျစ်တုံ့က အကြီးအကဲများနံဘေး၌ စိတ်ဝိညာဉ် ပုလဲ (၁၂) လုံး ဘီးကိုကိုင်ပြီး ရပ်နေသည်။
ညနေ နေရောင်ကသူတို့အပေါ်ဖြန်းပက်နေပြီး ထိုရတနာက ပျက်ဆီးယို့ယွင်းနေပုံပေါ်သည်။ ပုလဲသုံးလုံးက နက်မှောင်သွားပြီဖြစ်ပြီး ဘီး၏ အခြေ၌လည်း ဟက်တက်ကွဲသည့်အရာကြီးပေါ်လာသည်။
လူတိုင်း ဘီး၏အခြေ ဟက်တက်ကွဲသွားရတာက ထျန်းရွှမ်တံခါးအတွင်း လိုတာထက် ပိုသော ထူးခြားသည့် လူများ ရှိလာသောကြောင့်ဆိုတာသိသည်။ ထို့ပြင် ထိုကမ္ဘာငယ်လေး ပြိုကွဲတော့မည့် လက္ခဏာလည်းဖြစ်၏။
အနက်၀တ်လူရှေ့သို့တက်ပြီး အရိုအသေပေးလိုက်သည်။ “ခေါင်းဆောင် လူတွေအကုန်စစ်ပြီးပါပြီ”
ရဲ့ရှောင်ထျန်းလေထဲ၌ ပျံဝဲနေပြီး အဝေးတစ်နေရာသို့ လှမ်းကြည့်နေသည်။ ထိုသတင်းပို့ချက်ကြားပြီးနောက် အသာအယာသာ ခေါင်းညိတ်လိုက်ပြီး ဘာမှ ပြန်မပြောလိုက်ပါပေ။
ဘေးတစ်ဘက်မှ ကျောက်ကျစ်တုံ့က အကြီးအကဲများဘာလို့ ထျန်းရွှမ်တံခါးကို မဖွင့်သေးတာလဲ ထိုင်မရ ထမရဖြစ်နေသည်။ တကယ်ပဲ ကမ္ဘာငယ်လေးပြိုလဲသွားမှ လုပ်ကြတော့မှာလား။
သူ့ဘေးနားမှ အကြီးအကဲကျောက်ကို တံတောင်တို့လိုက်၏။
သူက ဘာကောင်မှ မဟုတ်ရာ အကြီးအကဲကျောက်ကို စကားပြောခိုင်းတာက ပိုကောင်းသည်။
“ငါတို့ တံခါးကိုဖွင့်တော့မလား” စိတ်မရှည်ဖြစ်နေသော ကျောက်ကျန်းရှီက မေးလိုက်သည်။
ရဲ့ရှောင်ထျန်း သူ့ခေါင်းကို အသာခါလိုက်သည်။
“ငါတို့စောင့်မယ်”
လေတိုက်ခတ်သွားခြင်းနှင့်အတူ သစ်ပင်ကြီးလည်း လှုပ်ရမ်းသွားသည်။ အနက်၀တ်နှင့်လူများတစ်ယောက်မှ စကားမပြောရဲပါပေ။
ဘာကိုမှ ဂရုမစိုက်တတ်သော အကြီးအကဲကျောက်က ထပြောသည်။ “စောင့်မယ်ဟုတ်လား။ ရတနာသုံးခုက (၂) ရက်အတွင်း ယူသွားခံရတာနော်။ ငါတို့ထပ်စောင့်နေရင် ထျန်းရွှမ်တံခါးကြီးတကယ် ပြိုလဲတော့မယ်”
ထျန်းရွှမ်တံခါးကို တည်ငြိမ်အောင်လုပ်ထားသည့် ရတနာ (၁၂) ခုထဲမှ (၄) ခုပျောက်လျှင် ကမ္ဘာငယ်လေးက မတည်မငြိမ်ဖြစ်လာပြီး ပြိုလဲပျက်ဆီးသွားမည်ဖြစ်သည်။ အတွင်းစည်းက ဦးစွာ လောင်ကျွမ်းခံရမည်ဖြစ်ပြီး မရေမတွက်နိုင်သော ထိခိုက်ဒဏ်ရာရရှိခြင်းများလည်း ဖြစ်လာပေမည်။
ရဲ့ရှောင်ထျန်း၏ အကြည့်များက ကောင်းကင်ယံမှ တစ်ပါးမှ မခွာဘဲ မေးလိုက်သည်။ “အခြားတစ်ဘက်က ပြင်ဆင်ချက်တွေကော”
“အကုန်ပြီးပြီ” ကျောက်ကျန်းရှီဖြေသည်။ “ရှောင်က ဆက်ကြည့်နေတယ်။ သူတို့ထပ်ပေါ်လာရဲရင်တော့ မှတ်လောက်သားလောက်အောင် ဆုံးမသွားနိုင်လိမ့်မယ်”
“ကောင်းပြီ”
နေရာလေးက ထပ်မံတိတ်ဆိတ်သွားပြန်သည်။
ထိုစောင့်ဆိုင်းခြင်းက ဘယ်တော့မှ မပြီးသလိုလိုနဲ့။
ခရက်…။
လူတိုင်း၏ မျက်စိအောက်၌ စိတ်ဝိညာဉ်ပုလဲ (၁၂) လုံးရတာမှ စတုတ္ထမြောက် ပုလဲလုံး၏ အကာအကွယ်အက်ကွဲသွား၏။
ကျောက်ကျစ်တုံ့ ထဆဲလုနီးပါးဖြစ်သွားသည်။
ဒါက…
တစ်ယောက်ယောက်က ကမ္ဘာငယ်လေးကို တည်ငြိမ်အောင်လုပ်ထားတဲ့ စတုတ္ထရတနာကို ခိုးယူနေတာပဲ။
အကြီးအကဲကျောက်ကို မျက်စပစ်ပြလိုက်သည်။ ဆက်စောင့်မေရဦးမှာလား။
ကျောက်ကျန်းရှီ ဒီတစ်ခါတော့ မေးခွန်းမမေးမြန်းလိုက်ဘဲ ဆံဖြူကလေးပုံရိပ်ကိုသာ မျက်မှောင်ကြုတ်ပြီးကြည့်လိုက်သည်။
ရဲ့ရှောင်ထျန်း လက်ရှိအခြေအနေက ဘယ်လောက်ဆိုးလည်းသိတာတောင် ကောင်းကင်ကိုမော့ကြည့်နေစဲဖြစ်သည်။ သူဘာကိုကြည့်နေတာလဲ။ သူတော်စင်အစေအပါလား။
“သူတို့ရောက်လာပြီ” ရုတ်တရက် ရဲ့ရှောင်ထျန်းပြောလိုက်ရာ ခန်းမအရှေ့ရှိ စည်းကမ်းကြီးကြပ်သူများကို တိုက်ပွဲစတော့မှာလား အထင်ဖြင့် တင်းမာသွားစေ၏။
ကျောက်ကျစ်တုံ့လည်း မှင်တက်သွားသည်။ ထိုသူလျှိုနောက်မှလူများက လူလုံးထွက်ပြတော့မှာလား။ သူတို့လူတစ်ယောက်ကို ခေါ်ဖို့ ဒီအထိလာတယ်ဆိုရင်တော့ တကယ် သေရမှာမကြောက်ဘူးလို့ပဲပြောလိုက်ချင်သည်။
ဒါက အကြီးအကဲများရဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်ဆိုပေမယ့်ကျောက်ကျစ်တုံ့ တစ်ခုကိုမှ မယုံကြည်ပေ။ “သူတော်စင်အစေအပါး” ဆိုသည့် သူတစ်ယောက်ယောက် ရောက်လာမည်ကို ငြင်းပယ်၏။
သူတို့ဒီလောက်တောင်ပြင်ထားတာ ထိုလူတွေက ထောင်ချောက်ထဲအကျခံမတဲ့လား။
“ငါသွားကြည့်လိုက်ဦးမယ်” ရဲ့ရှောင်ထျန်းပြောပြီး ခန်းမအရှေ့မှ ပျောက်ကွယ်သွားသည်။ လူတိုင်း မှင်တက်သွားပြီးမှ စိတ်သက်သာရာရသွားကြတော့သည်။
ကြည့်ရတာ သူတော်စင်အစေအပါးမဟုတ်ဘဲ တပ်ကူများဖြစ်လောက်၏။
…
အတွင်းစည်း၌ နေရာလပ်မကျန်အောင် တင်းမာနေသောအခြေအနေနှင့်ယှဉ်လျှင် အပြင်စည်းက ညနေ နေရောင်အောက်မှာ လှုပ်လှုပ်ရှားရှား ရှိလှသည်။
စိတ်ဝိညာဉ်နန်းတော်၏ ဂိုဏ်းသားအသစ်အသုတ်ကလည်း လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာ နန်းတော်တစ်လျှောက်လုံးနှင့် နေသားကျသွားပြီးဖြစ်သည်။ ၎င်းက ငန်းရေကန်၊ သစ်တော၊ အဆောက်အဦး… နေရာတိုင်းမှာ အနာဂါတ် စိတ်ဝိညာဉ်ကျင့်ကြံသူများနှင့်ပြည့်နေ၏။
“ဟေး ကြည့်ပြီး တစ်ယောက်ယောက်ပျံနေတယ်”
ထိုအော်သံကလူအများ၏ အာရုံကိုဖမ်းစားသွား၏။ သူတို့အားလုံး လေ့ကျင့်နေသည်များကိုရပ်ပြီး မော့ကြည့်လိုက်သည်။
အပြင်စည်း၌ ပျံနိုင်သည့်လူက အနည်းစုသာရှိပြီး လက်တစ်ဖက်တည်းဖြင့်တောင် လက်ချိုးရေလို့ရသည်။
“ပျံတယ်ဟုတ်လား။ အနည်းဆုံးတော့ အဲ့တာ စစ်မှန်ခြင်းနယ်ပယ်က တစ်ယောက်ယောက်ဖြစ်ရမယ်။ အားကျတာကွာ။ ငါက စိတ်ဝိညာဉ်ကျင့်ကြံခြင်း အဆင့်(၁) တောင်မစရသေးဘူး”
“ဟီးဟီး မင်းမသိလို့ပါ အဆင့်(၁၀)က လူတွေလည်း တကယ်ကျ ပျံနိုင်ပါတယ်”
“လာနောက်နေတာလား။ အရင်နှစ်ရက်က သင်တန်းအားလုံးငါတက်ခဲ့တာ မင်းငါ့ကို လိမ်လို့မရဘူး”
“ဟက်။ မင်းတကယ် ကျောက်တုံးအောက်မှာနေနေတာပဲ။ အပြင်စည်းရဲ့ ဒဏ္ဌာရီကို မကြားဖူးဘူးလား”
“ဘာလဲ”
“ကောလဟာလတွေအရတော့ အပြင်စည်းရဲ့ ဂိုဏ်းတူအကိုကြိးစုက စတင်ခြင်းနယ်ပယ်မှာတောင် ဓားပျံစီးနိုင်တယ်တဲ့။ သူက စစ်မှန်ခြင်းနယ်ပယ်ကလူတွေကို ပိုင်းဖြတ်ပြီး နှာချေလိုက်တာတောင် လူတော်တော်များသေသွားတယ်တဲ့”
“အိုး။ အကိုကြီးစုလား ငါကြားဖူးတာပေါ့။ ဒါပေမယ့်… သူ့ကို လူလို့ပြောလို့ရသေးလို့လား”
“ဘာပြောချင်တာလဲ”
“ငါကြားတဲ့ သတင်းတွေအရတော့ သူက ခေါင်းလေးလုံး၊ လက်ခြောက်ချောင်းနဲ့ အတောင်လေးစုံပါတယ်တဲ့”
“…”
“ဟ သတင်းကတယ် ရောမှန်ပါ့မလား”
“ရွှေထက်တောင် စစ်သေးတယ်”
…
လေထဲမှာပျံသန်းနေသည့်လူများက တစ်စထက် တစ်စ နီးကပ်လာခဲ့သည်။ မကြာခင် စိတ်ဝိညာဉ်နန်းတော်အရှေ့၌ ရပ်တန့်သွား၏။ ကြည့်ရတာ ၀င်ဖို့အခက်အခဲဖြစ်နေပုံရသည်။
တိမ်တိုက်များအပေါ်မှာ လူတစ်ယောက်တည်းမဟုတ်ဘဲ သုံးယောက်ကို လူတိုင်း တွေ့လိုက်ရလို့ အံ့အားသင့်သွားကြသည်။
အလယ်မှ ဦးဆောင်လာသည့် ဆံဖြူနှင့် သက်လတ်ပိုင်းအရွယ်လူကြီးကိုအပထား၍ သူ့နောက်မှ ကောင်လေးနှင့် ကောင်မလေးတို့က အောက်က ဂိုဏ်းသားများထက် နှစ်အနည်းငယ်သာ ကြီးဟန်ရသည်။
“နေပါဦး။ အဲ့နှစ်ယောက်လည်း စစ်မှန်ခြင်းနယ်ပယ်မှာလား”
“ဘယ်လိုဖြစ်နိုင်မှာလဲ။ အကြီးအကဲနောက်ကိုလိုက်နေတဲ့သူတွေသာဖြစ်မယ်။ အဲ့လောက် ငယ်ငယ်လေးနဲ့ ဘယ်လို ပျံနိုင်မှာလဲ”
“ဟုတ်တယ်။ သူတို့တောင်ပျံနိုင်ပြီဆို ငါတို့က ဘာတွေလဲ။ အမှိုက်တွေလား”
လူတိုင်းသူတို့ ဒန်ထျန်များကိုကြည့်လိုက်သည်။ ပြောရလျှင် လူတိုင်းနီးပါး ထိုသို့ စစ်ကြည့်ရန် ဒန်ထျန်ပင်မရှိသေးပေ။
ထို့နောက် အပေါ်မှ တိမ်တိုက်က (၃) ခုကွဲသွားပြီး သီးခြားစွာ လေထဲ၌ ရပ်နေသည်ကိုတွေ့လိုက်ရသည်။
မြေပြင်ပေါ်ကလူတိုင်းစွံ့အသွား၏။ ၎င်းက သူတို့အတွက်တော့ ထိုးနှက်ချက်ကြီးဖြစ်သည်။
ထိုကောင်လေးနှင့် ကောင်မလေးတို့က သူတို့ထက် အသက်အနည်းငယ်လောက်လေးကြီးတာတောင် စစ်မှန်ခြင်းနယ်ပယ်ကို ရောက်နေကြပြီတဲ့။ ထိုသုံးယောက်ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲ တွေးကြည့်လိုက်ကြသည်။
ထိုအခိုက် လေထုထဲတွင် လေဟာနယ်ပေါက်ပြဲသွားပြီး ဆံဖြူလူငယ်တစ်ယောက်ထွက်လာသည်။
“လခွမ်း ဗလာနယ်ကို စုတ်ဖြဲနေတယ်”
“ဒီကောင်လေးက ဘယ်သူလဲဟ။ အမေ့ဗိုက်ထဲမှာကတည်းက ကျင့်ကြံလာတာလား”
“ပါးစပ်ပိတ်ထားစမ်း အဲ့တာ အတွင်းစည်းက ခေါင်းဆောင်ကွ”
“…”
ရဲ့ရှောင်ထျန်း သူ့အောက်မှ ဆူညံဆူညံ ဂိုဏ်းသားများကိုကြည့်လိုက်ပြီးနောက် လက်ဆန့်ထုတ်ကာ မဟာအစီအရင်ကြီးကိုဖွင့်ပေးလိုက်ပြီး ဧည့်သည်များကို စိတ်ဝိညာဉ်နန်းတော်အတွင်းသို့ ဖိတ်ခေါ်လိုက်သည်။
“ကသိကအောက်တော့ဖြစ်စရာပဲ ခန်းမသခင် ကျန်း”
ကျန်းပင်းယန် သူ့မုတ်ဆိတ်ဖြူများကို ပွတ်သပ်၍ ပြန်ပြုံးပြလိုက်သည်။ “မဟုတ်တာပဲ။ စိတ်ဝိညာဉ်နန်းတော်က တကယ် တက်ကြွပြီး ပါရမီရှင်တွေနဲ့ ပြည့်နေတာပါ။ ဒါတိုးတက်ခြင်းရဲ့ လက္ခဏာပဲ”
ရဲ့ရှောင်ထျန်း သူ့နောက်မှ ကောင်လေးနှင့် ကောင်မလေးကို ကြည့်ပြီး တိုးတိုးတိတ်တိတ်ပြောလိုက်သည်။ “ပါရမီရှင်လို့ဆိုလာရင် ကုန်းမြေတစ်လျှောက်က ဘယ်ကျင့်ကြံသူကများ မြင့်မြတ်နတ်ဘုရားနန်းတော်က ကလေးတွေနဲ့ ယှဉ်နိုင်ပါ့မလဲ”
“ဟားဟားဟား။ နန်းတော်သခင်ရဲ့ကတော့ မြှောက်ပင့်နေပြန်ပါပြီ။ ကျုပ်တို့က ခန်းမခွဲလေးကပါပဲ။ ဘာမှ အဲ့လောက်မဟုတ်ရပါဘူး”
“ ခန်းမသခင်ကျန်းက နှိမ်ချနေပြန်ပါပြီ။ ခန်းမခွဲလေးကလူငယ်တွေတောင် အပြင်ဘက်က အင်အားစုတွေထက် သန်မာကြပါတယ်”
ထိုဆက်တိုက်မြှောက်ပင့်ချီးမွန်းနေမှုပြီးက အနောက်၌ ရပ်နေသော လူငယ်ကို ဂုဏ်ယူသွားစေလေသည်။ သူ့မျက်၀န်းတို့က ၀င့်ကြွားနေမှုတို့ဖြင့် အထင်းသား။
မြင့်မြတ်နတ်ဘုရားနန်းတော်မှ ခန်းမခွဲကလူများတောင် ရှန်းရှန်ကုန်းမြေတစ်လျှောက်လုံးရှိ အခြားအင်အားစုများထက် သန်မာတယ်ဆိုတာ အမှန်ပင်ဖြစ်သည်။
ကောင်မလေးကတော့ မျက်နှာထက်တွင် ပဝါစကာထားသည်။ သူမ၏ အမူအရာကိုမမြင်နိုင်သော်လည်း ကောင်လေးနှင့်ဆန့်ကျင်ဘက် ဘာမှ မဖြစ်သည့်အလား အေးဆေးရှိနေတာကို သိနိုင်သည်။
ရဲ့ရှောင်ထျန်း စိတ်ထဲမှ ခေါင်းညိတ်လိုက်သည်။ ထိုနှစ်ယောက်ထဲမှ တစ်ယောက်က အမှိုက်ဖြစ်ပြီး ကျန်တစ်ယောက်က မဆိုးဘူးလို့ပြောလို့ရသည်။ ခန်းမခွဲက တကယ် တော်ပါပေသည်။
ဒါပေမယ့်… ကျန်းပင်းယန်က ကလေးနှစ်ယောက်ကို ခေါ်လာပြီး ဘာလာလုပ်နေတာလဲ။ သူတို့ကို သေတွင်းထဲပို့ချင်နေတာလား။
ခန်းမသခင်ကျန်းနောက်ကို ရဲ့ရှောင်ထျန်းကြည့်လိုက်သော်လည်း ဘယ်သူ့ကိုမှ မတွေ့ရပါချေ။
“နန်းတော်သခင်ရဲ့ ကျုပ်တို့အထဲမှာ ၀င်ပြီး စကားပြောကြမယ်ဆိုရင်ရော” ကျန်းပင်းယန်ပြုံးပြီးမေးသည်။ တစ်စုံတစ်ယောက်ကိုသာ အိမ်တံခါး၀၌ စကားပြောနေလျှင် ပေးမ၀င်ချင်တာနှင့်တူမနေဘူးလော။
ထိုစကားနောက်မှ သူတို့ သုံးဦးသာဖြစ်ကြောင်းကို သဘောပေါက်သွားပြီး ရဲ့ရှောင်ထျန်း မျက်ခုံးပင့်လိုက်သည်။
“ဒါဆို တကယ် ခန်းမသခင်ကျန်းတို့ သုံးယောက်ပဲလာတာပေါ့”