စုရှောင်ရှန် ဆေးအိုးထဲမှ ပုံမသွင်းရသေးသော အရည်များကိုကြည့်လိုက်သည်။ မကြာခင် ထိုအရည်များမှ လက်ကောက်ပုံပြောင်းသွားတော့၏။
ထိုလက်ကောက်ကို အကြားအမြင်ဖြင့် မိုမို့ လက်ကောက်၀တ်အတိုင်း တိုင်းကြည့်ပြီး စုရှောင်ရှန် ပုံသွင်းလိုက်သည်။
ထိုမှ အဝိုင်းကြီးသည့် လက်ကောက်ပုံသဏာန် စပေါ်သည်။ သူလုပ်နေတာ တကယ် အောင်မြင်နေတာကြောင့် စုရှောင်ရှန် မယုံကြည်နိုင်စွာ မျက်တောင်ပုတ်ခတ်မိသည်။
“များလွန်းတယ်…”
သို့မှ လက်ကောက်ထဲမှ အရည်တစ်ချို့ကို ပြန်ထုတ်လိုက်သောအခါ လက်ကောက်လေးက ပေါ့ပေါ့ပါးပါးနှင့် ခပ်သွယ်သွယ်ရှိသွားသည်။ စုရှောင်ရှန်ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
မီးတောက်များကို ပယ်ဖျက်ပြီး လက်ကောက်၀တ်ကို ထုတ်ယူလိုက်လေသည်။ ထိုလက်ကောက်က ယခုမှ အသစ်ထုလုပ်ထားရာ ပူနေသေးသည်။
‘အင်း ဒါက ငါမို့လို့။ သူများသာဆို အညိုအမဲစွဲအောင် လောင်သွားလောက်ပြီ’ တွေးမိလိုက်သည်။
ထို့နောက် လက်ကောက်မှ အပူများကို စုရှောင်ရှန် အသက်ရှိုက်၍ စုပ်ယူလိုက်ပြီး မိုမို့ကိုကြည့်လိုက်သည်။
“နင့်လက်လေး ပေးပါ”
မိုမို မှင်တက်သွားပြီးနောက် စုရှောင်ရှန်ကများ လက်ကောက်၀တ်ကို ကိုယ်တိုင်၀တ်ပေးတော့မှာလား တွေးမိပြီး မျက်နှာကလေးက အနီရောင်သန်းလာတော့သည်။
“ငါ့ဟာငါ ၀တ်လိုက်ပါ့မယ်…”
“ငါ ၀တ်ပေးမယ်”
ထိုကြားဖြတ်၀င်ရောက်လာသည့် အသံက စုရှောင်ရှန်ကို အခြားတစ်ဘက်သို့ လှည့်သွားစေ၏။ ဒီမုကျစ်ရှီပဲလာပြန်ပြီလား…
“ဒါနင့်အလုပ်မဟုတ်ဘူး ကလေးမလေး”
မုကျစ်ရှီ ခေါင်းမော့ရင်ကော့ကာ အကျောက်အကန် ပြန်ပြောသည်။ “ယောက်ျားနဲ့ မိန်းမဆိုတာ တစ်ယောက်နဲ့ တစ်ယောက် မထိတွေ့သင့်ဘူး။ သိရဲ့လား”
“အေး။ နင်ပြောတာလည်း ဟုတ်တာပဲ…” သို့မှ ဘာဖြစ်နေသလည်းကို စုရှောင်ရှန်ဇာတ်ရည်လည်တော့သည်။ သူ့လက်ထဲမှာ လက်ကောက်ကို ကိုင်ထားရင်း မိုမိုနှင့် မုကျစ်ရှီအကြား မျက်စိကစားသွားပြီး ဘယ်သူ့ကို ပေးရမလဲ တိုင်ပတ်သွားသည်။
“ငါ့ဟာငါ ၀တ်လိုက်ပါမယ်” မိုမိုပြုံး၍ လက်ကောက်ကို ယူကာ ၀တ်လိုက်သည်။ “ကျေးဇူး” မိုမိုက ဆိုသည်။
“ရပါတယ်”
“ဘယ်လိုလဲ” စုရှောင်ရှန် မျက်လုံးက်ိုမှေးကာ ပြုံးရင်းမေးလိုက်သည်။
မိုမိုအထင်ကြီးသွားကာ “အရမ်းကောင်းတယ်။ ချိတ်ပိတ်ခြင်းက ကောင်းလွန်းလို့ ငါ့အစွမ်းတစ်ချို့တောင် ချိတ်ပိတ်ခံလိုက်ရပြီ”
“အာ…. ငါက လက်နဲ့တော်လား မေးနေတာ…”
“…”
မိုမို့အပြုံးအေးခဲသွားသည်။ ထို့နောက် လက်က လက်ကောက်၀တ်ကို တစ်ချက် လက်မှာလှည့်လည် ကြည့်ပြီးနောက် “တော်ပါတယ်။ ကျေးဇူး”
“သူငယ်ချင်းတွေပဲ မလိုပါဘူး”
မိုမို လက်ကောက်၀တ်ကို ကြိုက်တာကြောင့် စုရှောင်ရှန် ကျေနပ်သွားသည်။ သူကတောင် ရွှေဉာဏ်တော်စူးရောက်ပြီး လက်ကောက်၀တ်ပေါ်မှာ ကနုတ်တစ်ချို့ကို စိတ်ဝိညာဉ်အနှစ်အား ဓားသဏ္ဌာန်ပုံဆောင်စေပြီး ထွင်းပေးလိုက်သေး၏။
ထိုသို့ ကနုတ်များဖြင့် နို့ဖြူရောင်လက်ကောက်၀တ်က လှပနေတော့သည်။
“အရည်တစ်ချို့ကို ချန်ထားသေးတယ်။ ငါသုံးလို့ရတယ်မလား”
ဆေးမီးဖိုအိုးထဲမှာ ကျန်နေတဲ့ ကျောက်တုံးအရည်များကိုကြည့်ပြီး စုရှောင်ရှန်ရှင်းပြလိုက်သည်။ “ငါသာ အဲ့တာတွေအကုန်ထည့်လိုက်ရင် လက်ကောက်၀တ်က ထူထူထည်းထည်းနဲ့ အကျဉ်းတန်နေတော့မှာ”
“ရပါတယ်”
မိုမို စိတ်ထဲမထားပါပေ။ အစကတည်းက ကျောက်တုံးကို ပေးလိုက်ဖို့ ဆန္ဒရှိနေတာပဲ ခုလို လက်ကောက်၀တ်အစားပြန်ရတာကိုက သူမ ကျေဇူးတင်နေပေပြီ။
ထို့ပြင် စုရှောင်ရှန်ကိုယ်တိုင် ကနုတ်ကနာထွင်းပြီး ပြုလုပ်ပေးလိုက်သော လက်ကောက်၀တ်ဆိုသည်ကပင် သူမအတွက် ထူးခြားနေလေပြီ။
လက်ကောက်၀တ်အား လှည့်ကစားနေသော မိုမို့ကိုကြည့်ပြီး မုကျစ်ရှီ နှုတ်ခမ်းကို စူလိုက်သည်။ စိတ်ထဲမှလည်း အလွန် မနာလိုဖြစ်မိ၏။
“စုရှောင်ရှန်ငါလည်း လက်ကောက်၀တ်လိုချင်တယ်”
စုရှောင်ရှန် ဘုကြည့်ကြည့်ကာ “နင်က ဘာကိစ္စနဲ့ လက်ကောက်၀တ်လိုချင်ရတာ။ နင့်ကိုရော မိစ္ဆာသားရဲ ၀င်စီးထားလို့လား”
ထို့နောက် စုရှောင်ရှန် နောက်တောင်တစ်ချက်ကလေးမှပြန်လှည့်မကြည့်တော့ဘဲ ဆေးအိုးထဲမှ အရည်များကို မည်သို့ ပုံဖော်ရမလည်း တွေးနေ၏။
ဆေးအိုးထဲက အရည်က များများစားစားမဟုတ်သော်လည်း လက်စွပ်တစ်ကွင်းလုပ်စာလောက်တော့ရှိသေးသည်။
ထိုကျောက်တုံးကို စိတ်ဝိညာဉ်အနှစ်ထိုးသွင်းလိုက်တာနဲ့ ချိတ်ပိတ်ခြင်းစွမ်းအင်များကို အသုံးပြုနိုင်သည်။ လက်စွပ်လုပ်ပြီးနောက်လည်း ထိုသို့ လုပ်နိုင်ဦးမည်ဟု ကြံဆလိုက်၏။
ချိတ်ပိတ်ခြင်းစွမ်းအင်များကို ထုတ်သုံးနိုင်သရွေ့ကတော့ ကျောက်တုံးဖြစ်ဖြစ် လက်စွပ်ဖြစ်ဖြစ် ထူးမခြားနားဖြစ်သည်။
မုကျစ်ရှီ တစ်အောင့်ကြာအောင်စဉ်းစားမိပြီးနောက် သူမမှာ တကယ်ပဲ လက်ကောက်၀တ်တောင်းဖို့ ဘာအကြောင်းပြချက်မှမရှိတာ သိလိုက်ရသည်။ သို့သော် မဖြစ်ပေ။ စုရှောင်ရှန်က သူမ၏ အကိုကြီးဖြစ်၏။ မိုမို့ကိုပေးပြီး ဆရာတူညီမလေးဖြစ်တဲ့ သူမကို မပေးတာကြ အဓိပ္ပာယ်မရှိပေ။
“မသိဘူး လိုချင်တယ်”
စုရှောင်ရှန်ကို စူးစူးရှရှ စိုက်ကြည့်လိုက်ပြီးနောက် ဆေးအိုးထဲမှ ကျန်အရည်များကို တစ်ချက်ကြည့်ကာ “စကားမစပ် နင်ငါ့ကို မိတ်ဆက်လက်ဆောင်ပေးဖို့ ကျန်သေးတယ်လေ”
စုရှောင်ရှန် သူမပြောနေတာကို ဂရုမစိုက်ဘဲ ဆေးအိုးအပေါ်တွင်သာ အာရုံစိုက်ထားလိုက်သည်။ မကြာခင် လက်စွပ်တစ်ကွင်း စတင်၍ ပုံပေါ်လာတော့၏။
ထို့နောက် အသေအချာ အနုစိတ် ကနုတ်ထွင်းကာ သူကျေနပ်လောက်သည်ဟု ယူဆသည့် အခြေအနေရောက်မှ ရပ်လိုက်သည်။
“လက်ကောက်၀တ်တော့မရှိဘူး။ လက်စွပ်တော့ရှိတယ်။ လိုချင်လား” စုရှောင်ရှန် ပြောပြီး လက်စွပ်ကို အပေါ်တည့်တည့် လက်မဖြင့်တောက်လိုက်သည်။ လက်ထဲပြန်ကျလာသောအခါ ပေါ့ပါးတာကို သိလိုက်ရ၏။
မုကျစ်ရှီ၏ နားနှစ်ဖက်နီရဲသွားသည်။ လက်စွပ်…
‘ဒါက လက်ကောက်၀တ်ရဲ့အထက်မှာမလား’ တွေးလိုက်သည်။
“ငါလိုချင်တယ်”
စုရှောင်ရှန် စွံ့အသွားရ၏။
‘တကယ် တောင်းရဲတယ်နော်။ အိပ်မက်ထဲမှာပဲရမယ်’ စိတ်ထဲမှ ဆို၏။
ထို့နောက် လှုပ်ချင်နေသော သူ့မျက်ခုံးများကို အတင်းထိန်းချုပ်ကာ နူးညံ့သောလေသံဖြင့် မေးလိုက်သည်။ “နင့်လက်မှာ ငါစွပ်ပေးမယ်။ ဘယ်လိုလဲ”
‘လ-လက်မှာ စွပ်ပေးမယ်တဲ့’
စုရှောင်ရှန် တကယ့်တကယ့်ကို နူးညံ့ဟန်ပေါက်နေတာ တွေ့သော် မုကျစ်ရှီ၏ နှလုံး အလွန့်အလွန့်ကို မြင်းဒုန်းဆိုင်းသွားရသည်။
စုရှောင်ရှန်သာ သာမန် ပြုမူပြောဆိုလျှင် ထိုမျက်နှာတစ်ခုတည်းဖြင့် အလွန်အမင်း ဆွဲဆောင်စရာကောင်းနေပြီဟု မုကျစ်ရှီတွေးလိုက်သည်။
သို့ဆိုပါက သူမ စိတ်ကူးယဉ်ရသော ဆရာတူအကိုကြီးနှင့် တစ်ထပ်တည်း၊ တစ်ထေရာတည်း တူသွားပေလိမ့်မည်။
စကားပြောချေငန်၊ နူးညံ့တယ်… သူမ အမှားတစ်ခုခုလုပ်မိရင်လည်း ခေါင်းလေးကို ချစ်မြတ်နိုးစွာ အသာဖွကာ သူရှိတယ် ဘာမှ မပူဖို့ကို ပြောလိမ့်မည်။
‘အားးးးးး ငါသေတော့မှာပဲ’
မုကျစ်ရှီ မျက်လုံးကို အသာအယာမှိတ်လိုက်သည်။ သူမ၏ မျက်နှာက ရှက်သွေးဖြန်းနေသေးပြီး ခြင်ဝဲသံလောက်ကလေးဖြင့် ပြောလိုက်၏။ “ရတယ်”
စုရှောင်ရှန် အမူအရာကို အတင်းထိန်းချုပ်ထားရလေသည်။ ဘယ်လိုတောင် ရဲတင်းလိုက်သလဲ။
ထို့နောက် လေသံကိုဆက်နှိမ့်ချကာ နူးညံ့နိုင်သလောက် နူးညံ့လိုက်ပြီး မုကျစ်ရှီ၏ အသံကို အတုယူကာ “နင့်လက် သေးသေးလေးကိုပေး”
‘ဟမ်… လက်သေးသေးလေး ဟုတ်လား’
မုကျစ်ရှီ သတိလစ်တော့မတတ်ဖြစ်နေသည်။ သူမ၏ လက်ကို တုန်တုန်ရင်ရင်ဖြင့် ဆန့်ထုတ်ပေးလိုက်၏။ ထို့မှ စုရှောင်ရှန် တွေဝေနေဟန်ဖြင့် ပြောသံကြားလိုက်ရသည်။ “အင်း… ဘယ်လက်ချောင်းမှာ ၀တ်ပေးရမလဲ”
‘မလုပ်နဲ့ မလုပ်နဲ့…’ သူမ၏ လက်သူကြွယ်ကို လှုပ်ပြချင်စိတ်ကို မုကျစ်ရှီ အတင်းဖိနှိပ်လိုက်ရသည်။
“ဘယ်-ဘယ်လက်ချောင်းမဆိုရတယ်…”
သူမပြောလို့မဆုံးသေးခင်မှာ လက်ညိုးထိပ်၌ တစ်စုံတစ်ခုကို ခံစားမိလိုက်သည်။
မုကျစ်ရှီ တစ်ကိုယ်လုံး ဓာတ်လိုက်သည့်အလား တုန်ခါသွား၏။ စက္ကန့်တိုင်းက နှစ်များအလား ကြာနေတော့သည်။
အချိန်အတန်အကြာပြီးနောက် လက်စွပ် စွပ်လို့ပြီးသွားသည်။ သူမ၏ ရှက်ရွံ့မှူကို မဖုန်းကွယ်နိုင်တော့ဘဲ မုကျစ်ရှီ အခြားတစ်ဘက်သို့လှည့်ကာ မျက်လနှာကို ကာလိုက်ရတော့သည်။
“ကျေးဇူး” လူမကြားနိုင်လောက်သော လေသံဖြင့်ဆိုသည်။
‘ပူလိုက်တာ။ ဘာလို့ ငါ့မျက်နှာအရမ်းပူနေရတာလဲ။ စိတ်လျော့.. အမြန်’
“ရပါတယ်” သူမနောက်မှ စုရှောင်ရှန်ပြောတာကို ကြာလိုက်ပါသည်။ ဒါပေမယ့်… သူ့အသံက အဝေးတစ်နေရာကလိုဖြစ်နေ၏။ မုကျစ်ရှီ ပြန်လှည့်ကြည့်လိုက်သောအခါ သူမ၏ အကိုကြီးက လေထဲတွင် ပျံဝဲနေတာကို မှင်တက်စွာ တွေ့လိုက်ရသည်။
“တော်လားကြည့်ပါဦး” စုရှောင်ရှန် သူမကို ခေါင်းညိတ်ပြပြီး တောက်ပစွာ ပြုံးပြလိုက်သည်။
မုကျစ်ရှီ၏နှလုံးတစ်ချက်ပြန်ခုန်သွားပြီး သူမ၏ အကိုကြီးထံမှ အကြည့်လွှဲကာ လက်စွပ်ကိုကြည့်လိုက်သည်။
လက်ဖြင့်ထွင်းထားပုံ၊ အရောင်တို့ဖြင့် ဘယ်လောက်တောင်လှလိုက်တဲ့…
‘ဟင်။ ဘာလို့ ရွှေရောင်ဖြစ်နေတာလဲ’
မုကျစ်ရှီ အံ့အားသင့်သွားပြီး မယုံမှုနိုင်တို့ဖြင့်ပြည့်သွားတော့သည်။ သူမ၏ မျက်ဆံလည်း တဖြည်းဖြည်း ကျုံ့လာတော့၏။
ထိုလက်စွပ်ကို စိတ်ဝိညာဉ်အာရုံဖြင့် စစ်ကြည့်သောအခါ လက်စွပ်အတွင်း၌ ကျယ်လောင်သောနေရာတစ်ခုနှင့် ပျားရည်အိုးအနည်းငယ်ကို တွေ့လိုက်ရသည်။
“သို-သိုလှောင်လက်စွပ်ကြီး”
ကမ္ဘာကြီးစတင်ပြိုလဲလာသကဲ့သို့ ချက်ခြင်း မုကျစ်ရှီ ဒေါကန်လာတော့၏။
“စု…ရှောင်…ရှန်”
သူမ၏ အော်သံက ကောင်းကင်ယံသို့တောင် ထိုးဖောက်သွားပြီး စန်းလျှိုသစ်တော တစ်တောလုံးကို ပဲ့တင်ရိုက်ခတ်သွားလေသည်။
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
လေထဲတွင်ရှိနေသော စုရှောင်ရှန်က နူးညံ့ ညှင်သာပုံပေါက်နေသည်။ မုကျစ်ရှီသူ့ကို ဒီလို ခပ်မြင့်မြင့်နေရာမှာ တိုက်ခိုက်နိုင်မှာ မဟုတ်တာ သိတာကြောင့် စုရှောင်ရှန်၏ အမူအရာက အေးဆေးနေ၏။
“ငါ့လက်ဆောင်ကိုကြိုက်လား။ နင့်အတွက် တကူးတက ရွေးပေးထားတာလေ။ မိုးတိမ်လေပြိုင်ပွဲတုန်းက ငါရခဲ့တဲ့လက်ဆောင်ဆိုလည်းမမှားဘူး”
မုကျစ်ရှီ အသက်ကိုပြင်းပြင်းရှိုက်လိုက်သည်။ သူမ စိတ်ဆိုးဒေါသထွက်လွန်းလို့ သွေးအန်တော့မလိုတောင်ဖြစ်နေသည်။
“ဟုတ်သား ဒီလက်စွပ်မှာလည်း ရာဇ၀င်ရှိတယ်” တစ်စုံတစ်ခုကို ပြန်သတိရဟန်ဖြင့် စုရှောင်ရှန် လက်ဖျစ်တီးလိုက်သည်။
“ဘာလဲ” မုကျစ်ရှီ အံ့အားသင့်သွားသည်။
‘ဗိုလ်ဆွဲတုန်းကရတဲ့ လက်စွပ်… ဒါဆို ဒီလက်စွပ်က စုရှောင်ရှန်အတွက် အခြားထူးခြားတဲ့ တန်ဖိုးတစ်ခုခုတော့ ရှိမှာပါ့’
မုကျစ်ရှီစတင်၍ ခံစားရ သက်သာလာသည်။
စုရှောင်ရှန် လက်ကိုဝှေ့ရမ်းလိုက်ပြီး ကောင်းကင်ကိုကြည့်ကာ သူ့ပုံပြင်ကို စတင်လိုက်သည်။
“ငါ့နေရပ်မှာဆို အပန်းရောင်ခိုလို့ခေါ်တဲ့ ခိုအမျိုးအစားတစ်မျိုးရှိတယ်…”
မိုမို စွံ့အသွားရသည်။ အပန်းရောင်ခိုတွေကို ရုတ်တရက် ဘာလို့ ပြောရသနည်း။ မကောင်းတာ တစ်ခုခု ဖြစ်တော့မည်ဟု အလိုလိုနေရင်း အာရုံရလိုက်၏။
စုရှောင်ရှန် သူ့ပုံပြင်ကိုဆက်လိုက်သည်။ “လူတော်တော်များများက ဒီခိုတွေကိုကြိုက်ကြတာပေါ့။ ဒါပေမယ့် ဒီခိုကိုမွေးတဲ့သူတွေများလာလေလေ သူတို့ကို နေရာတိုင်းမှာ တွေ့ရလေလေဖြစ်လာတယ်။ ငါ့နေရပ်မှာဆို တစ်ခါတစ်လေ တစ်ချို့လူတွေက သူများရဲ့ ခိုကို သူ့တို့ခိုနဲ့ အမှတ်မှားပြီး အစာကျွေးကြတယ်”
ပြီးနောက် မြေပြင်မှ သူ့ဆရာတူညီမလေးကို ပြန်ကြည့်လိုက်ပြီး “ဒီလိုအမှားအယွင်းမဖြစ်အောင်လို့ ပိုင်ရှင်တွေက စပြီးတော့ ခိုတွေရဲ့လည်ပင်းမှာ လက်စွပ်တွေ စချိတ်တော့တာပဲ။ နားလည်လား”
သူ့အကြည့်များက မုကျစ်ရှီပေါ်၌ တစ်ချက်မှမရွေ့ဘဲရှိနေ၏။
မုကျစ်ရှီ ခေါင်းကိုသာငိုက်စိုက်ချထားပြီး ဘာမှ ပြန်မပြောပါပေ။ စုရှောင်ရှန် အသိပေးချက်ဖန်သားပြင်ကို စစ်ကြည့်လိုက်သည်။
‘ထူးဆန်းတယ်။ ဘာလို့ ပင်ကိုယ်မှတ်တွေ မရသေးတာလဲ’
ထို့နောက် ထိုညီမလေးကိုပြန်ကြည့်လိုက်သောအခါ မြေပြင်၌ ဆောင့်ကြောင့်ထိုင်နေတာကိုတွေ့လိုက်ရ၏။ သူမဘာလုပ်နေတာလဲ။
မကြာပါ သူမြင်တွေ့လိုက်ရသောအရာကြောင့် စုရှောင်ရှန် တဆတ်ဆတ် တုန်ခါသွားတော့သည်။ မုကျစ်ရှီရုပ်ချည်းမော့လိုက်ရာတွင် သူမ၏ မျက်၀န်းများက လုံးလုံးနီရဲနေပေသည်။
ထို့နောက် သူမ၏ လက်များကို မြှောက်လိုက်တဲ့အခါ မြေပြင်ပေါ် အစေ့များကျဲသွားပြီး စတင်၍ ရှေးဟောင်းသစ်ပင်ကြီးများအဖြစ် သူ့စီကို တိုး၀င်လာကြတော့၏။
ထိုသစ်ပင်တစ်ပင်တိုင်းစီက ကြက်သွေးရောင်ရဲရဲနီနေပြီး ပေါက်ကွဲတော့မည့်ဟန်ပေါ်သည်။ ထိုသစ်ပင်များ ထောင်နှင့်၊ သောင်းနှင့်ချီ၍ နေရာတစ်ဝိုက်ကိုပြည့်နေသည်။
လခွမ်း…။
စုရှောင်ရှန်၏ မျက်နှာ သွေးဆုတ်ဖြူရော်သွားသည်။
‘ပုံပြင်လေးတစ်ပုဒ်အတွက်နဲ့ ဒီလောက်တောင်လုပ်စရာလိုလို့လားဟ။ မလွန်ဘူးလား’ စိတ်ထဲကပြောသည်။
“နေပါဦး။ လျှောက်မလုပ်နဲ့ စိတ်ကိုထိန်း”