စုရှောင်ရှန်နှင့် မုကျစ်ရှိတို့ တစ်ဦးကိုတစ်ဦး ရှက်ကိုးရှက်ကန်း အမူအရာများဖြင့် ကြည့်လိုက်ကြသည်။
ထိုအသုံးအနှုန်းကိုလည်း သူတို့မသိကြတာ ထင်ရှားနေ၏။
စိတ်ကုန်သွားသော မိုမိုကပဲ ရှင်းပြလိုက်သည်။ “လိုဏ်ဂူဖြူဆိုတာက ထျန်းစန်းစီရင်စုတစ်နေရာမှာရှိတဲ့ အတော်အသင့်ကြီးတဲ့ ကမ္ဘာငယ်လေးတစ်ခုပဲ။ ပြီးတော့ မြို့အတော်အများများမှာ တွေ့ရတတ်တဲ့ မိစ္ဆာသားရဲတွေကလည်း အဲ့ဒီကပဲ လာကြတာများတယ်။ ဒါကြောင့် ပိုလို့တောင် လူသိများသေး”
“လွန်ခဲ့တဲ့နှစ်အနည်းငယ်က အဲ့ဒီမှာ ပေါက်ကွဲမှုအကြီးအကျယ်ဖြစ်သွားပြီး မြင့်မြတ်နတ်ဘုရားနန်းတော်တောင် အချိန်မမှီလိုက်ဘူး။ ကမ္ဘာငယ်လေးထဲက သတ္တဝါတွေ ထွက်လာကြပြီး သတ်ဖြတ်မှုတွေ စတင်လုပ်ဆောင်တော့တာပဲ”
“အခြေအနေက လုံး၀ ထိန်းချုပ်မှုလွတ်ကင်းသွားတယ်။ နောက်တော့လည်း အဲ့ဒီသတ္တဝါတွေအားလုံး အမြစ်ဖြတ်သုတ်သင်ခံလိုက်ရတယ်။ သူတို့ကတော့ ဘာမှ ပြဿနာမရှိတော့ဘူးလို့ ကြေငြာခဲ့ပေမယ့်…”
မိုမို ခါးသီးစွာပြုံးလိုက်သည်။ သူမ၏ ဆိုလိုရင်းက ထင်ရှားပေသည်။
စုရှောင်ရှန် သူမ ပြောချင်တာလုံးလုံးနားလည်သွားပြီး မေးလိုက်သည်။ “ဆိုတော့ အဲ့ဒီအချိန်တုန်းက နင်က အနားမှာရှိနေခဲ့တာပေါ့”
“တစ်ချိန်လုံး…” မိုမို့မျက်နှာထက်တွင် အတိတ်ကို ပြန်မြင်ယောင်သကဲ့သို့ ၀မ်းနည်းနေသော အမူအရာပေါ်လာခဲ့ပြီး ဆက်၍ “ဘယ်သူမှ ရွှေဇွန်းကိုက် ချမ်းချမ်းသာသာ မွေးဖွားလာကြတာမဟုတ်ဘူးလေ။ တစ်ချို့ဆိုက…”
“ထားပါ ကံအကြောင်းတရား တိုက်ဆိုင်လို့ပဲလို့ ပြောရမှာပဲ” မိုမိုအပြုံးတစ်ခုကိုသာ ဆင်မြန်းလိုက်ပြီး ထိုအရာနှင့်ပတ်သက်၍ မပြောချင်ဟန်ရသည်။။
“တကယ်ဆို ဘယ်သူမှ ဒီလိုနေရာမျိုးမှာ မနေသင့်ကြဘူး။ ဒါပေမယ့် တစ်ချို့လူတွေအတွက်ကြတော့ မြို့ထဲမှာ နေလို့မရဘူးလေ။ အဲ့တော့ တောထဲမှာ အိမ်လေးဆောက်ပြီး လယ်ယာလုပ်စားရင်း တစ်၀မ်းဖြည့်ဖို့ကို အနိုင်နိုင် ရုန်းကန်ပြီး အသက်ရှင်ကြရတာပေါ့။ ဒီလိုဘ၀တွေက ချမ်းသာတဲ့ဘ၀တွေနဲ့ ကွာခြားကြတာပေါ့”
“အဲ့တုန်းက ငါအနားမှာရှိတာလို့တောင်မပြောသင့်ဘူး…” စုရှောင်ရှန်ကို မိုမို တည့်တည့်စိုက်ကြည့်လိုက်ပြီး ”… အဲ့တာ ငါအိမ်လို့ပြောရမယ်”
စုရှောင်ရှန် တိတ်ဆိတ်သွားသည်။
ထိုမှ ဘယ်ကမ္ဘာကြီးမှာပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်က အသက်ရှင်ချင်တယ်ဆိုရင် တွေ့ကရာလုပ်ရတယ်ဆိုတာ သဘောပေါက်သွားသည်။ ထိုအရာက သာမန်လူဖြစ်ဖြစ် စိတ်ဝိညာဉ်ကျင့်ကြံသူတွေဖြစ်ဖြစ် တစ်ပေါင်းတည်း သက်ရောက်၏။
ကွာခြားချက်က ထိုအရာကို ဘယ်လို လုပ်ဆောင်သလဲဆိုတာအပေါ်မှာပဲ မူတည်ကြသည်။
မုကျစ်ရှီ ထိုအရာကို ကြားရပြီးနောက် သနားသွားသည်။ သူမ မိုမို့ကို ကြည့်ပြီး တစ်စုံတစ်ခုကို ပြောရန် ပြင်လိုက်စဉ် မိုမိုက ဦးစွာပြောလိုက်သည်။ “ဒါတွေက အတိတ်မှာ ကျန်ခဲ့ပါပြီ”
သူတို့နှစ်ဦးစလုံး မိုမိုက အတိတ်အကြောင်းမပြောချင်တော့ဘူးဆိုတာကို သိလိုက်ရသည်။
သာမန်လူတွေက ထိုကမ္ဘာငယ်သတ္တဝါတွေတိုက်ခိုက်တာခံရရင် ကလေးတောင် ရလဒ်ကို သိသည်။
စုရှောင်ရှန် ထရပ်လိုက်ပြီး အလေးအနက်ပြောသည်။ “ငါစုရှောင်ရှန်က ကတိတည်တဲ့လူပါ။ ငါဘယ်တော့မှ အလိမ်အညာတွေမပြောဘူး”
“ဘာပြောတာလဲ”
စုရှောင်ရှန် ဘာပြောချင်နေသလဲဆိုတာ ပဟေဠိဖြစ်သွားပြီး မိုမို သူ့ကို နားမလည်နိုင်စွာ မော့ကြည့်လိုက်သည်။
မုကျစ်ရှီလည်း သူပြောတာနားမလည်နိုင်စွာဖြင့် စုရှောင်ရှန်က အရူးတစ်ယောက်အလား ကြည့်လိုက်သည်။
“ငါနင့်ကို သူငယ်ချင်းအဖြစ် သတ်မှတ်တယ်” စုရှောင်ရှန် သူဆိုလိုချင်တာကို ရှင်းပြလိုက်သည်။ ထို့နောက် ခဏရပ်တန့်သွားပြီး ဆက်၍ “နင်အကူအညီလိုအပ်တာတစ်ခုခုရှိရင် ငါ့ကိုပြောလို့ရတယ်။ ဖြစ်ချင်တော့ ငါလည်း ဒီမိစ္ဆာသားရဲတွေအပေါ်မှာ စိတ်၀င်တစားရှိသွားပြီ”
သူ့မျက်၀န်းများထဲတွင် တောင့်တမှုတို့ အထင်သား။
တိတိကျကျပြောရလျှင် မိစ္ဆာသားရဲဆိုတာထက် သူက ထို မီးခိုးမြူပုံရိပ်၏ ချိတ်ပိတ်ခြင်းစွမ်းအင်ကိုပို၍ စိတ်ဝင်စားခြင်းဖြစ်သည်။
သူရင်ဆိုင်ကြုံတွေ့ဖူးရသည့် ရန်သူများအကြား ချိတ်ပိတ်ခြင်းလို့ သိရတဲ့ ပင်ကိုယ်ဓာတ်စွမ်းအင်ကသာ သူ့ရဲ့ စနစ်မှပင်ကိုယ်စွမ်းရည်များအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လေသည်။
အကြီးအကဲစန်းနှင့် မျက်နှာဖုံးတပ်လူတို့တောင် သူ့ပင်ကိုယ်စွမ်းရည်များအောက်၌ တစ်နည်းနည်းနဲ့တော့ ခံကြရသည်သာ။
ထိုအရာက စုရှောင်ရှန်ကို အတွေးပေါက်သွားစေ၏။ သူသာ ထိုချိတ်ပိတ်ခြင်း စွမ်းအင်ကို ချိုးဖျက်နိုင်ရုံမက သင်တောင် သင်ယူနိုင်လိုက်ရင် ပြိုက်ဘက်ကင်းမဖြစ်သွားပေတော့ဘူးလော။
ထိုအရာကို အနီရောင်ဘီးကြီးမှ ရကောင်းရနိုင်သည်။ ထိုဘီးကြီးက ဆုလာဒ်တွေပေးတာ တစ်ဖြည်းဖြည်း နည်းတစ်ထက်နည်းလာတယ်ဆိုပေမယ့် ရတဲ့ဟာတိုင်းကလည်း သူ့အတွက် အလွန် အသုံး၀င်ကြသည်သာ။
ဥပမာ ထာ၀ရအသက်စွမ်းအင်၊ စာဖိုမှူး၊ လျင်မြန်မှု…
ထိုအရာများကို ရရှိခြင်းကမသိလျှင် အနီရောက်ဘီးကြီးကပဲ သူလိုအပ်တာများကို အချိန်ကိုက်ပေးနေသယောင်ယောင်။
ထို့နောက် နတ်နဂါးကြီးကို ထိုအနီရောင်ဖန်သားပြင် သတ်လိုက်ခြင်းကိုကြည့်၍လည်း စနစ်က အသိဉာဏ် ရှိတယ်လို့ ကောက်ချက်ချနိုင်သည်။
စနစ်က သူ့ကို တိုက်ရိုက်မထောက်ပံ့ပေးသော်လည်း သူလိုအပ်တာများကိုတော့ သိ၏။
‘ငါ့ကို ချိတ်ပိတ်ခြင်းစွမ်းအင်က လာပြီး အန္တရာယ်ကျစေမှတော့ နောက်တစ်ခါ ကံစမ်းမဲလှည့်ရင် ချိတ်ပိတ်ခြင်းထိပ်သီး ရမလားမသိဘူး’ စုရှောင်ရှန် တွေးလိုက်သည်။
“အိုးဟိုးဟိုးဟိုး…”
စုရှောင်ရှန် စပ်ဖြီးဖြီးမျက်နှာကြီးဖြင့် ရယ်လိုက်သည်။ သို့မှ သူ့ဘေးနားမှာ လူတွေရှိသေးတာ သတိရပြီး ပါးစပ်ကို အမြန်ဖုံးလိုက်၏။
မိုမိုတို့ သူ့ကို အံ့အားသင့်နေကြသော အမူအရာများဖြင့် ကြည့်နေကြသည်။
စုရှောင်ရှန် ချက်ခြင်း စကားလမ်းကြောင်းလွှဲကာ မိုမို့ကို ရိုးသားမှုများပြည့်နေသော မျက်လုံးများဖြင့်ကြည့်လိုက်သည်။ “ငါ့ကိုယုံကြည်လို့ရပါတယ်။ နင်တစ်ခုခုလိုအပ်လာတာရှိရင် ပြောလို့ရတယ်။ လူချင်းဆက်သွယ်လို့ရတယ်…”
မိုမိုနှင့် အဆက်အသွယ်များများရှိခြင်းက ထို မီးခိုးမြူပုံရိပ်နှင့်လည်း ခဏခဏ တွေ့နိုင်ချေများတာကို တွေးမိပြီး စုရှောင်ရှန် တုံ့ခနဲရပ်သွားသည်။
‘ငါသေချင်နေတာလားဟ’ သူတွေးလိုက်သည်။
“လူချင်းတော့ မဆက်သွယ်တော့ဘူးလေ။ စာပို့ခိုဖြစ်ဖြစ် ဘာဖြစ်ဖြစ် လွှတ်လိုက်ပေါ့” ထိုအရာက အကြံကောင်းဟု တွေးမိပြီး စုရှောင်ရှန် အလေးအနက် ခေါင်းညိတ်လိုက်သည်။
သူ့နောက်က မုကျစ်ရှီ ကဲ့ရဲ့သလို ရယ်သံ သဲ့သဲ့လေး ပေးလိုက်ပြီး “စုရှောင်ရှန် နင်ပဲ ဒီကမ္ဘာကြီးမှာ ကိုယ့်ကိုယ်ကိုယ်ကလွဲပြီး ဘယ်သူ့ကိုမှ မယုံရဘူးလို့ မပြောဘူးလား”
စုရှောင်ရှန် စွံ့အသွား၏။
‘နင်အဲ့လောက်တောင် အကျင့်ပုတ်ရသလား။ စကားအဖြစ် ပြောတာကို ဘာလို့ အဲ့ဒီ အရည်မရ အဖက်မရ စကားတွေကို အတည်မှတ်နေတာလဲ’
“အဲ့ဒါ နင့်ဆရာ သင်ပေးထားတဲ့စကား။ ငါက ဒီတိုင်းပြန်ပြောပြရုံပဲ။ သဘောတူတယ်လို့ မဆိုလိုဘူး” စုရှောင်ရှန် ပြောသည်။
ထို့နောက် သူ့အင်္ကျီလက်စကိုခေါက်တင်ပြီး ဆက်ပြောသည်။ “ဒီကမ္ဘာကြီးမှာ အရေးပါဆုံးက သူငယ်ချင်းပဲ။ ‘သူငယ်ချင်းဆိုတာ မရှိရင် ကမ္ဘာကြီးဆိုတာလည်း ရှိမှာမဟုတ်ဘူးဆိုပြီး’ ဆိုရိုးစကားရှိတယ်မလား”
မုကျစ်ရှီမှာ စွံ့အသွားရတော့၏။ ‘ကောင်းပြီ နင်နိုင်တယ်။ ကောင်းတာဖြစ်ဖြစ် ဆိုးတာဖြစ်ဖြစ် နင်သိပါတယ်။ နင်ပဲ ဆရာကြီးဟုတ်တယ်။ မငြင်းပါဘူး’
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
စုရှောင်ရှန် တစ်ခုခုကို သတိရသွားပြီး “စကားမစပ် အဲ့အရာက ဘယ်အချိန်ပြန်နိုးထလာမှာလဲ”
“မသိဘူး။ ဒါပေမယ့် သိပ်တော့မကြာလောက်ဘူး။ အနည်းဆုံး (၃) ရက်ကနေ (၅)ရက်နဲ့ အများဆုံး တစ်ပါတ်လောက်ပဲ” မိုမိုပြောသည်။
အကြာဆုံးတောင် တစ်ပါတ်တည်းလား။
စုရှောင်ရှန်တော့ မောင်ပြဿနာရေ လာပါ လာပါ လက်လှန်းခေါ်မိသလိုဖြစ်နေပေပြီ။ သူဒီလောက်ထိုးကြိတ်ထားတာ ဘာလို့ ပြန်လည်နိုးဖို့ သုံးနှစ်၊ ငါးနှစ်လောက် မလိုအပ်ရတာလဲ။
မိုမိုလည်း ခါသီးသီး အမူအရာဖြင့် ဆက်လိုက်သည်။ “ဒီအရာက ပြန်လည်ကောင်းမွန်တာမြန်တယ်။ တိုက်ခိုက်စွမ်းရည်မရှိဘူးဆိုရင်တောင် အသိပြန်ရရှိတာကတော့ ထင်ထားတာထက်မြန်မယ်။ ငါတို့ပြောနေရင်းတောင် နိုးလာပြီလားမသိနိုင်ဘူး”
စုရှောင်ရှန် ကြက်သီးတဖျင်းဖျင်းထသွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။
‘ဒါဘယ်လို မကောင်းဆိုးဝါးလဲဟ။ ဒီလောက် ကြမ်းတဲ့အရာ ဒီကမ္ဘာမှာ ရှိသေးတာလား’ သူတွေးလိုက်၏။
“ငါ့ကို မခြောက်ပါနဲ့” စုရှောင်ရှန်ပြောသည်။
“ငါတကယ်ပြောနေတာ” ထိုအရာနှင့် အကျွမ်းတ၀င်ရှိနေသည့်အလား မိုမို ရယ်လိုက်သည်။
စုရှောင်ရှန် ကြောက်ရွံ့နေတာက တကယ် ရှားပါးသောမြင်ကွင်းဖြစ်၏။
မီးခိုးမြူပုံရိပ်သူမ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်သွားတုန်းက မိုမို အသိလေးတော့ ကျန်သေးသည်။ သို့သော် ဘေးတစ်ဖက်မှသာ စုရှောင်ရှန်နှင့် မီးခိုးမြူပုံရိပ်တို့ အသေအကျေ တိုက်ခိုက်နေတာကို ကြည့်နေရ၏။
ဒါတောင် သူမမြင်ရတာက မှုန်ဝါးပြီးတော့ ပြတ်တောက် ပြတ်တောက်က ဖြစ်သွားသေးသည်။
စုရှောင်ရှန် ရန်သူကို ထောင်ချောက်ထဲကို တစ်စ တစ်စ မျှားခေါ်သွားပြီးမှ အကွက်ကြီးဖြင့် သတ်ပစ်လိုက်တာကိုတော့ သိရသည်။ သူမအတွက်တော့ ထိုရွှေဘီလူကြီးမှာ အံ့မခန်းအရာသာ။
တိုက်ပွဲများပြီးနောက် ထိုကဲ့သို့သော စုရှောင်ရှန်က ကြောက်ရွံ့နေပါလိမ့်မည်ဟု မထင်ထားပါချေ။
“ဒါကို ဖြေရှင်းဖို့ နည်းလမ်းမရှိတော့ဘူးလား။ ငါပြောချင်တာက အဲ့တာ နိုးလာတာကို တားဆီးဖို့ တစ်စုံတစ်ခုလေ” စုရှောင်ရှန်ကို ကြည့်ရတာ အတော်လေး ဓာတ်ကျနေပုံရသည်။
“ရှိတယ်”
တကယ်က ဒီမေးခွန်းနဲ့ ပတ်သက်ပြီး အသုံး၀င်တာတစ်ခုခု ပြန်ရလိမ့်မည်ဟု စုရှောင်ရှန် မထင်ပါချေ။ သို့ဖြင့် သူမ၏ ခိုင်မာသောစကားကို ကြားရပြီးနောက်မှာ အံ့အားသင့်သွားရသည်။ သို့ဖြင့် “ဒါဆို ဘယ်လိုလုပ်ရမလဲ”
မိုမို လက်သီးအရွယ်အစားရှိ အဖြူရောင်ကျောက်တုံးကို သိုလှောင်လွက်စွပ်ထဲမှ ထုတ်ယူလိုက်သည်။ ထိုအရာက ဘာစိတ်ဝိညာဉ်အရှိန်အဝါမှ ရှိမနေဘဲ သာမန်ကျောက်တုံးအလားပင်။
“ဒါကို ‘ချိတ်ပိတ်ခြင်းကျောက်တုံးလို့ခေါ်တယ်။ အဲ့ဒီအရာက ငါ့ကို ဒီလာတော့ ပစ္စည်းနှစ်ခုရှာခိုင်းတယ်။ တစ်ခုက ဒီကျောက်တုံးနဲ့ ကျန်တစ်ခုက နင့်စီမှာရှိတဲ့ စိတ်ဝိညာဉ်အသက်တံဆိပ်ပြားပဲ” မိုမိုပြောသည်။
စုရှောင်ရှန် မှင်တက်သွား၏။ သူကျောက်တုံးကို စူးစူးရှရှ ကြည့်လိုက်သည်။ သို့သော် ထူးဆန်းသည်ဟူ၍ တစ်စုံတစ်ရာမှ မတွေ့ရပါချေ။
စိတ်ဝိညာဉ်အနှစ်ထည့်ကြည့်လိုက်မှ ရင်းရင်းနှီးနှီး ချိတ်ပိတ်ခြင်း အရှိန်အဝါပေါ်လာတာကို ခံစားလိုက်ရသည်။
စုရှောင်ရှန် စိတ်ဖြင့် ခိုင်းစေလိုက်တဲ့အခါ ထို မီးခိုးမြူအရှိန်အဝါများက မုကျစ်ရှီကို သွားရောက် ရစ်ပတ်ပြီး သူမကို မြေပြင်ပေါ် ဒူးထောက်ပြန်ကျသွားစေ၏။
“စုရှောင်ရှန် နင်ဘာလုပ်နေတာလဲ”
ရုတ်တရက် ထိုတိုက်ခိုက်မှုကြောင့် မုကျစ်ရှီ ဒေါသထွက်သွားကာ မိုမို့ထံ လက်သီးတစ်ချက်အလိုလို ပစ်လွှတ်မိလိုက်သည်။
စုရှောင်ရှန် အလျင်အမြန်တုန့်ပြန်လိုက်ပြီး သူမ၏ လက်သီးဆုပ်ကလေးကို ဖမ်းလိုက်သည်။ ထို့နောက် အသာအယာတွန်းလိုက်ရာ မုကျစ်ရှီ ဖင်ထိုင်ပြန်ကျသွား၏။ ထိုအချင်းအရာက ကောင်မလေးအတွက် ဒေါသူပုန်ထသွားစေရန်လုံလောက်၏။
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
“ဟီးဟီး။ ဒီတိုင်းစမ်းကြည့်တာပါ။ ဒေါသထွက်စရာမလိုပါဘူး”
မုကျစ်ရှီ သူ့ကို ဘုကြည့်ကြည့်လိုက်သည်။
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
စုရှောင်ရှန် သူမကို အရေးမပေးတော့ဘဲ ချိတ်ပိတ်ခြင်းကျောက်တုံးကို မီးတောက်နေသော မျက်၀န်းများဖြင့် ကြည့်လိုက်၏။
ဒါက ရတနာတစ်ခုဖြစ်သည်။
စောနကပဲ ပြိုင်ဘက်ကင်းလောက်ပြီဆိုပြီး ချိတ်ပိတ်ခြင်းစွမ်းအင်ကို လိုချင်နေတာ ခုတော့ ထိုသို့ရတနာတစ်ပါးက သူ့အိမ်ရှေ့ကို အလိုလိုရောက်လာတယ်တဲ့။
စုရှောင်ရှန် နောက်လှည့်ပြီး လက်နှစ်ဖက်ကို ပူးကပ်ကာ ဆိုလိုက်သည်။
“ကျေးဇူးပါ”
“…”
မိုမို သူ့ကို မယုံနိုင်စွာကြည့်ပြီး ဘာပြောရမှန်းမသိ ဖြစ်သွားတော့၏။