ဓားစွမ်အင်များ ချောချောမွေ့မွေ့ မုကျစ်ရှီ တစ်ကိုယ်လုံးကိုဖြတ်ပြီး သစ်ကိုင်းကို ပိုင်းဖြတ်ပစ်လိုက်သည်။ သို့ဖြင့် မုကျစ်ရှီဇောက်ထိုးကြီးပြုတ်ကျတော့၏။
ထိုကလေးမလေး ပြုတ်ကျနေတာကို စုရှောင်ရှန် လက်ပိုက်ပြီး စိတ်၀င်တစားကြည့်နေလိုက်သည်။
ဘုန်းးး…။
မုကျစ်ရှီ မြေပြင်ပေါ်မကျခင်မှာ အနီရောင်ပန်းပွင့်ကြီး ပွင့်လန်းလာပြီ သူမကို အမြင့်မှ ပြုတ်ကြခြင်းက ခံပေးလိုက်ကာ မြေပြင်ပေါ် ခြေထောက်ဖြင့်ရပ်စေလိုက်သည်။
“စုရှောင်ရှန် နင်ငါ့ကို သတ်နေတာလား” မုကျစ်ရှီ ဒေါသတကြီး အော်လိုက်ပြီးနောက် သူမ၏ မျက်နှာက အနည်းငယ် စိုထိုင်းနေတာကို သတိထားမိလိုက်သည်။ သူမ၏ ပါးကို လက်ဖြင့်သုတ်ပြီး အနံ့ခံကြည့်လိုက်ရာ သွားရေဖြစ်နေတာကို သိလိုက်ရ၏။
မုကျစ်ရှီ၏ ဖြူဖွေးဖွေး မျက်နှာလေး ချက်ခြင်း ရှက်သွေးဖြန်း၍ နီရဲသွားကာ အလျင်အမြန် သန့်ရှင်းလိုက်သည်။
“ငါပဲသတ်ရတယ်ရှိသေး။ နင့်ကို နှိုးပေးနေတာလေ” သူမ၏ မျက်နှာကို လက်ဖြင့် သုတ်နေသော မုကျစ်ရှီကို ကြည့်ရင်း စုရှောင်ရှန် ပြုံးပြလိုက်သည်။
“ဟက်”
မုကျစ်ရှီ မကျေမနပ်အသံပေးလိုက်ပြီးနောက် သူ့ဘက်လှည့်ကာ “ငါ့ကိုလည်း ပစ်လိုက်သေးတယ်။ အနည်းဆုံးတော့ သစ်ပင်ပေါ်ကနေ ကောင်းကောင်းချပေးလို့မရဘူးလား”
“အကြွေးတောင်းနေသလိုပဲ” စုရှောင်ရှန် ခဏ ရယ်ချက်သွားပြီးနောက် တည်တည်ငြိမ်ငြိမ်ဆက်လိုက်သည်။ “နင့်ကို လူသားဒိုင်းကာအဖြစ်မသုံးတာကိုပဲကျေးဇူးတင်ရဦးမယ်”
မုကျစ်ရှီစွံ့အသွားသည်။
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
ဒီလူက တကယ် ဒေါသထွက်စရာကောင်းလွန်းလှ၏။
“ရတယ်လေ နင့်ကို ခွင့်လွှတ်ပေးတယ်။ ဒါပေမယ့် စောနက လိမ်တာ အတွက်ကြတော့ရော” မုကျစ်ရှီ စိတ်ကောက်နေသော မျက်နှာထားဖြင့် မေးလိုက်သည်။
“ငါနင့်ကို ဘယ်တုန်းကလိမ်လို့လဲ” စုရှောင်ရှန် သိလိုက်စိတ်ပြင်းပြသွားသည်။
“နင်ပြောတော့ ငါ့ကို စိတ်ဝိညာဉ်အသက်တံဆိပ်ပြားကို ပေးမယ်ဆို ဘာလို့ စိတ်ဝိညာဉ်ကျောက်တုံးကြီးဖြစ်နေတာလဲ”
“ငါပေးမယ်လို့ ပြောမိလို့လား”
“ပြောတယ်…” မုကျစ်ရှီ ဝိုင်းဒိုင်းကျဲနေရင်း တုံ့ခနဲရပ်သွား၏။
ဟုတ်သားပဲ။ သူပေးမယ်လို့ ပြောလို့လား။
“စိတ်ဝိညာဉ်အသက်တံဆိပ်ပြားကို ပေးပါလို့ နင်ပဲတောင်းတာလေ ငါပေးမယ်မှ ကတိမပေးခဲ့ဘူး နင့်ဟာနင် ထင်ချင်ရာ လျှောက်ထင်နေတာ” စုရှောင်ရှန် သူမ၏ အဆိုကို ကျယ်ကျယ်လောင်လောင် ငြင်းဆိုလိုက်သည်။
“ဒါပေမယ့် နင် ငါ့ကို စိတ်ဝိညာဉ်ကျောက်တုံးကြီးပေးတာကကော။ ဘာအဓိပ္ပာယ်လဲ” မုကျစ်ရှီ သူ့ကို မကျေမချမ်း မျက်လုံးကြီးပြူးပြီး ကြည့်လိုက်သည်။
“နင်တောင်းတိုင်း ငါက ပေးရမှာလား” စုရှောင်ရှန် တိုးတိုးလေး ရေရွတ်နေရင်းမှ မုကျစ်ရှီ ပြောတာကို ကြားသော် ထရယ်လိုက်သည်။
“စိတ်ဝိညာဉ်အသက်တံဆိပ်ပြားကို နင်က ပစ်ပေးလိုက်လို့ ငါက စိတ်ဝိညာဉ်ကျောက်တုံး လက်ဆောင်ပြန်ပေးတာလေ။ နင့်ဟာနင်သာ လိုရာစွဲသွင်းနေတာ။ နင်တုံးတာကိုတော့ သူများကို သွားအပြစ်တင်လို့မရဘူး”
မုကျစ်ရှီ စွံ့အသွားသည်။
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်…
“ညီမလေး…”
မုကျစ်ရှီ၏ ခေါင်းကို စုရှောင်ရှန် အသာအာယာ ဖွလိုက်ပြီး “နင့်ရဲ့အကိုကြီးက အဖိုးတန်တဲ့ သင်ခန်းစာပေးနေတာ။ ဒီကမ္ဘာကြီးမှာ ကိုယ့်ကိုယ်ကိုယ်ကလွဲပြီး ဘယ်သူ့ကိုမှ ယုံလို့မရဘူး။ နားလည်လား”
မုကျစ်ရှီ နှာခေါင်းရှုံ့ပြီး စုရှောင်ရှန်၏ လက်ကို ပုတ်ထုတ်လိုက်သည်။ ထို့နောက် လှည့်ကာပြေးတော့၏။
“ဟက်။ အလိုလိုက်လို့ ပျက်ဆီးနေတဲ့ ကလေးမလေး” စုရှောင်ရှန် စပ်ဖြီးဖြီးလုပ်နေပြီးနောက် တစ်စုံတစ်ခု မူမမှန်တာကို သိလိုက်ရသည်။ ထို မုကျစ်ရှီက သားကောင်ကိုအနံ့ခံလိုက်မိသည့် သားရဲအလား ထွက်သွားနေသည့် နေရာက…
မိုမို့စီလား။ မဟုတ်ဘူး..။ စိတ်ဝိညာဉ်အသက်တံဆိပ်ပြားစီကိုပဲ။
သူမ၏ ရည်ရွယ်ချက် ပေါက်ကြားသွားတာကြောင့် မုကျစ်ရှီ ဟန်ဆောင်ပန်ဆောင်လုပ်နေသည်များကို ရပ်ကာ ခြေကုန်သုတ်ပြေးတော့သည်။ စုရှောင်ရှန် သူမ၏ လုပ်ချင်တာကို ဒီတိုင်း ထိုင်ကြည့်ပြီး လုပ်ခွင့်ပေးမည်တဲ့လား။
အရှင်သခင်နယ်ပယ် လျင်မြန်မှုနှင့်အတူ တံဆိပ်ပြားအရှေ့မှာ စုရှောင်ရှန်ပေါ်လာပြီး ကောက်ယူလိုက်တော့သည်။
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
မုကျစ်ရှီ၏ မျက်၀န်းထဲ အန္တရာယ်ရှိသော အလင်းတန်းများ လျှပ်တပြက် ဖြတ်သွားတာကိုမြင်လျှင် စုရှောင်ရှန် သူ၏ နားနှစ်ဖက်ကို ပိတ်လိုက်သည်။ သူထင်သည့်အတိုင်း နားမခံနိုင်ဖွယ်ရာ စူးစူးရှရှ အော်သံကြီး ထွက်ပေါ်လာ၏။
“စု…ရှောင်… ရှန်”
“အဲ့တာ ငါ့ဟာ”
မုကျစ်ရှီ နှုတ်ခမ်းကြီးကိုစူပြီး စုရှောင်ရှန်ကို ဘုကြည့်ကြည့်လိုက်၏။
စုရှောင်ရှန် နားမလည်သလို ဟန်ဖမ်းလိုက်ကာ “နင်ပဲ မလိုချင်လို့ ပစ်လိုက်တာမလား။ ဒီလို သုံးပြီးသား ပစ္စည်းကိုတောင် ငါ့မှာ ရဖို့လွယ်တာမဟုတ်ဘူး။ ပြန်မတောင်းပါနဲ့”
“… …”
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်…
ရုပ်ချည်း ချောင်းဟန့်သံတစ်ခုက သူတို့၏ ရန်ပွဲကို ကြား၀င်ဖြတ်လိုက်၏။
မုကျစ်ရှီ၏ မိုးခြိမ်းသံအလား အော်သံကြောင့်တော့ စုရှောင်ရှန် ကြောက်ရွံ့မသွားပါပေ။ ထိုအစား ဘေးတစ်ဘက်၌ လှဲလျောင်းနေသော မိုမို့ကိုသာ နိုးကြားသွားစေလေသည်။
မိုမိုနိုးလာတာကိုမြင်လျှင် စိတ်ဝိညာဉ်အသက်တံဆိပ်ပြား တယ်စွမ်းပါလားဟု စုရှောင်ရှန် အံ့ဩဘနန်းဖြစ်သွားရ၏။
မုကျစ်ရှီ၏ ရင်ခွင်ထဲမှာ အသက်ရှိုက်စာအနည်းငယ်လောက်တည်းနဲ့ သူမကို ငရဲတံခါးမှ ပြန်ခေါ်လိုက်ပြီး ယခုလည်း မိုမို့ ရင်ဘက်ပေါ်မှာ ခဏလေးပဲတင်လိုက်တာတောင် သူမကို ကယ်တင်လိုက်၏။
တံဆိပ်ပြားကို ကိုင်ထားသော သူ့လက်များ ပို၍ တင်းကြပ်သွားသည်။
တကယ်က စိတ်ဝိညာဉ်တံဆိပ်ပြားတစ်ခုတည်းကြောင့်လို့တော့ ယခု အခြေအနေကို ပြောလို့မရပါပေ။ ထိုမိန်းကလေးနှစ်ယောက်နှင့် ပတ်သက်ပြီး တစ်ခုခု ထူးဆန်းနေသောကြောင့် ဖြစ်ရမည်။
မိုမို့အတွက်ကတော့ စုရှောင်ရှန် နားလည်နိုင်သေးသည်။ သူ၏ ဆရာတူညီမလေးကကြတော့… မုကျစ်ရှီကို ကြည့်သော စုရှောင်ရှန်၏ အကြည့်များ ထူးဆန်းသော အလင်းများ လက်သွား၏။
မုကျစ်ရှီကို မီးခိုးမြူပုံရိပ် ချောင်းမြောင်းတိုက်ခိုက်ပြီးနောက်မှာ သူမ၏ ခန္ဓာကိုယ်ကို သွားကြည့်ရာ အလိုလို ပြန်ကောင်းနေသည်ကို တွေ့ရသည်။
စိတ်ဝိညာဉ်အသက်တံဆိပ်ပြားမရှိလျှင်တောင် မုကျစ်ရှီ ပြန်နိုးထလာဖို့က အချိန်တစ်ခုသာ လိုပေလောက်သည်။
စုရှောင်ရှန် ဘာတွေးနေသလဲ မုကျစ်ရှီ မသိပါချေ။ ထိုမြေပြင်မှ သွေးသံတရဲရဲနှင့် မိုမို ပြန်ထလာသည်ကိုမြင်သောအခါ စုရှောင်ရှန်ကို သူမ လက်တို့လိုက်သည်။
“နင့်ဓားခဏပေး”
“ဘာလုပ်မလို့လဲ”
စုရှောင်ရှန် အံ့အားသင့်သွားပြီး တိတ်တခိုးနာကျင်ခြင်းကို မုကျစ်ရှီ ဆွဲမထုတ်နိုင်ခင်မှာ ပြန်ဆွဲယူလိုက်သည်။
သူမ သွေးကြွေးစပ်မလို့လား။
အဲ့ဒီ ရိုက်ချက်လေးတစ်ခုကြောင့်လေ။
“စိတ်လျော့ပါ။ နင့်ကို ရိုက်လိုက်တာ မိုမိုမဟုတ်ဘူး” စုစုရှောင်ရှန်ဓားကို တစ်ဘက်သို့ ပို့လိုက်သည်။
“ဒါဆို ဘယ်သူလဲ” မုကျစ်ရှီ ဒေါသတကြီး ဆိုသည်။
သူမိုမို့ကို ယုံကြည်ပြီး စုရှောင်ရှန်ကို နှစ်ယောက်အတူ လိုက်ဖမ်းခဲ့၏။ သို့သော် သူမ အကာအကွယ်မဲ့နေသည့် အချိန်အတွင်းမှာ အငိုက်တိုက်လိုက်မည်ဟု မထင်ပါလေ။
ကမ္ဘာကြီးမှာ သူမ အမုန်းဆုံးအရာကိုပြောပါဆိုလျှင် သစ္စာဖောက်ခြင်းဖြစ်သည်။
မိုမို ထိုနှစ်ယောက် ငြင်းခုန်နေတာကိုကြည့်ပြီးနောက် မြေပြင်မှ တွင်းနက်များထံ အာရုံလွှဲလိုက်သည်။ တစ်ခုခုကို နားလည်သွားဟန်ဖြင့် သူမ၏ ခေါင်းကလေး ငိုက်စိုက်ကျသွား၏။
“ညီမလေးမုပြောတာမှန်တယ်။ ငါသေသင့်ပါတယ်” မိုမို ခါးသီးစွာ သက်ပြင်းချလိုက်သည်။
မုကျစ်ရှီ၏ လက်နှစ်ဖက်ကို စုရှောင်ရှန် ဖမ်းချုပ်လိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် သူမ၏ နှုတ်ခပ်းကို ဖိညှပ်ပြီး ပိတ်လိုက်သည်။ ထို့နောက် မိုမို့ကို မျက်မှောင်ကုပ်၍ အတန်ကြာအောင်ကြည့်ပြီးမှ ဆိုလိုက်သည်။ “ငါသဘောတူတယ်…”
“… …”
မိုမို့ ရင်ဘက်ထဲမှ စူးကတည်း အောင့်သွားပြီး သာမန်ထက် အဆမတန် ပို၍ ခုန်လာတော့သည်။
“…နင်ရှင်းပြချက်မပေးရင်ပေါ့” စုရှောင်ရှန် နောက်မှ ထပ်လောင်းပြောဆိုလိုက်သည်။
“ဘာမှ ရှင်းပြစရာမရှိပါဘူး” မိုမို ခဏတာ တိတ်ဆိတ်သွားပြီးနောက် ခေါင်းပြန်ငုံ့ကာ ပြောသည်။
“နင်ငါ့ကြောင့် အသက်ရှင်နေတာမဟုတ်ဘူး။ အဲ့အရာက နင့်ကို အသက်ရှင်ခွင့်ပေးလိုက်လို့…”
စုရှောင်ရှန် ပြောနေရင်း မျက်မှောင်ကုပ်လိုက်ကာ သူ့ခြေထောက်ကို ကန်နေသော မုကျစ်ရှီ၏ ခြေထောက်ကို ပြန်ရစ်ပတ်ပြီး ချိတ်ပစ်လိုက်သည်။ သို့ဖြင့် ခြေတစ်ဖက်တည်းဖြင့်သာ ရပ်နေရသော မုကျစ်ရှီသူ့ကို မနှောက်ယှက်နိုင်ပါတော့ချေ။
“အဲ့အရာ အသက်ရှင်နေသေးတယ်မလား” မိုမို့ကို ပြန်ကြည့်ပြီး ဆိုသည်။
သူမရှေ့မှ စုရှောင်ရှန်ဘာကိုပြောနေသလဲ မိုမို သိပေမယ့် အာစေးမိသလို ဆက်လက်၍ တိတ်ဆိတ်နေသည်။ မိုမို့ကို ဒီလို သတင်းအချက်အလက်များမရအောင် စုရှောင်ရှန် ကယ်လိုက်သည်မဟုတ်ပါချေ။
သူသာ ထို မီးခိုးမြူပုံရိပ်က ဘာလဲ မသိရရင် ချိန်ကိုက်ဗုံးတစ်လုံးလို တကယ့် ကံဆိုးသည့် အခြေအနေ၌ ထပေါက်ကွဲမှာကို ကြောက်ရွံ့မိသည်။
မိုမို ဆက်၍ နှုတ်ပိတ်နေလျှင် ခုရှုပ်မှနောင်ရှင်းဆိုသလို မုကျစ်ရှီကို လွှတ်ပြီး သူမကို သတ်ခိုင်းလိုက်တာကမှ ကောင်းဦးမည်။
“ ဒီ မီးခိုးမြူပုံရိပ်ကိုသာ ငါမသိသေးရင် နင်ဆက်ပြီး လျှို့ဝှက်ထားတာက နားလည်ပေးလို့ရသေးတယ်။ ဒါပေမယ့် ခုတော့မရတော့ဘူးလေ။ ဒါမှ မဟုတ် နင်ပြောလို့မရအောင်များ ချိတ်ပိတ်ထားတဲ့ တစ်စုံတစ်ခုရှိနေလို့လား။ မဟုတ်ရင် ငါ့ကို ပြောလို့ ရတယ်နော်။ ငါအတော်လေး ဆော်ပလော်တီးလိုက်တာ အဲ့တာအခု အတော်လေးဒဏ်ရာရသွားလောက်ပြီ။ ငါတို့ပြောတာမကြားလောက်ပါဘူး ဟုတ်တယ်မလား”
မိုမို့ကိုယ်လေး အနည်းငယ်တုန်ခါသွားသည်။ စုရှောင်ရှန်ပြောတာကို သူမ မငြင်းဆိုနိုင်ပါ။
စုရှောင်ရှန်လည်း မိုမို့ကို ဘယ်လို ဖွင့်ဟပြောလာအောင်လုပ်ရမလဲ စဉ်းစားခန်း၀င်ရင်း တိတ်ဆိတ်သွား၏။
သူတို့ရဲ့ အနက်ရှိုင်းဆုံး၊ လူမသိခံချင်ဆုံး လျှို့ဝှက်ချက်တစ်ခုကို လူတစ်ယောက်ရဲ့ နှုတ်ဖျားကနေ သိဖို့ဆိုတာမလွယ်ကူပေ။ မီးခိုးမြူပုံရိပ်လို ရှေးဦးဆန်တဲ့အရာဆို ပိုလို့ဆိုးချေသည်။
ဒီကမ္ဘာကြီးက လူအများစုက ကြင်နာသောနှလုံးသားရှိတဲ့လူတွေလို့ စုရှောင်ရှန် ယုံကြည်ပါသည်။ တစ်ခါတစ်ရံမှာ လူတွေက လျှို့ဝှက်ချက်တွေ သိမ်းထားတာက မကောင်းတဲ့ရည်ရွယ်ချက်တွေရှိလို့မဟုတ်ဘဲ သူတို့ရဲ့ အရှုပ်တော်ပုံကြီးထဲကို ဆွဲမထည့်ချင်လို့ဖြစ်ပါသည်။
မိုမိုကလည်း ထိုသို့ စိုးရိမ်၍သာ မပြောခြင်းဖြစ်ကြောင်းကိုသိကာ ထိုလိုလူများကို မည်သို့ ဖွင့်ဟချလာအောင်လုပ်ရမလဲ သူသိပေသည်။ အဘယ်ကြောင့်ဆိုသော် အတိတ်ကသူလည်း သူမလို လူတစ်ယောက်ဖြစ်ခဲ့တယ်မဟုတ်ပါလား။
ခြောက်လားပြုလား အကျပ်ကိုင်ပြီး ပြောဆို ဆက်ဆံတာက သူတို့ရဲ့ ဆုံးဖြတ်ချက်ကိုသာ ပို၍ ပြတ်သားသွားစေလိမ့်မည်။ တစ်စုံတစ်ယောက်ရဲ့ ဖွင့်ဟချမှုကိုလိုချင်တယ်ဆိုရင် သင်ကိုယ်တိုင်လည်း သူတို့နေရာမှာနေပြီး သူတို့ရဲ့ အခက်အခဲများကို နားလည်သဘောပေါက်အောင်လုပ်ပေရမည်။ ထိုမှ သင့်ရဲ့ ရိုးသားမှုနဲ့ စာနာမှုက သူတို့ကို ဖွင့်ဟပြောစေမည့် အားတစ်ခုဖြစ်လာလိမ့်မည်။
ရိုးရိုးရှင်းရှင်းပြောရသော် သင်ကိုယ်တိုင်က သနားစရာကောင်းသကဲ့သို့ ဟန်ဆောင်ဟန်ဆောင်လုပ်ခြင်းဖြစ်၏။
“ငါတို့ကို နင့်ပြဿနာထဲ၀င်မပါစေချင်တာကို ငါသိပါတယ်။ ဒါပေမယ့် ငါအဲ့ဒီ မီးခိုးမြူပုံရိပ်ကို တွေ့ပြီးသွားပြီလေ…” စုရှောင်ရှန် ဖြည်းညှင်းစွာဆိုလိုက်သည်။
“ငါ့အသက်ရန်ကို ခြိမ်းခြောက်နိုင်တဲ့ဟာက ဘာလဲ ဘယ်ကလာသလဲဆိုတာ ငါမသိရရင် ငါစား၀င်အိပ်ပျော်နိုင်မှာမဟုတ်ဘူး။ နင်ငါ့ရဲ့ ခံစားချက်တွေကိုရော လစ်လျူရှူလိုက်တော့မှာလား”
မိုမို သူ့ကို ခံစားချက်များ လျှံထွက်နေသော မျက်၀န်းများဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူ့ထံမှ ခက်ခက်ခဲခဲ အကြည့်လွှဲလိုက်၏။
သူမ၏ အမူအရာကိုမြင်သောအခါ စုရှောင်ရှန်၏ နှလုံးတစ်ချက်ခုန်သွားပြီး စိန်အားထက်သန်စွာမေးလိုက်သည်။ “ပြောပါ အဲ့ဒီ … မီးခိုးမြူပုံရိပ်က ဘာကြီးလဲ”
မိုမို အံကိုတင်းတင်းကြိတ်၍ သူမ၏ သွေးများပေကျံနေသော အင်္ကျီစကို ဆုပ်ကိုင်လိုက်သည်။ သူမကိုကြည့်ရတာ အမှန်တရားကိုပဲ ပြောရမလား တိတ်ဆိတ်နေရမလား နှစ်ခုအကြားမှာ တွေဝေနေပုံရ၏။
စုရှောင်ရှန် သူမရဲ့ တုန့်ဆိုင်းမှုကို မြင်လိုက်ပြီး နောက်ဆုံး တိုက်စစ်ကို ထိုးလိုက်တော့သည်။
မုကျစ်ရှီ၏ ခြေထောက်ကို လိမ်လိုက်ပြီး သူ့လက်ထဲကရုန်းကန်နေသော ကောင်မလေးနှင့် သူကိုယ်တိုင်ကို မြေပြင်ပေါ် ဒူးအထောက်သား မိုမိုနှင့် မျက်နှာခြင်းတစ်ပြေးညီတည်း ကျသွားစေလိုက်သည်။ မုကျစ်ရှီကို တင်းတင်းကြပ်ကြပ် ဖမ်းချုပ်ထားရင်းမှ မိုမို့မျက်၀န်းများကို ဝိညာဉ်တောင် ဖောက်ထွင်း၍ မြင်သကဲ့သို့ မျက်လုံးများဖြင့် ကြည့်လိုက်၏။
“ငါတို့က သူငယ်ချင်းတွေမှတ်နေတာ” စုရှောင်ရှန်၏ လေသံက ရိုးသားခြင်း၊ မယုံကြည်နိုင်ခြင်း စသဖြင့် ခံစားချက်များဖြင့် ပြည့်နေ၏။
မိုမို မခံနိုင်ပါတော့ပေ။ သူမ၏ မျက်၀န်းများ မျက်ရည်များဖြင်း ရွှန်းစိုသွားတော့သည်။ စုရှောင်ရှန်ကို သူမ အကုန်ပြောပြတော့မည်ဖြစ်သည်။
စုရှောင်ရှန်၏ နက်မှောင်သော မျက်၀န်းများမှ နာကျင်မှုများကို မြင်သောအခါ မိုမို ရှိုက်ငင်သံများတောင်ထွက်လာသည်။
“အားးး” စုရှောင်ရှန် ရုတ်တရက် ထအော်သည်။
“အရင်ဘ၀တုန်းက နင်က ခွေးလား” ထို ၀မ်းနည်းနာကျဉ်းဖွယ်ရာ အခိုက်အတန့်လေးက ဒေါသတကြီး အော်သံနှင့်အတူ ပျက်တီးသွားတော့၏။
စုရှောင်ရှန် မခံနိုင်ပါတော့ပေ။ သူ့လက်ကို ကိုက်ထားသည့် မုကျစ်ရှီကို ခါထုတ်ပစ်လိုက်သည်။ သူ့လက်ကို ပြန်ကြည့်သောအခါ သွေးထွက်နေသည်ကို တွေ့လိုက်ရ၏။
ဤကောင်မလေး သူ၏ အရှင်သခင်နယ်ပယ် ခန္ဓာကိုယ်ကို သူမ၏ သွားများဖြင့် တကယ် ကိုက်ဖောက်နိုင်လိုက်သည်တဲ့လား။ စုရှောင်ရှန် မယုံကြည်နိုင်မှုတို့ဖြင့် မှင်တက်သွားသည်။
“စုရှောင်ရှန် နင့်မှာ သူငယ်ချင်းရှိတယ်ပေါ့ ထူးဆန်းလိုက်တာ” မုကျစ်ရှီ နှာခေါင်းရှုံ့လိုက်သည်။
[ကဲ့ရဲ့ခံရပါသည်။ ပင်ကိုယ်မှတ် + ၁]
မိုမိုစွံ့အသွားသည်။
သူမ၏ နှုတ်ခမ်းသားများအနည်းငယ်ဟသွားပြီး ဘာသံမှ ထွက်မလာဘဲ အတန်ငယ်ကြာသော် ပြန်ပိတ်သွား၏။