ရွှေရောင် ဘီလူးကြီးက စန်းလျှိုသစ်တော အလယ်၌ ရပ်နေသည်။ သစ်တောထဲမှ အရှည်ဆုံးသစ်ပင်ဆိုတာတောင်မှ ထိုဘီလူးကြီး၏ ခါးလောက်သာရောက်သည်။
နေရာတစ်ဝိုက်လုံးက အက်ရာ၊ ချိုင့်ရာများဖြင့် အတော် ရှူမြင်လို့ မကောင်းဖြစ်နေသည်။
သူ့ပစ်မှတ် မီးခိုးမြူပုံရိပ်က ပျောက်ကွယ်သွားခဲ့ဖြစ်ပြီး မိုမိုသာ ကျန်ခဲ့လေတော့ရာ သူ့တိုက်ခိုက်ချက်များကို စုရှောင်ရှန် ရပ်တန့်လိုက်သည်။
သူ့ရွှေရောင်လက်ကြီးက ထိုမိန်းမပျိုလေးကို က်ိုင်ထားရင်းမှ မျက်လုံးများက ကြမ်းတမ်းမှုများပျောက်ကာ လူသားဆန်မှုတို့အစားထိုးပြန်၀င်ရောက်လာသည်။
“ဘာဖြစ်သွားတာလဲ…”
စုရှောင်ရှန် အသိပြန်လည်လာပြီး သူ့လက်ဖ၀ါးပေါ်က သွေးသံတရဲရဲနှင့် မိုမို့ကိုကြည့်လိုက်၏။ သူဘာဖြစ်သွားလဲမသိရပါ။ ထိုရှေးဦးဆန်တဲ့ စွမ်းအင်တွေနဲ့ အချိတ်အဆက်အမိသွားတဲ့အခါ သူသတိမေ့သွားလေသည်။
ပျက်သုဉ်းခြင်း၊ ကွယ်ပျောက်ခြင်း၊ ရုန်ရင်းကြမ်းတမ်းမှုများ…
ကြည့်ရတာ ထိုရှေးဦးဆန်တဲ့ ရမက်တွေက သူ့စိတ်ကို ၀င်စီးရုံသာမက ခန္ဓာကိုယ်လည်း ထိန်းချုပ်လိုက်ဟန်ရသည်။
တိုက်ပွဲတစ်လျှောက်လုံးဖြစ်ခဲ့ ပျက်ခဲ့သည်များကို အချိတ်အဆက်မိဖို့ စုရှောင်ရှန် ကြိုးစားစဉ်းစားပြီးသော် မီးခိုးမြူပုံရိပ်ထံမှ အသက်သေမတတ် ဒဏ်ရာရရှိ ခဲ့တာကြောင့် လူ့ဘီလူးကြီး၏ ဒေါသ ထွက်လာတာကို သိသွားသည်။
စုရှောင်ရှန် စိတ်လွတ်နေသည့် အခြေအနေကို ၀င်သွားပြီးနောက်မှာ ထို မီးခိုးမြူပုံရိပ်ကို အစအနမကျန်အောင် ထုထောင်းပစ်လိုက်၏။
“… …”
နိုးထခြင်း၏ အကျိုးသက်ရောက်မှုက ကြမ်းလည်းကြမ်းတမ်းသလို ပတ်၀န်းကျင်နှင့်လည်း သဟဇာတ မဖြစ်ပုံရသည်။ စုရှောင်ရှန်ကိုလည်း ယာယီ ကျိုးကြောင်းဆီလျော်မှုများပျောက်ဆုံးသွားစေ၏။
စုရှောင်ရှန်ဤအချက်နှင့်ပတ်သက်ပြီး သိပ် မကျေနပ်ပါပေ။ သူသာ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း ပျောက်ဆုံးသွားမယ်ဆိုရင် ဒီပင်ကိုယ်စွမ်းရည်က ဘာမက် လောက်စရာရှိဦးမလဲ။ မိတ်ဆွေကို မှားယွင်းစွာတိုက်ခိုက်မိလျှင်ကော။
သို့သော် ၎င်းက တော်တော်တော့ အသုံးတည့်သည်။ စုရှောင်ရှန် မြေပြင်မှ တွင်းနက်ကြီးများကို ကြည့်ပြီး အတွေးရေယဉ်ကြောထဲ စီးမျောလိုက်ပါသွားတော့သည်။
ရုတ်တရက် စုရှောင်ရှန်၏ ကိုယ်ကို မောပန်းနွမ်းနယ်မှုတို့ရိုက်ခတ်သွားပြီး တုန်တုန်ယင်ယင် ဖြစ်လာလေသည်။ သူ့ကို ၀န်းရံထားသည့် ရွှေရောင်အလင်းများလည်း ကွယ်ပျောက်သွား၏။ သူ့မူလခန္ဓာကိုယ်အရွယ်အစားကိုပြန်ရောက်သွားသော စုရှောင်ရှန် မိုမို့ကို ချီထားရင်းမှ ကောင်းကင်ပေါ်မှ စွန်ကြိုးပြတ်ပြုတ်ကျသွားသည်။
မြေပြင်ပေါ်တွင် ရောက်သောအခါလည်း ဆားလူးထားသည့်ငါးများအလား ဖြစ်နေတော့သည်။ စုရှောင်ရှန်က နွမ်းနယ်မှုကြောင့်ဖြစ်ပြီး မိုမိုကတော့ သတိလစ်မေ့မျောနေသောကြောင့် … နေပါဦး အသက်တောင်ရှင်သေးရဲ့လား။
သူထုတ်လွှတ်လိုက်သော အကြမ်းပတမ်းထိုးချက်များကို ပြန်မြင်ယောင်ပြီးနောက်…
ထိုအခိုက်မှာ အရှင်သခင်နယ်ပယ် ထာ၀ရအသက်စွမ်းအင်က သူဘာကောင်လဲဆိုတာ သိသွားအောင်ပြသလိုက်သည်။ သာမန်ဆို ထိုသို့ တွေ့ကြုံခံစားရပြီးနောက်မှာ စုရှောင်ရှန်က အတော်ကြာ အားအင်ချိနဲ့နေသင့်သေးသည်။ သို့သော် ထိုပင်ကိုယ်စွမ်းရည်၏ နောက်မှ ပံ့ပိုးပေးမှုကြောင့် စက္ကန့်ပိုင်းအတွင်း ပြန်လည်လှုပ်ရှားလာနိုင်ကာ နောက်တစ်စက္ကန့်ကြာတော့ နောက်ထပ် တိုက်ပွဲတစ်ခုအတွက်တောင် တိုက်ခိုက်ရန် အဆင်သင့်ဖြစ်သွားသည်။
တုန့်ဆိုင်းခြင်းအလျင်းမရှိ မိုမို့ နှာခေါင်းရှေ့မှာ အသက်ရှူသေးသလား ဆန်းစစ်ရန် စုရှောင်ရှန် လက်တေ့လိုက်သည်။ မိုမို့အခြေအနေက ထင်ထားတာထက် ဆိုးနေ၏။
နေပါဦး။ နှလုံးခုန်သံလေးကြားလိုက်သလားလို့။
စုရှောင်ရှန် ကိုယ်ကိုကိုင်းညွှတ်ပြီးကြည့်လိုက်ရာ မိုမို့ ရင်ဘက် အနည်းငယ် တက်လိုက်ဆင်းလိုက် ဖြစ်နေတာကို တွေ့လိုက်ရသည်။ နောက်ထပ် အတန်ကြာသောအခါ နှလုံးခုန်သံ တစ်ချက်ကို ထပ်ကြားလိုက်ရ၏။
“တကယ်ဆို ဒီတိုက်ခိုက်မှုအောက်မှာ အသက်တောင် မရှင်နိုင်လောက်တာ…”
ယခု စုစုရှောင်ရှန်က သူ့မူလအရွယ်အစားကို ပြန်ရောက်သွားပြီး မြေပြင်တွင် သူထိုးထားသော လက်သီးကြောင့်ဖြစ်ပေါ်လာသော တွင်းနက်ကြီးအတွင်း ထိုင်နေလေသည်။ သို့မှ ဘီလူးကြီးအခြေအနေတုန်းက သူက ဘယ်လောက် ကြောက်မက်ဖွယ်ရာကောင်းလဲကို သိလိုက်ရသည်။
အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်နှင့် လူ့ဘီလူးကြီး၏ဒေါသတို့ပေါင်းလျှင် လူတစ်ယောက်ကို လက်သီးတစ်ချက်တည်းဖြင့်တောင် သတ်နိုင်လောက်၏။
မြေပြင်ပေါ်မှ အသေးဆုံးတွင်းကတောင် ၁၂ပေလောက်ကျယ်၀န်းပြီး အတော်နက်နေကာ အုတ်ကာခဲကျထားသကဲ့သို့ ဖြစ်နေသည်။
သူစိတ်လွတ်နေသည့် အချိန်အတွင်း မီးခိုးမြူပုံရိပ်ခံစားရမည်များကို စိတ်ကူးပင်မယဉ်ကြည့်ရဲပါချေ။ ထိုပုံရိပ်က သူ့အသက်အတွက်တောင် တောင်းပန်၀န်ချခဲ့လောက်သည်။
စုရှောင်ရှန် မမှတ်မိနိုင်တာကြောင့် ထိုအရာများကို ခေါင်းထဲမှ ထုတ်လိုက်သည်။
သူ့ခွန်အားအနည်းငယ်ပြန်လည်ပြည့်ဖြိုးလာပြီးနောက်မှာ စိတ်ဝိညာဉ်အနှစ်များကို အလျင်အမြန် အသုံးပြုပြီး မိုမို့ အခြေအနေကို ဆန်းစစ်ကြည့်လိုက်သည်။
သူမ သေတော့မယ်ဆိုရင်တော့ သူလုပ်နိုင်တာဘာမှ မရှိပါပေ။
မီးခိုးမြူပုံရိပ်က မိုမို့ ခန္ဓာကိုယ်ကို ၀င်စီးထားသော်လည်း ကိုယ့်ရန်သူဖြစ်နေလျှင် အသေအကြေတိုက်ခိုက်ကြမည်သာ။ တကယ်ဆို စုရှောင်ရှန်တောင် ထိုလက်သီးထိုးချက်များအတွင်း အားအပြည့်မသုံးလိုက်ဘူးဟု ယုံကြည်ထားသည်။
သူလုပ်ခဲ့တာတွေအတွက် သူ့ကို အပြစ်တင်လို့မရပါချေ။ သူကယ်နိုင်လျှင်တော့ မိုမို့ကို အစွမ်းကုန်ကယ်ကြည့်ရပေမည်။
မီးခိုးမြူပုံရိပ်၏ ထူးဆန်းတဲ့ နည်းစနစ်တွေက သူ့အမြင်ကိုချဲ့ပေးလိုက်သည်။ နေ့စဉ်မြင်တွေ့နေကြ နည်းစနစ်များလည်းမဟုတ်ရာ မီးခိုးမြူပုံရိပ်က အလွန်အရေးပါသည့် တစ်ယောက်ယောက်သာဖြစ်ရမည်။
ထိုပုံရိပ်သေသွားပြီလား။ စုရှောင်ရှန် မယုံနိုင်ပါပေ။
မိုမိုတောင်မသေသေးတာ ထို မီးခိုးမြူပုံရိပ်က လွယ်လင့်တကူ သေမည်တဲ့လား။ သူ့ထိုးချက်များအောက်၌ ကြေမွသွားပြီး နဂိုမူလပုံစံပြန်ဖြစ်သွားကာ မိုမို့လက်ထဲ ပြန်ပုန်းအောင်းရန်သွားသည်သာ ဖြစ်နိုင်သည်။
သို့မှ မိုမို့အခြေအနေကို ဆန်းစစ်ကြည့်ပြီးသော် မိုမိုမသေတာက သူမကိုယ်အတွင်း ချိတ်ပိတ်ထားဟန်ရသော အသက်စွမ်းအင် သဲ့သဲ့လေးကြောင့်ဆိုတာ စုရှောင်ရှန် သိလိုက်ရသည်။
ထိုမှ စုရှောင်ရှန် သူမကို ကယ်တင်နိုင်ပေလိမ့်မည်။
“မီးခိုးမြူပုံရိပ်က တကယ် အကွက်ချစီစဉ်ထားတာပဲ” ဖြစ်ကြောင်းကုန်ဆင်ကို သဘောပေါက်သွားတော့သည်။
သူတို့သိကျွမ်းကြသည်ဟူသည့် အချက်လေးကိုထောက်ပြီး မီးခိုးမြူပုံရိပ်က စုရှောင်ရှန် မိုမို့ကို ကယ်တင်လိမ့်မည်ဟု ယုံကြည်ထားဟန်ရသည်။
မိုမို့ကို ကယ်ရမလား…။
မိုမို့ကို သူကယ်လျှင်လည်း ပြဿနာများသာ များလာပေလိမ့်မည်။ သူ့အတွက်တောင် ရန်သူတစ်ယောက်ကို မွေးထုတ်ပေးနိုင်လောက်၏။
ဒါကြောင့် မကယ်ရဘူးလော…။
အကြားအမြင်မှ တစ်ဆင့် မြေပြင်တွင်ကျနေသော စိတ်ဝိညာဉ်အသက်တံဆိပ်ပြားကို တွေ့လိုက်ရသည်။ အတန်ကြာ စဉ်းစားခန်း၀င်နေပြီးနောက်မှာ မိုမို့ ရင်ဘက်ပေါ် တင်ပေးလိုက်ရန် ဆုံးဖြတ်လိုက်၏။
စုရှောင်ရှန်က သူ့အပေါ်ကောင်းလျှင် ကောင်းမည်၊ ဆိုလျှင် သူကလည်း ဆိုးမည် ဖြစ်သည်။ မိုမိုက နူးညံ့သော လိပ်ပြာလေးတစ်ကောင်သာ။ ထို မီးခိုးမြူပုံရိပ်နှင့် တစ်ဘက်တည်းတွင် ရှိလိမ့်မည်မဟုတ်လောက်ပါပေ။
မကောင်းတဲ့သူကို ပယ်ဖို့ ကောင်းတဲ့သူကို စတေးလိုက်ရမှာကိုတော့ သူမလိုလားပါပေ။
သို့ဖြင့်
“မင်းထပ်မျက်နှာလာပြရဲရင် ထပ်ပြီး ရိုက်နှက်ပြီး ကိုယ့်နေရာကိုယ်သိသွားအောင်လုပ်ပေးပစ်မယ်” မိုမို့ညာလက်ကို လက်ညိုးထိုးပြီး စုရှောင်ရှန်အော်လိုက်သည်။
သို့သော် ဘာတုန့်ပြန်ချက်မှ မရပါပေ။
သူ့ဟာသူတွေးမိတွေးရာ တွေးရင်း စုရှောင်ရှန် ဝါးလုံးကွဲရယ်လိုက်၏။
ထိုပုံရိပ်ကို တစ်ခါ နေရာသိသွားအောင်လုပ်ပေးနိုင်မှတော့ နောက်တစ်ခါလည်းထပ်လုပ်နိုင်ပေလောက်မည်။ ဒါ့အပြင်ကို ထို ပုံရိပ်က အပြင်းအထန် ဒဏ်ရာ ရသွားသည့်ဟန်ရပြီး အချိန်တိုအတွင်း ပြဿနာရှာမည့်ဟန်မပေါ်ပါပေ။
ထိုအရာ နောက်တစ်ခါထွက်လာလျှင် ဘယ်လောက် စွမ်းအားကြီးနေမလဲ စုရှောင်ရှန်မသိပါချေ။ ထိုအချိန်ကျရောက်လာပါကလည်း သူ့ကျင့်ကြံခြင်းနယ်ပယ်က ယခု အဆင့်မှာ ရှိလောက်တော့မည်မဟုတ်ပါပေ။
“အရှုံးသမားတွေပဲ ကြောက်ချေးပါကြတာ…” ထိုစကားက ပြောရတာမိုက်သည်ဟု ခံစားလိုက်ရသည်။
မိုမို သတိပြန်လည်လာချိန်မှ သူ့ဟာသူ စုံစမ်းစစ်ဆေးခန်း၀င်နိုင်ပေမည်။ မိုမို ကြာကြာ သတိ မမေ့မျောနေပါစေနဲ့ ဆုတောင်းလိုက်၏။
စုရှောင်ရှန် ခေါင်းကို သနားညှာတာစွာ ခါရမ်းလိုက်သည်။ အကြီးအကဲစန်း၏ ငြင်းပန်းနှိပ်စက်မှုက ကျင့်ကြံခြင်းနယ်ပယ် အမြင့်ပိုင်းကိုရောက်ဖို့ ရွှေလက်မှတ်တစ်ဆောင်ဖြစ်တယ်ဆိုပေမယ့် နောက်ကလည်း ပြဿနာက ဒွန်တွဲပါလာလေသည်။
ထို မီးခိုးမြူပုံရိပ်သာ နောက်ထပ် မကောင်းတဲ့ ရည်ရွယ်ချက်တွေရှိနေဦးမယ်ဆိုရင်တော့ စုရှောင်ရှန်ကို မိုမိုတောင်ရပ်တန့်နိုင်လိမ့်မည်မဟုတ်ပေ။ သူမတောင် သူ့လက်မအောက်တွင် ထာ၀ရ ပိတ်လှောင်သွားခံရလိမ့်မည်။
ထို့နောက် သူ့စိတ်ထဲမှ အနီရောင်ဖန်သားပြင်ကြီးကို စုရှောင်ရှန်ကြည့်လိုက်သည်။
ထိုအနီရောင်ဖန်သားပြင်က နတ်နဂါးကြီး သူ့မူလနန်းတော််ထဲကို၀င်လာသောအခါမှာ ရက်ရက်စက်စက် သတ်ဖြတ်ပစ်လိုက်ခြင်းကို ကြည့်ခြင်းအားဖြင့် ၎င်းလည်း ကိုယ်ပိုင်အသိရှိကြောင်းကိုပြသနေသည်။
သူ့စိတ်ကို ယခု တစ်စုံတစ်ယောက်က ထိန်းချုပ်ထားတာများလား။
စုရှောင်ရှန် ထိုသို့တွေးမိပြီး အရိုးအေးမတတ် ချမ်းစိမ့်သွားသည်။
ဖြစ်ခဲ့ပျက်ခဲ့သည်များကို ပြန်စဉ်းစားကြည့်လျှင် အရာအားလုံးကို ကံကြမ္မာကြီးက ကြိုတင်အကွက်ချစီစဉ်ထားသကဲ့သို့ ဆက်တိုက် တိုက်ဆိုင်မှုတွေ ဖြစ်နေ၏။
စုရှောင်ရှန် ကိုယ့်ကိုယ်ကိုယ် လှောင်ရယ်လိုက်သည်။ ကြည့်ရတာ အကြီးအကဲစန်း၏ “နတ္ထိ လှောင်အိမ်” အတွေးအခေါ်အောက်တွင် သူ့အတွေးအမြင်များပြောင်းလဲသွားဟန်ရသည်။ ကျိုးကြောင်းတိုက်ဆိုင်မှုဆိုတာ အမြဲတမ်းလည်းမဖြစ်နိုင်သလို ဘာစိတ်ကိုထိန်းချုပ်ခြင်းမှလည်း မဖြစ်နိုင်ပေ။
ထိုထူးထူးဆန်းဆန်း အတွေးများကို သူ့ခေါင်းထဲမှ ခေါင်းခါရမ်းပြီး ထုတ်ပစ်လိုက်သည်။ ထို့နောက် သူဖော်စပ်ထားသည့် ရွှေနီဆေးရည်ကို ထုတ်ယူပြီး ကိုယ့်ကိုယ်ကိုယ် အပြည့်အ၀ ပြန်လည်သက်သာလာအောင် လုပ်လိုက်၏။
တစ်ချက် တွေးကြည့်လိုက်ပေးပြီးနောက် မိုမို့ကိုလည်း ရွှေနီဆေးရည်တစ်ချို့တိုက်လိုက်သည်။
“ဘယ်လောက်တောင် နင် အားနည်းလာတာလဲ။ တိုက်ပွဲပြီးတော့ နလံကို မထူနိုင်တော့ဘူး။ အေး… နင် မိုမိုမဟုတ်တော့ဘူး…” စုရှောင်ရှန် သူမကို စနောက် ပြောဆိုလိုက်သည်။
ထို့နောက် ထရပ်ပြီး ကိုယ်ကို ဆန့်တင်းလိုက်ရာ ခရက်ဟူ၍ မြည်သံ များကို ဆက်တိုက်ကြားလိုက်ရသည်။
သူ့ဒန်ထျန်ကို စစ်ကြည့်လိုက်ရာတွင် ထိုတိုက်ပွဲပြီးနောက် သူ့စိတ်ဝိညာဉ်အနှစ်များက နောက်တစ်ဆင့်တက်တော့မှာကို တွေ့လိုက်ရ၏။
စုရှောင်ရှန် ပျော်ပျော်ရွှင်ရွှင်ပြုံးလိုက်သည်။ ၎င်းက အကန့်အသတ်မရှိသော စွမ်းအင်ဖြစ်၏။
သူ့တွင် စွမ်းအင်များအများအပြား ပြန်လည်ပြည့်ဖြိုးလာရာ မီးခိုးမြူပုံရိပ် နောက်တစ်ကြိမ်ပေါ်လာလျှင်တောင် စုရှောင်ရှန်အတွက် ပြဿနာရှိလိမ့်မည်မဟုတ်ပါပေ။
သူတကယ် သန်မာရင်း သန်မာလာနေခဲ့၏…။
“ဟုတ်သားပဲ တစ်ယောက်ယောက်ပျောက်နေသလိုပဲ”
သို့မှ မုကျစ်ရှီကို နတ်နဂါးကြီးဆင်းသက်လာတုန်းက အဝေးကို တောက်ထုတ်ပစ်လိုက်တာ စုရှောင်ရှန်သတိရသွားသည်။
သူမက ဒီလောက် သေးသေးကွေးကွေးလေးကို အဲ့ဒီက ထိတိုက်မှုကြောင့်တော့ မသေနိုင်လောက်ဘူးမလား။
ယခု သူ့အကြားအမြင်က ထင်မှတ်မထားလောက်အောင် အကွာအဝေးကိုရောက်ရှိလာသည်။ စုရှောင်ရှန် အတန်ကြာ လိုက်ရှာကြည့်ပြီးနောက်မှာ မုကျစ်ရှီကို သူနှင့် မီတာ ရာအနည်းငယ်ကျော်မှာ တွေ့လိုက်ရ၏။
စုရှောင်ရှန်ကြောင့် ထိုဧရိယာအတွင်းမှ သစ်ပင်များက အရွက်များမရှိကြတော့ကာ အကိုင်းတစ်ခုပေါ်၌ တွဲလောင်းကြီးဖြစ်နေသော မုကျစ်ရှီကို တွေ့လိုက်ရသည်။
မြေပြင်ပေါ်သို့ မကျအောင် သူမ၏ ခြေထောက်များက အကိုင်းတစ်ခုပေါ်တွင် အောက်စိုက်တွဲလောင်းကြီးချိတ်နေလေရဲ့။
သူမ၏ နှစ်မြွှာကျစ်ဆံမြီးကလည်း အောက်သို့ တွဲလောင်းကျနေကာ သူမ၏ ပါးစပ်များမှလည်း အမြှပ်များတထောင်းထောင်းထနေ၏။
ထို့နောက် အိပ်မက်ယောင်ပြီး ပါးစပ်ကိုလည်း တစ်ခုခုကို ဝါးနေသလို ပြုလုပ်နေသည်။ ပါးစပ်မှ သွားရေများကို သူမ၏ လက်ဖြင့် သုတ်လိုက်ကာ ညှင်သာလေ လေညှင်းအကြားတွင် ရှေ့နောက် လူးလွင့်နေတော့၏။
စုရှောင် မှင်တက်သွားသည်။
သူက အသက်အတွက်တိုက်ခိုက်နေတဲ့အချိန်မှာ သူမက သစ်ပင်ပေါ်မှာ အိပ်နေတယ်ပေါ့။ ဘယ်လိုတောင် အပူအပင်ကင်းမဲ့လိုက်သလဲ။
ဇောက်ထိုးကြီး တွဲလောင်းချပြီး အိပ်နေတဲ့ပုံကိုကြည့်ပါဦး။