မီးခိုးမြူပုံရိပ်က ဒေါသတို့ဖြင့် ပေါက်ကွဲတော့မတတ်ဖြစ်နေသည်။ စုရှောင်ရှန်ကို ဘယ်တော့မှ စကားမပြောတော့ပါဟု မီးခိုးမြူပုံရိပ်ကျိန်ဆိုလိုက်၏။
စုရှောင်ရှန်က ဉာဏ်နီဉာဏ်နက် များလွန်းသည်။ သူသတိမထားမိလျှင် ထိုအကောင့်၏ ထောက်ချောက်ထဲ ထပ်ကျသွားနိုင်၏။
မီးခိုးမြူပုံရိပ်၏ လက်တွင် စိတ်ဝိညာဉ်အနှစ်များ စုစည်းလာလေပြီး သူ့ကိုယ်သူ မီးခိုးလုံးကြီးဖြင့်ဖုံးအုပ်လိုက်ကာ အပြင်ဘက်အရာများအားလုံးထံမှ ကာကွယ်လိုက်သည်။
“လမ်းစဉ် ခြောက်ခု၊ ကောင်းကင် လှောင်ပိတ်ခြင်း” ထို့နောက် အေးစက်စက်အသံကို ထပ်ကြားရသည်။
စုရှောင်ရှန်၏ မျက်လုံးများ မယုံကြည်နိုင်မှုတို့ဖြင့် ပြူးကျယ်သွားသည်။ ထိုအရာ၏ ခွန်အားက ထပ်၍ ခုန်တက်သွားပြန်ပြီ။
‘လခွီး… မဖြစ်တော့ဘူး’
ထျန်းရွှမ်တံခါးက လျှို့၀ှက်နယ်ပယ်တစ်ခုဖြစ်ကာ ကမ္ဘာအသေးလေးတစ်ခုလို့လည်း ပြောနိုင်သည်။ ထိုကမ္ဘာလေး ခံနိုင်သော အမြင့်ဆုံးကျင့်ကြံခြင်းနယ်ပယ်မှာ စစ်မှန်ခြင်းနယ်ပယ် အထွတ်အထိပ်ဖြစ်၏။
ဒါကိုတောင် ထပ်ကပ်တွက်သေးလျှင် အများဆုံးက စစ်မှန်ခြင်းနယ်ပယ်မှ အရှင်သခင်နယ်ကယ်သို့ လောလောလတ်လတ် အဆင့်တက်ပြီးကာစ ကျင့်ကြံသူကိုသာ ခံနိုင်ရည်ရှိသည်။
ယခုတော့ မီးခိုးမြူပုံရိပ်က ကမ္ဘာကြီးကိုယ်တိုင်ကို အရူးလုပ်ကာ ထို့ထက်ပိုသော အဆင့်ကိုတက်နေသည်။
၎င်းက… အဆင့်တက်ဖို့အတွက် ကိုယ့်တည်ရှိမှုကို ကောင်းကင်တာအိုစီကနေ ဖွက်နေသည်နှင့်တူ၏။
စုရှောင်ရှန်ပြောစရာစကားများပျောက်ရှသွားရသည်။
ထိုမျှလုပ်နိုင်အောင် ဘယ်လောက်တောင်သန်မာရမလဲ စုရှောင်ရှန် မခန့်မှန်းနိုင်ပါ။ ဤသို့သော နည်းလမ်းကပဲ နည်းစနစ်ဆိုတဲ့ အတိုင်းအတာကိုကျော်လွန်၍ “မဟာလမ်းစဉ်နှင့် ထိတွေထားမလား” မသိ။
မဟာလမ်းစဉ်ကို နားလည်သဘောပေါက်ရာတွင် တစ်စုံတစ်ယောက်က အသိပညာနှင့် အတွေ့အကြုံ လုံလုံလောက်လောက်မရှိပါက ထိုမျှ ခရီးလမ်းဝေးဝေးကိုရောက်လိမ့်မည်မဟုတ်ပေ။
သို့ဖြင့် မီးခိုးမြူပုံရိပ်က ရောက်မက်ဖွယ်ရာကောင်းလွန်းလှ၏။ စုစုရှောင်ရှန် ချက်ချင်း ထို မီးခိုးမြူပုံရိပ်ကို ပိုင်းဖြတ်လိုက်သည်။
သူ့ဓား၏ စွမ်းပကားက ထက်ရှလွန်းလှသော်လည်း ထိုအရာ၏ ချိတ်ပိတ်ခြင်းစွမ်းအင်နှင့် ထိတွေ့ရာ မယုံနိုင်စရာကောင်းလှအောင် ထန်းဟူသော မြည်သံဖြင့် ဘေးကိုချော်ထွက်သွား၏။
‘ချီးဘဲ။ ဒီတိုင်းဆို ငါက ဘယ်လို ဆက်ချရတော့မှာတုန်း’
မုကျစ်ရှီဘက်သို့ တဟုန်ထိုးပြေး၍ ကောက်မက စုရှောင်ရှန် သုတ်ခြေတင်ပြေးတော့သည်။
“ညီမလေး ထလာပါတော့။ လက်သီးနှစ်ချက်နဲ့ ဓားတစ်ချက်နဲ့ နင့်အကိုကြီး နင့်အတွက် လက်စားချေပြီးပါပြီ။ ထလာပါတော့။ ပြေးရတော့မယ်လို့”
စိတ်ဝိညာဉ်အသက်တံဆိပ်ပြား၏ ကုသခြင်း အကျိုးကျေးဇူးကြောင့် မုကျစ်ရှီ၏ ဒဏ်ရာအတော်များများ ပျောက်ကင်းလုနီးနီးဖြစ်သွား၏။ သို့တောင် သူမက နိုးလာမည့်ဟန် မရသေးပါ။ စုရှောင်ရှန် သူမကိုပဲ ဒီတိုင်း မပြီး မြန်မြန်ပြေးလိုက်ရတော့သည်။
“မင်းထွက်ပြေးနိုင်မယ်ထင်လို့လား” မီးခိုးမြူပုံရိပ်က အေးစက်စက်ဆိုလိုက်သည်။ “လေ”
သူ့လက်နှစ်ဖက်ကို ပူးကပ်လိုက်ရာ ထိုခြောက်ချားဖွယ်ရာလေများ တဖန် ပြန်ပေါ်လာသည်။
စုရှောင်ရှန်၏ ခေါင်းထဲ၌ သတိပေးခေါင်းလောင်းတို့ ညံသွား၏။
ဒီကိုမလာခင်က သူ့စိတ်ဝိညာဉ်အာရုံနှင့် အာရုံခံကြည့်ရာ ယခုတိုက်ခတ်နေသော လေမျိုးက တစ်စုံတစ်ယောက်ကို အပြင်ဘက်ကမ္ဘာကြီးနှင့် အဆက်အသွယ်ပျက်သွားအောင်လုပ်နိုင်တာ မြင်ခဲ့ရသည်။
ထိုအရာက သူ့အကြားအမြင်ကိုပါ နှောင့်နှေးစေမလားမသိပေမယ့် မိုမိုနှင့် မိုးတိမ်လေပြိုင်ပွဲမှ ချွန်ထက်ခြင်း ချိတ်ပိတ်ခံရတာကိုကြည့်ရသော် တစ်စုံတစ်ခုကို ချက်ခြင်းတွေးမိလိုက်သည်။ မထိနဲ့၊ မကြည့်နဲ့။
သူက အများကြီးတိုးတက်လာခဲ့ပြီဖြစ်ရာ ယခင်က စုရှောင်ရှန် မဟုတ်တော့ပါပေ။
သူ့ကိုယ်သူ ထိုမမြင်နိုင်သည့်မီးလျှံများဖြင့် ဖုံးအုပ်လိုက်သည်။ ထိုလေများသူ့အနီးသို့ရောက်လာသောအခါ ဗလာနတ္ထိအဖြစ်ထိ လောင်ကျွမ်းခံလိုက်ရပြီး သူ့ကိုယ်ကိုထိတွေ့ခြင်းမရှိတော့ပေ။
ငရဲမီးတောက်ကောင်းကင်မီးလျှံများက သဏ္ဌာန်မရှိသလို လုံး၀အတိ ပူပြင်းပြီး အရာအားလုံးကို ဗလာနတ္ထိ လောင်ကျွမ်းနိုင်၏။
“စိတ်ဝိညာဉ်အာရုံက အသုံးမ၀င်တော့ဘူးဆိုတော့…”
သူ့ကို ထိုလေများလာရောက်မတိုက်ခတ်ရသေးသည်တောင် သူ့ရှေ့မှ လမ်းကို စိတ်ဝိညာဉ်အာရုံဖြင့် အာရုံခံလို့မရတော့ပေ။
စုရှောင်ရှန် ပျာယာခတ်သွားသည်။ အကယ်၍ မီးခိုမြူများအတွင်း၌ လမ်းပျောက်သွားပါက မုကျစ်ရှီဖြစ်သလို လျှင်မြန်စွာ သူ့ကို ဖြစ်လာပေလိမ့်မည်။
စုရှောင်ရှန် သူ့စိတ်ထဲက အနီရောင်ဖန်သားပြင်ကို ကြည့်လိုက်သည်။
[ပင်ကိုယ်မှတ် : ၃၈၆၉၄]
ထိုအခိုက် ပင်ကိုယ်မှတ် သုံးသောင်းလောက်တော့ ချန်လိုက်ပါမယ်လေဆိုတဲ့ သူ့နောင်ရေးကို ကြိုမျှော်တွေးတတ်သော အမြင်ကို အလွန်အမင်း ကျေးဇူးတင်သွားမိသည်။
[အကြားအမြင် (စစ်မှန်ခြင်းနယ်ပယ် အဆင့်(၁)]
[အကြားအမြင် (စစ်မှန်ခြင်းနယ်ပယ် အဆင့်(၆)]
ချက်ခြင်းပဲ ပင်ကိုယ်မှတ် ၂၅၀၀၀ ကို အကြားအမြင်ထဲ ထည့်ပစ်လိုက်သည်။
သူ့အစောပိုင်းအတွေ့အကြုံများအရတော့ ထို မီးခိုးမြူပုံရိပ်၏ ချိတ်ပိတ်ခြင်းစွမ်းအင်များ သူ့ကိုမထိလျှင် သူ့နည်းစနစ်များလည်း ချိတ်ပိတ်ခြင်းခံရလိမ့်မည်မဟုတ်ပေ။
အကြားအမြင်ကို ယခင်တစ်ခေါက် အဆင့်မြှင့်ပြီးကတည်းက အရာအားလုံးကို ရှင်းလင်းစွာ သူ့ကိုယ်ပိုင်မျက်စိနှင့်မြင်နေရသလို ဖြစ်နေပြီ။ သို့သော် အရာတစ်ခုတော့ အဆင့်မြှင့်လို့ရသေးသည်။ ၎င်းက အကွာအဝေးဖြစ်၏။
ထင်ထားသည့်အတိုင်း အကြားအမြင်ကို အဆင့်မြှင့်ပြီးနောက်မှာ စွမ်းရည်၏ အကွာအဝေးက အတော်လေး တိုးမြင့်သွားခဲ့သည်။
ယခင် ဆယ်မီတာ ပတ်လည်၀န်းကျင်မှ ယခု တစ်ကီလိုမီတာ၏တစ်၀က် မီတာ ငါးရာ အကွာအဝေးထိကို ချက်ခြင်း ခုန်တက်သွား၏။
ထို့ပြင် ရှင်းလင်းပြတ်သားမှုကလည်း ပို၍ ကြည်လင်လာသည်။ ဘာဖြစ်မှန်းကိုမသိ သိအောင် ရုန်းကန်ရသော စိတ်ဝိညာဉ်အာရုံဖြင့်တော့ နံ့သာဆီနဲ့ ချေးအလား။
“ကြမ်းတယ်ဟ”
အကြားအမြင်မှ တစ်ဆင့် ထိ မီးခိုးမြူပုံရိပ်က သူ့ကို တိုက်ခိုက်ဖို့ ဆန္ဒမရှိသေးတာ စုရှောင်ရှန် တွေ့လိုက်ရသည်။ ထိုအစား ဆေးလုံးများထုတ်ပြီး တဂျွတ်ဂျွတ်ဝါးစားတော့၏။
“ဟ..” စုရှောင်ရှန် စွံ့အသွားသည်။
‘နည်းနည်းတော့ ဂုဏ်ဆိုတာလေး ရှိပါဦး။ အစောကတည်းက ဆေးလုံးတွေစားရင်ပြီးရောကို ခုမှ တိတ်တိတ်လေးခိုးစားတယ်။ ပြီးတော့ ရွှေနီဆေးလုံးတွေ။ တကယ် မမောက်မာနိုင်တော့ဘူးပေါ့လေ’
စုရှောင်ရှန် ကိုယ့်ကိုယ်ကိုယ် ကျေနပ်သွားသည်။ ဘာမှမသိသလိုဆက်၍ ထွက်ပေါက်ကိုရှာနေဟန် ပျာယာခတ်နေပြလိုက်ပြီး ဖြည်းဖြည်းချင်း ထိုလေဖုံးအုပ်ထားသောနေရာအစွန်းပိုင်းသို့ ပြေးသွားလိုက်သည်။
သူ့ကိုယ်သူ ရန်သူနှင့် အကွာအဝေး ခွာခြင်းက တိုက်ခိုက်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ဟန်မရပေ။ သို့သော် စုရှောင် ထိုအရာများကို ခေါင်းထဲမှ ထုတ်ပစ်ကာ ဆက်၍ ပြေးနေတော့၏။
မီးခိုးမြူပုံရိပ်က တာဝေးတိုက်ကွက်များကို ပို၍ နှစ်သက်သဘောကျနေဟန်ရသည်။ သို့ဆိုပါက ဆေးလုံးများကိုစားပြီး ဒဏ်ရာများကို အေးဆေးသက်သာလာအောင်လုပ်နိုင်တယ်မဟုတ်ပါလား။
စောနက အဆင့်တက်ခြင်းမှ မီးခိုးမြူပုံရိပ် စိတ်ဝိညာဉ်အနှစ်တစ်ချို့ကို ပြန်ရလိုက်သည်။ သို့ဖြင့် နောက်ထပ် ချိတ်စည်းတစ်ခု ဆောင်ရွက်လိုက်၏။
“လမ်းစဉ်ခြောက်ခု၊ သဏ္ဌာန်ခြောက်ပါး ချိတ်ပိတ်ခြင်းတံခါး”
စုရှောင်ရှန်၏ ပတ်ပတ်လည်မှ တံခါးခြောက်ခု ပြိုးပြိုးပြက်ပြက်ပေါ်လာပြီး သူ့ထံရွေ့လာတော့သည်။ ၎င်းတို့ပူးကပ်သောအခါ မုကျစ်ရှီကို လှောင်ပိတ်သလို ထောင်ချောက်ဖြစ်လာမည်ဟု စုရှောင်ရှန် ခန့်မှန်းကြည့်လိုက်သည်။
သို့ပေမယ့်… ထိုတံခါးများက နှေးလွန်းလှသည်။
သို့မှ ထိုလေများက အခြားနည်းစနစ်တစ်ခုမသုံးခင်လိုအပ်ကြောင်းသိလိုက်ရပြီး စုရှောင်ရှန်၏ မျက်နှာထက်၌ ထူးတန်းသော အမူအရာပေါ်လာသည်။
‘မုကျစ်ရှီသာ စောစောစီးစီးဒါကို အာရုံခံမိရင် အဲ့ဒီ လှောင်အိမ်ထဲတောင် ကျသွားမှာမဟုတ်ဘူး’ သူတွေးလိုက်သည်။
စုရှောင်ရှန် သူ့ခန္ဓာကိုယ်ကို မတော်တဆပုံစံမျိုး အသာအာာ တိမ်းစောင်းလိုက်ရာ ထိုတံခါးခြောက်ခု လုံး၀ မပူးကပ်သွားခင် တံခါးနှစ်ခု အကြားရှိ ကြားပေါက်လေးမှ လွတ်သွားပြီး ဆက်လက်ရှေ့သို့ ပြေးလိုက်၏။
မီးခိုးမြူပုံရိပ် မှင်တက်သွားသည်။
၎င်းက တိုင်ဆိုင်မှုသာဖြစ်ရမည်။ ဟုတ်သည်။
‘ဒီကောင် တံခါးတွေကိုမတွေ့အောင်လုပ်ရမယ်’ သူတွေးလိုက်သည်။
မီးခိုးမြူပုံရိပ် နောက်ထပ် လက်ကွက်တစ်ခုကိုလုပ်ဆောင်လိုက်ရာ မီးခိုး ရောင်တံခါးခြောက်ခု လေထဲတွင်ပေါ်လာပြီး ဖြည်းဖြည်းချင်း စုရှောင်ရှန်ထံ တိတ်တိတ်လေး ချဉ်းကပ်လာတော့သည်။
“အ”
စုရှောင်ရှန် ခြေထောက်ခေါက်သွားပြီး နောက်ထပ်တစ်ကြိမ် တံခါးနှစ်ခုအကြားမှ ကပ်သီးလေးလွတ်သွားပြန်သည်။
မီးခိုးမြူပုံရိပ်စွံ့အသွားသည်။
တကယ်ပဲ တိုက်ဆိုင်မှုလား။
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
“လမ်းစဉ်ခြောက်ခု၊ သဏ္ဌာန်ခြောက်ပ ချိတ်ပိတ်ခြင်းတံခါး” မီးခိုးမြူပုံရိပ် နောက်ထပ် လက်ကွက်များထက်လုပ်လိုက်သည်။
တံခါးခြောက်ခု ထပ်ပေါ်လာသည်။
ဒီတစ်ကြိမ်တော့ ဟန်တောင်ဆောင်မနေတော့ဘဲ တံခါးနှစ်ခုအကြားရှိ အဟလေးမှ ခုန်ထွက်ပစ်လိုက်သည်။ သို့ဖြင့် ထိုခြောက်ချားဖွယ်ရာလေ၏အပြင်ဘက်သို့ထွက်နိုင်လိုက်ပြီး အသက်ရှူချောင်သွားတော့၏။
မီးခိုးမြူပုံရိပ် ကြက်သေသေသွားသည်။
‘ဒီကောင် အကုန်မြင်နိုင်နေတာကို ငါ့ကို အရူးလုပ်နေတာဟ။ ချေးလိုပဲ”
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
မီးခိုးမြူပုံရိပ် ဒေါသအမျက် တစ်ထောင်းထောင်းထနေသည်။ ချက်ခြင်း မီးခိုးလုံးသဏ္ဌာန်ဖြင့် စုရှောင်ရှန်အနောက်ကို တဟုန်ထိုးလိုက်တော့၏။
“စုရှောင်ရှန် မင်းငါ့ကို လှည့်စားရဲတယ်ပေါ့”
“လှည့်စားတယ်” စုရှောင်ရှန် အပြစ်ကင်းစင်သည့် ဟန်ပန်ဖမ်းလိုက်သည်။ သို့သော် သူ့ခြေထောက်များကတော့ ပြေးနေရာမှ မရပ်တန့်ပါလေ။ “ငါ့ခြေထောက်တကယ် ခေါက်သွားလို့ အဆစ်ပြန်တည့်နေတာပါ။ တစ်ခုခုဖြစ်သွားလို့လား”
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
မီးခိုးမြူပုံရိပ်အလွန်ဒေါပွလွန်းလို့ ပေါက်ကွဲထွက်တော့မတတ်ဖြစ်နေသည်။ စုရှောင်ရှန်ကိုတောင် စကာပြန်မပြောတော့ပေ။ သူထပ်လှည့်စားတာမခံရအောင် စကားမပြောတော့ဖို့ ကျိန်ဆိုလိုက်သည်။
စုရှောင်ရှန် သူ့အရှင်သခင်နယ်ပယ်လျင်မြန်မှုကိုလိုက်မှီသည့် ဒုတိယ ပြိုင်ဘက်ကိုတွေ့လိုက်ရသည်။ သူ့နောက်မှ မီးခိုးမြူပုံရိပ်က ခါချ၍မရအောင် ကော်နဲ့ကပ်ထားသလို လိုက်ပါလာနေ၏။
သူသေချာကြည့်လိုက်သောအခါ ထိုအရာ၏ အလျင်က သူ့ထက်တောင် နည်းနည်းမြန်နေတာကို မြင်လိုက်ရ၏။
“အရှင်သခင် နယ်ပယ် ကျင့်ကြံသူတွေက တကယ့်တကယ်ကို ကြောက်ဖို့ကောင်းလွန်းတာပဲ” စုရှောင်ရှန် လက်ဖျားခါသွားရသဖြင့် မှတ်ချက်ချလိုက်သည်။
ထို့နောက် ပါးစပ်ထောင့်မှ သွားရေများကျလာနေတဲ့ အပူအပင်ကင်းမဲ့သော မုကျစ်ရှီကို စုရှောင်ရှန်သယ်ကာ ပြေးနရင်းမှ သူမ၏ ရင်ဘက်ထဲကို လက်လျှိုပြီး စိတ်ဝိညာဉ်အသက်တံဆိပ်ပြားကိုထုတ်ယူလိုက်၏။
“ငါ့ကိုလိုက်မဖမ်းနဲ့တော့ဟ။ ဒီချေးထုပ်… အာ ဒီ တံဆိပ်ပြားပေးမယ်။ ပြီးရင်ကိုယ့်လမ်းကိုယ် သွားကြမယ်။ ဘယ်လိုလဲ” မီးခိုးမြူပုံရိပ်ကို ရပ်ခိုင်းလိုက်ပြီး စုရှောင်ရှန် ညှို့နှိုင်းတော့သည်။
[ပင်ကိုယ်မှတ် : ၁၃၆၉၄]
[ပင်ကိုယ်မှတ် : ၃၆၉၄]
[ဓားထိပ်သီး(စစ်မှန်ခြင်းအဆင့်၁)]
[ဓားထိပ်သီး(စစ်မှန်ခြင်းအဆင့်၃)]
အသိအမြင် ပမာဏအများကြီး သူ့ခေါင်းထဲပေါ်လာပြီး သူ့အောက်မှ စန်းလျှိုသစ်တောကိုကြည့်လိုက်၏။ လေညှင်းကလေးက သစ်ပင်၊ ပန်းပင်များအကြားတိုက်ခတ်နေပြီး ရွက်ခြောက်များကလည်း နေရာတိုင်းမှာ ကျနေကြသည်။
ချက်ခြင်း အကြံတစ်ခုရလိုက်၏။
သူနောက်လှည့်ကြည့်လိုက်ရာ ထင်ထားတဲ့အတိုင်း မီးခိုးမြူပုံရိပ်က လိုက်လာနေသေးတာကိုတွေ့ရသည်။ စုရှောင်ရှန်ဆက်မပြေးတော့ဘဲ နေရာ၌ ရပ်နေလိုက်၏။
“ထပ်တိုးမလာနဲ့။ တကယ်ပြောနေတာ။ ငါ့အသက်ကို ချမ်းသာပေးပါ” စုရှောင်ရှန် ထိတ်ထိတ်ပျာပျာဖြစ်နေသော လေသံဖြင့်ဆိုသည်။
မီးခိုးမြူပုံရိပ်၏ မျက်လုံးများက အထင်အမြင်သေးမှုတို့ဖြင့်ပြည့်နေသည်။ စုရှောင်ရှန် သူ့အသက်အတွက် တံဆိပ်ပြားကိုတောင်လဲလှယ်နေမှတော့ တကယ် လှည့်ကွက်တွေကုန်သွားပြီဖြစ်လောက်၏။
‘ဒီနေ့ တံဆိပ်ပြားကိုပဲမဟုတ်ဘူ မင်းအသက်ကိုပါ ယူမှာ’ မီးခိုးမြူပုံရိပ် စိတ်ထဲမှ ပြောလိုက်သည်။
သို့ဖြင့်ဘာမှ မပြောဘဲ ရှေ့တက်လာလိုက်၏။
ရုတ်တရက် စုရှောင်ရှန်၏ နည်းစနစ်ရဲ့ စက်ကွင်းထဲကိုရောက်သွားရာ မီးခိုးမြူပုံရိပ် ကြက်သီးတဖျင်းဖျင်းထသွားပြီး ပြေးနေတာရပ်အောင် မနည်းလုပ်လိုက်သည်။
စုရှောင်ရှန့် ခေါင်းက ငိုက်စိုက်ကျနေသည်။
သူ့အောက်မှ ရှေးဟောင်းသစ်ပင်အိုကြီးများက စိမ်းလန်းနေကြသေးသော်လည်း ချက်ခြင်း ၎င်းတို့၏ သစ်ရွက်၊ပန်းပွင့်တို့ ကြွေကျလာကြ၏။
အရွက်တိုင်းလိုလို တစ်ခုတစ်ခုကြောင့် ဆွေးမြေ့ ကြွေကျသွားရဟန် ပေါ်သည်။ ထိုသစ်ရွက်များအားလုံးကို ဓားဆန္ဒဖြင့် တစ်မျိုး၊ သူမကြာသေးခင်က တတ်သွားသော “သာမန်အတွေးစွမ်းအား” ဖြင့်တစ်ဖုံ စုရှောင်ရှန်ပေါင်းစပ်ထား၏။
သူသေချာဆန်းစစ်ကြည့်လိုက်ရာ အနည်းဆုံး အရွက်ပေါင်းသောင်းနှင့်ချီ၍ ရှိသည်ကိုတွေ့လိုက်ရသည်။
မီးခိုးမြူပုံရိပ် မှင်တက်သွားတော့သည်။
‘သူ… သူ ငါ့ကိုလှည့်စားပြန်တာလား’ မီးခိုးမြူပုံရိပ်တွေးလိုက်၏။
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]