[လိုက်ဖမ်းခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၂]
[လိုက်ဖမ်းခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၂]
“…”
စုရှောင်ရှန် လူတိုင်းကို ဒေါသသွားစွပေးလိုက်သလိုဖြစ်သွားသည်။ တစ်ယောက်လည်ပင်းတစ်ယောက်ညှစ်နေကြသည့် ထိုနှစ်ဦးယခုတော့ သူ့ဘက် မြှားဦးလှည့်လာကြ၏။
သူ့အရှင်သခင်နယ်ပယ်လျင်မြန်မှုကြောင့်သာမဟုတ်လျှင် လိုက်မှီနေတာကြာလှပြီ။ သူတို့နှစ်ဦးထံတွင် ကြောက်မက်ဖွယ်ရာ သန်မာမှုမျိုးရှိပေမယ့် လျှိုလင်းလင်းလောက် မမြန်ကြရာ သူ့ကိုလိုက်လို့မမှီနိုင်ဖြစ်နေကြသည်။
သို့သော် နောက်မှ အများကြီးပြတ်၍ကျန်နေခဲ့ခြင်းတော့မဟုတ်ပါ။ ထိုသို့ပြေးနေရင်းမှ မိုမိုလည်း ဗလာနယ်ပယ်အထွတ်အထိပ်ကိုရောက်သွားပြီး မုကျစ်ရှီလည်း မူလနန်းတော်နယ်ပယ်အထွတ်အထိပ် ကိုရောက်သွားပြီဖြစ်ကြောင်း အံ့အားသင့်ဖွယ်ရာ မြင််လိုက်ရသည်။
နားမလည်နိုင်ဖြစ်နေကာ ခေါင်းကိုကုတ်ရင်း စုရှောင်ရှန် ပြေးနေရ၏။ အကြီးအကဲးစန်းများ သူ့ကိုလှည့်ဖျားလိုက်သလား အမြင်ပဲမှားများနေသလား ဝေခွဲ၍မရတော့ချေ။
မိုမိုကတော့ အစကတည်းက ထူးဆန်းနေရာ သူအဲ့လောက်မတုန်လှုပ်ရပါချေ။ သူမ၏ ကျင့်ကြံခြင်းတိုးတက်မှုတို့ရော နယ်ပယ်ရောကိုက ထိတ်လန့်ချောက်ခြားဖွယ်ရာ ကောင်းနေရကာ သူမ ဒီလိုအတင့်တက်မြန်တာ နားလည်နိုင်သေးသည်။
‘မုကျစ်ရှီကရော ဘာလားဟ။ သူမက စုရှင်းရှင်းထက်တောင် ပိုပြီး ပါရမီပါနေတာလား။ တစ်ရက်လောက်လေးထဲမတွေ့ရတာ ငါ့ထက်တောင် အဆင့်တက်မြန်နေသေးတယ်။ လခွမ်း…’
ထိုအတွေးများကြောင့် ခေါင်းတောင်မူးနောက်နောက်ဖြစ်သွားပြီး သူ့စိတ်ထဲမှ အနီရောင်ဖန်သားပြင်ကိုကြည့်ကာ စဉ်းစားခန်း၀င်သွားသည်။
‘သူတို့လည်း သူတို့ကိုယ်ပိုင် စနစ်လို တခြားအထောက်အပံ့ပေးတဲ့ဟာတွေ ရှိကြတယ်ထင်တယ်…’ စုရှောင်ရှန် ကောက်ချက် လျှောက်ချသည်။
“စုရှောင်ရှန် လူလိမ် ရပ်လိုက်စမ်း”
သူ့နောက်မှ ကပ်၍ လိုက်ပါလာသော မုကျစ်ရှီတကယ် ဒေါသထွက်နေသည်။ စုရှောင်ရှန်ကို မယုံနဲ့ သတိထားပါဆိုပြီး သူမကိုယ်သူမ အတန်တန်ပြောတဲ့ကြားထဲက သူ့လှည့်ကွက်ထဲကျသွားရသေးသည်။
‘အဲ့ဒီကောင်စုတ်။ ငါ့ကို စိတ်ဝိညာဉ်ကျောက်တုံးပေးရဲတယ်။ အားးးးး… ငါရူးတော့မယ်’
ရွှစ် ရွှစ် ရွှစ်
မုကျစ်ရှီ နွယ်ပင်ကြီးကိုစီးလိုက်ရာ ပို၍ မြန်ဆန်သွား၏။ သူ၏ မျက်နှာက ထိုအချိန် အလွန်ကြောက်မက်ဖွယ်ရာကောင်းအောင် ရှံ့မဲ့နေ၏။ စုရှောင်ရှန်ကိုမိရင် နာနာလေး နွယ်ပင် နဲ့ရိုက်ဦးမည်ဟု ကျိန်လိုက်သည်။
ထိုနွယ်ပင်များကရွေ့လျားလာရာလမ်းတစ်လျှောက်ရှိ အပင်များက လမ်းဖယ်ပေးလိုက်ကြသဖြင့် ရေမြေအနေအထားရ စုရှောင်ရှန်ထက်နည်းနည်း နှေးသည်ဆိုရုံလောက်လေး မြန်ဆန်လာတော့သည်။
အစိမ်းရောင်၀တ်ထားသော မိုမိုကတော့ မုကျစ်ရှီ နောက်၌ ဖုန်ရှူနေခဲ့ရသည်။ ရုတ်တရက် သူမ၏ မျက်နှာကနာကျင်သလို အလွန်အမင်း ရှုံ့မဲ့သွား၏။
မိုမို့လက်ထဲက မီးဖိုအိုးသေးသေးလေးက ပို၍လျင်လျင်မြန်မြန် လောင်ကျွမ်းလာခဲ့ပြီး မီးခိုးငွေ့များ အမြောက်အများထွက်ရှိလာလေသည်။ ထိုမီးခိုးငွေ့များက သူမ၏ ကိုယ်ထဲကို စိမ့်၀င်သွားကြ၏။
“မလုပ်နဲ့”
မိုမို နောက်ဆုံးတော့ သူတို့နောက်မလိုက်တော့ဘဲ ချက်ခြင်းရပ်လိုက်သည်။ သူမရှေ့မှ နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် စိမ်ပြေးတမ်းကစားသလို ပျော်ရွှင်နေကြဟန်ရသည်။ သို့ဖြင့် မိုမို့ကို ဘာဖြစ်နေသလဲ သတိမထားမိကြပါပေ။
“ဒီနှစ်ယောက်ကို… ငါ…” ထိုစကားများကို အံကိုတင်းတင်းကြိတ်ထားရင်းမှ ညှစ်ထုတ်လိုက်သည်။
မိုမို့ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ခါသွားပြီး လေထဲ၌ ကော့တက်သွား၏။
ထို့နောက် မိုမို့မျက်လုံးများ ချက်ခြင်း ရဲရဲနီသွားကာ သူမပြောလက်စနောက်မှ စကားထပ်ဆက်လိုက်သည်။
“သတ်မယ်”
သို့သော် သူမ၏ အသံက မခင်လို ကျက်သရေရှိစွာ မတည်ငြိမ်တော့ကာ အေးစက်လာခဲ့သည်။
ရှေ့ဆုံးက ပြေးနေသည့် စုရှောင်ရှန် လေအေးတစ်ချက်တိုက်ခတ်သွားခြင်းနှင့်အတူ ရုပ်ချည်း ချမ်းစိမ့်စိမ့်ခံစားလိုက်ရ၏။ သူ့တစ်ကိုယ်လုံးရှိ ကြက်သီးမွှေးညှင်းများ ထောင်ထလာပြီး ကျောရိုးစိမ့်မတတ် တုန်ခါသွားတော့သည်။
ထို့နောက် မိုမိုက သူ၏ အကြားအမြင်ရောက်နိုင်သည့် အကွာအဝေးအတွင်းမရှိတော့တာကိုသိလိုက်ရ၏။ သူ့စိတ်ဝိညာဉ်အာရုံဖြင့် တစ်ချက်ကြည့်လိုက်တော့မှ နောက်ဆုံး၌ ငူငူကြီး ရပ်နေသော မိုမို့ကိုတွေ့လိုက်သည်။ သို့သော် မိုမို့တည်ရှိမှုက မိုမိုမဟုတ်ပါတော့ပေ။
ရုပ်ချည်း သစ်တုံးကြီးလိုရပ်နေသောမိုမို့ နေရာတွင် ဖုန်များထသွားပြီး မိုမိုလည်း ရုပ်ချည်း ပျောက်သွားသည်။
“လခွမ်းးးး”
စုရှောင်ရှန် လိပ်ပြာလွင့်မတတ် လန့်ဖျပ်သွားသည်။ သူမရပ်နေခဲ့သောနေရာတွင် မိုမိုအမြဲကိုင်ဆောင်ထားသော မီးဖိုအိုးလေးသာကျန်နေခဲ့၏။
မိုမို ထိုမီးဖိုအိုးလေးကို လက်မှ ချထားတာ စုရှောင်ရှန် များများ မမြင်ဖူးပါချေ။ ထိုအရာက ၎င်း၏ တည်ရှိမှုထက်ပိုသော အရာကို ပြသနေသည်။
မိုမို ထိုအရာကိုမကိုင်ထားမှတော့ ဆိုလိုချင်တာက…
“မိုမို့ညာလက်က ချိတ်စည်း… ကျိုးပျက်သွားတာလား”
သူ့မျက်ဆံများကျုံ့သွားပြီး နောက်မှ နွယ်ကိုစီးနင်းပြီးလိုက်ပါလာသော မုကျစ်ရှီ၏ နောက်၌ မီးခိုးရောင်ပုံရိပ် လျှပ်တပြက်ပေါ်လာတာကို တွေ့လိုက်ရ၏။
“သတိထား”
စုရှောင်ရှန် ပြန်လှည့်ဖို့တွေးလိုက်သလို လက်တွေ့လည်း နောက်လှည့်ကာ ပြန်၍ ခြေကုန်သတ်ပြေးသည်။ ရုပ်တရက်နောက်လှည့်လိုက်ရသောကြောင့် သူ့ခြေထောက်အောက်မှ မီးစများတောင်ထွက်လာ၏။
သို့သော် သူနှေးနေသေးသည်။ မုကျစ်ရှီထံ လျှပ်တပြက်မရောက်သွားနိုင်ပါချေ။
မုကျစ်ရှီနောက်မှ မီးခိုးမြူပုံရိပ်အတွင်းမှ မို့မို့ ပုံရိပ်ကို ဝါးတားတားလေးမြင်ရသည်။ သို့သော် ထိုအရာက တခြား တည်ရှိမှုတစ်ခုဆိုတာ စုရှောင်ရှန်ပြောနိုင်၏။
မုကျစ်ရှိထံ စုရှောင်ရှန် တဟုန်ထိုးလေကိုခွင်း၍ ၀င်သွားပြီး သတိပေးလိုက်သည်။ “နင့်နောက်မှာ”
ဒေါသထွက်နေသော မုကျစ်ရှီ ကျိုးကြောင်းဆီလျော်မှုကို ဆုံးရှုံးရသည်တော့ မဟုတ်သေးပါလေ။ “ငါ့ကို လှည့်စားဖို့ ထပ်မကြံနဲ့ စုရှောင်ရှန်”
“…”
‘လခွမ်း ခက်တော့နေပြီ’
“နင့်နောက်မှာတကယ်ဟ” စုရှောင်ရှန် အော်လိုက်သည်။
ထိုသို့အော်ပြီးနောက်လည်း တစ်ကိုယ်လုံးတုန်ခါသွားကာ ကြက်သီးများ တဖျင်းဖျင်းထလာခဲ့၏။
သူ့မျက်လုံးနှင့် အကြားအမြင်ဖြင့်သာ မြင်နိုင်ပြီး မိုမို့တည်ရှိမှုကို စိတ်ဝိညာဉ်အာရုံဖြင့် အာရုံမခံမိတာကိုသိလိုက်ရသည်။
ဆိုလိုသည်က မုကျစ်ရှီသာ နောက်ကိုကိုယ်တိုင်လှည့်မကြည့်လျှင် ထို မီးခိုးမြူကို ထောက်လှမ်းနိုင်လိမ့်မည်မဟုတ်ပေ။
‘သေပြီဆရာပဲ။ ဒီလိုရောက်ဖို့ ဘယ်လို သန်မာဖို့နဲ့ ဘယ်လို စိတ်ဝိညာဉ်နည်းစနစ်တွေကို လိုသလဲမသိပါဘူး’
စုရှောင်ရှန် နောက်လှည့်ပြေးချင်စိတ်များသာရှိတော့သည်။ သို့သော် သူ့ခံစားချက်ကို အကြောင်းနှင့်အကျိုးဆိုတာကြီးက လွှမ်းမိုးလိုက်၏။ သူ့လျင်မြန်မှု အမြင့်ဆုံးအနေအထားကိုရောက်ရှိသွားရကာ နောက်ထက်စွမ်းရည်မှတ်များထပ်မထည့်နိုင်တာကိုတောင် နောင်တရသွားသည်။
အချိန်မရှိတော့ပေ။
ထိုငတုံးညီမလေးက သူ့ထံဆက်၍ ပြေးလာသည်ကိုတွေရသည်။ သူမနောက်မှ မီးခိုးမြူအရာကို မဆိုထားဘိ ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေသလိုကြီး နားရွက်တက်ချိတ်မတတ် ပြုံးနေတာကြီးက ကြောက်ဖို့ကောင်း၏။
‘တကယ် ဦးနှောက်မပါတာလားဟ’
မုကျစ်ရှီလုံးလုံး အခြေအနေကို မရိပ်မိပါလေ။ သူမနောက်မှ မီးခိုးမြူပုံရိပ်က သူ့စီကို နွယ်ကိုစီးရင်း ပြေးလာနေသော မုကျစ်ရှီထံ ညာလက်ကို ဆန့်ထုတ်လိုက်သည်။
ဘုန်းးး…။
တိုက်ရိုက်ထိခြင်း။
မုကျစ်ရှီ၏ တစ်ကိုယ်လုံး လုံး၀ တွန့်လိမ် ကောက်ကွေးသွားပြီး အခြားဦးတည်ရာတစ်ဘက်ကို လွင့်ပျံသွားသည်။ သွေးသံရဲရဲဖြင့် မုကျစ်ရှီ ခန္ဓာကိုယ်ကိုယ်နှစ်ခြမ်းဖြစ်တော့မလိုခံစားနေရပြီး သွေးပွက်အန်အန်တော့၏။
ဂျစ်…။
စုရှောင်ရှန် အသံတဂျွတ်ဂျွတ်မြည်အောင် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။ သူ့အကြည့်များက အေးစက်သွား၏။
‘မိုမို… မဟုတ်ဘူး။ အဲ့ဒီ မီးခိုးမြူအရာက မိုမို့ ခန္ဓာကိုယ်ကို လုံးလုံး၀င်စီးသွားပြီး။ မိုမိုအစား မီးခိုးမြူပုံရိပ်လို့ခေါ်ရမယ်’
မီးခိုးမြူပုံရိပ်က မုကျစ်ရှီကို လွင့်ပျံထွက်သွားအောင်တစ်ချက်ရိုက်လိုက်ပြီးနောက် ဆက်မတိုက်ခိုက်ပါတော့ချေ။ မုကျစ်ရှီလွင့်ထွက်သွားရာဘက်သို့ စုရှောင်ရှန် ပြေးသွားသည်ကို မြင်ရာ ခပ်ညစ်ညစ် ပြုံးလိုက်၏။
ရွှစ်…။
မုကျစ်ရှီကို မြေပြင်နှင့် မထိခင်အချိန်မှာပဲ စုရှောင်ရှန်ဖမ်းနိုင်လိုက်သည်။ ကြော့ကွင်းကြောင့် မုကျစ်ရှီလွင့်ထွက်မသွားစေရန် စုရှောင်ရှန် သူမ၏ အောက်မှနေ၍ သူ၏ခြေနှစ်ဖက်ကိုမြေပြင်၌ အက်ကြောင်းကြီးနှစ်ခုဖြစ်သွားအောင် တစ်ရွတ်တိုက်ဆွဲသွားလိုက်သည်။
စုရှောင်ရှန် အန္တရာယ်ကင်းကင်းနှင့် ဆင်းသက်နိုင်လိုက်၏။
“နင်အတာလားဘာလား။ နောက်လှည့်ကြည့်ဖို့ ငါမပြောဘူးလား” စုရှောင်ရှန် သူမကို မနေနိုင်ဘဲ အော်ပစ်လိုက်သည်။
သူမ၏ ခန္ဓာကိုယ်အတွင်းကို စိတ်ဝိညာဉ်အနှစ်များထည့်ပေးလိုက်ရာ မုကျစ်ရှီ၏ ဒန်ထျန်တစ်ခုလုံး ချိတ်ပိတ်ခြင်းခံထားရသည်ကို တွေ့လိုက်ရ၏။ သို့မှ ဘာလို့ သူမကိုယ် သူမတောင် မကာကွယ်နိုင်လိုက်လဲ သိရတော့သည်။
ထိုရိုက်ချက်က သူမ ကိုယ်တွင်းရှိ စွမ်းအင်လမ်းကြောင်းတွေကိုဖျက်ဆီးနိုင်ပြီး မုကျစ်ရှီကိုတောင် ဒုက္ခိတဖြစ်သွားစေလောက်သည်။
ထို မုကျစ်ရှီ၏ စုတ်ပြတ်သတ်သွားသော ခန္ဓာကိုယ်မှ အသက်စွမ်းအင်များ စိမ့်ထွက်လာနေခဲ့ပြီး သူမ၏ ကိုယ်ကို နှေးကွေးစွာ ပြန်ကုသပေးနေတော့၏။
‘ထာ၀ရအသက်စွမ်းအင်လား’ စုရှောင်ရှန်တွေးလိုက်သည်။
‘မဟုတ်သေးဘူး။ ဒါက သူမ ဆေးအဆီအနှစ်သန့်စင်တုန်းက ကျန်ခဲ့တဲ့ အကျွင်းအကျန်စွမ်းအင်တွေဖြစ်ရမယ်’
စုရှောင်ရှန် စိတ်ဝိညာဉ်အသက်တံဆိပ်ပြားကို ထုတ်ယူလိုက်သည်။
အတွေးအခေါ်အရတော့ တံဆိပ်ပြားကို သူ၏မ ၀မ်းဗိုက်၌ ကပ်လိုက်သည်က ပို၍ အကျိုးရှိပေလိမ့်မည်။ သို့သော် သူမက တစ်ဆက်တည်းဖြစ်သော အင်္ကျီကို၀တ်ထားရာ စုရှောင်ရှန် ဗိုက်မလှန်ရဲပါချေ။
၀မ်းဗိုက်၌ တင်ရန်လည်း ၀တ်စုံ၏အောက်ကနေ ထည့်ပေးရမည့်သဘောရှိသည်။ ထိုအရာကိုလည်း သူမလုပ်၀န့်ပါ။
တဒင်္ဂခန့်ကြာအောင် တုန့်ဆိုင်းနေပြီးနောက် ဘာဖြစ်ဖြစ်ကွာဆိုပြီး ရင်ဘက်မှ အင်္ကျီစကို စုတ်ဖြဲကာ တံဆိပ်ပြား တင်လိုက်တော့သည်။
အသက်စွမ်းအင်များ သူမ၏ ဒန်ထျန်ထဲသို့ တိုး၀င်ရောက်လာကြပြီး ချက်ခြင်း ဒဏ်ရာများကို မြန်မြန်ဆန်ဆန် ပြန်ကုသပေးလိုက်သည်။ သူမ၏ မျက်လုံးများက ပိတ်နေစဲဖြစ်သော်လည်း ကိုယ်ကတော့ တစ်ချက်တွန့်သွား၏။
“လူလိမ်…” သူမတွင်ကျန်ရစ်သော အသိစိတ်လေးနှင့် ထစ်ထစ်ငေါ့ငေါ့ ပြောလိုက်သည်။
ထို့နောက် မျက်လုံးဖွင့်လိုက်ရာတွင် အသိစိတ်ကင်းလွတ်တော့မည့်သကဲ့သို့ ငူငူကြီးဖြစ်နေသည်။ မျက်ခုံးများလည်း ကမ္ဘာ့အလေးဆုံးအရာလို ပြန်ပိတ်ချင်နေ၏။ ထိုအကြားမှ အားအင်ချိနဲ့သော လေသံဖြင့် ဗလုံးဗထွေးမေးလိုက်သည်။ “ငါ့ကိုဘယ်သူရိုက်လိုက်တာလဲ”
“…”
‘တကယ့် ငတုံးဟ’ စုရှောင်ရှန် မပြောဘဲမနေနိုင်တော့ပါချေ။
မုကျစ်ရှီမျက်မှာပေါ်မှ သွေးကိုသုတ်ပေးပြီးနောက် စုရှောင်ရှန် သူမကို မြေပြင်ပေါ် ညှင်ညှင်သာသာချကာ ထိုမီးခိုးမြူပုံရိပ်ကိုကြည့်လိုက်သည်။
ကြည့်ရတာ ထိုမီးခိုးမြူပုံရိပ်၏ တကယ့် ပစ်မှတ်က မုကျစ်ရှီမဟုတ်ဘဲ သူဖြစ်ပုံရသည်။
ထိုပုံရိပ်၏ ညာဘက်လက်ကို စုရှောင်ရှန်ကြည့်လိုက်သည်။ ဘာပဲနေနေ ၎င်းက အသက်၀င်သွားကာ မိုမိုလည်း တစ်ခုခု ဖြစ်သွားပေပြီ။
သူမ၏ ညာဘက်လက်ထဲ၌ ချိတ်ပိတ်ထားသည့်အရာက မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကိုမသိသော်လည်း ယခုတော့ အဖိုးကြီးတစ်ယောက်ဖြစ်နေမယ်လို့တော့မထင်ထားပါ။
ထိုမီးခိုးမြူပုံရိပ်က ဗလာနယ်ပယ်မှ အဆင့်မြင့်းစိတ်၀ိညာဥ်နယ်ပယ်သို့ တက်သွားပြီး ဆက်လက်၍ အရှင်သခင်နယ်ပယ်သို့ ဆက်တက်၏။
ဘုန်းးး….။
ထိုစဉ်သူတို့၀န်းကျင်တစ်ခုလုံးတုန်ခါလာသဖြင့် ထိုမီးခိုးမြူပုံရိပ် သူ့အရှိန်အဝါကို ဖိနှိပ်လ်ိုက်သည်။
“ဟက် ဘယ်လို ကမ္ဘာငယ်လေးလဲ။ အရှင်သခင်နယ်ပယ်ကနေတောင် ဆက်တက်လို့မရတော့ဘူး…” အေးစက်စက်အသံတစ်ခုကို စုရှောင်ရှန်ကြားရသည်။
ပြေး…။
ထိုအရာက သူ့စိတ်ထဲတွင် ပမထမဆုံးပေါ်လာသည့်အရာဖြစ်သည်။ သို့သော် သူ့ခြေထောက်များက မြေပြင်တွင် အမြစ်တွယ်ထားကြ၏။ ယခင်ကလို ကွတ ကွတ နှင့် ဒူးမခိုင်ခြင်းလိုမဟုတ်ရပါဘဲ မြေပြင်တွင် လုံ့း၀ ကပ်နေခြင်းဖြစ်သည်။
သူ့လက်မှ သွေးများကို အင်္ကျီလက်စဖြင့်သုတ်ပြီး အေးစက်စက်ဆိုလိုက်သည်။ “ငါ့ဆရာတူညီမလေးကို အနာတရဖြစ်အောင်လုပ်ရဲတယ်ပေါ့”
“ကြည့်ရတာ မင်းက ငါ့တည်ရှိမှုကို သိတာပဲ” ထိုမီးခိုးမြူပုံရိပ်၏ အေးစက်စက်အသံက စူးရှရှနှင့် သွားကြိမ်းဖွယ်ရာကောင်းလှ၏။
မီးခိုးမြူပုံရိပ်ကို ဖြည်းဖြည်းချင်း လေထဲသို့ ပျံတက်သွားသော စုရှောင်ရှန် မတုန့်ပြန်လိုက်ပါပေ။ ထိုအစား သူပြောတာကိုသာ စက်ရုပ်သဖွယ် ထပ်ပြန်ပြောလိုက်သည်။ “ငါ့ဆရာတူညီမလေးကို အနာတရဖြစ်အောင်လုပ်ရဲတယ်ပေါ့”
မီးခိုးမြူပုံရိပ် ထိုအသံမှ ဖိနှိပ်ထားသော ဒေါသတို့ကို ကြားရသည်။ ၎င်းက ပြုံး၍ မေးသည်။ “အဲ့တော့ဘာဖြစ်လဲ”
ရှဲ ရှဲ
ငရဲမီးတောက်ကောင်းကင်မီးလျှံများ နေရာတစ်ခုလုံးကို လောင်ကျွမ်သွားကာ သူရှိနေသည့် နေရာမှ မီတာ ရာကျော်ပတ်ပတ်လည်အတွင်း အရာအားလုံး ဘာပဲဖြစ်ဖြစ်မှ လောက်မြိုက်သံများကိုကြားရ၏။
“ဘာမှမဖြစ်ပါဘူး…”
စုရှောင်ရှန်၏ တင်တင်းဆုပ်ထားသော လက်သီးနှင့် အမူအရာတို့ ပြေလျော့သွား၏။ သို့ဖြင့် လက်ဖျောက်တီးလိုက်သည်။
“ငါဒေါသထွက်ရုံပါ”