Switch Mode

အခန်း (၁၅၅)

ဆရာတူအကိုကြီး ကယ်ပါဦး

တိမ်တွေလေတွေကိုစီးရင်း ဒီကိုရောက်လာဖို့ စုရှောင်ရှန်တောင် နေ့တစ်ဝက်လောက်အချိန်ယူလိုက်ရသည်။

ထိုအချိန်တိုအတွင်း အသက်ရှူခြင်းနည်းစနစ်နှင့် သူ့ မူလနန်း‌တော် အစောပိုင်း ကျင့်ကြံခြင်းကိုတည်ငြိမ်အောင်လုပ်ပြီးသွားလေပြီ။ သူ့ကျင့်ကြံခြင်းလည်း တိုးတက်သွား၏။

၎င်းက ကိုယ်တိုင်နှင့် အလိုလို ကျင့်ကြံခြင်းအကြားမှ ကွာဟချက်ဖြစ်သည်။ ဤသို့သော စိတ်ဝိညာဉ်စွမ်းအင်သိပ်သည်းသော နေရာမျိုးတွင် ဒီတိုင်းရပ်နေလျှင်တောင် သူ့ကျင့်ကြံခြင်းကို တိုးတက်သွားမည်သာ။

စန်းလျှိုသစ်တောက ကြီးပေမယ့် လူနှစ်ယောက်ကိုရှာဖို့အတွက်ကတော့ လွယ်သည်။

ကောင်းကင်မှ သစ်တောတစ်ခုလုံးကို ခွင်းပြီးကြည့်လိုက်ရာ အလယ်လောက်တွင် သစ်ပင်များမရှိသည့် ခွဲထွက်နေသော အကွက်ကြီးတစ်ကွက်ကိုတွေ့လိုက်ရသည်။

စုရှောင်ရှန် အပင်တစ်ပင်ထိပ်၌ သွားရပ်လိုက်သည်။ တစ်ယောက်က မိုမိုဖြစ်ကာ နောက်တစ်နောက်က ချီတုံချတုံ ဖြစ်နေသော မုကျစ်ရှိဖြစ်နေတာကို အံ့အားသင့်ဖွယ် တွေ့လိုက်ရသည်။

“စုရှောင်ရှန် ကယ်ပါဦး။ သူငါ့ကို နေ့ခင်းကြောင်တောင်ကြီး ဓားပြ တိုက်နေတယ်”

မုကျစ်ရှီ နောက်ဆုံးတော့ ကယ်တင်ရှင်ကိုတွေ့လိုက်ရသည်။ ထိုကယ်တင်ရှင်က သူမနှင့်ဆရာတစ်ဦးထဲမှာ အတူ ပညာသင်ကြားသော ဆရာတူအကိုကြီးဖြစ်လေသည်။

စုရှောင်ရှန် မီးခိုးရောင် သလင်းကျောက်သဏ္ဌာန် တံခါးများအကြားမှ ကလေးမသေးသေးလေးကို ခေါင်းအစ ခြေအဆုံး သေသေချာချာကြည့်လိုက်သည်။ ထိုကလေးမလေးက မုကျစ်ရှီဖြစ်နေရာ သူ့မျက်လုံးများက လှည့်စားနေသလားတောင် ထင်သွားသည်။ သူမ ဘာလို့ ‌ကျုံ့သွားတာတုန်း။

ထို့နောက် မုကျစ်ရှီ၏ လက်ထဲမှ ရွှေစိမ်းရောင်တံဆိပ်ပြားထံ အာရုံရောက်သွားသည်။ သူထင်တာသာ မမှားရင် သူတို့နှစ်ယောက် ထိုအရာအတွက် တိုက်ခိုက်နေကြဟန်ရ၏။

၎င်းမှ အသက်စွမ်းအင်များက ဆေးလုံးများအတွင်းမှ အသက်စွမ်းအင်များနှယ် သန်မာနေသည်။ ထိုအရာကိုကြည့်ခြင်းအားဖြင့်တောင် အသက်နှစ်အနည်းငယ် ငယ်သွားနိုင်လောက်၏။

“ဘယ်လို ခေါ်လိုက်တယ်” စုရှောင်ရှန် ခေါင်းတစ်ဘက်သို့လှည့်ကာ နား၌ လက်တင်လိုက်ပြီး အော်လိုက်သည်။

မုကျစ်ရှီ တခဏခန့်ရပ်တန့်သွားပြီးနောက် အရှက်မရှိ အော်ဟစ် မြည်တမ်းလိုက်သည်။ “အကိုကြီး ကယ်ပါဦး”

စုရှောင်ရှန် ကျေနပ်စွာခေါင်းညိတ်လိုက်သည်။ “ကောင်းပြီလေ။ ဒီလိုသိတတ်လို့ မသေစေရဘူး”

မသေစေရဘူးဟုတ်လား။

မုကျစ်ရှီ အံ့အားသင့်သွားသည်။ သူ့အကူအညီမလိုဘဲနှင့်တောင် သူမ မသေပါ။ အဆိုးဆုံးမိုမိုနှင့် တံဆိပ်ပြားကို တစ်ခုခုဖြင့် လဲလှယ်ရန်သာရှိသည်။ သူမ ဘာလို့သေရမည်နည်း။

‌တစ်အောင့်ကြာပြီးနောက် စုရှောင်ရှန်၏ အသံထပ်ထွက်လာသည်။ “နင့်လက်ထဲက ပစ္စည်းကို နင့်အကိုကြီးစီ ပစ်ပေးလိုက်ပါလား။ ကြည့်ကြည့်ချင်လို့”

မုကျစ်ရှီ၏ အမူအရာ သုန်မှုန်သွားသည်။

သူမ၏ ဆရာတူအကိုကြီးထံ စိတ်ဝိညာဉ်အသက်တံဆိပ်ပြားကိုပစ်ပေးရလောက်အောင်တော့ သူမ မတုံးပါပါပေ။ မိုမိုနှင့် သူမ၏ ဆရာတူအကိုကြီးတို့နှစ်ယောက်လုံးတွင် တူညီသော ရည်ရွယ်ချက်များရှိသည်ဟု ထင်သည်။

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

“ဒီကနေ ထွက်လို့ရအောင်‌လုပ်ပေးရင် ပြမယ်”

‘ဟက် ဉာဏ်တော့ကောင်းသားပဲ’ စုရှောင်ရှန်တွေးလိုက်သည်။ သူ့အကြံကို မုကျစ်ရှီသိသွားရာ သူဘာမှ လုပ်လို့မရတော့ပါလေ။

သို့ဖြင့် အခြားတစ်ဘက်ကိုကြည့်လိုက်သည်။

မိုမိုလည်း သစ်ပင်တစ်ပင်ပေါ်တက်လိုက်ပြီး မဖိတ်ခေါ်ဘဲ ရောက်လာသည့် ဧည့်သည်ကိုကြည့်လိုက်သည်။ “စုရှောင်ရှန် ဒီကိစ္စကနင်နဲ့ ဘာမှ မပတ်သက်ဘူး။ ကြား၀င်မပါနဲ့” သူမ တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။

စုရှောင်ရှန်က အကြီးအကဲစန်း၏ တပြည့်မှန်းသူမ မသိပါ။ အပြင်စည်းမှာတုန်းက ချမှတ်ထားတဲ့ စည်းကမ်းအတိုင်း အကိုကြီး ညီမလေး စသဖြင့် ယဉ်ကျေးမှုအရ ခေါ်နေသေးတယ် မှတ်နေသည်။

စုရှောင်ရှန်အကျင့်ကို ကောင်းကောင်းသိနေရာ မုကျစ်ရှီ အသံထွက်ရယ်မတတ်ဖြစ်သွားတော့သည်။ စုရှောင်ရှန်အဖို့ ဘာမှ မလုပ်ဘဲ နေဖို့ လုံး၀ မဖြစ်နိုင်ပါ။

သူမ၏ ဆရာတူအကိုကြီးကို မုကျစ်ရှီ ချစ်မြတ်နိုးစွာကြည့်လိုက်သည်။ မိုမိုပြောတာကိုကြားသောအခါ စုရှောင်ရှန် ခြေတစ်လှမ်းနောက်ဆုတ်ပြီး ဘေး၌ လက်ပိုက်ကာ ရပ်လိုက်သည်။

“ရတယ်လေ ချချင်ချကြပါ။ ငါဘေးကပဲကြည့်နေပေးမယ်” သူလိုချင်တာလွယ်လွယ်နဲ့မရမှတော့ ငါးမြှားသမားတစ်ယောက်လို ငါးမြှားချိတ်ကို ငါးအစာလာဟပ်တာ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းရမည်ပေါ့။

မုကျစ်ရှီ : …

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

မုကျစ်ရှီ ဒေါသထွက်လွန်းလို့ နှစ်မွှာကျစ်ဆံမြှီးလေးတောင် ထောင်ထသွားပြီး ထိုချိတ်ပိတ်ထားသော တံခါးကြီးထဲမှ ခုန်ထွက်ကာ စုရှောင်ရှန်ကို ဖြတ်ရိုက်ပစ်ချင်စိတ်များပေါ်လာသည်။ ကံကောင်းတာက သူမစိတ်ထဲက ကျိုးကြောင်းဆီလျော်မှုလေးပေါ်လာပြီး ထိုစိတ်လိုက်မာန်ပါ လုပ်ချင်နေမှုကြီးကို တားလိုက်လို့ဖြစ်သည်။

“စုရှောင်ရှန် နင်ရူးနေတာလား။ နင့်ဓားစွမ်းအင်နဲ့ ဒီတံခါးကိုခုချက်ခြင်း ဖျက်ဆီးလိုက်စမ်း” သူမအော်လိုက်သည်။

ဒီသလင်းကျောက်ပုံသဏ္ဌာန်ပူးကပ်သွားသော တံခါးကို တာဝေးပစ် အစွမ်းထက် တိုက်ခိုက်ချက်များသာ ဖျက်ဆီးနိုင်သည့်ပုံရ၏။

ချိတ်ပိတ်ခြင်းလို စွမ်းအင်နှင့်တွေ့သောအခါ အနီးကပ်တိုက်ခိုက်ခြင်းက အသုံးမဲ့သွားတော့သည်။

“နင်ပြောတဲ့အတိုင်း ဘာလို့လုပ်ရမှာ” စုရှောင်ရှန် စပ်ဖြီးဖြီးဖြစ်သွားပြီး မေးလိုက်သည်။

“ဟုတ်သား ဘာလို့လဲ” မုကျစ်ရှီ တွေးလိုက်သည်။ ထိုမှ ဒေါသထွက်လာခဲ့ပြီး “နင်က ငါ့ဆရာတူအကိုကြီးလေ။ နင့်ညီမလေး ဒီလို အနိုင်ကျင့်ခံနေရတာ ဘာမှမလုပ်ဘဲ ထိုင်ကြည့်နေနိုင်တယ်လား”

“အကိုစုတ်”

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ်….

မုကျစ်ရှီ သူမကို ပိတ်လှောင်ထားသော တံခါးများကို တုန့်ဆိုင်းစွာ တစ်ချက်ကြည့်လိုက်သည်။

အစောကတည်းက “စိတ်ဝိညာဥ်အသက်တံဆိပ်ပြား” ၏ အကာအကွယ်နှင့် ကြိုးစားခဲ့ရင် ဒီ “သဏ္ဌာန်ခြောက်ပါး ချိတ်ပိတ်ခြင်းတံခါး” မှ အာသုံးပြီး ထွက်နိုင်လောက်သည်။

သို့သော် သူမအသက်နှင့်တော့ လောင်းကြေးမထပ်ရဲပါလေ။

အခြားတစ်ဘက်တွင် သူတို့ (၃) ဦးစလုံး တံဆိပ်ပြားကို လိုချင်နေကြသည်။ ဘယ်သူပဲ စလှုပ်ရှား လှုပ်ရှား ရှုံးနိမ့်မည့်သူဖြစ်လာလိမ့်မည်။

ထို့ကြောင့် ဒီနှစ်ယောက်ကို ပထမဦးဆုံး တိုက်ခိုက်ခိုင်းရမည်။ အဆုံး၌ သူတို့နှစ်‌ယောက် ၀ရုန်းသုန်းကားဖြစ်သွားရင်တော့ သူမ လွတ်မည့်လမ်းရလောက်သည်။

မုကျစ်ရှီ၏ မျက်နှာထက်တွင် စဉ်းလဲသော အလင်းတစ်ချက်၀င်းပသွား၏။ ထို့နောက် မိုမို့ကိုပြောသည်။ “ဂိုဏ်းတူအမမို ငါ့ကို ထွက်ခွင့်ပေးရင် တံဆိပ်ပြားပေးမယ်”

မုကျစ်ရှီဘာကို လုပ်ဖို့ ကြိုးပမ်းနေလဲ မသိသဖြင့် စုရှောင်ရှန် မျက်မှောင်ကြုတ်လိုက်သည်။

“ငါ့ကို တံဆိပ်ပြားအရင်ပစ်‌ပေးရင် ထွက်ခွင့်‌ပေးမယ်”မိုမို သူမ၏ ခေါင်းကို အသာရမ်းလိုက်သည်။

“ဟီးဟီး ရတယ်လေ ဒါ‌ပေမယ့် ကတိတော့ တည်ရမယ်နော်” မိုမို နတ်ဆိုးသဖွယ် ပြုံးရယ်လိုက်ပြီး စိတ်ဝိညာဉ်တံဆိပ်ပြားကို မိုမို့ထံပစ်ပေးလိုက်သည်။

စိတ်ဝိညာဉ်အသက်စွမ်းအင်တံဆိပ်ပြားက မီးခိုးရောင်မြူခိုးများကို ဖြတ်သန်းရာတွင် ကျောက်အတိဖြစ်သွားသည်။ သို့သော် စက္ကန့်ပိုင်းအတွင်း ခရက် သူသော မြည်သံနှင့်အတူ အသက်စွမ်းအင်များပေါက်ကွဲထွက်လာခဲ့၏။

ထို့နောက် ထိုတံဆိပ်ပြားက ကောက်ကွေ့ကာ မိုမို့ထံလည်း မဟုတ်သလို စုရှောင်ရှန်ထံကိုလည်း မဟုတ်ဘဲ သူတို့နှစ်ဦးအလယ်၌ ကျသွား၏။

မုကျစ်ရှီ ဘာကြံနေသလဲ စုရှောင်ရှန် တန်းသိသွားသည်။

‘ဒီကောင်မလေးက လည်သားပဲ။ ငါ့ငါးမြှားသမားနေရာကိုလိုချင်ပြီး အခြားသူတွေ ၀ရုန်းသုန်းကားဖြစ်နေတာကနေ အကျိုးအမြတ်ယူ‌ချင်နေတယ်’

သူနှင့် မိုမို စတင်တိုက်ခိုက်မည်ဆိုပါက ယခုသူ့နေရာကို ဒီကလေးမလေးရောက်‌သွားပေလိမ့်မည်။

ဒါပေမယ့်…

အစွမ်းထက် ဓားသမားနှစ်ယောက်အကြားမှာ သူမ အကျိုးအမြတ်ယူနိုင်မယ့် စွမ်းရည်တောင်ရှိပါ့မလား။ စုရှောင်ရှန်၏မျက်နှာထက်၌ ထူးဆန်းသော အမူအရာပေါ်လာသည်။

ရွှစ်…။

စုရှောင်ရှန် နှင့် မိုမိုတို့ တစ်ပြိုင်တည်းလှုပ်ရှားလိုက်ကြသည်။ စုရှောင်ရှန်၏ အမြန်နှုန်းက ယခင်တစ်ခေါက် တိုက်ခိုက်တုန်းကထက် အဆမတန် ပိုမြန်လာတာကို မိုမို အံ့အားသင့်ဖွယ်ရာတွေ့လိုက်ရ၏။

“ဘာလဲဟဲ့…”

မိုမို့ ပစ်မှတ်ပြောင်းကာ စုရှောင်ရှန်၏ နောက်ကျောကို ချိတ်ပိတ်သည့်စွမ်းအင်များဖြင့် မြင့်မားစွာ သိပ်သည်းနေသော လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ စုရှောင်ရှန်သာ တံဆိပ်ပြားကို လက်လွှတ်မခံဘူးဆိုရင် ထိုလက်ဝါးချက်ဖြင့် ရိုက်မိမှာ မြေကြီးလက်ခတ်မလွဲဖြစ်၏။

“စုရှောင်ရှန် ၀င်မပါနဲ့” သူမ အကြံပေးလိုက်သည်။

“ဟ ရတနာဆိုတာ ကံပါတဲ့သူလက်ထဲပဲကျမှာပေါ့”

သူ့နောက်ကို အရှိန်အဟုန်ပြင်းပြင်းဖြင့် ရိုက်ချလာတော့မည့် လက်ဝါးကို စုရှောင်ရှန် ဂရုတောင်မစိုက်လိုက်ပါ။ တံဆိပ်ပြားကိုသာ ကောက်ကိုင်လိုက်၏။

သူထင်သည့်အတိုင်း ထိုပစ္စည်းလည်း ကိုယ်ပိုင်အသိရှိသည်။

ယခင်တစ်ခေါက်ကရလိုက်သော သင်ခန်းစာကြောင့် စုရှောင်ရှန် တံဆိပ်ပြားကို သိုလှောင်လက်စွပ်ထဲ ထည့်ရန်ထိ မတုံးအပါတော့ချေ။ မဟုတ်လျှင် နောင်တရဖို့ နောက်ကျသွားပေမည်။

မိုမို့လက်ဝါးကျလာသည်နှင့် စုရှောင်ရှန် ကိုယ်ကို လှည့်လိုက်ပြီး သူ့အရှေ့တွင် ရုတ်တရက် ဧရာမ ဆေးမီးဖိုအိုးကြီးပေါ်လာသည်။

ထန်းးး…။

ထိုသစ်တောလေးထဲကို ရှေးဟောင်းခေါင်းလောင်းကြီးတီးလိုက်သလို မြည်ဟီးသံကြီးညံသွားတော့သည်။ စုရှောင်ရှန် ဆေးအိုး၏ တစ်ဘက်ခြမ်းမှ တုန်ခါမှုကြောင့် ခေါင်းမူးသွားရကာ သတိလစ်မလိုတောင်ဖြစ်သွား၏။

ခက်ခက်ခဲခဲ ဆေးအိုးကြီး၏ နံရံကို လက်ဝါးဖြင့်ရိုက်လိုက်လေသည်။

ထန်းးး…။

ကလန်းး…။

အသံများရောစပ်၍ ထူးဆန်းသော အသံကြီးထွက်လာသည်။ မုကျစ်ရှီ၏ အမြင်တွင်တော့ စုရှောင်ရှန် ဆေးအိုးကြီးကိုရိုက်လိုက်သည်နှင့် တစ်ဘက်မှ မိုမို နောက်ပြန် လွင့်ပျံထွက်သွားလေသည်။

ဘာဖြစ်တာလဲဟု မုကျစ်ရှီ၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။

‘ဒါက ‌စိတ်ဝိညာဉ်စာကြည့်တိုက်ထဲက ဧရာမ ရေချိုး… အဟမ်း ဆေးမီးဖိုအိုးကြီးမဟုတ်ဘူးလား။ နေပါဦး ဒါကပိုသေးတယ်။ မထင်ထားစရာပဲ ဒီဆေးမီးဖိုအိုးကြီးကိုလည်း တိုက်ခိုက်တဲ့နေရာမှာသုံးလို့ရတာပဲ။ ပြီးတော့ ကြမ်းလဲ ကြမ်းတယ်’ သူမတွေးလိုက်သည်။

တစ်ချိန်တည်းလည်း အတော်နောင်တရသွားသည်။ သူမသာ သိခဲ့မယ်ဆိုရင် စာကြည့်တိုက်ထဲမှ ထိုဧရာမ သုံးဖက်ထောက် ဆေးမီးဖိုအိုးကြီးကို ယူလာခဲ့ပါသည်။

သူမထင်သည့်အတိုင်း မိုမို လွင့်ထွက်သွားသည်နှင့် မီးခိုးရောင်တံခါးအပေါ် မိုမို၏ ထိန်းချုပ်မှုလွတ်ကင်းသွားသည်။

သို့ဖြင့် မုကျစ်ရှီ သူမလက်ထဲမှ အစေ့များကို ‌အပေါ်ပစ်လိုက်ပြီး ဆုပ်ကိုင်သလို လက်ကိုလုပ်လိုက်သည်။ ချက်ခြင်း ထိုအစေ့များ စည်ပိုင်းလောက်ရှိသည့် နွယ်ပင်များအဖြစ်ကြီးထွားသွားကြ၏။

မုကျစ်ရှီ ထိုနွယ်ပင်ကို ကိုင်ကာ အပြင်းအထန် ရိုက်ချလိုက်သည်တွင် မီးခိုးရောင်မြူခိုးများဖြင့် တံခါးကြီး ‌ခြောက်ဖက်စလုံးမှ ပျက်ဆီးသွားလေသည်။

ရွှစ်…။

ချက်ခြင်း ထိုအဝိုင်းထဲမှ ခုန်ထွက်လိုက်သောအခါ အပြင်ဘက်ကမ္ဘာကြီးနှင့် အဆက်အသွယ်ပြန်ရသွားသည်ကိုတွေ့လိုက်ရသည်။

“ငါလွတ်ပြီ” မုကျစ်ရှီအလွန် ပျော်သွား၏။

“စုရှောင်ရှန် ငါ့ စိတ်ဝိညာဉ်အသက်တံဆိပ်ပြားပြန်ပေးရင် ဂိုဏ်းတူအမမိုကို တိုက်ခိုက်ဖို့ ကူညီပေးမယ်” မုကျစ်ရှီအော်လိုက်သည်။

စုရှောင်ရှန် ယခုမှ ဆေးမီးဖိုအိုးကြီးကို ပြန်သိမ်းလိုက်တာဖြစ်ပြီး မုကျစ်ရှီ၏ ထိုတိုက်ကွက်ကိုမြင်လိုက်ရာ တကယ် ကြမ်းတမ်းတဲ့ ကောင်မလေးပါလား ဟုတွေးတောလိုက်တော့သည်။

စုရှောင်ရှန် ကောင်းကင်သို့ပျံတက်သွားလိုက်သည်။ ထို့နောက် အလင်းတန်းတစ်ခုပစ်လွှတ်လိုက်ကာ “ကောင်းပြီလေ နင့်ရဲ့ အကိုကြီးပီပီ ခွန်အားကို စမ်းသပ်ကြည့်လိုက်တာပါ။ မဆိုးဘူး ရော့ ပြန်ယူလိုက်”

မလှမ်းမကမ်းမှ မိုမို မုကျစ်ရှီထံ ပျံသန်းသွားသော ထိုအဖြူရောင်အလင်းတန်းနောက်ကို တဟုန်ထိုးလိုက် လိုက်သည်။

“နင်င့ါကို တကယ်ပြန်ပေးတာပဲ” မုကျစ်ရှီပျော်ရွှင်စွာခုန်ပေါက်ပြီး ထိုအလင်းတန်းကို ဖမ်းလိုက်သည်။ သို့သော် အကြောင်းပြချက်မရှိဘဲ ထိုအလင်းတန်းကို မုကျစ်ရှီ ဖမ်းလိုက်ပြီးနောက် စုရှောင်ရှန် နောက်လှည့်ကာ သုတ်ခြေတင် ပြေးတော့၏။

စုရှောင်ရှန်၏ ထူးခြားသော အပြုအမူကို မုကျစ်ရှီ ဂရုထားနေဖို့ အချိန်မရှိပါပေ။ မိုမိုက နီးကပ်‌လာနေပြီဖြစ်သည်။

မုကျစ်ရှီထိုအလင်းတန်းကိုဖမ်းလိုက်ပြီးနောက် နောက်လှည့်ကာ ခြေကုန်သုတ်ပြေးမလို့ရှိသေး လက်ထဲမှ ပစ္စည်းက မူမမှန်နေတာကို တွေ့လိုက်ရသည်။ ၎င်းကို ငုံ့ကြည့်လိုက်ရာ… စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးဖြစ်နေ၏။

မုကျစ်ရှီ : …

စုရှောင်ရှန် တစ်စထက်တစ်စ ဝေးဝေးရောက်သွားတာကို မုကျစ်ရှီ ငူငူကြီးစိုက်ကြည့်နေမိ၏။

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

[လွမ်းဆွတ်ခြင်းခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

[လွမ်းဆွတ်ခြင်းခံလိုက်ရပါသည်။ ပင်က….

မုကျစ်ရှီလက်ထဲမှ စိတ်ဝိညာဉ်ကျောက်တုံးကို မြင်လိုက်သော မိုမိုလည်း ရပ်တန့်လိုက်သည်။

ထို့နောက် အဝေးသို့ ပျံသန်းထွက်ပြေးသွားသော စုရှောင်ရှန်ကို သင်္ကာမကင်းသော မျက်၀န်းများဖြင့် ကြည့်မိလိုက်၏။

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

Comment

Leave a Reply

Options

not work with dark mode
Reset