“ဒီလိုမိန်းမလှလေးကို အလှပျက်အောင်လုပ်ရမှာတော့ နှမျောစရာပဲ။ ဘာလို့ ငါ့ကိုတိုက်ခိုက်ရတာလဲ” မုကျစ်ရှီတွေးလိုက်သည်။
သူမ၏ ဦးခေါင်းကို ဂုဏ်ယူ၀င့်ကြွားစွာ မော့ပြီး ကောင်းကင်ကိုကြည့်လိုက်ပြီး သူမ၏ မျက်၀န်းကြီးများအတွင်း နောင်တများက အထင်းသား။
သို့ပေမယ့် သူမထင်ထားသလို ပေါက်ကွဲသံကြီး မဖြစ်ပေါ်လာခဲ့ပါ။
မုကျစ်ရှီ ပဟေဠိဖြစ်သွားပြီး ငုံ့ကြည့်လိုက်သည်။
“ပေါက်ကွဲစမ်း”
နောက်တစ်ကြိမ် လက်ခုပ်ထပ်တီးလိုက်ရာတွင် “ဖက်” ဟူ၍သာ မြည်သွားပြီး ဘာပေါက်ကွဲမှုမှ ဖြစ်မလာပါပေ။
ဘာဖြစ်နေတာလဲ။
“ပေါက်ကွဲစမ်းးးးးးးး”
လက်ဖဝါးများနာကျင်သွားရလောက်အောင် လက်ခုပ်တီးလိုက်သော်လည်း တိတ်ဆိတ်စမြဲ။
ငှက်နှစ်ကောင် တောင်ပံခတ်၍ပျံသန်းသွားပုံနှင့် ၎င်းတို့၏ ကျည်ကျည်ကျာကျာ ချစ်တေးသီသံလေးများကိုသာ ကြားရခြင်းဖြင့် ၀န်းကျင်က မည်မျှ တိတ်ဆိတ်နေသလဲသိနိုင်သည်။
မုကျစ်ရှီ၏ မျက်နှာထား သုန်မှုန်သွားပြီး ဒေါသထွက်လွန်းလို့ ထိုငှက်နှစ်ကောင်ကိုတောင် သစ်ပစ်ချင်လိုက်၏။
“ဘာလို့မပေါက်ကွဲသွားတာလဲ” သူမကိုယ်သူမ သင်္ကာမကင်းမေးလိုက်သည်။
သစ်ပင်ရာဂဏာန်းလောက်လေးနှင့် ထိုသစ်သားတိုင်ကြီးကိုဆို မဆိုထားဘိ စန်းလျှိုသစ်တော တစ်ခုလုံးကိုတောင် သူမ ဖောက်ခွဲပစ်နိုင်ပစ်နိုင်ပါသည်။
အဟမ်း။ သစ်တောတစ်ခုလုံးတော့ ချဲ့ကားရာရောက်ပေမယ့် တစ်စိတ်တစ်ဒေသကိုတော့ ဖောက်ခွဲနိုင်ပါသည်။
ခုဘာလို့ ဘာမှ ဖြစ်မလာတာလဲ။
သူမ စဉ်းစားခန်း၀င်နေစဉ် ထိုသစ်သားတိုင်ကြီးအတွင်းမှ အသံခပ်သဲ့သဲ့လေးကို ကြားလိုက်ရသည်။
ဘုန်း…။
ဘုန်း…။
ဘုန်း ဘုန်း ဘုန်း…။
ထိုအသံက တဖြည်းဖြည်း တစ်စထက်တစ်စ ကျယ်လောင်လာခဲ့သည်။ မုကျစ်ရှီ၏ မျက်ဆံများကျုံ့သွားသည်။ ထိုသစ်သားတိုင်က အတွင်းမှ ထောင်ချောက်မိသွား၍ သားရဲ တစ်ကောင်က ဖောက်ထွက်နေသည့်အလား အဆက်မပြတ် ဖျက်ဆီးခံနေရာတာကို သူမပြောနိုင်လေသည်။
ဘန်းးးး…။
ထို့နောက် သစ်တိုင်ကြီးတစ်ခုလုံး အရပ်လေးမျက်နှာကိုပြန့်ကျက်သွားကာ အစိမ်း၀တ်မိန်းမပျိုတစ်ဦး တည်ငြိမ်စွာ လမ်းလျှောက်ထွက်လာခဲ့၏။
မိုမို့ညာဘက်လက်အတွင်းရှိ ကြေးမီးဖိုအိုးမှ နံ့သာဖြူ အမွှေးတိုင်မှ အခိုးအငွေ့တွေ တက်လာခဲ့သည်။ သူမက ပျော်ရွှင်မှုရော၊ အံ့ဩတုန်လှုပ်မှုရော မပြတော့ဘဲ အလွန် ကျက်သရေရှိနေသည်။
မုကျစ်ရှီ မှင်တက်သွားသည်။
“ဒဏ်ရာ တစ်ချက်မှ မရဘူးလား”
ပေါက်ကွဲမှုမဖြစ်ပွားသွားရင်တောင် ရှေးဟောင်းသစ်ပင် ရာကျော်၏ ရစ်ပတ်ခြင်းကြောင့် အနည်းဆုံး ဒဏ်ရာသေးသေးလေးတော့ မရသွားသင့်ပေဘူးလော။
သူမ ဘာလို့ အထွတ်အထိပ်အခြေအနေ၌ ရှိနေသေးတာလဲ။
သူမ၏ အ၀တ်အစားတွင် အနည်းငယ် ပေါက်ပြဲနေရုံမှ တစ်ပါး တကယ် ဘာမှ မဖြစ်သွားသည့်ပုံရသည်။
“သူမရဲ့ ကောင်းကင်စည်းနှောင်ခြင်း ချိတ်ပိတ်ခြင်းသံကြိုးတွေက ဒီလောက် ကြမ်းတယ်လား” မုကျစ်ရှီ၏ နှလုံးတုန်ခါသွားသည်။ သူမ ခံစားရလိုက်ရသော ပျော်ရွှင်မှုတစ်စွန်းတစ်စလေးတောင် ပျောက်ချင်းမလှ ပျောက်သွား၏။
မိုမ်ို ခေါင်းလေးသာ အသာအယာ စောင်းလိုက်ပြီး ဘာမှ မပြောလိုက်ပါ။ ထို့နောက် သူမလက်ထဲ ချိတ်စည်းတစ်ခု အပေါ်တက်သွား၏။
မုကျစ်ရှီ ရုတ်တရက် ချမ်းစိမ့်စိမ့်ခံစားလိုက်ရပြီး ကြက်သီးတဖျင်းဖျင်းထသွားသည်။ စုရှောင်ရှန်နှင့် မိုမိုတို့ကြားမှ တိုက်ပွဲကို မြင်ခဲ့ရသဖြင့် ထိုချိတ်စည်းမှာ စည်းနှောင်ခံလိုက်ရရင် သွားပြီဆိုတာ သူမသိသည်။
‘ငါ့မှာ စစ်မှန်ခြင်းဓားဆန္ဒမှ မရှိတာ။ အထူးသဖြင့် ပြိုင်ဘက်ကို ထိန်းချုပ်နိုင်တဲ့ဟာမျိုး။ ငါသာ ချိတ်ပိတ်ခံလိုက်ရရင်တော့ တိုက်ပွဲရေချိန်ကို လှန်နိုင်တော့မှာ မဟုတ်ဘူး’ သူမတွေးလိုက်သည်။
“ဘာလို့ ငါ့ကို လာတိုက်ခိုက်တာလဲ။ အီးဟီး… မတိုက်ခိုက်ချင်တော့ဘူး”
မုကျစ်ရှီ ထွက်ပြေးချင်နေပါသည်။ ဒီတိုက်ပွဲက သူမအတွက် အကျိုးလည်းမရှိပါပေ။ နိုင်သွားရင်ဘာမှ မရသည့်အပြင် ရှုံးလျှင်လဲ စိတ်ဝိညာဉ်အသက်တံဆိပ်ပြားကိုပေးလိုက်ရပေမည်။
“ငါရှုံးမယ့် ဖလှယ်မှုကြီးမလုပ်ချင်ပါဘူး” ထိုသို့ပြောလိုက်ပြီးနောက် လက်နှစ်ဖက်ပြည့်အောင် အစေ့များဆုပ်ကိုင်လိုက်ပြီး အနောက်သို့ ခုန်သွားလိုက်သည်။
မိုမို တည်ငြိမ်စဲဖြစ်သည်။ ချိတ်စည်းလည်း ကောင်းကင်တွင်ရပ်သွားပြီး လေထဲ၌ ပျံဝဲနေ၏။
“ကောင်းပြီလေ”
မိုမို ဒီစကားများကိုပြောပြီးနောက် ကောင်းကင်နှင့်မြေပြင်တစ်ခုလုံး အရောင်ပြောင်းသွားတော့သည်။ ထို့နောက် စန်းလျှိုသစ်တော တစ်ခုလုံးကို ကြက်သီးထဖွယ်ရာ အရှိန်အဝါနှင့် လေတို့ တိုက်ခိုက်သွား၏။
ရွှစ် ရွှစ်
မုကျစ်ရှီမော့ကြည့်လိုက်ရာ မဲမှောင်လာသော ကောင်းကင်ကို အထိတ်တလန့် တွေ့လိုက်ရသည်။
‘အရှင်သခင်နယ်ပယ် ဓားသမားတစ်ယောက်က တကယ်ပဲ ကောင်းကင်နဲ့ မြေပြင်က ပတ်၀န်းကျင်ကို ပြောင်းလဲနိုင်တယ်ဆိုတာ တစ်ကယ်ပဲပေါ့’ သူမတွေးလိုက်သည်။
သို့သော် မုကျစ်ရှီကို မိုမိုပြန်ကြည့်လိုက်ရာ စစ်မှန်ခြင်းနယ်ပယ်၌သာ ရှိသေးသည်ကိုတွေ့ရသည်။
“အရှင်သခင်နယ်ပယ် စိတ်ဝိညာဉ်နည်းစနစ်”
သို့ဖြင့် ဤသို့ ရှင်းပြချက်တစ်ခုသာ ကျန်တော့သည်။ ထို့ပြင် ထိုအရှင်သခင်နယ်ပယ်စိတ်ဝိညာဉ်နည်းစနစ်က အဆင့်ခပ်မြင့်မြင့်ထဲမှ ဖြစ်ပုံရသေးသည်။ ထျန်းစန်းနန်းတော်၌တောင် အဆင့်မြင့် အရှင်သခင်နယ်ပယ် နည်းစနစ်များက ရှားပါး၏။
“ဂိုဏ်းတူအမမိုရဲ့ နောက်ခံက မရိုးရှင်းဘူး…”
ယခင်ကတည်းက ခံစားခဲ့ရသော ခန့်မှန်းချက်က မှန်သွားပုံရပေမယ့် မုကျစ်ရှီ မပျော်ရွှင်နိုင်ပါပေ။ သူမ မလှုပ်လိုက်နိုင်ခင်မှာပဲ ထိုခြောက်ချားဖွယ်ရာ လေများက သစ်တောကြီး၏ ဧရိယာ ပမာဏ ကြိးကြီးကို ချိတ်ပိတ်လိုက်တော့သည်။
ထိုအခိုက်အတန့်အတွင်း စန်းလျှိုသစ်တောနှင့် အချိတ်အဆက်ပြတ်သွားသလို မုကျစ်ရှီခံစားလိုက်ရသည်။ သို့မဟုတ် ပြတ်တောက်ခြင်းဆိုတာထက် ချိတ်ပိတ်ခံလိုက်ရသည်လို့ ပြောရမလား။
သစ်ပင်များနှင့် ဆက်သွယ်လို့မရတော့ကာ ထိုအရာများမှတစ်ဆင့် ကြားခြင်း၊ မြင်ခြင်းများလည်း မပြုလုပ်နိုင်တော့ပေ။ ဒါက အစပဲရှိသေးသည်။
ထို့နောက် မုကျစ်ရှီ ခြေလှမ်းအနည်းငယ် စာလောက်ကိုသာ မြင်နိုင်တော့၏။ ကျန်အရာများအားလုံး ဝေဝါးလာတော့သည်။
ရွှစ်…။
လေထဲကို ခုန်တက်လိုက်သည့် မုကျစ်ရှီ ရုပ်ချည်း ရပ်တန့်လိုက်ရသည်။ ဘယ်မှ မသွားရဲတော့ကာ လေထဲ၌သာ ပျံဝဲနေရ၏။
လေဖြတ်သန်း၍ တိုက်ခတ်သွားခြင်းနှင့်အတူ မီးခိုးရောင် တံခါးကြီးတစ်ခု ပြတ်တောင်းပြတ်တောင်း ထင်ပေါ်လာခဲ့သည်။
ရွှစ်…။
မုကျစ်ရှီ သူမလက်ထဲရှိ အစေ့များကို ထိုမီးခိုးရောင်တံခါးကြီးထံပစ်လိုက်သည်။ သို့သော် ထိုအစေ့များ နွယ်ပင်များအဖြစ် ကြီးထွားမလာရသေးခင် ပြာမှုန်ဘ၀ရောက်သွားရ၏။
မုကျစ်ရှီ : …
လေထဲတွင် သေခြင်းတရားလို အရှိန်အဝါကို ခံစားနေရကာ ကြက်သီးတဖျင်းဖျင်းထသွားတော့သည်။
“အမမို။ မလုပ်ပါနဲ့။ ငါက မတန်ပါဘူး”
သို့ပေမယ့် သူမ၏ အသံက လေထဲတွင်ပင် ဝေးဝေးမရောက်နိုင်ခင်မှာပဲ ပျောက်ပျက်သွားတော့သည်။ ထိုလေများက အရာအားလုံးကို ချိတ်ပိတ်ထားဟန်ရကာ သူမ၏ အသံတောင် မိုမို့ထံမရောက်လောက်ဟု တွေးမိလိုက်သည်။
“မိုမို… ဒီလောက် သန်မာတယ်လား” မုကျစ်ရှီ တအံ့တအော မျက်တောင် ပုတ်ခတ် ပုတ်ခတ်လုပ်လိုက်သည်။
စုရှောင်ရှန်နဲ့ ချတုန်းကတောင် ဒီလောက် မသန်မာပါပေ။
သူမဘယ်လှည့်ပြီး ထွက်သွားရန်ကြံလိုက်ကာ ခြေတစ်လှမ်းလှမ်းပြီးမှ ရပ်တန့်လိုက်ရပြန်သည်။
ထိုတစ်ဘက်တွင်လည်း မီးခိုးရောင်တံခါးကြီးရှိနေ၏။
ညာဘက်ထပ်လှည့်တော့လည်း နောက်ထပ် တံခါးကြီးတစ်ခုရှိနေတာ တွေ့လိုက်ရသည်။
မုကျစ်ရှီ ချာလပတ်လည်အောင် ကြည့်ပြီးမှ အရပ်လေးမျက်နှာလုံးမှာ မီးခိုးရောင်တံခါးကြီးများဖြင့် တားဆီထားကြောင်းကို တွေ့လိုက်ရ၏။
သူမ အဝိုင်းခံလိုက်ရပြီ။
“ကယ်ကြပါ”
သို့သော် သူမ၏ စိုးရိမ်နေသောအသံကို သူမ တစ်ယောက်တည်းသာ ကြားနေရ၏။
ထိုခြောက်ချားဖွယ်ရာ လေ၏ အပြင်ဘက်တွင်…။
လေထဲ၌ လက်မြှောက်ထားသော မို့မို့လက်ချောင်းကလေးများက တစ်ခုနှင့်တစ်ခု လိမ်ယှက်နေကြသည်။
“သဏ္ဌာန်ခြောက်ပါး ချိတ်ပိတ်ခြင်းတံခါး” သူမ၏ ခံစားချက်ကင်းမဲ့သော အသံထွက်ပေါ်လာ၏။
ဘုန်းး…။
စကားဆုံးသွားသည်နှင့် ထိုတံခါးများ အလင်းတစ်ဖျတ်ဖျတ်တောက်ပသွားပြီး သလင်းကျောက် သဏ္ဌာန် ဆဌဂံထောင့်ဖြတ် ပုံစံ ပူးကပ်သွားကြကာ အထဲတွင် မုကျစ်ရှီကို လှောင်ပိတ်လိုက်သည်။
“လွင့်ပြယ်စမ်း”
ထိုခြောက်ချားဖွယ်ရာလေများ လွင့်ပြယ်သွားပြီး ကမ္ဘာကြီးကို အလင်းရောင်နောက်တစ်ခေါက် ဆောင်ကျဉ်းလာသည်။
မိုမို့ အမို့အမောက်ကောက်ကြောင်းများဖြင့် ခန္ဓာကိုယ်လေးက အနည်းငယ် ယိမ်းယိုင်သွားသည်။ ဒီလိုစိတ်ဝိညာဉ်နည်းစနစ်ကို အသုံးပြုရခြင်းက သူမအတွက်လည်း အတော်ပန်းပုံရသည်။
သို့သော် ဒီချိတ်ပိတ်ခြင်း နည်းစနစ်တစ်ခုတည်းကပဲ ရန်သူများကို မနာကျင်စေဘဲ ပိတ်လှောင်နိုင်သည့်အရာဖြစ်လေသည်။
“ဒါက…” ထို သလင်းကျောက်သဏ္ဌာန်ပူးကပ် နေသောတံခါးလှောင်အိမ်ထဲမှ မုကျစ်ရှီ လေးဘက်လေးရံလုံးကို တအံ့အားကြည့်လိုက်ပြီး အရင်က ဒီလိုမျိုး ဖြစ်ဖူးသလိုခံစားချက်ကြီးကိုပြန်လိုက်ရသည်။
သူမ ဒီလို ချိတ်ပိတ်ခြင်းပုံစံကိုတစ်ခါမှ မမြင်ဖူးတာ အသိသာကြီးကို အဘယ်ကြောင့် ရုတ်တရက် အားလုံးနားလည်နေသလို ခံစားလိုက်ရတာလဲ။
ထို့နောက် သူမ ကြားတောင်မကြားဖူးသော နာမည်တစ်ခု ခေါင်းထဲပေါ်လာလေသည်။ မိုမို့်ကိုတောင်မြင်နိုင်နေပြီဖြစ်ရာ သူမ၏ အသံလည်း မိုမို့ထံရောက်လောက်သည်။
“ချိတ်ပိတ်ခြင်း မဟာဧကရာဇ်…”
မိုမို ယိုင်တိုင်တိုင်ထပ်ဖြစ်သွားသည်။ ထိုသို့ ချိတ်ပိတ်ခြင်းနည်းစနစ်ကို အသုံးပြုရတာက မတ်တပ်တောင် ကောင်းကောင်းမရပ်န်ိုင်လောက်အောင် သူမအတွက်လည်း အလွန်အပန်းကြီးပုံရသည်။ သို့မဟုတ် မုကျစ်ရှီ၏ စကားကြောင့်များလား။
“အဲ့တာဘယ်သူလဲ” မုကျစ်ရှီ သိလိုစိတ်ပြင်းပြစွာပြန်မေးလိုက်သည်။
“…”
“သဏ္ဌာန်ခြောက်ပါးချိတ်ပိတ်ခြင်းတံခါးနည်းစနစ်ပဲသိတယ်” မိုမို့ အမူအရာကိုကြည့်ရသလောက်တော့ သူမစိတ်ထဲ၌ပေါ်လာသည့် နာမည်က အမှန်ဆိုတာ သိလိုက်ရသည်။
ဒါက သူမ ပြန်သတိမရဖြစ်နေသည့် မှတ်ဉာဏ်များက တစ်ခုခုတောင်ဖြစ်နိုင်၏။
“ဂိုဏ်းတူအမမို။ နင်တကယ် ဘယ်သူလဲ။ ချိတ်ပိတ်တဲ့ နည်းစနစ်မျိုးကရှားပါးတယ်။ နင်အသုံးပြုလိုက်တဲ့ဟာဆိုပိုဆိုး။ နင်ဒီနည်းစနစ်ကို … ဘယ်သူ့စီက သင်လာတာလဲ”
မိုမို သူမကို သတ်ချင်သည့် ဆန္ဒမရှိဘူးဆိုတာ သိပြီးနောက် လန့်ဖျပ်နေသော မုကျစ်ရှီ အတော်လေး စိတ် ပြေလျော့သွားသည်။ ထိုသဏ္ဌာန်ခြောက်ပါးချိတ်ပိတ်ခြင်းတံခါးထဲမှ မထွက်နိုင်မချင်းတော့ လုံခြုံလောက်သေးသည်။
သူမ ထွက်ဖို့နည်းရှာမတွေ့ရင်လည်း ထာ၀ရပိတ်လှောင်ထားခံရမယ့် သဘောရှိသည်။
မိုမို မုကျစ်ရှီ၏ အမေးကိုမဖြေဘဲ ဆေးတစ်လုံးမျိုချလိုက်ပြီး “နင်ငါ့ကိုမနိုင်ဘူး။ ငါလည်း နင့်ကို အသားမနာစေချင်ဘူး။ နင့် စိတ်ဝိညာဉ်အသက်တံဆိပ်အတွက် တူညီတဲ့ ရတနာတစ်ခုပေးနိုင်တယ်”
မုကျစ်ရှီ တိတ်ဆိတ်နေသည်။
ထိုတံခါးများ၏ အပြင်ဘက်က အပင်များနှင့် ဆက်သွယ်ရန်ကြိုးစားလိုက်တာ မအောင်မြင်ပါပေ။
‘ဒီချိတ်စည်းက စွမ်းအင်တစ်မျိုးမျိုးဖြစ်ရမယ်…’ သူမတွေးတောလိုက်ပြီး စိတ်ဝိညာဥ် အသက် တံဆိပ်ပြားကိုထုတ်ယူလိုက်၏။ ထိုထဲကို စိတ်ဝိညာဉ်အနှစ်များထည့်လိုက်သောအခါ အသက်စွမ်းအင်များ ထွက်လာလေသည်။
သူမလက်ကို ထိုမီးခိုးရောင်တံခါးကြီးကို ထိလိုက်ရာတွင် ထိလိုက်သည့် လက်ကိုကျောက်တုံးများ ရစ်ပတ်တက်လာကြသည်။ သို့မှ တံဆိပ်ပြားမှ အသက်စွမ်းအင်များကြောင့် ထိုကျောက်တုံးများကွာကျသွား၏။
မုကျစ်ရှီ၏ မျက်နှာထက်တွင် နာကျင်နေသည့်ဟန်ပေါ်သော်လည်း မကြာခင် ပျော်ရွှင်မှုအဖြစ်သို့ပြောင်းသွား၏။
“ဂိုဏ်းတူအမမို ဒီချိတ်စည်းက ငါ့ကို လှောင်ပိတ်ထားလို့မရဘူး”
မိုမိုအနည်းငယ် အံ့အားသင့်သွားသည်။ မုကျစ်ရှီကို အသက်စွမ်းအင်များသုံး၍ အခြေအနေကို ပြောင်းပြန်လှန်လိုက်မည်ဟု မထင်ပါ။
“လုပ်ရဲလုပ်ကြည့်”
မုကျစ်ရှီ ထွက်ပြေးဖို့ကြံနေတာကို မြင်ရာ မိုမို သူမ၏ လက်ချောင်းများကို ဖိကပ်လိုက်သည်။ ချက်ခြင်း ထိုတံခါးများမှ မီးခိုးရောင် မြူခိုးများထွက်လာတော့၏။ မုကျစ်ရှီ ၏ စိတ်ဝိညာဉ်အနှစ်များလည်း ချိတ်ပိတ်ခြင်းခံလိုက်ရကာ အားနည်းသွားသလိုခံစားလိုက်ရသည်။
သေစမ်း…
ထိုမြူခိုးများကို အကောင်းဆုံး မထိတွေ့ရန် မုကျစ်ရှီ ကြိုးစားလိုက်သည်။ သို့သော် စိတ်ဝိညာဉ်အနှစ်များတောင်မရှိတာ ဘယ်လို ခုခံနိုင်ပါ့မလဲ။
‘ငါတကယ်ပဲ စိတ်ဝိညာဉ်အသက်တံဆိပ်ပြားကို ပေးလိုက်ရတော့မှာလား’ သူမ တွေးလိုက်သည်။
သို့ဆိုလျှင် သူမ လည်ပင်းအစ်သွားတာက အလဟသတ်မဖြစမသွားတော့ပေဘူးလော။ မုကျစ်ရှီ ဒေါသထွက် စိတ်ဆိုးသွားသည်။
မိုမို လက်စွပ်တစ်ကွင်းကိုထုတ်ယူပြီး အသာအယာပြောလိုက်သည်။ “ငါ့ကို တံဆိပ်ပြားပေးရင် ဒီလက်စွပ်ကနင့်ဟာပဲ”
“ငါ…”
ထိုချိတ်ပိတ်ခြင်းစွမ်းပကားက ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။ ဘယ်လောက် အပြင်းအထန် ရုန်းကန် ရုန်းကန် ရလဒ်ကတော့ တစ်ခုတည်းဖြစ်မည်သာ။
မုကျစ်ရှီ အလျော့ပေးလိုက်တော့မည့်စဲစဲ အဝေးမှ ရွှင်ပြသော ဝါးလုံးကွဲ ရယ်သံကြီးကို ကြားလိုက်ရတော့သည်။
“ဟားဟား။ နင်တို့ချည်း ကစားနေကြတယ်။ ငါ စုရှောင်ရှန်ကိုလည်း ခေါ်ပါဦး”