Switch Mode

အခန်း (၁၅၂)

ဆုလဒ်

နှင်းခဲများ ကောင်းကင်ပေါ်ကကျလာသည်။

သူတို့ကို တည်ဆောက်လိုက်သည့် အရာများကြောင့် နှင်းပွင့်ဖက်များအားလုံးက စိတ်ဝိညာဉ်စွမ်းအင်များဖြစ်ကြသည်။ သူတို့က ကောင်းကင်နှင့် မြေပြင်အကြားမှ အပူချိန်ကို ဂရုမပြုသည့်အလား ကျလာနေခဲ့၏။

စုရှောင်ရှန် တိတ်တဆိတ်ထလာခဲ့ပြီး တိတ်တခိုးနာကျင်ခြင်းထည့်ထားသော ဓားအိမ်ကို ရင်ဘက်မှ သိုလှောင်လက်စွပ်ထဲထည့်လိုက်သည်။ အနက်ရောင်ဓားအိမ်က စုရှောင်ရှန်၏ မရွှင်မပြဖြစ်နေသော ခံစားချက်ကို သတိထားမိသည့်အလား ထွက်လာပြီး ပြဿနာမရှာပါပေ။

သွေးစက်များစွန်းထင်းနေသော အဖြူ၀တ်နှင့်စုရှောင်ရှန် အလောင်းကောင်ကြီးအနား၌ ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ ခက်ထန်သော စွမ်းအင်တို့က ထိုအလောင်းကြီးမှ မြေကမ္ဘာထဲသို့ စိမ့်ဝင်သွားသည်။ ကျန်ရှိနေသေးသော ရွှေရောင်သွေးစက်၏ စွမ်းအင်ဖြစ်ပုံရသည်။

“ငါဘာလို့ဂရုစိုက်ရမှာလဲ”

လူသတ်ခြင်းနှင့်ပတ်သက်၍ စုရှောင်ရှန် မနှစ်သက်ပါချေ။ သို့တောင် သူ့ရှေ့မှ ဧရာမ အလောင်း‌ကြီးကိုကြည့်ပြီး စုရှောင်ရှန် ပထမတစ်ကြိမ်တုန်းကလို ရင်တုန်ပန်းတုန်ဖြစ်ခြင်းမရှ်ိတော့ပါပေ။

အဆုံးမှာ သူပြောင်းလဲခဲ့လေပြီ…

စုရှောင်ရှန်အသာအယာခေါင်းခါရမ်းလိုက်သည်။ သူအနည်းငယ် ခံစားချက်မဲ့သွားလေပြီ။

ယွမ်တုသာ စုရှောင်ရှန်နှင့် ကျန်းရှင်းရှုံတို့အကြားတွင် ၀င်ရောက်စွပ်ဖက်ခြင်းမရှိလျှင် အသက်ရှင်ပေလိမ့်မည်။ ယခုတော့ သူ့ဘ၀ကြီးနှင့် ပေးဆပ်လိုက်ရ၏။

“ဒါက လောက နိယာမဖြစ်ရမယ်။ သေမယ်ရှင်မယ်ဆိုတာ တစ်ခါတစ်လေမှာ ရွေးချယ်ချက်အနေနဲ့ လာတတ်တာပဲ”

ရှဲ…။

စုရှောင်ရှန် အလောင်းကိုမီးညှိလိုက်ပြီး တဖြည်းဖြည်းလောင်ကျွမ်းသွားတာ ကြည့်နေလိုက်သည်။

ရုပ်ချည်း တစ်စုံတစ်ခုကိုအမှတ်ရသွားပြီး ထိုငရဲမီးတောက်ကောင်းကင်မီးလျှံများအကြားသို့ လက်နှိုက်ပြီး လက်စွပ်တစ်ကွင်းကို ထုတ်ယူလိုက်၏။

စုရှောင်ရှန်၏ အပြုံးနားရွက်တတ်ချိတ်မတက်ကျယ်သွားသည်။ “တိုက်ခိုက်ပြီး ဒါ ပထမဆုံးအကြိမ် တစ်ခုခုရလိုက်တာပဲ”

တမင်ရည်ရွယ်ပြီးသေအောင် နာနာ လုပ်ပစ်လိုက်တာရော၊ မတော်တဆ သတ်မိသွားတာရောနှင့်ဆို စုရှောင်ရှန်လူအနည်းငယ်သတ်ဖူးသည်။

သို့ဖြင့် ဤသို့ ဆုလဒ်မျိုးရသည့် ခံစားချက်မျိုးကို မခံစားကြည့်ရဖူးပါလေ။

“အဟမ်း။ တောင်းပန်ပါတယ် မင်းဒီမှာ ရှိနေသေးတာမေ့သွားတယ်”

စုရှောင်ရှန် ခါးကြားတွင် လက်စွပ်ကို ထည့်လိုက်ပြီး ဆွေးမြေ့သလိုအကြည့်မျိုး လုပ်လိုက်သည်။ အလောင်းကိုမီးများလုံး၀အတိ‌ လောင်ကျွမ်းသွားသောအခါ လက်စွပ်ကိုပျော်ပျော်ရွှင်ရွှင်ပြန်ထုတ်ယူလိုက်၏။

လက်စွပ်ကို စိတ်ဝိညာဉ်အာရုံဖြင့်ကြည့်လိုက်သောအခါ သူ့လက်စွပ်ထက် ဤသိုလှောင်လက်စွပ်က နေရာပိုကျယ်နေတာကိုတွေ့လိုက်ရသည်။

အတွင်းစည်း၏ အကြီးတန်းဂိုဏ်းသားတစ်ယောက်အနေနှင့်ကတော့ ဒီလောက်တော့ရှိသင့်ပေသည်။

အချို့ ဝေရာ၀စ္စမစ္စည်းအချို့မှအပ လက်စွပ်တစ်ခုလုံးကို ထောင်နှင့် သောင်းနှင့်ချီသော တောင်လိုပုံနေသည့် စိတ်ဝိညာဉ်ကျောက်တုံးများက နေရာယူထားသည်။ စုရှောင်ရှန်ထိုမျှ များပြားသော စိတ်ဝိညာဉ်ကျောက်တုံးများကို ဘ၀တွင်တစ်ခါမှ မမြင်ဖူးလေရာ သွားရည်များကျလာတော့သည်။

မိုးတိမ်လေပြိုင်ပွဲ၌ ခက်ခက်ခဲခဲ တိုက်ခိုက်ပြီးနောက် ရလာသော ဆုလဒ်တွေထက်ပင် ထိုစိတ်ဝိညာဉ်ကျောက်တုံးများက ပို၍ တန်ဖိုးရှိနေ၏။ လူအများ အဘယ်ကြောင့် သူခိုး၊ ‌ဓားပြ ဖြစ်လာချင်ကြလဲမဆန်းတော့ပါ။

“ထွီး ငါစုရှောင်ရှန်က ‌တရားမျှတပြီး လူကြီး လူကောင်းတစ်ယောက်ကွ။ ဒီလိုအောက်တန်းကျတဲ့အရာကို မလုပ်ဘူး”

သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းများကို စုရှောင်ရှန် တစ်ခုခြင်း စီစစ်ကြည့် လိုက်သည်။

စိတ်ဝိညာဉ်ကျောက်တုံးများမှအပ ‌ဆေးပုလင်းများစွာလည်းရှိသည်။ စိတ်ဝိညာဉ်ဆေးလုံး၊ ရွှေနီဆေးလုံး… ထိုသို့ အခြေခံဆေးလုံးမျိုးထောင်နှင့်ချီ၍ ရှိ၏။

စုရှောင်ရှန် ပါးစပ်ဟောင်းလောင်းဖြစ်သွားသည်။

“ငါချမ်းသာလိုက်တာ ပြီးတော့… မူလနန်းတော်ဆေးလုံး”

ထိုရင်းနှီးသော အသုံးမပြုရသေးသည့်ဆေးလုံး ရာနှင့်ချီ၍ မြင်လိုက်ရရာ စုရှောင်ရှန် အံ့အားသင့်သွားတော့သည်။

“ဘုရားရေ ဒီယွမ်တုဒါတွေနဲ့အပြည့်သိုလှောင်လက်စွပ်ကိုဖြည့်ဖို့ ဘယ်လောက်တောင်ကြာမြင့်လိုက်မလဲ”

စုရှောင်ရှန်အချိန်အတော်ကြာအောင်ရှာကြည့်လိုက်သော်လည်း သူလိုချင်သည့် ရွှေရောင်သွေးစက်ကိုမတွေ့ပါချေ။ ထိုကဲ့သို့ အဖိုးတန်သောအရာကို ယွမ်တုလည်း တစ်စက်သာရှိပုံရသည်။

“နှမျောစရာပဲ။ သူ့မှာသာ တစ်စက်ပဲရှိမယ်ဆိုတာ သိရင် မစားခိုင်းလိုက်ပါဘူး”

သင်ခန်းစာရသွားပြီးနောက် အနာဂါတ်၌ ရန်သူများကို မည်သည့်အခွင့်အရေးမှ မပေးတော့ပါဟု စုရှောင်ရှန် သန္ဒိဠာန်ချမှတ်လိုက်သည်။

“ကံခေတာပဲ။ ဝှက်ဖဲဆိုတာ တစ်ခါသုံးပြီးရင် ထာ၀ရကုန်ဆုံးသွားရောဆိုတာ သင်ခန်းစာယူရမယ်။ နောက်တစ်ကြိမ် ရန်သူနဲ့တွေ့တဲ့အခါ သူတို့ကို တစ်ချက်တည်းနဲ့ သတ်ပစ်ရမယ်။ ဒါမှ များများရမှာ”

စုရှောင်ရှန်ခေါင်းညိတ်လိုက်ကာ ထို “ရန်သူတွေကိုတုန့်ပြန်နည်းဗျူဟာ” ကိုစိတ်ထဲအလေးအနက် ထည့်လိုက်သည်။ ထို ရန်သူတွေကိုတုန့်ပြန်နည်းဗျူဟာမှာ အကြောင်းအရာအများကြီးမပါချေ။ ၎င်းက အတိတ်၌ ရန်သူများကို ကြုံကြိုက်ပြီးရမှ ရခဲ့သော သင်ခန်းစာများပေါင်းထားခြင်းဖြစ်သည်။

လျှိုကျန်း : ကျင့်ကြံခြင်းကို ဖုန်းကွယ်ထားတတ်သော ရန်သူမျိုး။

၀မ်ချောင် : ချောင်းမြောင်းတိုက်ခိုက်ဖို့ တကယ့် နေရာကိုမှ‌ ရွေးသူ။

ဖုန်းကုန်း : ရန်သူရဲ့ ကျင့်ကြံမှုစွမ်းရည်တွေက ထင်ထားသလောက်မမြင့်ပါပေ။

ယခုတော့ တစ်ခုအသစ်ထပ်တိုးလယသည်။

ယွမ်တု : ဆုလဒ်ကြီးကြီးရအောင် ရန်သူကို တစ်ချက်တည်းဖြင့်သတ်ဖြတ်ခြင်း။

ထို မှတ်ချက်များကို တကယ် ချရေးလိုက်ပြီးနောက် စုရှောင်ရှန် သူ့ကိုသူအားပေးလိုက်သည်။ “တောင့်ထား စုရှောင်ရှန်။ ရှေ့ဆက်လျှောက်ရမယ့် ခရီးလမ်းက ဝေးသေးတယ်။ ဘ၀သင်ခန်းစာဆိုတာလဲ များလာမှ တိုးတက်လာစေတာမျိုး”

လက်စွပ်ကို အပြောင်ရှင်းပြီးသည်နှင့် တခြားသာမန်ပစ္စည်းများကိုလည်း ‌မီးရှို့လိုက်သည်။ ထို့နောက် သူ့စိတ်ဝိညာဉ်အသိဖြင့် အနီးနားတစ်ဝိုက်တွင် လူရှိလား ‌စစ်ဆေးကြည့်လိုက်သည်။

“ကောင်းပြီလေ ခေါင်းပြားက လုံး၀ လူပျောက် ဖြစ်သွားပြီ”

စုရှောင်ရှန် ဤကြမ္မာငင်သည့်နေရာမှ အလျှင်အမြန်ပျံထွက်သွားလိုက်သည်။ ထိုတိုက်ပွဲက မထင်မှတ်ထားသည့် အကွေ့အကောက်များဖြင့် ပြည့်နေကာ ရွှေရောင်သွေးကြောင့် သူလည်း ဒဏ်ရာရသွားရသည်။ ထို့အပြင်ကို သူဘယ်လောက်သန်မာသလဲ။ တိုက်ခိုက်စွမ်းရည်ရှိတလဲဆိုတာကိုပါ သိလိုက်ရ၏။

သူ့ထာ၀ရအသက်စွမ်းအင်နှင့် ကြော့ကွင်းတို့ဖြင့် ရေရှည်တိုက်ပွဲကို လုပ်ဆောင်နိုင်နေ၏။ တစ်ချက်တည်းဖြင့်သာ သူ့ကိုမသတ်နိုင်လျှင် သေခြင်းက သူ့ရန်သူများထံရောက်လာပေမည်။

သူ့ပြိုင်ဘက်တွင် အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်မရှိ၍ကတော့ ပြီးပြည့်စုံသော ပင်ကိုယ်စွမ်းရည်များ၏ အထောက်အပံ့ကြောင့် မြေပြင်တွင်ပြားပြား၀တ်သွားအောင် အေးဆေးလုပ်ဆောင်နိုင်လိမ့်မည်။

သူဖန်တီးလိုက်သော မီးဘောလုံးလက်သီးလေးက သူနှင့် သူ့ပြိုင်ဘက်၏ စွမ်းရည်ကွာခြားမှုတို့အပေါ် မူတည်ပြီးဖောက်ခွဲနိုင်သည်။ ဒီ‌တစ်ခေါက်ရလဒ်က ကျေနပ်လောက်စရာကောင်း၏။ စုရှောင်သာ လျှောက်တိုက်လိုက်မယ်ဆိုရင်တော့ ရန်သူများ အရိုးတစ်ခြား၊ အသားတစ်ခြား ဖြစ်သွားနိုင်သည်။

အဆုံးသတ်မှာ အသုံးပြုလိုက်တဲ့ “ရာသီကုန်နှင်းများအကြားမှ အနောက်လေ” ဆိုသည့် နာမည်နှင့်ပတ်သက်ပြီးစုရှောင်ရှန် ကျေနပ်နေ၏။ နောက်ဆုံးတော့ လေလွင့်တိမ်တိုက်နာမည် အစဉ်လိုက်မှ ရုန်းထွက်နိုင်ပြီး နာမည်ပေးတဲ့စနစ်တစ်ခု တီထွင်နိုင်လိုက်သည်။ နည်းးနစ်များကိုနာမည်ပေးရာ၌ သူက ပါရမီရှင်လေးတောင်ဖြစ်နိုင်၏။

ထိုနည်းစနစ်က လျင်မြန်မှုနှင့် ဓားထုတ်ဓားကွက်၏ ခုတ်ဖြတ်ခြင်းစွမ်းပကားတို့ကိုပေါင်းစပ်အသုံးပြုပြီး ‌လျှပ်တပြက် ခေါင်းဖြတ်ခြင်းက အနှစ်ဖြစ်သည်။ ၎င်း၏ အဖျက်စွမ်းအားက ထိုမျှလောက်မဟုတ်ပါပေ။

အဓိက အချက်က ရန်သူအနောက်၌ လျှပ်တပြက်ပေါ်လာပြီးနောက် ဖြည်းဖြည်းချင်း ဓားကိုထုတ်ကာ ရန်သူကို အဆုံးသတ်ပေးလိုက်ခြင်းဖြစ်သည်။

လျင်မြန်မှုနှင့်ဆို သူ့စိတ်ကူးယဉ် နည်းစနစ်များကို ဖန်တီးလာနိုင်တော့သည်။ တစ်ခုတည်းလိုနေတာက ဗီလိန်တို့၏ ပြရုပ် စကားပေါခြင်းဖြစ်သည်။ သူသာ စကားနည်းနည်းသာပြောခဲ့လျှင် အခြေအနေက ယခုထက် အများကြီးပိုကောင်းနိုင်လောက်၏။

“ထားပါ ‌ခြေတစ်လှမ်းပေးတာ ‌အလှမ်းတစ်ရာလောက်ယူလို့မှမရဘဲ။ အေးဆေးပေါ့”

ဟူးးး…။

စုရှောင်ရှန်၏ စိတ်ခံစားချက်ကို အာရုံခံမိပြီးနောက် အနက်ရောင်ဓားအိမ် တိတ်တခိုးနာကျင်ခြင်းနှင့်အတူ သိုလှောင်လက်စွပ်ထဲမှ ထွက်လိုက်သည်။

စုရှောင်ရှန် အလန့်တကြား ဓားအိမ်ကို ချက်ခြင်းဆုပ်ကိုင်လိုက်၏။ ဒီအရာက သူ့ကို သခင်အဖြစ်အသိအမှတ်ပြုထားတယ်ဆိုပေမယ့် စုရှောင်ရှန် ‌ပေါ့ပေါ့ဆဆ မနေရဲပါလေ။

သူ့လက်ဖြင့်ကိုင်ထားရမှ စိတ်သက်သာရာ ရတော့သည်။ တိတ်တခိုးနာကျင်ခြင်းက စုရှောင်ရှန်၏ ဘက်လိုက်သော အပြုအမူနှင့်ပတ်သက်ပြီး မကျေနပ်သကဲ့သို့ အသံပေးနေသည်။

စုရှောင်ရှန် ရယ်ချင်သွားသည်။ ဓားအိမ်နှင့် ပတ်သက်ပြီး ညီတူမျှတူ ခံစားခွင့် ဘယ်ရမလဲ။

ထို ရွက်တစ်ထောင် အနက်ရောင် ရေတံခွန်စီးဆင်းခြင်းက ယွမ်တုကိုပဲ မဟုတ် အသုံးပြုလိုက်တဲ့ သူ့ကိုပါ မှင်တက်သွားစေခဲ့သည်။

ကနဦးက ဓားထုတ်ဓားကွက်ကိုသာ ပို၍ အဖျက်စွမ်းအားကြီးအောင်လုပ်ချင်ခြင်းသာဖြစ်သည်။ ဓားအိမ်၏ ပူးပေါင်းမှုကြောင့် ပမာဏက အဆတစ်ထောင်လောက်ပိုသာသွားမည်ဟု မထင်ပါပေ။

ထိုဖြစ်စဉ်က လူတစ်ဦးတစ်ယောက်တည်းလောက်တိုက်ခိုက်နိုင်သော နည်းစနစ်ကို အဖွဲ့လိုက် တိုက်ခိုက်နိုင်သော နည်းစနစ်အဖြစ် ပြောင်းပေးလိုက်၏။

“ကျစ်… ငါ စုရှောင်ရှန် ငါတောင်မသိလိုက်ဘဲ ဒီလောက် သန်မာလာတယ်ပေါ့”

စုရှောင်ရှန် စိတ်လှုပ်တရှား ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပြီး ကောင်းကင်ယံကို ပျံတက်သွားလိုက်သည်။

“စိတ်လျော့ စိတ်လျော့ …”

တစ်အောင့်ကြာသော်် စိတ်လျော့လိုက်ပြီး ကျောက်စိမ်းစာလိပ်တစ်ခုကို ထုတ်ယူလိုက်သည်။

၎င်းက မုကျစ်ရှီသူ့ကိုပေးထားသော ထျန်းရွှမ်တံခါး၏ မြေပုံဖြစ်သည်။ သူ့နဖူးပေါ်တင်လိုက်ရာ အကြောင်းအရာများ စိတ်ထဲတန်းပေါ်လာတော့သည်။

“ငါဘယ်သွားရမလဲ” စုရှောင်ရှန် လည်ပင်းကိုကုတ်ရင်း စဉ်းစားလိုက်သည်။

သူ့အထင်ကတော့ လေ့ကျင့်ရေး နယ်မြေတစ်ခုစီတိုင်းမှာ အနက်ရောင်ဓားအိမ်နှင့် တန်ဖိုးတူသည့် ရတနာများ ရှိကိုရှိရမည်။ မြေပုံပေါ်တွင် အမှတ်ကြီး (၁၂) ခုရှိရာ နယ်မြေ (၁၂) ခုနှင့် ရတနာ (၁၂) ခု ဖြစ်သည်။

အချိန်ကို ကြည့်ရသလောက်တော့ ထျန်းရွှမ်တံခါးမှထွက်ရန် တစ်ရက်ကျော်ကျော်လောက်လိုသေးသည်။

“အချိန်တိုအတွင်းမှာ ဒီရတနာတွေအားလုံးကို သိမ်းကြုံးယူဖို့ဆိုတာမဖြစ်နိုင်ဘူး။ ဒါပေမယ့် တစ်ခု နှစ်ခုတော့ ရအောင်ယူရမယ်…”

စုရှောင်ရှန် မြေပုံကို ပြန်ကြည့်ရာ အခြားအမှတ်များဖြင့် ကွဲနေသော အမှတ်ခြစ်ကြီးနှစ်ခုကို သတိထားမိလိုက်သည်။

တစ်ခုက သူရောက်သွားခဲ့သော အနက်ရောင် ရေတံခွန် ချောက်ကမ်းပါးဖြစ်ပြီး နောက်တစ်ခုက မုကျစ်ရှီသွားလေ့ကျင့်သော စန်းလျှိုသစ်တောဖြစ်သည်။

“အဖိုးကြီး ငါတို့အတွက် မှတ်ပေးထားတာဖြစ်မယ်” စုရှောင်ရှန် ခန့်မှန်းလိုက်သည်။ အကြီးအကဲစန်းက တကူးတက သူ့တို့ကို လေ့ကျင့်ဖို့အတွက် ဤနေရာများကို မှတ်ပေးထားခြင်းဖြစ်ရမည်။

အဖိုးကြီးကိုယ်တိုင်က သွားဖို့ တိုက်တွန်းမှတော့ ထိုနှစ်နေရာက ထျန်းရွှမ်တံခါးအတွင်း အကောင်းဆုံးနေရာများ ဖြစ်နိုင်ခြေရှိသည်။ အကောင်းဆုံးနေရာကလည်း ‌အကောင်းဆုံးရတနာတွေရှိမှာပဲ။

စုရှောင်ရှန်လည်း အကောင်းဆုံးကိုလိုချင်သောကြောင့် စိတ်ပိုင်းဖြတ်လိုက်တော့သည် ။

ကောင်းကင်မှ ကြယ်က အမြဲမြောက်အရပ်ကို ညွှန်ပြနေပေသည်။ စုရှောင်ရှန် သွားရမည့်လမ်းရှာတွေ့ကာ တဟုန်ထိုးပြေးသွားတော့သည်။

“ဆရာတူညီမလေး နင့်အကိုကြီးက နင့်စီကိုလာနေပြီနော်”

Comment

Leave a Reply

Options

not work with dark mode
Reset