အခန်း(၁၀)

အခန်း (၁၀) : မျက်နှာပျက်ခြင်း

ဝမ်ချင်းလင်က အတော်ဒေါသထွက်နေသည်။

သူ့ကို သေပြီများ ထင်နေကြတာလား …

အဲဒီဇွန်ဘီက ဗြုန်းခနဲ ထွက်လာပြီး ငါ့ညီလေးတွေကို အမိန့်ပေးနေတာလား … ဒီနန်းချန်ရဲ့ ဘော့စ်က ဘယ်သူလဲဆိုတာ မေ့သွားပြီလား

ဇွန်ဘီအော်သံကို ဆေးခန်းမှပင် ကြားရသည်။

ကျန်းလန်က တံခါးမှ ခေါင်းလေးထွက်ကာ လှမ်းကြည့်လိုက်၏။ အသံက တောင်ဘက်ပိုင်းမှ ထွက်လာပုံရသည် “မင်းညီလေးတွေက ဘာလှုပ်ရှားမှုတွေများ လုပ်နေတာတုန်း။ သူတို့က မင်းကို အသိမပေးဘူးလား ”

ဝမ်ချင်းလင် “ ကျွန်တော်ရဲ့ အာဏာကို ခိုးသွားတဲ့ ဇွန်ဘီရိုင်းတစ်ကောင်က လူသားတွေကို တိုက်နေတာ ”

ကျန်းလန်က ပြန်ဖြေလိုက်သည် “ အဲဆို မြန်မြန် ပြန်လုလိုက်လေ။ အမေတို့က ကျင့်ဝတ်ရှိပြီး တာဝန်ယူတတ်တဲ့ ဇွန်ဘီလေးတွေလေ။ လူသားတွေကို မတိုက်ဘူး ”

ဝမ်ချင်းလင်က ခေါင်းမော့ကာ သူ့အမေအား ကြည့်လိုက်သည်။

“ ဟုတ်တယ်။ သားတို့က လူသားတွေကို စမတိုက်ဘူး ”

သို့သော် လူသားတွေက အရင်စတိုက်လာပါက ငြိမ်ခံနေမည် မဟုတ်ပေ။ သူတို့က အရူးတွေ မဟုတ်ချေ။

ကျန်းလန်က ခေါင်းညိတ်ကာ မေးလိုက်သည် “သားရဲ့ အာဏာကို ခိုးသွားတဲ့ ဇွန်ဘီကိုရော ဖြေရှင်းပြီးပြီလား ”

ဝမ်ချင်းလင်က မေးထောက်ကာ ပြောလိုက်သည် “ ကျွန်တော် နန်းချန်ကနေ မောင်းထုတ်လိုက်မယ်။ သူ့ဘာသာ အရှေ့ဖြစ်ဖြစ် အနောက်ဖြစ်ဖြစ် မြောက်ပိုင်းဖြစ်ဖြစ် ကြိုက်တာသာသွား … ကျွန်တော့ဇွန်ဘီညီလေးတွေနဲ့ လာမရှုပ်ရင် ရပြီ ”

ဝမ်ချင်းလင်က သွေးအနီမိုနီ လက်တံမှ ပြုလုပ်ထားသည့် လက်ဖက်ရည် ထည့်ထားသော ခွက်ကို ကိုင်ကာ ဖြည်းဖြည်းချင်း သောက်လိုက်သည်။

“ စီးပွားရေးက မကောင်းဘူး။ မင်းက လင်းချန်ရဲ့ ဘော့စ်အဖြစ်နဲ့ ထွက်လာနိုင်ပေမဲ့ သတိလေးတစ်ချက် လွတ်သွားလိုက်တာနဲ့ အာဏာက အခိုးခံလိုက်ရရော … ဟူး ငါတို့ အလုပ်လုပ်လို့ မကောင်းတော့ဘူး။ ဝင်ငွေအရင်းအမြစ် ရှိရမယ် ”

ဝမ်ကျန်းက သွေးနှင့်တူသည့် လက်ဖက်ရည်တငုံ သောက်လိုက်သည်။

“ အဖေကို သွေးအနီမိုနီ ပေးလိုက် … အဖေ နယ်လှည့်ပြီး ကုပေးလိုက်မယ်။ အဲဆိုရင် ကူးစက်ခံထားရပြီး အရေးတကြီး အကူအညီလိုအပ်နေတဲ့ လူသားတွေနဲ့ တွေ့ဖို့ ကျိန်းသေတယ်”

ဝမ်ချင်းလင်က မျက်နှာအုပ်လိုက်ကာ ပြောလိုက်သည် “ ချစ်လှစွာသော ဖေဖေရေ စိတ်ကူးယဉ်မနေပါနဲ့တော့ဗျာ။ အဖေ လူသားအပေါ် ခုန်မအုပ်တာကို ကျေးဇူးတင်လှပြီ ”

ဝမ်ကျန်းက ရှူးရှူရှဲရှဲ ဖြစ်လာကာ “ ငါ ဗိုက်မဆာသရွေ့ လူသားတွေကို မစားချင်ပါဘူး ”

ဝမ်ချင်းလင် “ဟုတ်ပါပြီ ဟုတ်ပါပြီ။ အဖေက လူသားတစ်ယောက် ပြန်ဖြစ်ဖို့ လေ့ကျင့်ပြီးနေပါပြီ”

သူတို့က စီးပွားရေးမကောင်းကြောင်း ပြောနေစဉ် စီးပွားရေး အခွင့်အလမ်းတစ်ခုက တံခါးရှေ့မှောက် ရောက်လာသည်။ အသိစိတ်ပြန်ရလိုသည့် နောက်ထပ် ဇွန်ဘီတစ်ကောင် ဖြစ်၏။

ဤသို့သော ကုသမှုမျိုးက အလွန်ရိုးရှင်းလှသောကြောင့် ဝမ်ချင်းလင်က သူ့မိဘများဆီသာ အပ်ထားလိုက်သည်။ သူ လုပ်ဖို့လိုအပ်သည်ကား သွေးအနီမိုနီ ထုတ်ပေးဖို့ရာသာ ဖြစ်၏။

ဝမ်ချင်းလင်က လူလေးယောက်၏ တည်နေရာကို နောက်တဖန် စစ်ဆေးကြည့်လိုက်သည်။

သူတို့ကို မျက်စိကျနေသည့် ဇွန်ဘီများစွာ ရှိနေသောကြောင့် ထွက်သွားရုံမှအပ ရွေးချယ်စရာ မရှိချေ။

သူတို့ နန်းချန်မှ ထွက်သွားသည့်တိုင် ဇွန်ဘီအုပ်ကြီးက မြို့အစွန်ကနေ ရပ်ကြည့်နေကြဆဲ ဖြစ်သည်။ သူတို့ ကားမောင်းထွက်သွားတော့မှ ဇွန်ဘီအုပ်ကြီးက လူစုကွဲသွားလေသည်။ တချို့က အစာရှာထွက်ကာ တချို့က နောက်ပြန်ဆုတ်လာကြသည်။

ကျိရုန်က ကားကို ရပ်လိုက်သည်။ သူ့လက်၌ ချွေးအေးများဖြင့် စိုရွဲနေလေသည်။ သူက ဇွန်ဘီအုပ်ကြီး ဝန်းရံ၍ ထွက်လာရသောကြောင့် စစ်ရေးပြသလိုပင် ခံစားနေရသည်။ သူ့ဖိအားခံနိုင်ရည်စွမ်းကြောင့်သာ မဟုတ်လျှင် မေ့လဲသွားလောက်လေပြီ။

ရှောင်ဟန်လက်ထဲ ဆေးသေတ္တာပေါ်လာကာ နောက်ခုံမှ ရှစ်ချုံးဆီ လှမ်းပေးလိုက်သည်။

ရှစ်ချုံးက သေတ္တာလေးကို ယူကာ ဟယ်လင်းအား သွေးတိတ်ဆေး ထိုးပေးလိုက်သည်။ ထို့နောက် သွေးတိတ်သွားစေရန် ပတ်တီးစည်းပေးလိုက်သည်။ ဟယ်လင်း ခြေထောက်တစ်ဖက်က ကားအောက် ပိသွားခဲ့သောကြောင့် ဆိုးဆိုးရွားရွား ဖြစ်နေသည်။ သွေးမရပ်မနား ထွက်နေလေ၏။

ကျိရုန် “လောင်တ … အခုဘာလုပ်ကြမလဲ ”

ရှောင်ဟန် “လောင်လင်းရဲ့ အခြေအနေက ဘယ်လိုလဲ”

ရှစ်ချုံး “သွေးထွက်လွန်နေပြီး သတိမေ့သွားပြီ ”

ကျိရုန်က ကားစတီယာတိုင်ကို ရိုက်ချလိုက်သည်။

“လခွမ်း … တိုက်ခိုက်ရေးမြင့်တယ်။ အမြန်နှုန်းလည်း မြင့်တယ်။ ဇွန်ဘီအုပ်လည်း ခေါ်နိုင်တယ် ပြီး‌တော့ စကားလည်း ပြောနိုင်တယ်ဆိုတော့ ဒါက ဇွန်ဘီရော ဟုတ်သေးရဲ့လား ”

ရှစ်ချုံးက အလှုပ်အရှားမပျက် ဆက်ပြောလိုက်သည် “ အဆိုးဆုံးက ဆင့်ကဲဇွန်ဘီ အမျိုးအစားအသစ် ပေါ်လာတာပဲ”

ရှောင်ဟန်က တိတ်ဆိတ်ကာ စဉ်းစားနေသည်။

ကားနောက်ကြည့်မှန်၌ ကားတစ်စင်း ချက်ချင်း ပေါ်လာကာ သူတို့ရှေ့တွင် ဖြည်းဖြည်းချင်း ရပ်လိုက်သည်။

ဝမ်ချင်းလင်က ကားမှန်ကို ချကာ ပြောလိုက်သည်။

“အကူအညီ လိုသေးလား”

ကျိရုန်စိတ်ထဲ အတွေးယာဉ်ကြော ဖြည်းဖြည်းချင်း လည်ပတ်လာသည်။

သောက်ခွေးနဲ့မှ … သူတို့ နောက်ယောင်ခံလိုက်နေတဲ့ ပစ်မှတ်က သူတို့ကို ခါချပြီးတော့ အခု သူကိုယ်တိုင် ငါတို့ရှေ့ ပြန်ရောက်လာတယ်တဲ့လား …

ရှောင်ဟန်က ကားထဲမှ ထွက်လာလိုက်သည်။ သူက ဓားရှည်ထုတ်ကာ ဝမ်ချင်းလင် ကားကို ချိန်ရွယ်လိုက်သည်။

“ထွက်ခဲ့ ”

ဝမ်ချင်းလင်က ကားထဲမှ ထွက်လာလိုက်သည်။ ကုသရေး အခကြေးငွေရရှိဖို့အတွက် သူက များစွာ အားထုတ်ထားရ၏။ သူ့အဖေကို နယ်လှည့်ဆရာဝန်တစ်ယောက်အဖြစ် မလွတ်နိုင်ပေ။ သူက လူသားများနှင့် ရင်ဆိုင်သည့်အခါ ထိန်းချုပ်နိုင်စွမ်းရှိသော်လည်း သူ့မိဘများက ထိန်းချုပ်မှု ရံဖန်ရံခါ ကင်းလွတ်သွားတတ်သည်။

ရှောင်ဟန်က သံသယအကြည့်ဖြင့် “ မင်းက ကုသရေးသမားလား ”

ဝမ်ချင်းလင် “အဲလိုမျိုးပေါ့ ”

ရှောင်ဟန်က ခေါင်းညိတ်လိုက်ကာ “သူ့ကို ကုပေး”

ဝမ်ချင်းလင်က မလှုပ်မရှား ဆက်ရပ်နေသည်။

“ဆေးခန်းမှာ ကုသစရိတ်က အမြုတေ တစ်ရာ။ ဆေးခန်းအပြင်မှာ လိုက်ကုပေးရရင် နှစ်ဆယူတယ်ဆိုတော့ အမြုတေ ၂၀၀ ”

ရှောင်ဟန် “ … ”

သူ့လက်ထဲ အိတ်လေးတစ်လုံး ပေါ်လာကာ ဝမ်ချင်းလင်ဆီ ပစ်ပေးလိုက်သည်။

“ ဒီအထဲမှာ အမြုတေနှစ်ရာကျော်ပါတယ်။ သူ့ကို ကုပေး ”

ဝမ်ချင်းလင်က စိတ်စွမ်းအားဖြင့် အိတ်ကို စစ်ဆေးကြည့်လိုက်သည်။ အိတ်ထဲ၌ အမှန်တကယ် အမြုတေနှစ်ရာကျော် ရှိနေလေသည်။

ဝမ်ချင်းလင် “အဲလူကို အပြင်ထုတ်ပြီး မြေပေါ်မှာ ချလိုက် ”

ရှောင်ဟန်က မလှုပ်မယှက် စိုက်ကြည့်နေသည်။

ဝမ်ချင်းလင် “ သူ့ကို မလှုပ်စေချင်တာလား ဒါမှမဟုတ် မြေကြီးပေါ် မချစေချင်တာလား။ ငါက ကုပဲ ကုပေးတယ်။ အပိုဝန်ဆောင်မှု လုပ်မပေးဘူး။ အပိုဝန်ဆောင်မှုအတွက် နောက်ထပ် အခကြေးငွေ ပေးရမယ် ”

ရှစ်ချုံးနှင့် ကျိရုန်တို့က သတိမေ့နေသည့် ဟယ်လင်းကို ကားထဲမှ ထုတ်လာကာ မြေကြီးပေါ် ချပေးလိုက်သည်။

ဝမ်ချင်းလင်က တစ်ချက်ကြည့်လိုက်ပြီးနောက် “ပတ်တီးဖြေလိုက်”

ရှစ်ချုံးက အချိန်များစွာ အားထုတ်ထားရသော ပတ်တီးလေးကို ဖြေပေးရုံမှအပ ရွေးချယ်စရာ မရှိချေ။

ဝမ်ချင်းလင် လက်ဝါး၌ အစိမ်းဖျော့ဖျော့ အလင်းလေး ထွက်လာသည်။ သူက ဟယ်လင်းဘေးနား ရောက်သည့်အချိန် အလင်းက စုစည်းသွားလေ၏။ သူက ထိုင်ချကာ အစိမ်းရောင်စွမ်းအားလုံးအား ဟယ်လင်း၏ ကျိုးနေသော ခြေထောက်ထဲ ဖိသွင်းလိုက်သည်။

အံ့မခန်းအရှိန်နှုန်းဖြင့် ပုံပျက်နေသော အသားစိုင်ကြီးမှ သွေးကြောများ ဆက်နွယ်သွားပြီး ကြွက်သားများ ဖြစ်လာကာ အရိုးများလည်း ပြန်ဆက်သွားသည်။

သူတို့က ကိစ္စများစွာ ကြုံတွေ့ဖူးကြသော်လည်း ဒီလိုမျိုး အားကောင်းသည့် ကုသရေးစွမ်းရည်မျိုးနှင့် လူကို တစ်ခါမှ မတွေ့ဖူးပေ။

ဝမ်ချင်းလင်က ထရပ်လိုက်သည်။

“ပြီးသွားပြီ”

သူ လှည့်လိုက်သည့်အချိန် ဓားရှည်က သူ့လည်ပင်းနား ရောက်လာသည်။

ရှောင်ဟန်က အေးစက်စက် အမူအရာဖြင့် “ မင်းက ဘယ်သူလဲ။ အခု မင်းပြောပြဖို့ အချိန်ရှိပြီမလား ”

ဝမ်ချင်းလင်၏ အမူအရာက တစ်စက်လေးမှ မပြောင်းလဲသွားသလို အဖြေလည်း ပြောင်းလဲသွားခြင်း မရှိပေ။

“ရှင်ကျန်သူလေးပါပဲ ”

ရှောင်ဟန်က ထပ်မံ ပြောလိုက်သည် “မင်းက အဲလိုမျိုးနဲ့ မတူဘူး ”

ဝမ်ချင်းလင်က ခဏတာ တွေးလိုက်ပြီးနောက် “ငါက သီးခြားစွမ်းရည်ရှိတဲ့ ရှင်ကျန်သူလေးပါ ”

ရှောင်ဟန်က ခေါင်းခါကာ “ဒါတင် မကသေးဘူး ”

ဝမ်ချင်းလင်က လည်ပင်းမှ ဓားကို တစ်ချက်စောင်းကြည့်လိုက်ရင်း “ဘာလဲ … ကူညီပေးတာကို မသိတတ်မှုနဲ့ ပြန်လည်ပေးဆပ်ချင်တာလား”

ကျိရုန်က သူ့ဘော့စ်၏ ချည်းကပ်မှုက မသင့်တော်ကြောင်း ခံစားနေမိသည်။ ဝမ်ချင်းလင်က လောင်ဟယ်ကို ကယ်ထားသော်လည်း သူ့သဘောထားက ၁၈၀ ဒီဂရီလောက် ချက်ချင်း ပြောင်းလဲသွားသည်။ ဒါက လွန်လွန်းသွားပြီ မဟုတ်ပါလော။

(လောင်ဟယ် – old he = ဟယ်လင်းကို ရင်းရင်းနှီးနှီး ခေါ်တာပါ )

ကျိရုန် “လောင်တ စကားကောင်းကောင်းပြောရအောင်ပါ ”

(လောင်တ – boss )

ရှောင်ဟန် “ သူကသာ စကားကောင်းကောင်းပြောရမှာ ”

ကျိရုန်က ဝမ်ချင်းလင်အား မြန်မြန် အကြံပြုလိုက်သည် “လောင်တက သုံးချက်သမားလို့ လူသိများတယ်။ သူ့ဓားနဲ့ဆိုရင် တော်တော်မြန်တော့ မင်း ရှောင်နိုင်မှာ မဟုတ်ဘူး။ ငါတို့ စကားကောင်းကောင်း ပြောရအောင်လေ ”

ဝမ်ချင်းလင်က သူ့အား တစ်ချက်ကြည့်လိုက်ကာ “ မင်း ဘယ်သူကို လာစော်ကားနေတာလဲ ”

ကျိရုန် “ … ”

ဝမ်ချင်းလင်က သွေးသတ္တဝါဆန်းပင် ဤအမျိုးသားဓားချက်မှ လွတ်မြောက်သွားလေရာ သူက အဘယ်ကြောင့် မလွတ်မြောက်မည်နည်းဟု တွေးမိလိုက်သည်။

လူတွေအပေါ် လျော့မတွက်စမ်းပါနဲ့ …

ရှောင်ဟန်၏ မျက်ခွံများက ရုတ်ချည်း လေးလံလာသည်။ သူ့မသိစိတ် တုံ့ပြန်မှုသည် အသိစိတ်ထက် ပိုမြန်ဆန်ပြီး ဓားဖြင့် ပိုင်းဖြတ်လိုက်သော်လည်း ကျရှုံးသွားရသည်။

သူ အလန့်တကြား ဖြစ်သွားသည့်အခါ နန်းချန်ဆီ ဦးတည်နေသည့် အနက်ရောင် အစက်ပျောက်သေးသာ မြင်ရတော့သည်။

ထို့နောက် သူ့နားထဲ အသံတစ်သံကို ကြားလိုက်ရသည်။

“ ငါ ထွက်ပြေးနိုင်မလား ကြည့်လိုက်လေ ”

ရှောင်ဟန် “ … ”


Comment

Leave a Reply


Options

not work with dark mode
Reset