Switch Mode

အခန်း (၁၄၀)

ကောင်းကင်အမြင်

ရှောင်ချိစွေနှင့် ဘယ်တော့မှ ဟာသမလုပ်တော့ပါဟု ကျောက်ကျစ်တုံ့ ကျိန်လိုက်သည်။

‘ဒီလောက်ကြီးလုပ်စရာ လိုလို့လားဟ။ ဘယ်သူက လူတွေကို‌အဲ့လောက် လိုက်ရိုက်လို့လဲ။ အငြိုးများထားနေသလားပဲ’

ကျောက်ကျစ်တုံ့ ထရပ်ပြီး ရှင်းပြလိုက်သည်။ “တကယ်က သူ့ကိုစတွေ့ကတည်းက တစ်ခုခု မူမမှန်သလိုခံစားရလို့။ ဘယ်လိုပြောရမလဲ… တစ်ခုခုကို ဖုံးကွယ်ထားသလိုလေ”

“အာ… ထားလိုက်ပါတော့ ပြောနေတာတွေက အဓိပ္ပာယ်ကိုမရှိတော့ဘူး” ကျောက်ကျစ်တုံ့ သျှပ်ပြာခတ်နေပြီး ထင်ဆိုင်းနေသလို ရုတ်တရက် “မိုမိုက လူနဲ့တော့ တူတယ်…”

ရှောင်ချိစွေ၏ မျက်ခုံးများအပြင်းအထန်လှုပ်သွားသည်။ “ဘာလဲ… မိုမိုက လူတောင်မဟုတ်ဘူးလို့ ပြောချင်နေတာလား။မင်းကိုယ်မင်းဘာပြောနေလဲဆိုတာ သိရဲ့လား”

ရှောင်ချိစွေ၏ လေသံက ဒါ‌သကို ချုပ်တည်းထားရသလို လေသံနိမ့်နိမ့်ဖြင့်မေးလိုက်သည်။

ကျောက်ကျစ်တုံ့ ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး “မဟုတ်ဘူး။ အဲ့လိုပြောချင်တာမဟုတ်… အာ ဘယ်လိုပြောမလဲ။ သူက သာမန်လူတွေနဲ့ ဘာမှ မကွဲဘဲ တူလောက်အောင်ကို သာမန် ဖြစ်နေတာလေ။ ပြောချင်တာ သိတယ်မလား”

အကြီးအကဲလေးဦး တိတ်ဆိတ်သွားသည်။ တကယ်ဆို မိုမိုနှင့်ပတ်သက်၍ သူတို့လည်း ဂဃနဏ မသိပါပေ။

ရှောင်ချိစွေ ခေါင်းကိုခါရမ်းလိုက်ပြီး “သူက သူလျှိုမဟုတ်ဘူး”

စုရှောင်ရှန်နှင့် ပတ်သက်၍ အချက်အလက်များကို လှန်လှောရှာဖွေကြည့်ရာတွင် မိုမိုနှင့် ပတ်သက်၍လည်း ကြည့်ဖူးကာ မူမမှန်တာ ဘာမှ မတွေ့ခဲ့ရပါပေ။

သူမနဲ့ပတ်သက်ပြီး ထူးခြားတာဆိုလို့ တစ်သန်းမှာ တစ်ယောက် ဖြစ်လောက်အောင် ရှားသူသော သူမ၏ ပင်ကိုယ်ဓာတ်စွမ်းအင်သာရှိသည်။

သို့သော် ၎င်းက မိုမို၏ ပါရမီမဟုတ်ပါလား။

စိတ်ဝိညာဉ်နန်းတော်တည်ရှိတာ အလွန်ကြာမြင့်လှချေပြီတကား နှစ်တိုင်း တမူထူးခြားသော ရွက်ပုန်းသီးဂိုဏ်းသားများ ထွက်ပေါ်လာရစမြဲက သာမန်ပင်ဖြစ်ပါသည်။

ဤအချိန်၌ ကျောက်ကျစ်တုံ့ ဘာဆက်ပြောရမလဲ ‌ပြောစရာစကားများ ရှာမရပါတော့ချေ။ “စုရှောင်ရှန်လည်းမဟုတ်၊ မိုမိုလည်း မဟုတ်ဘူးဆိုရင်တော့ မပြောတတ်တော့ဘူး။ အတွင်းစည်းက လူတွေကလည်း ဘာမှ မူမမှန်တာ မလုပ်ကြဘူး။ ဂိုဏ်းသားအချင်းချင်း တစ်ယောက်နဲ့တစ်ယောက် အချိတ်အဆက်ကလည်း ကွဲထွက်နေတာမရှိဘူး ပုံမှန်လိုပဲ”

ကျောက်ကျစ်တုံ့၏ အ‌ပြောကို အကြီးအကဲတစ်သိုက် အရေးလုပ် မမှတ်ယူကြပါချေ။ သူ၏ အမြင်ကို ဒီတိုင်းသိချင်၍သာဖြစ်သည်။

ရဲ့ရှောင်ထျန်းကို အကြီးအကဲစန်း ကြည့်လိုက်ပြီး “ကဲ ကဲ တော် လောက်ပြီ။ မင်းရဲ့ ကောင်းကင်အမြင် ကိုသုံးလိုက်တော့”

“ကောင်းကင်အမြင်” က ရဲ့ရှောင်ထျန်း၏ ဗလာနယ်ပယ်အမျိုးအစား စွမ်းအင်မှ တမူထူးခြားသည့် စွမ်းရည်တစ်ခုဖြစ်သည်။ ၎င်းက မည်မျှ ဝေးနေပါစေ ထိုနေရာ၌ ဖြစ်ပျက်နေသည်များကို ပုံဖော်ပြသပေးနိုင်စွမ်းရှိသည်။

အကြီးအကဲစန်း‌ ပြောတာကို ရဲ့ရှောင်ထျန်း ချက်ခြင်းသဘောမတူလိုက်ပါပေ။ ထိုအစားတစ်ဘက်သို့ ခေါင်းလှည့်ကာ “နယ်ပယ်တစ်ထဲမှာ အတူတူဆိုရင်တော့ ကောင်းကင်အမြင်ကိုသုံးဖို့က ဘာမှမဖြစ်ဘူး။ ခုသူတို့က အပြင်ဘက် နယ်ပယ်တစ်ခုထဲရောက်နေတာ ဘယ်လောက်တောင် ခက်ခဲမလဲသိရဲ့လား။ အများဆုံး (၁၀) စက္ကန့်ပဲပြနိုင်မယ်”

“ဒီလောက်လေးပဲလား” အကြီးအကဲစန်း သံသယဖြစ်သွားသည်။

“ဟုတ်တယ် (၁၀) စက္ကန့်က ငါအတတ်နိုင်ဆုံးပဲ”

“ဟင်… တော်တော် ကြာတာပဲနော်”

အကြီးအကဲစန်း၏ စကားကြောင့် ရဲ့ရှောင်ထျန်း မှင်တက်သွားပြီးမှ နဖူး၌ သွေးကြောများထောင်ထလာကာ “အဖိုးကြီး။ မင်း ခုထိုင်နေတဲ့ ဗလာနယ်ပယ်ကိုပါ ဖြတ်ထုတ်ပေးလိုက်ရမလား”

“ဟားဟားဟားဟား…” ကျောက်ကျန်းရှီ ဝါးလုံးကွဲရယ်မောလိုက်သည်။ ထို့နောက် မျက်ရည်များကိုသုတ်ရင်းနှင့် ဆို၏။ “ထားလိုက်ပါတော့ (၁၀) စက္ကန့်လဲ (၁၀) စက္ကန့်ပေါ့”

“မင်းတို့တကယ် ကြည့်ချင်တာလား” ရဲ့ရှောင်ထျန်း သူတို့ကိုတောင်မကြည့်ဘဲ မေးလိုက်သည်။

“ဒါပေါ့” ကျောက်ကျန်းရှီ စားပွဲပေါ်က စိတ်ဝိညာဉ်ဘီးကြီးကိုကြည့်ကာ “ရတနာ တစ်ခုက ပါသွားပြီ။ နောက်တစ်ခါ ပါမသွားခင် ခြေရာခံရမှဖြစ်လိမ့်မယ်”

“ခုမှ ပထမတစ်ရက်ပဲရှိပါသေးတယ်။ အခြေအ‌နေတွေကအဲ့လောက်မဆိုးလောက်‌ သေးပါဘူး” ရဲ့ရှောင်ထျန်း ပြုံးလိုက်သည်။

သူပြောတာ အဓိပ္ပာယ်ရှိသော်လည်း လူတိုင်း ကျောများချမ်းသွားကြသည်။

“ပါးစပ်စီးတတ်တယ် လျှောက်မပြောနဲ့ဟ” ကျောက်ကျန်းရှီ အလျင်စလိုပြောလိုက်သည်။ ထျန်းရွှမ်တံခါးအတွင်း၌ ကြီးကြီးမားမားတစ်ခုဖြစ်လျှင် အစီအရင်ကိုပြန်ပြင်ရမှာက သူပဲမဟုတ်ပါလား။

စားပွဲကိုတူဖြင့် တောက်ရင်း အကြီးအကဲစန်း စဉ်းစားခန်း၀င်သွားသည်။ ရဲ့ရှောင်ထျန်းပြောတာ အဓိပ္ပာယ်ရှိတာကိုတော့ သူ၀န်ခံရမည်။

သူ့အမြင်တွင် မသေမချာခံစားနေရသော်လည်း စုရှောင်ရှန်က အားနည်းလွန်းသေးရာ ထိုသို့ ကြီးကြီးမားမားလုပ်နိုင်လိမ့်မည်ဟုမထင်ထားပါ။ သို့ဖြင့် ထျန်းရွှမ်တံခါးအတွင်း သူလျှိုနှစ်ယောက်ရှိခြင်းသာဖြစ်ရမည်ဟု ယူဆလိုက်သည်။

“ကဲ စောင့်မနေနဲ့တော့။ ဒါမှ တစ်ခုခုဖြစ်ရင်လည်း စည်းကမ်းကြီးကြပ်သူတွေကို စောစောစီးစီး အထဲပို့ပြီး ၀င်တားဆီးခိုင်းလို့ရမှာ”

တစ်ယောက်မှ သဘောမတူ မပြုကြတာကို မြင်လျှင် ရဲ့ရှောင်ထျန်း အားလုံးကို ခေါင်းညိတ်ပြလိုက်သည်။ ၎င်းက လက်ရှိသူတို့လုပ်နိုင်သည့် အကောင်းဆုံးအရာလည်းဖြစ်သည်။

“ကောင်းကင် အမြင်”

လက်ဝါးနှစ်ဖက်ကို ခုပ်တီး၍ ပူးကပ်လိုက်ရာ လေထဲ၌ မရေမတွက်နိုင်သော ပုံရိပ်များစွာပေါ်လာခဲ့သည်။ သူ့တစ်ကိုယ်လုံးတဆတ်ဆတ်တုန်ခါသွားပြီး မကြာခင် နဖူး၌ ချွေးစေးများကျလာခဲ့၏။

ရွှစ်…။

ထိုအခန်းကျဉ်းလေးထဲ၌ ဖန်သာပြင်လို ပုံရိပ်တစ်ခုပေါ်လာသည်။ ပုံရိပ်က ကြည်လင်ပြတ်သားမှု မရှ်ိသော်လည်း အထဲ၌ ဘာဖြစ်နေတာလဲဆိုတာကိုတော့ မြင်နိုင်သေးသည်။

၎င်းက ရောမတွင်ရှိသော လူသတ်ကွင်းလို အနီနက်ရောင် ‌ကွင်းကြီးတစ်ခုအတွင်းဖြစ်သည်။ ‌၀န်းကျင်တစ်လုံးက သွေးများဖြင့် ဖုံးလွှမ်းနေပြီး သံတံခါးကြီးရှစ်ခုလည်း အရပ်လေးမျက်နှာ၌ရှိနေသည်။

ထိုတံခါးကြီးများက ပွင့်‌ဟနေပြီး ၎င်းတို့မှ ဆေဘာဓားများကိုင်ထားသော သံမဏိရုပ်သေးရုပ်များ ထွက်လာနေကြ၏။ ၎င်းတို့တစ်ခုချင်းစီက သဏ္ဌာန်ပေါ်မတတ် သတ်ဖြတ်ခြင်းစိတ်ဆန္ဒများကို ထုတ်လွှတ်နေကြ၏။

“သတ်ဖြတ်ခြင်းကွင်းပြင်”

ထိုနေရာနှင့် အလွန်ရင်းနှီးလေရာ အကြည့်တစ်ချက်တည်းဖြင့် ဘာလဲဆိုတာ ကျောက်ကျစ်တုံ့ ပြောနေနိုင်သည်။

ထိုသံမဏိရုပ်သေးရုပ်များက လက်တစ်ဖက်တည်းသာရှိသောလူငယ်လေးတစ်ယောက်ကို ဝိုင်းထားကြသည်။ ကျောက်ကျစ်တုံ့ အံ့အားသင့်သွားပြီး ထအော်လိုက်သည်။ “ကျိုးထျန်းရှန်မလား။ သူအဲ့မှာ ဘာလုပ်နေတာလဲဟ”

သံမဏိ ရုပ်သေးရုပ်တစ်ရက် ရှေ့သို့ တက်လာရာ ထိုလက်တစ်ဖက်ဖြင့်လူငယ်လေး သူ့လက်ထဲက ရွှေကြီးစိုးခြင်းဆေဘာနှင့် လ၀န်းသဏ္ဌာန် အောက်မှ ပိုင်းဖြတ်လိုက်သည်။ ထိုရုပ်သေးရုပ် ခါးလယ်လောက်ကစပြီး ညာဘက်ပုခုံးမှနေ နှစ်ပိုင်းပြတ်သွား၏။

ထိုခုတ်ချက်မှ အရှိန်ကြောင့် ‌သူ့ဆေဘာက သူ့ထံပြန်လာလေသည်။ သူ့ဘယ်ဘက်လက်သာရှိသေးပါက ထိုနေရာတွင်ပင် ခန္ဓာကိုယ်မှ အတိ ပိုင်းဖြတ်ထွက်သွားနိုင်သည်။

လူတိုင်းအံ့အားသင့်သွားကြသည်။ ကျိုးထျန်းရှန် တံခါးထဲကိုမ၀င်သွားခင်က ခြေအလက်အကောင်းကြီးရှိနေသေးသည် မဟုတ်ပါလား။

ယခု ထိုဓားချက်ကိုကြည့်ချင်းအားဖြင့် သူ့လက်ကို သူကိုယ်တိုင်များ တစ်ကယ် ပိုင်းဖြတ်မိလိုက်လား စဉ်းစားခန်းဝင်လိုက်ကြသည်။

အကြီးအကဲစန်း မသေချာဟန်ဖြင့် ရေရွတ်လိုက်သည်။ “ကိုယ့်ကိုယ်ကိုယ် ပိုင်းဖြတ်ခြင်း နည်းလမ်းမလား”

ထို့နောက် စာကြည့်တိုက်မှာတုန်းက ကျိုးထျန်းရှန် ‌အပေါက်တစ်ခုထဲကနေ ထိုစိတ်ဝိညာဉ်နည်းစနစ် ကိုရှာတွေ့သွားတာ ပြန်သတိရသွားသည်။

“ကြည့်ရတာ သူတကယ် အဲ့ဒီ ထူးထူးဆန်းဆန်းအရာကြီးကို လေ့ကျင့်နေတာဖြစ်ရမယ်”

“ကိုယ့်ကိုယ်ကိုယ် ပိုင်းဖြတ်ခြင်းတဲ့။ အဲ့တာဘာကြီးလဲ” ကျောက်ကျစ်တုံ့ ပဟေဠိဖြစ်သွားသည်။ ၎င်း၏ နာမည်မှတော့ ကိုယ့်ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဖြတ်တောက်ပြီး ကျင့်ကြံရသည့် နည်းလမ်းဖြစ်သည်။

“မင်းမသိလောက်ပါဘူး။ အဲ့တာက အစွန်းရောက် လက်တစ်ဖက် ဆေဘာနတ်ဘုရားရဲ့ ခေတ်အခါတုန်းက သုံးခဲ့တဲ့ နည်းစနစ်ပေါ့။ ကြားဖူးလား”

“ဟင့်အင်း”

“မင်းတကယ် ဘာမှ မသိဘူးပဲ” အကြီးအကဲစန်း ရဲ့ရှောင်ထျန်းကို ကြည့်ပြီးပြောလိုင်သည်။ “ကျော်လိုက်တော့ ဒီကောင်လေးက သူလျှိုမဖြစ်နိုင်ဘူး”

ရဲ့ရှောင်ရှန် ထိုပုံရိပ်ပေါ်တွင် ဘေးတစ်ဘက်သို့ ဝိုက်သလို ခက်ခက်ခဲခဲလုပ်လိုက်ရာ ပုံရိပ်က ပြောင်းသွားသည်။

“မြန်မြန်လုပ်ကြဟ။ အချိန်ကမရှိပါဘူးဆို။ အကြာကြီးကြည့်မနေကြနဲ့”

ထိုစိတ်ဝိညာဉ်နည်းစနစ်၏ အားနည်းချက်က ရဲ့ရှောင်ထျန်းကိုယ်တိုင် သူပြသနေသည်ကို ကြည့်၍ မရခြင်းဖြစ်သည်။ ထို့ကြောင့် အခြားသူများကိုသာ သူ့ကို ညွှန်ကြားမှုပေးရန်ပြောရသည်။

“နောက်တစ်ခု”

ရဲ့ရှောင်ထျန်းအတွက် ဤနည်းစနစ်ကို တောင့်ခံထားရတာက အလွန်ခဲယဉ်းကြောင်းအကြီးအကဲစန်းသိလေရာ ပုံရိပ်များကို အသေးစိတ်ကြည့်မနေပါတော့ဘဲ တစ်ချက်တည်းသာကြည့်ပြီး ကောက်ချက်ချလိုက်သည်။

“နောက်တစ်ခု”

“…”

“ရပ်လိုက်”

ရဲ့ရှောင်ထျန်းရပ်လိုက်ပြီး သူ့ရှေ့ကလူများကို ကြည့်လိုက်ရာ ထူးဆန်းသည့် အမူအရာများပေါ်လာသည်ကို မြင်လိုက်ရသည်။

“ဘာဖြစ်လို့လဲ” သူသိလိုသွားပြီး မေးလိုက်သည်။

ပုံရိပ်ထဲက လျှို့ဝှက်နယ်မြေကြီး (၁၂) ခုထဲမှာ “စန်းလျှိုသစ်တော” ကိုပြသနေ၏။ ထိုနေရာတွင် ရှေးဟောင်းသစ်ပင်ကြီးများက ကောင်းကင်သို့တိုင်‌အောင် ကြီးထွားပေါက်ရောက်နေကြပြီး အစိမ်းရောင်တို့ဖြင့် ကြီးစိုးထားသည်။ ထို‌ နေရာမှ အသက်စွမ်းအင်များက သိပ်သည်းလွန်းသဖြင့် အကာအကွယ် အပြင်ဘက်ကနေတောင် မြူခိုးအသွင်ဖြင့် မြင်နေနိုင်သည်။

သို့‌သော် ဤအရာကြောင့် သူတို့မျက်နှာပေါ်ရှိအမူအရာများထူးဆန်းသွားရသည်မဟုတ်ဘဲ ဟောင်းနွမ်း ယို့ယွင်းနေသော ရေတွင်းတစ်ခုအထက်၌ ပျံဝဲနေသော အစိမ်းဖျော့ဖျော့၀တ် မိန်းမငယ်လေးတစ်ယောက်ကြောင့်ဖြစ်သည်။

သူမ၏ကိုယ်လေးက လေပွေတစ်ခုလို ထိုသိပ်သည်းသော အသက်စွမ်းအင်များကို အငမ်းမရစုပ်ယူနေပေ၏။

ထိုမိန်းမငယ်လေးရဲ့ နှစ်မွှာကျစ်ဆံမြှီးများက လေထဲ၌ လူးလွင့်နေပြီး မျက်နှာတစ်ခုလုံးက သေရည်မူးနေတယောင်ယောင်နှင့် နီမြန်းနေသည်။ ပါးစပ်မှလည်း အမြှုပ်များဆက်တိုက်ထွက်လာနေ၏။

“မုကျစ်ရှီမလား” အကြီးအကဲကျောက် ချက်ခြင်း စပ်ဖြီးဖြီးဖြစ်သွားပြီး “အဖိုးကြီးစန်း မင်းရဲ့ တပြည့်နှစ်ယောက်လုံးက တကယ် တမူထူးခြားတယ်နော်”

ထိုမြင်ကွင်းက အလွန်ရှက်ဖွယ်ရာကောင်းနေလေရာ အကြီးအကဲစန်း၏ မျက်နှာ ရှုံ့မဲ့သွားသည်။

‘သူများတွေက သေရည်မူးတာ နင်က အသက်စွမ်းအင်မူးတယ်တဲ့။ စုရှောင်ရှန်ကိုက သက်ရှိ အန္တရာယ်ကောင်ဖြစ်နေတာနဲ့ မပြီးသေးဘူး။ သူ့ဆရာတူညီမလေးတာ၀န်နဲ့သူ့ကိုထိန်းရမယ့်အစား ငါ့ကို နှစ်ယောက်ပေါင်းပြီး မျက်နှာပျက်အောင်လုပ်နေကြတယ်’

“နောက်တစ်ခု” သူပြောလိုက်သည်။

“နေဦး” ရဲ့ရှောင်ထျန်း နောက်ပုံရိပ်တစ်ခုကို ပြောင်းတော့မည့်အချိန် ရှောင်ချိစွေသူ့ကို တားလိုက်သည်။

“ သေချာကြည့် မုကျစ်ရှီက ‘ရှေးဟောင်းအသက်စွမ်းအင်ရေတွင်း’ ရဲ့အထက်မှာနော်။ သူမ စိတ်ဝိညာဉ်အသက်တံဆိပ်ပြား ကို ရှာနေတာဆိုရင် ဘယ်လိုလုပ်မလဲ”

အကြီးအကဲစန်းက ဘုကြည့်ကြည့်လိုက်ကာ “သူဒီလောက်မူးနေတာမမြင်ဘူးလား။ ပစ္စည်းတစ်ခုကိုရှာဖို့မပြောနဲ့ ရေတွင်းထဲမကျရင်တောင် ကံကောင်းဦးမယ်”

“သဘာ၀ကျသားပဲ” ရှောင်ချိစွေ ထိုမှ ထပ်လောင်းပြောလိုက်သည်။

“ရပြီလား မြန်မြန် ဒါဆိုလဲ” ရဲ့ရှောင်ထျန်း သူတို့ကို လောလိုက်သည်။

“နောက်တစ်ခု”

ပုံရိပ်ပြောင်းသွားသည်။

အနက်ရောင်ရေတံခွန်တစ်ခု၏ အထက်၌ ဓားကိုင်ထားသော မိန်းမငယ်လေးတစ်ယောက်ကို တွေ့လိုက်ရ၏။

“လင်းလင်းမလား” လူတိုင်းသူတို့မြင်နေရသည်ကို မယုံနိုင်သည့်အလား အံ့ဩဘနန်းဖြစ်သွားကြသည်။

ထိုချောက်ကမ်းပါး၏အထက်၌ ထိုးစိုက်ထားသည်က နယ်ပယ်ကို တည်ငြိမ်‌အောင်လုပ်ထားသည့် အကြီးအကဲစန်းယူလာသော နံပါတ်လေးဓား၏ အနက်ရောင်ဓားအိမ်ပဲဖြစ်သည်။ ဆိုတော့ သူမက သူလျှိုလား။

“နေပါဦး တစ်ဘက်ကိုကြည့်လိုက်ဦး” ထိုမှ ပုံရိပ်၏ တစ်ဘက်ခြမ်းရှိ တစ်စုံတစ်ခုကို ကျောက်ကျစ်တုံ့ သတိထားမိသွားပြီး ပြောလိုက်သည်။

“ဘယ်သူ့ခြေထောက်ကြီးတုန်းဟ”

“ပုံရပ်ကို နည်းနည်း‌ရွေ့ကြည့်လိုက်” လူတိုင် စိုးရိမ်သွားကြသည်။ သူလျှိုနှစ်ယောက်ပေါင်း၍ အလုပ်လုပ်နေကြခြင်းလား။

ရဲ့ရှောင်ထျန်း မခံနိုင်ပါတော့ပေ။ ချက်ခြင်း ပုံရိပ်ကို နည်းနည်း ရွေ့လိုက်သည့်အခိုက် ထိုဖန်သားပြင်က အလင်းများအဖြစ်ပြိုကွဲပျောက်သွားတော့သည်။

ထိုပုံရိပ်ကို လျှပ်တစ်ပြက်အတွင်းသာတွေ့လိုက်ရသော်လည်း လူတိုင်းထိုခြေထောက်ပိုင်ရှင်ကိုမြင်လိုက်ကြရသည်။

၎င်းက အတွင်းခံတစ်ခုတည်းနှင့် အံ့အားသင့်နေသော အမူအရာဖြင့် ငူငူကြီး စိုက်ကြည့်ကာ လေထဲပျံနေသော လူငယ်တစ်ယောက်ဖြစ်သည်။

“စုရှောင်ရှန်”

လူတိုင်းအကြီးအကဲစန်းကို ပြိုင်တူကြည့်လိုက်ကြသည်။ ပထမဦးဆုံး ရှေးဟောင်းရေတွင်းအထက်၌ ဝဲပျံနေသော ကောင်မလေးတစ်ယောက်။ ယခုတော့ အတွင်း၀တ်ဖြင့် ကောင်းကင်ပေါ်မှ ပျံဝဲနေသည့် လူငယ်တစ်ယောက်။

“အဖိုးကြီးစန်း တကယ် ဩချရလောက်ပါပေတယ်။ တပြည့်ရွေးတဲ့ နေရာမှာတော့ ခင်ဗျားက ပြိုင်စံရှားပဲ”

အကြီးအကဲစန်း၏ ပုခုံးကို ကျောက်ကျန်းရှီ ရိုက်လိုက်ပြီး တစ်ပါးတည်း လက်မှာပေနေသော ဖုန်များကိုပါ သုတ်ပစ်လိုက်ကာ ဝါးလုံးကွဲရယ်မောလိုက်သည်။

“ဟားဟားဟားဟား”

အကြီးအကဲစန်း၏ မျက်နှာက အကျဉ်းတန်နေပြီး တကိုယ်လုံးလည်း တဆတ်ဆတ် တုန်ခါနေ၏။

‘ဘာလို့ စုရှောင်ရှန်က သူလျှိုနဲ့အတူတူ ရှိနေတာလဲ’

‘ငါ တကယ်ပဲ အတွက် မှားသွားတာလား’

တွေးလိုက်တော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset