Switch Mode

အခန်း (၁၃၈)

ပုလဲ(၁၂)လုံး စိတ်ဝိညာဉ်ဘီး၊ နံပါတ်လေးဓား

ထျန်းစန်းစိတ်ဝိညာဉ်နန်းတော်၊ နံနက်ခင်း၊ နေထွက်ခါနီး…။

စုရှောင်ရှန်တို့ ထျန်းရွှမ်တံခါးထဲ၀င်သွားတာ ခုဆို တစ်ရက်တောင်ပြည့်တော့မည်။ ကျောက်ကျစ်တုံ့က ညီလာခံခန်းမအတွင်းရှိ မှောင်မိုက်နေသော အခန်းတစ်ခုအတွင်း အိပ်ပျော်နေသည်။

စိတ်ဝိညာဉ်နန်းတော်၏ ယုံကြည်စိတ်ချရသော ကျင့်ကြံသူတစ်ဖြစ်လည်း ကျောက်ကျစ်တုံ့၏ ထပ်ခါတစ်လဲလဲ အမှားများကို အပထား၍ ထျန်းရွှမ်တံခါးကိုစောင့်ခိုင်းခြင်းခံရသည်။

အခန်းတစ်ခုလုံးမှာ အိပ်ပျော်နေသည့်ကျောက်ကျစ်တုံ့၊ စာပွဲတစ်လုံးနှင့် သလင်းကျောက်များဖြင့် ပြုလုပ်ထားသည့် လေထဲ၌ ဝဲပျံနေသောဘီးကြီးတစ်ခုမှလွဲ၍ ဘာပစ္စည်းပစ္စရာမှာ မရှိပါ‌‌ချေ။

ထိုဘီးကြီးက နဂါးသဏ္ဌာန်၊ ဖီးနစ်သဏ္ဌာန် ကနုတ်ကနားအသွယ်သွယ်နှင့် အကွေ့အကောက်များဖြင့် လှပလွန်းလှသည်။

ဘီးကြီးထဲတွင်လည်း အဖြူရောင်ပုလဲကျောက်တုံး (၁၂) တုံးရှိနေသည်။ ထိုပုလဲလုံးများက အပြာစိမ်းရောင် အလင်းများထုတ်လွှတ်နေလေရာ ဆန်းပြားပြား လှပနေသည်။

ပုလဲ(၁၂)လုံးစိတ်ဝိညာဉ်ဘီး…။

ထိုပုလဲ(၁၂)လုံးက ထျန်းရွှမ် တံခါအတွင်းရှိ နယ်ပယ်တစ်ခုလုံးကို တည်ငြိမ်အောင်ချုပ်ထိန်းပေးထားသော ရတနာ (၁၂) ပါးကိုကိုယ်စားပြု ချိတ်ဆက်ထားသည်။

၎င်းက ထျန်းစန်းနန်းတော်ကို ကြီးမားသော လူအင်အားရော၊ ငွေအင်အားပါ ကုန်ဆုံးစေပြီးမှ ထိုနယ်ပယ်နှင့် ဘီးကြီးကို ချိတ်ဆက်နိုင်ခဲ့တာဖြစ်သည်။ သို့ဖြင့် ထိုဘီးကြီးကို စောင့်ကြပ်ရသည့် တာ၀န်က ၀န်လေးသလို တစ်ချိန်တည်း ပေါ့ပါးသည်။ စောင့်ကြပ်သူ၏ အမြင်နှင့်သာဆိုင်သည်။

ကျောက်ကျစ်တုံ့က စိတ်ဝိညာဉ်ဘီးကြီးကို စောင့်ကြပ်ဖို့တာ၀န်ပေးခြင်းခံထားရကာ (၃) ရက်အတွင်းဘာမှ မဖြစ်လျှင် ထျန်းရွှမ်တံခါးအတွင်း အရာအားလုံးအဆင်ပြေသည်ဟုပြောနိုင်သည်။

ဘီးကြီးကို တစ်စုံတစ်ခုဖြစ်သွားစေမယ်ဆိုရင်တော့… ကျောက်ကျစ်တုံ့ သိပ်စိတ်ထဲမထားထားပါပေ။ သူမြင်သလောက်ကတော့ အတွင်းမှာ တစ်ခုခုဖြစ်နေရင်တောင် အပြင်က သူက အထက်လူကြီးများကို မူမမှန်မှုကို သတင်း ပို့ရန်မှ တစ်ပါး ဘာမှလုပ်နိုင်လိမ့်မည်မဟုတ်ပေ။

ရှောင်ချိစွေသာ ဤနှစ်မှာ သူလျှိုတွေပါတယ်ဟု မပြောခဲ့လျှင် အထက်ကလူတွေလည်း ဘီးကြီးကို ယခင်နှစ်များကအတိုင်း စောင့်ကြပ်ဖို့ ကြုံရာကျပန်း လူတစ်ယောက်ပို့ကြမည်သာ။

အားးးး…။

တံခါးပေါက်၌ မှီရင်း အိပ်ငိုက်နေသော ကျောက်ကျစ်တုံ့ ဆတ်ကတည်း အလန့်တကြား နိုးထလာခဲ့သည်။ စုရှောင်ရှန် ထျန်းရွှမ်တံခါးနှင့် လျှို့ဝှက်နယ်ပယ် တစ်ခုလုံးကို ဖောက်ခွဲပစ်လိုက်သည်ဟု အိပ်မက်မက်လိုက်၏။

ဘုန်း…။

သူ့ခေါင်းက တံခါးဖြင့် ဆောင့်မိရာ နကျင်မှုကြောင့် ရှူးရှူးရှဲရှဲဖြစ်သွားသည်။

ထို့နောက် သူ့ပါးစပ်မှ သရေများကိုသုတ်လိုက်ပြီးနောက် ကျောက်ကျစ်တုံ့ နောက်လှည့်ကာ တံခါးမှ သရေများကိုလည်း လက်ဖမိုးဖြင့် သုတ်လိုက်သည်။ ထို့နောက် ထရပ်ကာ ပုလဲ(၁၂)လုံးစိတ်ဝိညာဉ်ဘီးကို အာရုံစိုက်လိုက်သည်။

အရာအားလုံးအဆင်ပြေလေသည်။

“ဟူးး… ကြည့်ရတာ ငါပဲ အတွေးလွန်နေတာနေမှာပါလေ။ စုရှောင်ရှန်ကလည်း လျှို့ဝှက်နယ်ပယ်တစ်ခုလုံးကို ဖောက်ခွဲပစ်လိုက်ဖို့တော့ အစွမ်းမထက်လောက်ဘူးလေ ဟုတ်တယ်မလား။ အိပ်မက်တစ်ခုပါပဲ။ အိပ်မက်…” ရေတစ်ခွက်သောက်လိုက်ပြီး ကျောက်ကျစ်တုံ့ သက်ပြင်းချလိုက်သည်။

“ဒီစုရှောင်ရှန်က ဘာကောင်လဲဟ။ နောက်ပိုင်း ငါ့အိပ်မက်ထဲမှာ ပေါ် ပေါ်လာနေတယ်။ ဒီကောင် တစ်ကယ် ထူးဆန်းတဲ့ကောင်။ အိပ်မက်ထဲကထွက်လာတဲ့ အိပ်မက်ဆိုးကောင်”

ခရက်

စားပွဲပေါ်သို့ သူ့ခွက်ကို ပြန်ချလိုက်ရာ အက်ကွဲသံတစ်ခု ရှင်းရှင်းလင်းလင်း ပဲ့တင်ထပ်သွားတာကို ကြားလိုက်ရသည်။

ကျောက်ကျစ်တုံ့ မှင်တက်သွား၏။ ထိုအသံက အရှေ့ဘက်ရှိ သူ့ခွက်မှလာခြင်းမဟုတ်ပါဘဲ အနောက်ဘက်ကနေဖြစ်သည်။

ကျောက်ကျစ်တုံ့ တုန်တုန်ရင်ရင်ဖြင့် နောက်လှည့်ကြည့်လိုက်ရာ ဘီးပေါ်က အကာအကွယ်တစ်ခုနှင့်အတူ ပုလဲတစ်လုံး အက်ကွဲသွားတာကိုတွေ့လိုက်ရသည်။

ထို့နောက် ထိုတောက်ပနေသောပုလဲလုံးက အရောင်မှေး‌မှိန်ပြီး အနက်ရောင်အတိ အဖြစ်ကိုပြောင်းသွားသည်။

“လခွမ်း…”

သူရူးသွားတော့မလိုခံစားလိုက်ရသည်။ “တကယ်… တကယ်ကြီးကွဲသွားတယ်ဟ”

ထိုပုလဲလုံးပေါ်မှ အကာအကွယ်က နယ်ပယ်ကို တည်ငြိမ်အောင် ‌ပြုလုပ်ပေးထားသော ရတနာ၏ အကာအကွယ်အလွှာနှင့် ချိတ်ဆက်ထားခြင်းဖြစ်သည်။ ပုလဲလုံးအနက်ရောင်ပြောင်းသွားတယ်ဆိုတာ ရတနာကို တစ်ယောက်ယောက်ယူသွားခြင်းကို ဆိုလိုလေသည်။

“တကယ် သူလျှိုတွေရှိနေတာလားဟ” ကျောက်ကျစ်တုံ့ တုန်လှုပ်သွားသည်။

ချက်ခြင်း တံခါးကို ဘန်းကတည်း ဆောင့်ဖွင့်ပြီး ရှောင်ချိစွေကို သတင်းပေးရန်ပြေးထွက်သွား၏။ သို့မှ ရုတ်တရက် နောက်ပြန်လှည့်ကာ အခန်းထဲပြန်ပြေး၀င်လာခဲ့သည်။

အခြားနယ်ပယ်တစ်ခုနှင့်ချိတ်ဆက်ထားခြင်းဖြစ်ရာ ဗလာနယ်ထပ်ခြင်း တွေမဖြစ်‌အောင် ဘီးကြီးကို သိုလှောင်လက်စွပ်ထဲ ထည့်၍မရသဖြင့် ၎င်းကို အသေအချာ ဂရုတစိုက် သူနှင့်အတူ သယ်သွားလိုက်သည်။

“ခေါင်းဆောင်ပြောသလို တကယ့် လခွမ်းတွေဖြစ်တာဟ”

ညီလာခံခန်းမကနေထွက်ခွာပြီး စိတ်ဝိညာဉ်အထွေထွေ ရေးရာဌာနကို ပြေးသွားလိုက်သည်။

ခရက်…။

သူပျံသန်းရန် လေထဲတက်လိုက်သည်နှင့် နောက်ထပ်ပုလဲလုံး၏ အကာအကွယ် ကျိုးပျက်သွားတာကိုမြင်လိုက်ရရာ မြေင်ပေါ်သို့ စွန်ကျိုးပြတ်သည့်အလား ပြုတ်ကျသွားသည်။

“ဘုရားရေ။ ထျန်းရွှမ်တံခါးထဲမှာ ဘာတွေဖြစ်နေတာလဲ။ ဘယ်သူက ပြဿနာပတ်ရှာနေတာလဲဟ”

ထို အကာအကွယ်ကျိုးပျက်သွားသည့် ပုလဲလုံးက အရောင်သာမှေးမှိန်သွားကာ အလင်းရောင်သဲ့သဲ့လေးတော့ ထုတ်လွှတ်ပေးနေသေးသည်။

“တောင့်ထားဦး ငါ့ကောင်”

ကျောက်ကျစ်တုံ့ ထိတ်ထိတ်ပျာပျာဖြင့် ကောင်းကင်ယံ၌ ပျံတက်ပျောက်ကွယ်သွား၏။

လူကြီးလေးယောက်က အခန်းကျဉ်းလေးတစ်ခုထဲ၌ စုစည်းနေကြသည်။

အကြီးအကဲစန်းအဘယ်ကြောင့် သူအလွန်ကြိုက်ခဲ့ရသည့် ငန်းသားကိုတောင် လက်ဖြင့်မတို့‌တော့ဘဲ ရုတ်တရက် ၀က်ပေါင်ခြောက်နှပ်ကို ခံတွင်းတွေ့နေရလဲ ကျောက်ကျန်းရှီမသိရပါ။

သူ့တူများကိုချပြီး အလေးအနက်ဆိုလိုက်သည်။ “မြင့်မြတ်နတ်ဘုရားနန်းတော်က အဆိုတစ်ခုကျလာတယ်။ ဒီတစ်ခါ ‘သူတော်စင် အစေအပါး‌တွေ’ ရဲ့ ပစ်မှတ်က နာမည်ကြီး ဓား(၂၁) ချောင်းကိုစုစည်းဖို့တဲ့။ ဒဏ္ဌာရီတွေအရတော့ ဓား(၂၁) ချောင်းလုံးကို စုစည်းနိုင်ရင် ဆန်းကြယ်တာတစ်ခုခုဖြစ်မယ်‌ဆိုပဲ”

ထို့နောက် ခဏရပ်လိုက်ကာ ဆက်ဆိုသည်။ “မြင့်မြတ်နတ်ဘုရားနန်းတော်က ဒီလို အဆိုကို တကယ်ဆို မပြုသင့်ဘူး။ အစက လက်တစ်ဆုပ်စာ‌လူတွေလောက်သာ ဒီအကြောင်းကိုသိကြတာ။ ခုတော့ ကုန်းမြေတစ်ခုလုံးသိကုန်ပြီ”

“တစ်ချို့ကလည်း အတုအယောင်တွေနဲ့ စကားဆက်ဖြန့်လိုက်ကြသေးတယ်။ တစ်ချို့နေရာတွေမှာဆိုရင် ဓားကိုင်ဆောင်တဲ့ သူတွေက အရင်မျိုးဆက်တွေးစီကိုတောင် ပြန်အပ်လိုက်ကြကုန်ကြပြီတဲ့”

အကြီးအကဲစန်း မော့၍ပင် မကြည့်ဘဲ “အဲ့ဒီ အတု‌အယောင်ပြောတဲ့သူတွေက မြင့်မြတ်နတ်ဘုရားနန်းတော်က မဟုတ်ဘူးဆိုတာ ဘယ်လိုသိလဲ”

အခြားတစ်ဘက်ရှိ ရှောင်ချိစွေ မှင်တက်သွားပြီး လက်ထဲမှ ငန်းသားကိုချလိုက်သည်။ “မဖြစ်နိုင်တာ။ မြင့်မြတ်နတ်ဘုရားနန်းတော်က ကုန်းမြေတစ်လျှောက်လုံးကို တည်ငြိမ်အောင်လုပ်လာတာ နှစ်မနည်းတော့ဘူး။ သူတို့သာ နာမည်ကြီးဓားတွေကိုလိုချင်ရင် အရင်ကတည်းက စုစည်းနိုင်ပြီးနေလောက်ပြီ”

အကြီးအကဲစန်း ပျက်ရယ်ပြုသော လေသံကို ဖုန်းကွယ်မထားဘဲ ခပ်သဲ့သဲ့ရယ်လိုက်ပြီး “အဲ့လောက်လွယ်မယ်ထင်လို့လား။ ကုန်းမြေကြီးတစ်ခုလုံးက စွမ်းအားအကြီးဆုံးပါဆိုတဲ့ အဖွဲ့အစည်းတောင် ဒါမျိုးကို လူမသိသူမသိ လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”

“ဒီလို ဖရိုဖရဲ ၀ရုန်းသုန်းကာ ဖြစ်နေတဲ့အချိန်မှာ အပေါ်က စွမ်းအားရှိတဲ့ သူတို့တွေကပဲ အကျိုးအမြတ်အများဆုံးရတာ။ မဟုတ်ရင် ‘သူတော်စင်အစေအပါး’ အဖွဲ့အစည်းက ဒီလောက်မြန်မြန် ‌ဖြစ်ထွန်းလာမယ်ထင်လို့လား”

ရဲ့ရှောင်ထျန်း၏ လေသံက သဘောမတူသလိုလို ရှိနေပြီး “မြင့်မြတ်နတ်ဘုရားနန်းတော်ကိုတောင် မယုံရင် ကုန်းမြေတစ်လျှောက်က ကျင့်ကြံသူတွေ မှီတွယ်ရာမဲ့ကုန်ကြတော့မှာပေါ့”

အကြီးအကဲစန်း ဒေါသသံဖြင့် သူ့ကို မာန်ပြန်မဲလိုက်ပြီး “ဒါကြောင့်လည်း စိတ်ဝိညာဉ်နန်းတော်မှာ သောက်ပေါတွေနဲ့ပဲ ပြည့်လာတယ်လို့ပြောနေတာပေါ့။ မဟာလမ်းစဉ်အတွက် တိုက်ခိုက်တဲ့အချိန်ကြရင် မင်းတို့တခြားသူသွားအားကိုးလို့ရနေမလား။ မရဘူး။ ကိုယ့်အားကိုယ်ကိုးဖို့ပဲရှိတယ်”

သူတို့သုံးယောက်လုံးတိတ်ဆိတ်သွားပြီး ၎င်းကို ချေပမရဖြစ်နေသည်။

ကျောက်ကျန်းရှီ အသံပြဲကြီးဖြင့် ရယ်လိုက်ပြီး တင်းမာနေသော အခြေအနေကို ဖြေလျော့စေလိုက်သည်။ သူက လက်တစ်ဖက်ဝှေ့ရမ်းကာ ဆက်၍ “ဒီအကြောင်းဆက်ပြောနေလို့ အကျိုးမထူးပါဘူး။ ငါတို့နဲ့မှလည်း မသက်ဆိုင်တော့တာ။ ပြီးတော့ ရှောင် သတိကြီးကြီးထားဦး။ ရှင်းရှင်းကို ဘယ်မှ မသွားခိုင်းနဲ့ဦး”

“ကောင်းပြီ” ရှောင်ချိစွေ ခေါင်းညိတ်လိုက်သည်။ ယခုလို အရေးကြီးသည့် အချိန်မရွေးပေါက်ကွဲထွက်နိုင်သည့်အခြေအနေမျိုးတွင် ချွင်းချက်တစ်ခုမှ ရှိလို့မရပါပေ။ သူ့တံဆိပ်ပြားကို နောက်မှ အသေအချာ ဝှက်ထားရန် ဆုံးဖြတ်လိုက်သည်။

“တစ်ခုရှိသေးတယ်…” ကျောက်ကျန်းရှီ သူတို့ (၃) ဦးကို လေးနက်နေသော အမူအရာဖြင့် ကြည့်လိုက်သည်။

“နောက်ပိုင်းမှာ အဲ့ ‘လိုဏ်ဂူဖြူ’ ကိစ္စက ပြန်ထလာနေပြီ။ အဲ့ဒီက အနားယူနေတဲ့ ဒဏ္ဌာရီလာ ရတနာက ပြန်ထွက်လာပြီပြောတယ်။ ခုဆို လူတိုင်းတောင်သိနေကြပြီ”

“ဒီ ‘လိုက်ဂူဖြူ’နဲ့ ရတနာ…” ရှောင်ချိစွေ ဘာဖြစ်သည်ကို ပြန်လှန်လှောရှာဖွေလိုက်ပြီးနောက် ရူးရူးမူးမူး အကြည့်မျိုး ပေါ်လာတော့သည်။ အကြာကြီး နေမှ ထိုသို့ အခြေအနေအတွင်းက ထွက်လာကာ “မင်းပြောတာ ရှစ်ယောက်မြောက် ဓားနတ်ဘုရားရဲ့ ဓားတစ်ချောင်းမလား”

ကျောက်ကျန်းရှီ သူ့ကို ပြန်ထိုင်ဖို့ လက်ဟန်ပြလိုက်သည်။ ရှောင်ချိစွေ စိတ်လှုပ်ရှားရသည်ကို သူနားလည်လေသည်။

မည်သည့် ဓားသမားကမှ ရှစ်ယောက်မြောက်ဓားနတ်ဘုရားချန်ခဲ့သော ဓားတစ်လက်ကို မျက်ကွက်ပြုနိုင်မည်မဟုတ်ပါ။ အကြီးအကဲကျောက်ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။ “ဟုတ်တယ် အရှေ့ပိုင်း မြင့်မြတ်ဓားနယ်မြေလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး တုန်လှုပ်သွားမှာ ကြိမ်းသေတယ်”

အကြီးအကဲစန်း မျက်စောင်းထိုးပြီး “‌လျှောက်မတွေးကြနဲ့။ ကောလဟာလကို ကောလဟာလို့မှတ်။ ဘယ်မြင့်မြတ်နယ်မြေကများ ဒီလို ကောလဟာလတွေကို မလွှင့်တတ်လို့လဲ။ အဲ့အတိုင်း နောက်ကလိုက်တော့ရော ဘာထူးသွားလဲ”

ကျောက်ကျန်းရှီ တည်တည်ငြိမ်ငြိမ် တုန့်ပြန်လိုက်သည်။ “ဒီတစ်ခါတော့ ‘နံပါတ်လေးဓား’ ဆိုပြီး တိတိကျကျနဲ့ လာတာတဲ့”

အကြီးအကဲစန်း အာစေးမိသွားသည်။

“ဘယ်သူက ဒီသတင်းကိုလွှင့်ရဲတာလဲ။ မြင့်မြတ်နတ်ဘုရားနန်းတော်မှ ဟုတ်ရဲ့လား”

အကြီးအကဲစန်း ဒေါကန်သွားပြီး “အဲ့ဒီလခွေးနန်းတော်က ဘာဖြစ်နေတာလဲဟ။ သူတို့ကိုယ်တိုင်သေချာမသိတော့ လူတွေကိုသုံးပြီး ဒီကိစ္စ အမှန်ဆိုတာ အတည်ပြုစေဖို့ လုပ်နေတာလား”

ကျောက်ကျန်းရှီဖြေးညှင်းစွာ ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်”

သူတို့အားလုံး အကြီးအကဲစန်း အဘယ်ကြောင့် ဒေါသူပုန်ထသွားရလဲ နားလည်ကြသည်။

သူတို့ရှေ့မှ အဖိုးကြီးက လွန်ခဲ့သော နှစ်(၃၀) ကျော်က ထိုဓားကို အသက်ကိုရင်းပြီး သွားယူသော်လည်း နံပါတ်လေးဓား၏ ဓားအိမ်ဖြင့်သာ ပြန်လာခဲ့ရ၏။ ထိုဓားကို ဓားအိမ်ထဲ ပြန်ထည့်ဖို့အချိန်ကို စောင့်နေခဲ့တာကြာလေပြီ။

၎င်းက ထိုမျက်နှာဖုံးတပ်လူကို တားဆီးဖို့ ခရီးအရပ်‌အဝေးကြီးမှ စိတ်ဝိညာဉ်နန်းတော်ကို ပြန်လာခြင်းဖြစ်သည်။

ဒုတိယ ရည်ရွယ်ချက်က “လိုဏ်ဂူဖြူ” ပြန်ဖွင့်ဖို့ရက်ကို စောင့်ရန်ဖြစ်သည်။

ယခုတော့ ထိုသတင်းကပြန့်သွားခဲ့ပြီဖြစ်ရာ အခြေအနေက တစ်ကမ္ဘာလုံးဆိုင်ရာ ၀ရုန်းသုန်းကားမှုကြီးဖြစ်လာတော့သည်။

အကြီးအကဲစန်း စိတ်ပျက်လက်ပျက် သေရည်ခွက်ကိုကောက်ကိုင်ရင်း ရဲ့ရှောင်ထျန်းကိုကြည့်‌ကာ ပြောသည်။ “လောင်းကြေးထပ်ရဲလား”

“ဟမ်”

“မင်းတို့ မြင့်မြတ်နတ်ဘုရားနန်းတော်က အဲ့ဒီ မင်းသားခေါင်းအောက်မှာ ဘီလူးခေါင်းဆောင်းထားတယ်ဆိုတာ မယုံကြဘူးမလား။ ဒီတစ်ခါ သူတို့ တစ်ခုခု ကြံစည်နေတာလား ဘာလား လောင်းကြမယ်လေ ဘယ်လိုလဲ”

ရဲ့ရှောင်ထျန်း အံ့အားသင့်သွားပြီး မေးလိုက်သည်။ “မြင့်မြတ်နန်းတော် တကယ် တစ်ခုခု ကြံစည်နေတာလား”

“ဘယ်သိမလဲ” အကြီးအကဲစန်း ခပ်ညစ်ညစ် ပြုံးလိုက်ပြီး “ အဲ့ဒီ မင်းသားခေါင်းနဲ့ လူ့ကောင်းကျိုးအတွက်ပါဆိုတဲ့ ကောင်တွေ ‘လိုဏ်ဂူဖြူ’ အတွက်၀င်ခွင့်ကို စီရင်စု(၁၀)ခုက စိတ်ဝိညာဉ်နန်းတော်တွေကနေ မြင့်မြတ်လှတဲ့ အကြောင်းပြချက်ကြီးတွေနဲ့ တောင်းတော့မယ်ဆိုတာ ‌ငါလောင်းရဲတယ်”

ရဲ့ရှောင်ထျန်း မျက်ခုံးများပင့်လိုက်သည်။ ‘လောင်းကြေးကကြီးလိုက်တာ… နန်းတော်က ဘာဆက်လုပ်မလဲဆိုတာ လောင်းတယ်ပေါ့လေ’ တွေးလိုက်သည်။

“ကြေးကရော” သူမေးသည်။

အကြီးအကဲစန်း ကိုင်ထားသောတူများကို စားပွဲပေါ်သို့ပြန်ချကာ အလေးအနက်ဆိုလိူင်သည်။ “စုရှောင်ရှန် ထျန်းရွှမ်တံခါးထဲက ဘာကိုပဲယူလာနိုင် ယူလာပါ‌စေ မသိသလို မျက်ကွယ်ရာပြုပေးရမယ်”

Comment

Leave a Reply

Options

not work with dark mode
Reset