ဇူယွမ်က သူ့ကိုယ်သံသယဖြစ်စွာ လိုက်ကြည့်နေသည့် အကြည့်များကို ဂရုစိုက်မနေတော့ပဲ အသိသာဆုံးဖြစ်နေသည့် ချောင်းစူည်၏ အကြည့်များကိုပင် လျစ်လျူရူထားခဲ့ကာ အရှေ့သို့ ဆက်လက်လျှောက်သွားခဲ့ပြီး တတိယမြောက် ရွှေရောင်ဖျာပေါ်တွင် ထိုင်လိုက်သည်။
ဇူယွမ်၏ ရိုင်းပျမှုကို မြင်သောအခါ အချို့သော တပည့်များက မျက်မှောင်ကြုတ်လိုက်ကြပြီး တပည့်အသစ်က အလွန်ကို မောက်မာဝံ့ကြွားသည်ဟု ခံစားမိလိုက်ကြသည်။
အကြီးအကဲစိန်းက သူ့အား မြင့်မားစွာ မျှော်မှန်းထားလျှင်ပင် သူ၏ ကောင်းသော အလားအလာနဲ့ စွမ်းရည်ကြောင့်ပင် ဖြစ်သည်။ ယခုလက်ရှိ သူ၏ မူလစဦး ဒုတိယအဆင့်မျှလောက်နှင့် သည်နေရာတွင် ထိုင်ရန် အရည်အချင်း မပြည့်မှီသေးပေ။
သို့သော်လည်း ထိုအရာအာလုံးမှာ ဆရာစိန်း၏ အစီအစဉ်များ ဖြစ်သဖြင့် ထိုကိစ္စနှင့် ပတ်သက်ပြီး သူတို့ မပျော်မရွင် ဖြစ်နေလျှင်ပင် ဇူယွမ်အား ကြည့်နေရုံမှ လွဲပြီး မည်သို့မှ မတက်နိုင်ခဲ့ပေ။
ချောင်းစူည်သည်လည်း အသက်ပြင်းပြင်းတစ်ချက်ရူလိုက်ပြီး သူ၏ ရင်ထဲမှ ဒေါသကို ချိုးနိုမ်လိုက်သော်လည်းပဲ ဇူယွမ်ကို ကြည့်သော သူ၏ အကြည့်များမှာ ပိုမိုနက်မှောင်လာခဲ့သည်။
ထိုကြောင့် ခန်းမ၏ လေထုမှာ မွန်းကြပ်သော ခံစားမှုသို့ ပြောင်းလဲသွားရသည်။
ထိပ်ဆုံးတွင် ရှိနေသည့် စိန်းထိုက်ယွမ်မှာ အခန်းထဲရှိထူးဆန်းသည့် လေထုအခြေအနေကို သတိထားမိသွားပြီး ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ လုပ်ရပ်များက အချို့သော တပည့်များ၏ စိတ်ထဲတွင် နာကြည်းမှုများ ဖြစ်ပေါ်စေမည်ကို သူမသိပဲ မနေပေ။
သို့သော်လည်း သူလုပ်နိုင်သောအရာမှာ သည့်အပြင် ဘာမှမရှိတော့ပေ။ မူလသူတော်စင်တောင်ထွတ်မှာ နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် တောင်ထွတ်ရွေးချယ်မှု အခမ်းအနား၏ ချန်ပီယံတစ်ယောက် ဝင်ရောက်ခြင်း မရှိခဲ့ပေ။ ယခု အချိန်ကြာမြင့်စွာနေမှ တစ်ယောက်ပေါ်လာခဲ့သည့်အတွင် စိန်းထိုက်ယွမ်အနေဖြင့် ကြိုးစားကြည့်ချင်ပေသည်။
ချူးချင်းကဲ့သို့ ပါရမီရှင်တစ်ယောက် ထွက်ပေါ်ရန်မှာ မည်မျှပင် ခက်ခဲသည်ကို သူသိပေသည်။ သို့သော်လည်း သူတွင် အခြားရွေးစမရှိတော့ပေ။
ထို့ကြောင့် စိန်းထိုက်ယွမ်က သူ၏ ဆုံးဖြတ်ချက်ကို ထပ်မံအတည်ပြုလိုက်ပြီးနောက် နေရာတစ်ခုလုံးကို ကြည့်ကာ အလေးအနက်ပြောလိုက်သည် “တစ်လအတွင်းမှာ ငါတို့က လုဟုန်းရဲ့ အဖွဲ့နဲ့ ဂူနန်းယှဉ်ပြိုင်မှုရှိတယ်။ ဒီဂူနန်းက နောက်ဆုံး ခရမ်းရောင် ဂူနန်းဖြစ်လို့ ငါတို့ရှုံးနိုမ့်လို့မရဘူး။”
“ဒီမှာရှိနေတဲ့ ခရမ်းရောင် ခါးစည်းအဆင့်တပည့်တွေရဲ့ အလှည့်တွေ ပြီးဆုံးသွားပြီဆိုတော့ ငါဘက်က ရွှေရောင်ခါးစည်းအဆင့် တပည့်တွေ ပို့ရမယ်။”
“ထုံးလုံ၊ ဖန်းစုန်၊ ချောင်းစူည် ”
“ဒီတစ်ခေါက် မင်းတို့သုံးယောက်ကို စေလွှတ်ဖို့ ငါမျှော်လင့်ထားတယ်။”
ထုံးလုံ နှင့် ဖန်းစုန်တို့သည် ပထမနှင့် ဒုတိယတွင် ထိုင်နေသည့် ရွှေရောင်ခါးစည်း တပည့်များ ဖြစ်ပြီး ချောင်းစူည်မှာ လေးနေရာမြောက်တွင် ထိုင်နေသူ ဖြစ်သည်။ သူတို့သုံးယောက်မှာ လက်ရှိ ရွှေရောင်ခါးစည်းတပည့်များထဲတွင် အသန်မာဆုံးများ ဖြစ်သည်။
မည်သူမှ စိန်းထိုက်ယွမ်၏ စကားများကို တုန့်ပြန်ပြောကြားခြင်း မရှိပေ။ ထုံးလုံနှင့် ဖန်းစုန်တို့၏ မျက်လုံးအစုံမှာ တွေးတောနေဟန်ရပြီး ချောင်းစူည်မှာ သူတို့နှစ်ယောက်ကို လျှို့ဝှက်စွာ ကြည့်လိုက်ပြီးနောက် အသက်ပြင်းပြင်းရူကာ ပြောလိုက်သည် “ဆရာစိန်း၊ ငါတို့ဆန္ဒရှိပါတယ်။”
စိန်းထိုက်ယွမ်၏ မထုံတတ်သေးမျက်နှာမှာ အနည်းငယ် သက်သောင့်သက်သာ ဖြစ်သွားသည်။
သို့သော်လည်း သူမည်သည့်စကားမှ မပြောရသေးမီတွင် ချောင်းစူည်က ထပ်ပြောလိုက်သည် “ဒါပေမယ့် အဲ့ခရမ်းရောင် မူလဂူနန်းကို ဘယ်လိုခွဲဝေမလဲ ကျွန်တော်တို့ သိချင်ပါတယ်။”
စိန်းထိုက်ယွမ်က မျက်မှောင်ကြုတ်လိုက်သည်။ လွန်ခဲ့သော သုံးရက်ကတည်းက ထိုကိစ္စကို ရှင်းလင်းအောင် သူလုပ်ခဲ့ပြီး ဖြစ်သည်။ ခရမ်းရောင် မူလဂူနန်းကို ဇူယွမ်အတွက်ဟု ကြိုတင်ပြင်ဆင်ထားခဲ့သည်ကို သိနေကြတောင်မှပဲ ချောင်းစူည်က အဖြေကို ထပ်လိုချင်သေးသည်တဲ့လား…
“အဲ့တာကို ဇူယွမ်ကိုပေးဖို့ ငါစီစဉ်ထားတယ်။” စိန်းထိုက်ယွမ်က မကွဲပြားသော လေသံဖြင့်ပြောသည်။
ချောင်းစူည့်၏ မျက်လုံးထောင့်စွန်းများမှာ ဆတ်ခနဲ့ လှုပ်သွားပြီးမှ အံကြိတ်ကာပြောလိုက်သည် “သည်စကားက အနည်းငယ် မလေးစားရာရောက်ပေမယ့်လည်း ဆရာစိန်းရဲ့ လုပ်ရပ်က အနည်းငယ် မမျှတဘူး။ ကျွန်တော်တို့က လေးလံတဲ့တာဝန်ကို အောက်ခြေကနေ ဆောင်ရွက်နေချိန်မှာ ဇူယွမ်က အကျိုးကျေးဇူးတွေကို ရိတ်သိမ်းနေမယ်တဲ့လား။”
“စည်းမျဉ်းတွေအရ ခရမ်းရောင် မူလဂူနန်းကို ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ လူသုံးယောက်တည်းက တစ်ယောက်ကပဲ ရသင့်တာမလား။ ဘာမှ မလုပ်တဲ့ အပြင်လူတစ်ယောက်က ပျော်ရွင်စွာနဲ့ အမြတ်အစွန်းတွေကို ခံစားမနေသင့်ဘူး။”
အချို့သောတပည့်များက တိတ်တဆိတ် ခေါင်းညိမ့်ကာ ချောင်းစူည်၏ စကားများကို ထောက်ခံလိုက်ကြသည်။
စိန်းထိုက်ယွမ်၏ အမှုအယာက ပျက်ယွင်းသွားပြီး တိုးညင်းသော အသံဖြင့် ပြောလိုက်သည် “မင်းက ငါ့ကို မေးခွန်းထုတ်နေတာလား။”
ချောင်းစူည်က သူ့လက်နှစ်ဖက်ကို လျင်မြန်စွာ ဆုပ်လိုက်ပြီး ပြောလိုက်သည် “တပည့် မဝံ့ရဲပါဘူး။ ကျွန်တော်တို့က ဆရာစိန်းရင်ဆိုင်နေရတဲ့ ဖိအားတွေကို နားလည်လို့ မူလသူတော်စင်တောင်ထွတ်အတွက် အလုပ်ကြိုးစားခဲ့ကြတာပါ။ ဒါကြောင့်မလို့ ကျွန်တော်တို့ရဲ့ အဓိကထောက်တိုင် စွမ်းအားဖြစ်လာမယ့် ဘယ်သူ့ကို မဆို ကျွန်တော်တို့ ကျွန်မတို့က အပြည့်အ၀ ထောက်ခံပေးမှာပါ။ ဒါပေမယ့် ကျွန်တော်ကြောက်မိတာက အချို့သော သူတွေက ဆရာရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ကူညီမထမ်းနိုင်ပဲနဲ့ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေ ဖြုန်းတီးသွားမှာ စိုးရိမ်လို့ပါ။”
သူ၏ စကားလုံးများက ဖြောင့်မတ်မှန်ကန်နေဟန်၇သော်လည်း ဇူယွမ်အနေဖြင့် အရည်အချင်း မပြည့်မှီကြောင်း စွမ်းဆောင်နိုင်စွမ်း မရှိကြောင်း တိတ်တဆိတ် တိုက်ခိုက်နေခြင်းသာ ဖြစ်သည်။
စိန်းထိုက်ယွမ်၏ အမှုအယာက နက်မှောင်သည်ထက် နက်မှောင်လာခဲ့သည်။
သူက ချောင်းစူည်းကို ကြိမ်းမောင်းရန် ပြင်လိုက်စဉ်မှာပင် နောက်ထပ် အသံတစ်ခုက ထွက်ပေါ်လာခဲ့သည် “ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့ ဆရာ၊ ညီတော်ချောင်းစူည်က ဆရာစိန်းကို အပြစ်ပြုမိတယ် ဆိုပေမယ့် သူ့မှာ မကောင်းတဲ့ စိတ်မရှိပါဘူး။ ညီတော်ဇူယွမ်က နောက်ဆုံးတစ်ခေါက် တောင်ထွတ်ရွေးချယ်မှု အခမ်းအနားရဲ့ ချန်ပီယံဆိုပေမယ့် သူ့ရဲ့ အတွေ့အကြုံက တော်တော်လေး နည်းသေးတယ်။ သူသာ တစ်နှစ် နှစ်နှစ်လောက် အချိန်ပေးလိုက်ရင် ဆရာစိန်းရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာပါ။ အဲ့အချိန်ကြရင် သည်ကိစ္စကို ကန့်ကွက်တဲ့လူလဲ ရှိမှာ မဟုတ်တော့ဘူးဆိုတာ သေချာပါတယ်…”
စိန်းထိုက်ယွမ်က အသံလာရာသို့ လှမ်းကြည့်လိုက်ရင် ဇူထိုက်၏ နောက်တွင် ရှိနေသော စကားပြောနေသည့် လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။
သူ၏ နာမည်မှာ ကျန့်ယန်ဖြစ်ပြီး ခရမ်းရောင် ထိုင်စရာနေရာမှ ဒုတိယမြောက် တပည့်တစ်ယောက်ဖြစ်ပြီး ဇူထိုက်ပြီးလျှင် ဒုတိယဖြစ်သည်။
ဇူယွမ်က ကျန့်ယန်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ ထိုသူမှာ အသံကောင်းဟစ်နေပေမယ့် သူစကား၏ နောက်ကွယ်မှ အဓိပ္ပါယ်မှာ ရှင်းလင်းပေသည်။ သူက လက်ရှိအချိန်တွင် ဇူယွမ်မှာ ခရမ်းရောင် မူလဂူနန်းနဲ့ မထိုက်တန်သေးကြောင်း ပြောဆိုနေခြင်း ဖြစ်ပေသည်။
သူက ချောင်းစူည်ကို ထောက်ခံနေသည်မှာ သေချာပေသည်။
ကျန့်ယန်မှာ အခြားသော တပည့်များအပေါ် လွှမ်းမိုးနိုင်စွမ်းရှိသည်မှာ သေချာပေသည်။ သူစကားပြောပြီးသည်နှင့် အခြားတပည့်များ၏ ထောက်ခံသံများမှာ ထွက်ပေါ်လာခဲ့ပြီး ခန်းမတစ်ခုလုံး ဆူဆူညံညံ ဖြစ်သွားခဲ့သည်။
အထူးသဖြင့် အခြားသော ခရမ်းရောင် ခါးစည်းပည့်နှစ်ယောက်က ဝင်၍ ထောက်ခံလိုက်သော အချိန်တွင် အသံများမှာ ပို၍ ကျယ်လောင်လာခဲ့သည်။
ခန်းမ၏ အနောက်ဘက်တွင် ရှန့်ဝမ်ကျင်နှင့် အခြားတပည့်များသည် အဝေးမှာ ရှိနေသည့် ဇူယွမ်၏ ပုံရိပ်ကို စိတ်ပူစွာ ကြည့်နေခဲ့ကြသည်။ တပည့်တော်တော်များများက ဇူယွမ်ကို ကန့်ကွက်နေကြလိမ့်မည်ဟု သူတို့ မမျှော်လင့်မိကြပေ။
သည်အခြေအနေမျိုးကို စနစ်တကျ ကိုင်တွယ်ခြင်းမရှိပါက ဇူယွမ်၏ ဂုဏ်သတင်းမှာ ထိခိုက်ပေလိမ့်မည်။
သို့သော်လည်း သူတို့လို တပည့်အသစ်များ အနေဖြင့် သည်လိုသော အခြေအနေ၌ မည်သည့်စကားမှ ဝင်ရောက် မပြောဆိုသင့်မှန်း သိပေသည်။
သူတို့သည်သာ မဟုတ်ပဲ စိန်းထိုက်ယွမ်ပင်လျှင် ထိုမြင်ကွင်းကြောင့် နက်ရှိုင်းစွာ မျက်မှောင်ကြုတ်လျက်ရှိသည်။
သူအနေဖြင့် ထိုသို့ ဆန့်ကျင်နေသည့် သူများကို အင်အားသုံး၍ ရပ်တန့်လို့ ရသော်လည်းပဲ ဂူနန်းယှဉ်ပြိုင်မှုအတွက် ချောင်းစူည်တို့၏ အကူအညီ လိုနေပေသေးသည်။ အကယ်၍ သူတို့၏ စိတ်နှလုံးသားထဲမှ အောင်မြင်လိုစိတ်မရှိပါက အခြားသူများအား ခရမ်းရောင် မူလဂူနန်းအား အလကားပေးရသလို ဖြစ်သွားပေလိမ့်မည်။
စိန်းထိုက်ယွမ် အချိန်အတော်ကြာအထိ တိတ်ဆိတ်နေပြီးမှ ဇူယွမ်ဘက်သို့ ဖြေးညင်းစွာ လှည့်ကြည့်ကာ မေးလိုက်သည် “ဇူယွမ်၊ မင်းကော ဘယ်လိုထင်လဲ။”
ထိုစကားကို ကြားရချိန်တွင် လုအုပ်ကြားထဲတွင် ရှိနေသည့် ချောင်းစူ၏ နှုတ်ခမ်းထောင့်စွန်းများမှာ မြင့်တက်သွားခဲ့သည်။ စိန်းထိုက်ယွမ်ပင်လျှင် များစွာသော တပည့်များ၏ ဆန့်ကျင်ပြောဆိုနေမှုအား လျစ်လျူမရူနိုင်ပေ။
ချောင်းစူည်မှာ ဇူယွမ်အား မျက်လုံးထောင့်ကပ်၍ ကြည့်လိုက်ပြီးနောက် သူ၏ စိတ်ထဲမှာ အေးစက်စက် ရယ်မောလိုက်သည်။
သည်ကလေးက အလွန်ကို အတွေအကြုံ နုနယ်နေပေသေးသည်။ ဆရာစိန်းက မင်းကို မြင့်မားစွာ မျှော်မှန်းထားတာနဲ့ပဲ စည်းမျဉ်းတွေကို လျစ်လျူ ရူလို့ရပြီလို့ မင်းထင်နေတာလား။
မင်းကို ရိုက်ချဖို့က ငါ့ရဲ့လက်ကို အထက်အောက်လှန်လိုက်ရသလိုမျိုးပဲ လွယ်ကူလွန်းတယ်…
သည်နေ့ဖြစ်ပျက်ခဲ့သော အရာအားလုံး၏ ရလဒ်မှာ ချောင်းစူည်၏ လက်ချက်များပင် ဖြစ်သည်။
များစွာသော စောင့်ကြည့်နေသည့်အကြည့်များ အောက်တွင် ဇူယွမ်၏ အမှုအယာမှာ အစမှ အဆုံးထိ တည်ငြိမ်နေခဲ့သည်။
အမှန်တိုင်း ပြောရပါက ဇူယွမ်က ခရမ်းရောင် မူလဂူနန်းအား ရယူရန် အနည်းငယ် စိတ်ဝင်စားခဲ့သော်လည်း သူ၏ အနေအထားက ထိုအရာကို ရရှိရန် တကယ်ကို လိုအပ်နေသေးခဲ့မှန်း သိပေသည်။
သို့သော်လည်း ချောင်းစူည်၏ ရန်လိုမှုနှင့် လုပ်ရပ်က ဇူယွမ်ကို ဘဝင်မကျဖြစ်စေခဲ့သည်။
သည်နေ့ဖြစ်ပျက်ခဲ့သည့် အမျိုးမျိုးသော အကြောင်းအရာများမှာ ချောင်းစူည်ကြောင့်ဖြစ်မှန်း သူမှန်းဆမိပေသည်။ အရာအားလုံးမှာ သူ့ကို ဆွဲချရန် ကြိုးစားနေခြင်းပင် ဖြစ်သည်။
သူကခေါင်းကို ငဲ့စောင်းလိုက်ပြီး ချောင်းစူည်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
ဇူယွမ်၏ အကြည့်အား တွေ့ရှိသွားချိန်တွင် ချောင်းစူည်၏ နှုတ်ခမ်းများမှာ မြင့်တက်သွားခဲ့ပြီး ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်သည် “ညီတော် ဇူယွမ်၊ လူတစ်ယောက်က တစ်ကြိမ်မှာ စားနိုင်သလောက်ပဲ စားသင့်တယ်။ပြီးတော့ တစ်လှမ်းချင်းပဲ သွားသင့်တယ်။ ကောင်းကင်ကို ခြေတစ်လှမ်းတည်းနဲ့ ရောက်ဖို့ ဆိုတာကတော့ အတော်လေး ကြီးကျယ်တဲ့ အရာပဲ။”
“မင်းရဲ့ အကိုတော်တွေ စကားနားထောင်ပြီး တစ်နှစ် နှစ်နှစ်လောက် နာနာခံခံနဲ့ လေ့ကျင့်နေသင့်တယ်။ အဲ့အချိန်ရောက်ရင် မင်းမှာ သည်လိုအတွေးတွေ ရှိနေရင် အရာအားလုံး လွယ်ကူသွားလိမ့်မယ်။”
ဇူယွမ်က ပြုံးယုံမျှသာ ပြုံးလိုက်ပြီး ထိုအကြောင်းနှင့် ပတ်သက်ပြီး မည်သည့် ထင်မြင်ချက်မှ မပေးပဲ ပြောလိုက်သည် “စည်းမျဉ်းတွေ အရဆို ငါက တတိယမြောက်နေရာမှာ ထိုင်နေခဲ့တယ်။မင်းက စတုတ္ထနေရာမှာ ထိုင်နေခဲ့တယ် အဲ့တာကြောင့် မင်းက ငါ့ကို စီနီယာအကိုတော်လို့ ခေါ်သင့်တယ်မလား။”
ချောင်းစူည်၏ မျက်နှာပေါ်တွင် လှောင်ပြောင်လိုဟန်များ ပေါ်လာခဲ့ပြီး အေးစက်စက် ရယ်လိုက်သည်။
ထိုအရာကို ဇူယွမ်က လျစ်လျူရူလိုက်ပြီး နောက်ခေါင်းမော့ကာ ပြောလိုက်သည် “ဆရာစိန်း၊ စည်းမျဉ်းတွေက မကောင်းတဲ့ အရာမဟုတ်ဘူးလို့ ကျွန်တော် ခံစားမိတယ်။”
ထိုစကားကို ကြားချိန်မှာ ကျန့်ယန်က ချက်ချင်းပင် ပြုံးကာ ပြောလိုက်သည် “ညီတော် ဇူယွမ်သည်လိုတွေးတာ ကောင်းတယ်။”
စိန်းထိုက်ယွမ် ဖြေးညင်းစွာ ပြောလိုက်သည် “မင်းက ခရမ်းရောင် မူလဂူနန်းကို လက်လွှတ်တော့ မလို့လား။”
ချောင်းစူည်မှာ ပျော်ရွင်စွာ ရယ်မောခဲ့သည်။ ကြည့်ရသည်မှာ ဇူယွမ်က ဖိအားများကို မကိုင်တွယ်နိုင်တော့ပဲ သူ့အနေဖြင့် ခရမ်းရောင်မူလဂူနန်းကို ပိုင်ဆိုင်ရန် အရည်အချင်း မပြည့်မှီကြောင်း သိရှိသွားဟန်ရသည်။
သို့သော်လည်း ဇူယွမ်က ရယ်မောနေခဲ့ပြီး သူခေါင်းကို ခါယမ်းလိုက်သည် “ညီတော် ချောင်းစူည် အစောပိုင်းတုန်းက စည်းမျဉ်းတွေအရ ခရမ်းရောင် မူလဂူနန်းကို ပါဝင်ယှဉ်ပြိုင်သူ သုံးယောက်ထဲက တစ်ယောက်ကပဲ ရသင့်တယ်လို့ ပြောခဲ့တယ်မလား။”
“ဒီကိစ္စမှာ ငါလည်း စေတနာ့ဝန်ထမ်းအဖြစ် ပါဝင် ကူညီပါရစေ။ ကျေးဇူးပြုပြီး ငါ့ကို ဂူနန်း ယှဉ်ပြိုင်ပွဲမှာ ပါဝင်မယ့် သုံးယောက်ထဲက နေရာ တစ်နေရာကို ပေးပါ။”
ချောင်းစည်တို့က သူ့အား နိုင်လိုမင်းထက် ပြုလိုမှတော့ ဇူယွမ်အနေဖြင့် မည်သည့် ငဲ့ညှာမှုမျှ ပြသနေစရာ အကြောင်း မရှိပေ။
ဆူညံသံများ ထွက်ပေါ်လာခဲ့သည်။
ဇူယွမ်၏ စကားလုံးများက ချက်ချင်းပင် ခန်းမတစ်ခုလုံးအား ဆူညံသွားစေခဲ့သည်။
ချောင်းစူည်း၏ မျက်နှာပေါ်မှ အပြုံးသည် အနည်းငယ် တင်းမာသွားခဲ့ပြီး ဇူယွမ်အား လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်ကာ လက်ညိုးထိုးပြီး ပြောလိုက်သည်။
“ဇူယွမ်… ဇူယွမ်၊ မင်းက ဘာမှနားမလည်ပဲ မောက်မာဝံကြွားနေတဲ့ ကောင်ပဲ။”
“ဂူနန်းယှဉ်ပြိုင်ပွဲက တောင်ထွတ်ရွေးချယ်မှု အခမ်းအနားနဲ့ တူတယ်လို့ မင်းထင်နေတာလား။”
သူက ခေါင်းခါယမ်းလိုက်ပြီး ဇူယွမ်ကို အေးစက်စွာ ကြည့်လိုက်သည်။
“တဲ့ပြောရရင် မင်းအခြေအနေနဲ့ ဂူနန်းယှဉ်ပြိုင်ပွဲကိုသွားထို့ အရည်အချင်း မပြည့်မှီသေးဘူး။ မင်းသာ အဲ့ကို သွားလို့ကတော့ ကိုယ့်အရှက် ကိုယ်ခွဲသလိုပဲ ဖြစ်လိမ့်မယ်။”