Switch Mode

အခန်း ( ၇၆ )

လက်တုံ့ပြန်ခြင်း

” ကျပ်မပြည့်ဘဲ ရူးနေတဲ့ လူဆိုးဂိုဏ်းကကောင်တွေ ”
ဝမ်ပေါင်လဲ့မှာ နတ်ဝိဇ္ဇာဂူထဲတွင် ထိုင်ရင်း အံကြိတ်ကာ မုန့်များကို အငမ်းမရ စားသုံးနေ၏။ သူသည် တစ်ခါတရံတွင် နတ်ဝိဇ္ဇာဂူ၏ တံခါးပေါက်အား စိန်းစိန်းဝါးဝါး စိုက်ကြည့်နေ၏။

သူသည် အကြိမ်အနည်းငယ်ခန့် ချောင်းကြည့်ခဲ့ပြီးဖြစ်ရာ အပြင်ဘက်တွင် ရွက်ဖျင်တဲပေါင်းများစွာ ရှိနေသည်ကို သိရှိရန်အတွက် တံခါးပေါက်ကိုပင် ဖွင့်ကြည့်စရာမလိုတော့ပေ။ တာအိုအလင်းဆောင်ဌာနမှာ ကျောင်းသားပေါင်း ရာဂဏန်းအနည်းငယ်ခန့် အပြင်ဘက်တွင် နေထိုင်နေကြသည်။

ထို လူပေါင်း ရာဂဏန်းအနည်းငယ်မှာ ဉာဏ်အလင်းပွင့်အောင် ကြိုးစားရင်း သူ့အား စိုက်ကြည့်နေကြသည့်အတွက် ဝမ်ပေါင်လဲ့မှာ အလွန် စိတ်ဓာတ်ကျလာတော့သည်။ သူသည် အပြင်ဘက်သို့ ထွက်၍ရမည်မဟုတ်ကြောင်း နားလည်ထား၏။ သူ အပြင်သို့ထွက်လိုက်သည်နှင့် တစ်ပြိုင်နက် မည်သည့်နေရာကိုမှ အလွယ်တကူ သွာား၍ရတော့မည် မဟုတ်ပေ။ ထို့ကြောင့် သူသည် အကျဉ်းချခံထားရသကဲ့သို့ ခံစားနေရပြီး မခံမရပ်နိုင်အောင် ဖြစ်လာတော့သည်။

” လုံးဝကို တရားလွန်သွားပြီ ”
ဝမ်ပေါင်လဲ့မှာ သူ၏ မုန့်များကိုပင် စားချင်စိတ် မရှိတော့ဘဲ အလွန် မကျေမချမ်းဖြစ်နေ၏။ လင်းတျန်ဟောက်ကိုပင် အနိုင်ယူနိုင်ခဲ့ပြီး မိုးသစ်တောထဲရှိ ဖြစ်ရပ်ကြီးကိုပင် ကျော်ဖြတ်နိုင်ခဲ့သည့် သူကဲ့သို့ ပြိုင်ဘက်ကင်းလူသားတစ်ယောက်မှာ တာအိုအလင်းဆောင်ဌာနကြောင့် အခက်တွေ့နေရသည့်အချက်ကို သူက မယုံကြည်နိုင်လောက်အောင် ဖြစ်နေရသည်။

” ငါ အကြံတစ်ခု လိုအပ်တယ် ”
ဝမ်ပေါင်လဲ့မှာ ခေါင်းကုတ်၍ စဉ်းစားနေ၏။ ချက်ချင်းဆိုသလိုပင် သူသည် မည်သည့်အရာကိုမဆို လုပ်နိုင်စွမ်းရှိသော ရှဲ့ဟေးရန်အကြောင်းကို သတိရသွားသဖြင့် သူ့ဆီသို့ အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်သည်။

သို့သော် ယခုအကြိမ်တွင်မူ ရှဲ့ဟေးရန်မှာ ရှားရှားပါးပါးနှင့်ပင် သူ့အား အကြောင်းမပြန်ခဲ့ပေ။ ဝမ်ပေါင်လဲ့တစ်ယောက် အသံလွှင့်အကြောင်းကြားစာများ ဆက်တိုက်ပေးပို့လိုက်သောအခါမှသာ ရှဲ့ဟေးရန်မှာ နာကျည်းကာ စိတ်မရှည်သည့်လေသံဖြင့် အကြောင်းပြန်လိုက်၏။

” ညီလေး။ ညီလေးကို အစ်ကို ပြန်ဆက်သွယ်တယ်နော်။ ဒီတစ်ခေါက်တော့ အစ်ကို ညီလေးကို မကူညီနိုင်ဘူး။ ကျေးဇူးပြုပြီးတော့ အစ်ကို့ကို လာမရှာပါနဲ့တော့။ ကောင်းကင်တာအိုကျောင်းမှာ အစ်ကို ဘယ်သူ့ကိုမှ မကြောက်တာမှန်ပေမယ့် တာအိုအလင်းဆောင်ဌာနကတော့ ခြွင်းချက်ပေါ့ ”

” ညီလေး အစ်ကို့ကို ပိုက်ဆံဘယ်လောက်ပေးပေး အစ်ကို ဒီပြဿနာကို မဖြေရှင်းပေးနိုင်ဘူး။ ညီလေး အစ်ကို့ဆီ ဆက်သွယ်ခဲ့တာကို သူတို့သိသွားမှာကိုတောင် အစ်ကိုက ပိုကြောက်နေရတာ။ သူတို့က အရူးတွေကွ။ သူတို့ကို ဒေါသထွက်အောင်လုပ်မိတာနဲ့ … ညီလေးရာ။ အစ်ကို့ကို သနားပါ ”

ရှဲ့ဟေးရန်၏ အကြောင်းပြန်စာကို ကြားလိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ ပင့်သက်ရှိုက်မိသွား၏။ ထို့နောက် သူသည် အံကြိတ်ကာ သူ၏မျက်ဝန်းများထဲတွင် အထင်သေးသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်သွားတော့သည်။

” ငကြောက်ကောင် ”
သူသည် ချောင်းဟန့်ကာ ဆိုလိုက်၏။ ထို့နောက် အချိန်အတော်အတန်ကြာအောင် စိတ်သောကများ ခံစားပြီးသွားသောအခါမှသာ သူ ဆက်သွယ်နိုင်မည့်လူမှာ ဌာနမှူးတစ်ယောက်သာ ရှိတော့သည်ကို နားလည်သွားတော့သည်။ ထို့ကြောင့် သူသည် ဌာနမှူးအား အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်၏။

” ဌာနမှူးခင်ဗျား … တာအိုအလင်းဆောင်ဌာနက ကျနော့်ကို အနိုင်ကျင့်နေပါတယ်။ တာအိုကျောင်းက ဒီကိစ္စကို ဂရုမစိုက်ဘူးလားဗျ။ တာအိုအလင်းဆောင်ဌာနက စည်းမျဥ်း ဥပဒေတွေကို တော်တော်မလေးစားတဲ့ ကောင်တွေပဲ ”

သို့သော် ယခုအကြိမ်တွင်မူ ဌာနမှူးပင် အချိန်အတော်အတန်ကြာအောင် ဆိတ်ငြိမ်သွားပြီးမှ ဝမ်ပေါင်လဲ့အား အကြောင်းပြန်လိုက်၏။

” ပေါင်လဲ့ရာ ပြောပါဦး။ ဘာလို့ မင်းက တာအိုအလင်းဆောင်ဌာနကိုမှ သွားပြီးတော့ ရန်စခဲ့ရတာလဲကွ။ တာအိုကျောင်းက ဂရုမစိုက်တာ မဟုတ်ဘူး။ ငါတို့တွေ ရန်စလို့မရနိုင်တဲ့ လူတစ်ယောက်က တာအိုအလင်းဆောင်ဌာနရဲ့ နောက်ကွယ်ကနေ ထောက်ပံ့ပေးထားတာမလို့ကွ။ သူတို့တွေက ဉာဏ်အလင်းပွင့်ဖို့အတွက် မင်းကို အသုံးချနေတဲ့အချက်ကို အပြင်လူတွေက ဝင်ရောင်စွက်ဖက်လို့ မရဘူး။ မင်းကိုယ်တိုင်ကပဲ အဲဒီပြဿနာကို ဖြေရှင်းနိုင်မှာ ”

” အဲဒါက ကြောက်စရာအကောင်းဆုံးအချက် မဟုတ်သေးဘူး။ တကယ့် ကြောက်စရာအကောင်းဆုံး အချက်ကို သိချင်လား။ သူတို့တွေ အဲဒီအတောအတွင်း ဉာဏ်အလင်းပွင့်သွားမယ်ဆိုရင် မင်း ကိစ္စတုံးပြီပဲ။ တာအိုအလင်းဆောင်ဌာနမှာ ကျောင်းသားပေါင်း နှစ်သောင်းကျော် ရှိတယ်ဆိုတာကို မင်း သိထားဖို့လိုတယ်။ သွားပြီးတော့သာ တောင်းပန်လိုက်ပါကွာ။ ငါ မင်းကို တရားထိုင်တဲ့ နေရာမှာ ကူညီပေးပါ့မယ် ”

ဝမ်ပေါင်လဲ့မှာ ထိုပြဿနာအကြောင်းကို တွေးမထားမိပေ။ ထို့ကြောင့် ဌာနမှူး၏ စကားကို ကြားလိုက်ရသဖြင့် သူသည် မျက်လုံးများပြူးသွားပြီး သူ၏ ဦးနှောက်မှာ ပေါက်ကွဲနေသည့်အလား ခံစားလိုက်ရ၏။ နောက်ပိုင်းတွင် ဆက်လက်ပေါ်ထွက်လာနိုင်သည့် အကျိုးဆက်များကို စဉ်းစားတွေးတောရင်း ဝမ်ပေါင်လဲ့မှာ နဖူးတွင် ချွေးများ ပြန်လာရတော့သည်။

” ငါသာ အစကတည်းက တာအိုအလင်းဆောင်ဌာနကို ဝင်ခဲ့ရင်ကွာ… ”
ဝမ်ပေါင်လဲ့မှာ သူ ပုံရိပ်ယောင်နယ်မြေ စမ်းသပ်ပွဲတုန်းက ကလိမ်ကျခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည့် အချိန်ကို ပြန်၍ အမှတ်ရသွား၏။ အကယ်၍ သူသာ တာအိုအလင်းဆောင်ဌာနမှသာ ဖြစ်ခဲ့မည်ဆိုပါက သူသည် တာအိုဉာဏ်အလင်းပွင့်နေသည်ဟု ဆိုလိုက်ရုံနှင့် ပြဿနာအားလုံး ပြေလည်သွားမည် ဖြစ်သည်။

” ပြည်ထောင်စုဥက္ကဋ္ဌဟောင်း အရမ်းကို အင်အားကြီးမားနေရတဲ့ အကြောင်းအရင်က သူက တာအိုအလင်းဆောင်ဌာနက ဖြစ်နေလို့များလား။ တော်တော်ကို လူဆိုးဂိုဏ်းဆန်တဲ့ နောက်ခံအင်အားပဲ ”
ဝမ်ပေါင်လဲ့မှာ ရူးသွပ်သွားတော့မည့်အလား ခံစားနေရသည်။ သူသည် ဆရာမုတ်ဆိတ် အကြံပေးခဲ့သည့်အတိုင်း တောင်းပန်ရန် စဉ်းစားတွေးတောကြည့်ခဲ့ပါသော်လည်း သူသည် အမှားလုပ်ခဲ့ခြင်း မရှိကြောင်း သူ့ကိုယ်သူ ယုံကြည်ထားသောကြောင့် ထိုကဲ့သို့တောင်းပန်ရန် ဆန္ဒမရှိပေ။

” ငါက ဘာမှ မလုပ်ခဲ့တာတောင် တောင်းပန်ရမယ်တဲ့လား ”
ဤကိစ္စမှာ တရားမျှတမှု လုံးဝမရှိဟု ဝမ်ပေါင်လဲ့မှာ အရိုးထဲတွင် စွဲနေအောင် မှတ်ထားလိုက်သည်။ အချိန်အတော်အတန် ကြာပြီးနောက် သူသည် စိန်းစိန်းဝါးဝါး စိုက်ကြည့်ကာ အံကြိတ်လိုက်၏။

” တာအိုအလင်းဆောင်ဌာန။ မင်းတို့တွေ ဒီတစ်ခေါက် တော်တော်ကို တရားလွန်သွားပြီ။ ငါကတော့ ဘယ်တော့မှ လက်မလျှော့နိုင်ဘူးဟေ့။ တကယ်လို့ ကြုံလာရင်လည်း ထိပ်တိုက် တိုက်ခိုက်ကြတာပေါ့။ မင်းတို့ အာဏာကြီးမားတဲ့ အချက်လောက်ကို ငါက ကြောက်နေမှာမဟုတ်ဘူး။ ငါ မင်းတို့ထက် သာအောင် လုပ်ပြမယ်ကွ ”

ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲတွင် ပြတ်သားမှုအရိပ်ယောင်များ ထင်ဟပ်နေသည်။ သူသည် အခြားဘက်မှ လူများမှာ လက်တစ်ချက်ပင် မပါဘဲ သူ့အား အသုံးချကာ ဉာဏ်အလင်းပွင့်ရန် ကြိုးစားနေသည့်အချက်ကို တွေးမိသွား၏။ ထို့ကြောင့် သူသည်လည်း လက်ပါတော့မည် မဟုတ်ပေ။ အကယ်၍ သူသာ လက်ပါလိုက်မည်ဆိုပါက သူသည် ရိုင်းစိုင်းသော လူတစ်ယောက်နှင့် တူသွားမည်ဖြစ်ပြီး သူတို့ထက် နိမ့်ကျသော လူတစ်ယောက်ဟု အများက ထင်သွားကြမည်ဖြစ်သည်။

” လူတွေကို နှိပ်စက်ညှဥ်ပန်းရုံပဲမလား။ ငါက ခြောက်နှစ်သားအရွယ်ထဲက လူတွေရဲ့ စိတ်ကို လဲပြိုကျအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ အများကြီးကို သိထားပြီးသား ”

ဝမ်ပေါင်လဲ့မှာ သူတို့အားလုံးသည် တာအိုကျောင်းမှ ဖြစ်ကြသည်ဆိုသော အချက်ကို ထောက်ထား၍ ငဲ့ညှာခဲ့ခြင်း ဖြစ်သည်။ သို့သော် ဤတာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများမှာ သူ့အား အဆုံးထိရောက်အောင် တွန်းပို့ခဲ့သည်ဖြစ်ရာ သူသည်လည်း နည်းလမ်းအကုန် ထုတ်သုံးရတော့မည် ဖြစ်သည်။

ထို့ကြောင့် သူသည် လှောင်ပြုံးပြုံးကာ သိုလှောင်လက်ကောက်ကို ဖွင့်လိုက်၏။ ထိုလက်ကောက်ထဲတွင် ဓမ္မအဆောင်များ သန့်စင်ရာတွင် အသုံးပြုနိုင်သည့် ပစ္စည်းမြောက်မြားစွာ ရှိနေသည်။ ၎င်းတို့မှာ သူ ယခင်က ဓမ္မအဆောင်များ သန့်စင်ရာတွင် အသုံးပြုရန် ပြင်ဆင်ထားခဲ့သော ပစ္စည်းများထဲမှ လက်ကျန်များဖြစ်ကြသည်။

ဝမ်ပေါင်လဲ့မှာ ထိုပစ္စည်းများကို စစ်ဆေးကြည့်ရှုလိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် နတ်ဝိဇ္ဇာဂူ အပြင်ဘက်သို့ ထွက်သွားလိုက်သည်။ သူ နတ်ဝိဇ္ဇာဂူ အပြင်ဘက်သို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားပေါင်း ရာပေါင်းများစွာက သူ့အား လှမ်းကြည့်လိုက်ကြပြီး မတ်တတ်ထကာ အသက်မပါသော အမူအရာများဖြင့် သူ၏နောက်သို့ လိုက်လာကြတော့သည်။

” ဘယ်သူက အရင်ဆုံး လက်လျှော့မလဲဆိုတာ ကြည့်ကြတာပေါ့ ”
ဝမ်ပေါင်လဲ့မှာ လှောင်ပြုံးပြုံးကာ အကြည့်လွှဲလိုက်ပြီး လျှိုတောက်ပင်းဆီသို့ အသံလွှင့် အကြောင်းကြားစာတစ်ခုကို ပေးပို့လိုက်သည်။ သူသည် သူတို့အား အရင်ဆုံး ဝိညာဉ်ဒယ်အိုးဂူကို ပိတ်ဆို့ထားရန် အမိန့်ပေးလိုက်၏။ ထို့နောက် သူသည် ဓမ္မလက်နက်တောင်ထိပ်ကို စက်ဝိုင်းပုံသဏ္ဍာန်ပတ်ကာ တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားရာဂဏန်း အနည်းငယ်ခန့်အား သူနှင့်အတူ ခေါ်ဆောင်လာပြီးနောက် ဝိညာဉ်ဒယ်အိုးဂူဆီသို့ ပြန်လည်ဆုတ်ခွာသွားမည် ဖြစ်သည်။ သူ ထိုနေရာသို့ရောက်သောအခါ လျှိုတောက်ပင်းမှာ စစ်ဆေးရေးမှူး ရာဂဏန်း အနည်းငယ်ခန့်ကို ခေါ်ဆောင်လာပြီး ဝိညာဉ်ဒယ်အိုးဂူအား အလုံပိတ်ထားပြီးသား ဖြစ်နေ၏။

” လျှိုတောက်ပင်း။ ဒီနေရာကို သေချာ စောင့်ကြည့်ထား။ ဘယ်သူ့ကိုမှ အထဲကို ခြေလှမ်းတစ်ဝက်တောင် အဝင်မခံနဲ့ ”
ဝမ်ပေါင်လဲ့မှာ ထိုသို့ အမိန့်ပေးလိုက်ပြီးနောက် အရှိန်တင်၍ လျှိုတောက်ပင်းနှင့် အခြားသူများ၏ ဘေးမှဖြတ်သွားပြီး ဝိညာဉ်ဒယ်အိုးဂူထဲသို့ ဝင်သွား၏။ သူသည် တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများနှင့် ဓမ္မလက်နက်ဌာနမှ စစ်ဆေးရေးမှူးများကြားရှိ ထိပ်တိုက်ရင်ဆိုင်မှုကိုမူ အာရုံစိုက်မနေခဲ့ပေ။ ထို့နောက် သူသည် ချက်ချင်းပင် တင်ပျဉ်ခွေထိုင်ချလိုက်ပြီး ရုပ်သေးရုပ်တစ်ရုပ်ကို ထုတ်ယူလိုက်သည်။

” မင်းတို့က ငါ့ကိုလည်း မျက်ခြည်မပြတ် စိုက်ကြည့်သလို ငါဘယ်သွားသွား ငါ့ရဲ့နောက်ကနေလည်း မခွာတမ်းလိုက်လာနေတာ ကိစ္စမရှိပါဘူး။ မင်းတို့က ဉာဏ်အလင်းပွင့်ဖို့အတွက် ငါ့ကို အသုံးချနေကြတာဆိုတော့ မင်းတို့ ပိုပြီးတော့ လွယ်လွယ်ကူကူ ဉာဏ်အလင်းပွင့်နိုင်အောင်လို့ ငါ ကူညီပေးမယ် ”
ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးကာ ရုပ်သေးရုပ်၏ အပြင်ပိုင်းကို သူနှင့် တစ်ပုံစံတည်း တူသွားအောင် စတင်ပြောင်းလဲလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ ရုပ်သေးရုပ်များကို သန့်စင်သည့်ပညာရပ်အား ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်သည်။ ထို့ကြောင့် သူသည် ခြောက်နာရီတည်းနှင့် ရုပ်သေးရုပ်၏ အပြင်ပိုင်းကို ပြီးစီးအောင် ပြောင်းလဲနိုင်ခဲ့၏။ ၎င်းမှာ ဝမ်ပေါင်လဲ့နှင့် တစ်ပုံစံတည်းနီးပါး တူနေပြီး ကျောင်းသားခေါင်းဆောင်ဝတ်ရုံကအစ တစ်ထေရာတည်း ဖြစ်နေ၏။ ၎င်းမှာ အပြင်ပိုင်း ခန္ဓာကိုယ် အသွင်အပြင်များသာ ပါရှိပါသော်လည်း လူအစစ်တစ်ယောက်နှင့် အလွန် ဆင်တူ၏။

ဝမ်ပေါင်လဲ့မှာ သူနှင့် တစ်ထေရာတည်း တူသော ရုပ်သေးရုပ်ကိုကြည့်ကာ လှောင်ပြုံးပြုံး၍ ဆက်လက် သန့်စင်လိုက်ပြန်သည်။ ဝိညာဉ်ဒယ်အိုးဂူ၏ အပြင်ဘက်တွင်မူ လျှိုတောက်ပင်းနှင့် အခြားသူများမှာ တင်ပျဉ်ခွေထိုင်ကာ သူတို့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်နေကြသည့် တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများ၏ ဝန်းရံခြင်းကို ခံထားရသောကြောင့် သူတို့ ခံစားနေရသည့် ဖိအားများမှာ တဖြည်းဖြည်းနှင့် ကြီးထွားလာနေ၏။ ထိုအချိန်တွင် ရုတ်တရက်ဆိုသလို ဝိညာဉ်ဒယ်အိုးဂူထဲမှ လူရိပ်တစ်ခု ပျံထွက်လာ၏။

ထိုလူရိပ်မှာ လုံးဝန်းပြီး ဝမ်ပေါင်လဲ့နှင့် တူနေ၏။ ၎င်းမှာ အလွန် လျင်မြန်ဖျတ်လတ်ပြီး လျှိုတောက်ပင်းနှင့် အခြားသူများ၏ ခေါင်းပေါ်မှ ချက်ချင်းပင် ဖြတ်ပျံသွားကာ အဝေးသို့ ထွက်ပြေးသွားသည်။

ထို လူရိပ်ကြီး ပေါ်ပေါက်လာသောအခါ တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားအားလုံး၏အာရုံမှာ ၎င်းပေါ်သို့ ရောက်သွားကြသည်။ ထို့ကြောင့် သူတို့အားလုံးမှာ မတ်တတ်ထရပ်လိုက်ကြ၏။

” အဲဒါ ဝမ်ပေါင်လဲ့ပဲ ”

” နောက်ဆုံးတော့ သူက ငါတို့ရဲ့ တာအိုအလင်းဆောင်ဌာနနဲ့ ရင်မဆိုင်နိုင်တော့ဘူးပဲ။ အားလုံးပဲ သွားကြစို့ ။ ဉာဏ်အလင်းပွင့်ဖို့အတွက် သူ့ကို ဆက်ပြီးတော့ အသုံးချကြစို့ဟေ့ ”

” ဝမ်ပေါင်လဲ့ … မင်းကိုယ်မင်း ယုံကြည်မှု အပြည့်ရှိရင် ထွက်မပြေးနဲ့လေ ”

တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများမှာ လှောင်ပြုံးပြုံးကာ နောက်မှလိုက်သွားကြသောအခါ လျှိုတောက်ပင်းနှင့် စစ်ဆေးရေးမှူးများမှာ သူတို့၏ ချွေးများကိုသုတ်ရင်း သူတို့ ထွက်ခွာသွားကြသည်ကို ကြည့်နေလိုက်ကြတော့သည်။ သူတို့အားလုံးမှာ ရှုံ့မဲ့မဲ့ ရယ်မောရင်း ထွက်ခွာရန် ပြင်လိုက်ကြသည့် အချိန်တွင် နောက်ထပ် လူရိပ်တစ်ခုမှာ ဝိညာဉ်ဒယ်အိုးဂူထဲမှ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာ၏။ ထိုလူရိပ်မှာလည်း ဝမ်ပေါင်လဲ့ ဖြစ်နေဆဲပင်။

” ကျောင်းသားခေါင်းဆောင် … ”
လျှိုတောက်ပင်းမှာ ဆွံ့အသွား၏။ သူသည် ပြေးထွက်သွားသော ဒုတိယမြောက် ဝမ်ပေါင်လဲ့အား ကြောင်အန်းအန်းနှင့် စိုက်ကြည့်နေမိတော့သည်။ အခြားလူများ အားလုံးမှာလည်း ကြက်သေသေနေသည့် အမူအရာများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထိုအချိန်တွင် တတိယမြောက်လူရိပ်၊ စတုတ္ထမြောက်လူရိပ်၊ ပဉ္စမမြောက်လူရိပ် အစရှိသဖြင့် လူရိပ် ဆယ့်သုံးခုတိတိ လမ်းလျှောက်ထွက်လာကြပြန်သည်။

သူတို့ အားလုံးမှာ ဝမ်ပေါင်လဲ့ ဖြစ်ကြပြီး ကျောင်းသားခေါင်းဆောင်ဝတ်ရုံများကို ဆင်မြန်းထားကြသည်။ သူတို့မှာ ဂူထဲမှ ထွက်လာပြီးနောက် အရပ်မျက်နှာအသီးသီးသို့ ပြေးထွက်သွားကြသဖြင့် လျှိုတောက်ပင်းနှင့် အခြားသူများမှာ အံ့အားသင့်သွားကြတော့သည်။ သူတို့မှာ အရိပ်အမြွက်ခန့် နားလည်သွားပါသော်လည်း အံ့ဩတုန်လှုပ်နေကြဆဲပင်။

” ဒါတွေက… ရုပ်သေးရုပ်တွေလားဟ ”

ရုပ်သေးရုပ်များကို ပြုလုပ်ရသည်မှာ အမှန်တကယ်ပင် ခက်ခဲ၏။ အပြင်ပိုင်းမှာ သာမန်မျှသာဖြစ်ပါသော်လည်း အရေးကြီးဆုံးမှာ အတွင်းပိုင်းဖြစ်သည်။ ၎င်းအား သက်ရှိတစ်‌ယောက်ကဲ့သို့ ဖြစ်နေစေရန်အတွက် ကမ္ဗည်းစာလုံးများကို ကျွမ်းကျင်ပိုင်နိုင်နေရန် လိုအပ်သလို သန်မာသော ဝိညာဉ်အမြုတေတစ်ခုကိုလည်း လိုအပ်သည်။

အဆင့်နိမ့်ကျွန်းရှိ ဓမ္မလက်နက်ဌာနတစ်ခုလုံးတွင် ဝမ်ပေါင်လဲ့တစ်ယောက်သာ ထိုကဲ့သို့ လုပ်နိုင်စွမ်းရှိသည်။ အဘယ့်ကြောင့်ဆိုသော် သူတစ်ယောက်သာလျှင် သက်တံ့ဝိညာဉ်ကျောက်တုံးများကို ရုပ်သေးရုပ်အမြုတေများအဖြစ် သန့်စင်နိုင်စွမ်း ရှိသည်ဖြစ်ပြီး သူ၏ နည်းစနစ်ကျ တွက်ချက်မှုများမှတစ်ဆင့် ကမ္ဗည်းစာလုံးရေ မြောက်များစွာကို ဖန်တီးနိုင်သည် ဖြစ်သလို ဝိညာဉ်အမြုတေများနှင့်လည်း အလွန် ရင်းနှီးကျွမ်းဝင်နေသောကြောင့် ဖြစ်သည်။

လျှိုတောက်ပင်းနှင့် အခြားသူများမှာ ပါးစပ်များအဟောင်းသားဖြစ်ကာ မျက်လုံးပြူးကြီးများဖြင့် စိုက်ကြည့်နေကြတော့သည်။ နောက်နေ့များတွင် တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများမှာလည်း ဆွံ့အသွားကြရတော့သည်။ သူတို့မှာ ယခင်က ဝမ်ပေါင်လဲ့တစ်ယောက်ကိုသာ မြင်ဖူးထားသည် ဖြစ်သော်လည်း ယနေ့တွင်မူ ဓမ္မလက်နက်တောင်ထိပ်ပေါ်တွင် ဝမ်ပေါင်လဲ့ ဆယ်ယောက်ကျော် ရှိနေပြီမဟုတ်ပါလော။

ထို့ကြောင့် တစ်ခုခု လွဲနေပြီဖြစ်ကြောင်း သူတို့အားလုံး ရိပ်မိလိုက်ကြသည်။ ဝမ်ပေါင်လဲ့ဖန်တီးထားသော ရုပ်သေးရုပ်များမှာ လူအစစ်နှင့် အလွန် တူနေသည့်အပြင် တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများမှာ ဓမ္မအဆောင်များနှင့် မရင်းနှီးသောကြောင့် သူတို့မှာ အဖြေရှာမရ ဖြစ်နေကြတော့သည်။ ထို့ကြောင့် သူတို့၏ ပြဿနာမှာ ဝမ်ပေါင်လဲ့အား မြင်နေရပါသော်လည်း မည်သည့်ဝမ်ပေါင်လဲ့က အစစ်ဖြစ်ကြောင်း မဖော်ထုတ်နိုင်ခြင်း ဖြစ်နေ၏။

တချိန်တည်းမှာပင် သူတို့မှာ ဝမ်ပေါင်လဲ့တစ်ယောက်နောက်သို့ အကြာကြီးလိုက်ပြီး သူ့အား အချိန်အကြာကြီး စိုက်ကြည့်ပြီးသောအခါမှ ၎င်းမှာ အတုဖြစ်နေကြောင်း ရိပ်မိသွားကြ၏။ ထို့ကြောင့် သူတို့မှာ ဆက်လက်၍ ရှာဖွေလိုက်ပါသော်လည်း သူတို့ ထပ်၍ ရှာတွေ့သော ဝမ်ပေါင်လဲ့များမှာ အတုများ ဖြစ်နေကြဆဲပင်။

တချို့သော ဝမ်ပေါင်လဲ့များမှာ ပြေးလွှားနေကြပြီး တချို့မှာ ဝိညာဉ်ဒယ်အိုးဂူထဲတွင် ရှိနေကြကာ တချို့မှာ နတ်ဝိဇ္ဇာဂူသို့ပြန်၍ တံခါးပိတ် လေ့ကျင့်နေကြပြီ ဖြစ်သည်။ အခြားဝမ်ပေါင်လဲ့များမှာ ချော်ရည်အခန်းဆီသို့ သွားနေကြသလို ဓမ္မလက်နက်ဌာန ပတ်ပတ်လည်တွင် လမ်းလျှောက်နေကြသည့် ဝမ်ပေါင်လဲ့များလည်း ရှိသေးသည်။

မည်သူကမှ အစစ်ကို ရှာမတွေ့နိုင်ကြပေ။ ထို့ကြောင့် တာအိုအလင်းဆောင်ဌာနများသာ ဆွံ့အမှင်တက်နေကြသည် မဟုတ်ဘဲ ဓမ္မလက်နက်ဌာနမှ ကျောင်းသားများပင် တုန်လှုပ်ချောက်ချားနေကြတော့သည်။ သူတို့အားလုံးမှာ ကမ္ဘာသစ်ကြီးတစ်ခုကို မြင်လိုက်ရသကဲ့သို့ ဖြစ်သွားပြီး ဆွေးနွေးငြင်းခုံသံများနှင့် ဆူညံပွက်လော ရိုက်သွားကြတော့သည်။ ဝိညာဉ်ကွန်ရက်ကြီးပင်လျှင် အံ့ဩတုန်လှုပ်သွားရ၏။

” ဝမ်ပေါင်လဲ့နဲ့ တာအိုအလင်းဆောင်ဌာနကြားက ရန်ပွဲက အဆင့်တက်သွားပြီဟေ့ ”

” နောက်ဆုံးရ သတင်းတဲ့ဟ။ ဝမ်ပေါင်လဲ့က သူ့ပုံစံတူ ရုပ်သေးရုပ်ဆယ်ရုပ်ကျော်ကို ဖန်တီးခဲ့ပြီး တာအိုအလင်းဆောင်ဌာနက ကျောင်းသားတွေကို အရူးလုပ်ခဲ့တာတဲ့။ အဲဒီေတာ့ သူတို့တွေ ဉာဏ်အလင်းပွင့်ဖို့ ကြိုးစားနေရင်တောင် အတုအယောင် ဉာဏ်အလင်းပွင့်ခြင်းပဲ ရတော့မှာ ”

သိပ်မကြာခင် ဓမ္မလက်နက်တောင်ထိပ်တစ်ခုလုံး ဖရိုဖရဲ ဖြစ်နေကြတော့သည်။ သို့သော် ရုပ်သေးရုပ်များမှာ ရုပ်သေးရုပ်အဆင့်တွင်သာ ရှိသည်မဟုတ်ပါလော။ ထို့ကြောင့် တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများမှာ စိတ်ဓာတ်များ ကျနေကြပါသော်လည်း တဖြည်းဖြည်းနှင့် နားလည်စပြုလာကြပြီး ရုပ်သေးရုပ်အတုများကို ဖယ်ထုတ်နိုင်မည့် နည်းလမ်းအမျိုးမျိုးကို ရှာဖွေလာကြသလို အောင်မြင်မှုတချို့လည်း ရရှိလာကြ၏။ ဝမ်ပေါင်လဲ့အစစ်မှာမူ လူအုပ်ကြီး၏ကြားတွင် လမ်းလျှောက်နေပြီး သူ့အား အတုအယောင်ဟု ထင်မှတ်၍ လျစ်လျူရှုထားကြသော တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများကို အသက်မဲ့သော အမူအရာဖြင့် စိုက်ကြည့်နေ၏။ ထို့နောက် သူသည် စိတ်ထဲတွင် လှောင်ပြုံးပြုံးလိုက်၏။

” မင်းတို့ရဲ့ အာရုံတွေကို ထွေပြားသွားအောင်လုပ်ဖို့က ငါ့ရဲ့ ပန်းတိုင်တွေထဲက တစ်ခုပဲ ရှိသေးတယ်ကွ။ ငါ့ရဲ့ ပန်းတိုင်အစစ်က အချိန်ဆွဲပြီးတော့ မင်းတို့ရဲ့ ပုံပန်းသွင်ပြင်တွေကို ပိုပြီးတော့ မှတ်မိအောင်လုပ်ဖို့ပဲ။ ဟွန်း။ ငါ့မှာ နည်းဗျူဟာတွေ အများကြီးရှိတယ်ကွ။ ငါက မင်းတို့ တာအိုအလင်းဆောင်ဌာနက ကျောင်းသားတွေ ငါ့ကိုမြင်တာနဲ့ အသားတွေတုန်သွားရတဲ့အထိကို ဖြစ်စေချင်တာကွ ”
ဝမ်ပေါင်လဲ့၏ မျက်လုံးများမှာ ဖျတ်ခနဲလက်သွားပြီး သူသည် အဝေးသို့လျှောက်လှမ်းသွား၏။

ဒုတိယမြောက်နေ့တွင် ဓမ္မလက်နက်တောင်ထိပ်ပေါ်‌၌ ရုပ်သေးရုပ်များစွာ ထပ်၍ ပေါ်ပေါက်လာကြပြန်သည်။ သို့သော် ၎င်းတို့မှာ ဝမ်ပေါင်လဲ့နှင့် မတူဘဲ ဘန်နီလေးအား ချစ်ရေးဆိုခဲ့သည့် တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားနှင့် တူနေ၏။

ထို ရုပ်သေးရုပ်ကို သူနှင့် တစ်ပုံစံတည်းတူအောင် ဖန်တီးထားခြင်းဖြစ်သည်။ ထို့ကြောင့် သေသေချာချာ စိုက်မကြည့်ပါက လူအုပ်ထဲတွင်ဆိုလျှင် အစစ်နှင့်အတုကို ခွဲခြားနိုင်ရန် ခဲယဉ်း၏။

ထိုရုပ်သေးရုပ်မှာ တစ်စုံတစ်ခုကို ရှာဖွေနေသည့် ပုံစံဖြင့် လူအုပ်ကြီးကြားထဲတွင် လမ်းလျှောက်နေ၏။ တခဏအကြာတွင် ထိုရုပ်သေးရုပ်မှာ တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများကို မြင်လိုက်ရပြီး သူနှင့် တစ်ထေရာတည်းတူသော ကျောင်းသားအား သတိထားမိလိုက်၏။ ထို့နောက် သူသည် ထိုကျောင်းသားဆီသို့ ဦးတည်သွား၏။

ထို ပိန်ပါးပါးလူငယ်လေးမှာမူ တင်ပျဉ်ခွေထိုင်ကာ ဉာဏ်အလင်းပွင့်ရန် ကြိုးစားနေ၏။ ထို့နောက် သူသည် စိတ်ဓာတ်ကျနေသည့် အမူအရာဖြင့် အံကြိတ်ကာ သူ၏ မိတ်ဆွေအပေါင်းအသင်းများနှင့်အတူ ညည်းတွားနေကြသည်။

” ဒီ ဝမ်ပေါင်လဲ့ဆိုတဲ့ကောင်က ဉာဏ်များတယ်။ ဒါပေမဲ့ ငါတို့တွေ လက်လျှော့လို့မဖြစ်ဘူး။ တာအိုအလင်းဆောင်ဌာနကို ရန်စခဲ့တဲ့ အကျိုးဆက်ကဘာလဲဆိုတာ သူ့ကို သိအောင် ပြရမယ် ”

” ဟုတ်တယ် အစ်ကိုချန်။ စိတ်မပူပါနဲ့။ ဝမ်ပေါင်လဲ့က ကျနော်တို့နဲ့ တိုက်ခိုက်ရဲမှတော့ သူ့ကို သင်ခန်းစာ တစ်ခုနှစ်ခုလောက် ပြန်ပေးရတာပေါ့ ”

သူတို့အားလုံး၏ ဘုံရန်သူမှာ တစ်ယောက်တည်း ဖြစ်သောကြောင့် သူတို့မှာ အချင်းချင်း ဆွေးနွေးတိုင်ပင်နေကြစဉ် သူတို့ထဲမှ တစ်ယောက်မှာ ရုတ်တရက်ဆိုသလို ခေါင်းမော့လာ၏။ ထို့နောက် သူသည် သူတို့ဆီသို့ လျှောက်လှမ်းလာနေသော ရုပ်သေးရုပ်ကို မြင်လိုက်ရသောအခါ ကြက်သေသေသွား၏။

” အစ်ကိုချန်ရေ… ဟိုလေ… အစ်ကိုနဲ့ တစ်ပုံစံတည်း တူတဲ့ လူတစ်ယောက်ကို ကျနော် မြင်နေရလို့ “

Comment

Leave a Reply

Options

not work with dark mode
Reset