အခန်း (၃၁) : နတ်ဘုရား ကိုယ်ထည်မာ ကျင့်ကြံနည်း
“သူမက မြင်ရသလောက် မရိုးရှင်းဘူး… ဦးလေးကွေ့ သူမကို သတိထားတာ ကောင်းမယ်”
ရှန်ထျန်းက ပြောလိုက်သည် “ဒါနဲ့စကားမစပ်… ဦးလေးကွေ့… ဦးလေး သွားနားသင့်နေပြီ”
ကွေ့ကုန်းကုန်းက ပြုံးကာ ပြောလိုက်သည် “ကျွန်တော်မျိုး ဒီနားမှာပဲ ထိုင်ပြီး အနားယူလိုက်ပါ့မယ်။ အရှင့်သားကိုလည်း ကာကွယ်ပေးလို့ ရတာပေါ့”
ရှန်ထျန်းက ခဏစဉ်းစားလိုက်ပြီးမှ ပြောလိုက်သည် “ဦးလေးကွေ့… ဦးလေးနဲ့ ချင်ကောင်းတို့ တစ်ယောက်ကို ဝိညာဉ်ကျောက်တုံး အတုံးတစ်ထောင်စီ ယူလိုက်ကြပါလား… ပြီးရင် ဦးလေးတို့လည်း သွားကျင့်ကြံကြလေ”
ကွေ့ကုန်းကုန်းက အမြန် ငြင်းလိုက်သည် “ဘယ်လိုလုပ်ပြီး ကျွန်တော်မျိုးတို့ အဲ့လိုမျိုး ယူလို့ရပါ့မလဲ”
ဝိညာဉ်ကျောက်တုံး အတုံးတစ်ထောင်မှာ အလွန်များသော ငွေကြေးပမာဏဖြစ်သည်။ သာမန်လူတစ်ယောက်အတွက်ဆို ထိုငွေပမာဏနှင့် အခြေတည်အဆင့် အထိရောက်အောင် ကျင့်ကြံသွားဖို့ လုံလောက်နေလေပြီ။
ရှန်ထျန်းက လက်ကိုယမ်းရင်း ပြောလိုက်သည် “ငြင်းမနေနဲ့တော့… ဦးလေးတို့ ပိုပြီး အားကောင်းလာရင် ကျွန်တော့်ကို ပိုပြီးတော့ ကောင်းကောင်း ကာကွယ်နိုင်တာပေါ့”
ရှန်ထျန်း၏ စိတ်ပိုင်းဖြတ်ပြီးသား မျက်နှာအမူအယာကို မြင်ပြီးသည့်နောက် ကွေ့ကုန်းကုန်းက ခေါင်းငြိမ့်ပြကာ “ဟုတ်ကဲ့ပါ… ယူလိုက်ပါ့မယ် အရှင့်သား”
ထိုအခိုက်အတန့်မှာပဲ ကွေ့ကုန်းကုန်း၏ ခေါင်းပေါ်မှ ရောင်ဝါစက်ဝန်းက အရင်ကထက် ပိုပြီး နီရဲလာတာကို ရှန်ထျန်းက သတိထားမိသွားသည်။ ကြည့်ရသည်မှာ ရှန်ထျန်း၏ ခန့်မှန်းချက်တို့ မှန်နေပုံပေါ်သည်။ ရှန်ထျန်းက ရလာသည့်အခွင့်အရေးများကို ကွေ့ကုန်းကုန်းတို့၊ ချင်ကောင်းတို့လိုမျိုး တခြားသူများနှင့် မျှဝေလိုက်ပါက သူတို့၏ ကံတွေကလည်း ပိုကောင်းလာပေလိမ့်မည်။
“အော် မေ့တော့မလို့… ကျွန်တော့်ကို ဝိညာဉ်ကျောက်တုံး အတုံးတစ်ရာ ပေးပါဦး” ရှန်ထျန်းက ပြုံးကာ “ဒီနေ့ည ကျွန်တော် မီးစာကျမ်းကို ကျင့်ကြံကြည့်မလို့”
“ဟုတ်ကဲ့ပါ… အရှင့်သား။ ကျွန်တော်မျိုး အကုန်လုံး အဆင်သင့်ဖြစ်အောင် သွားပြင်ဆင်လိုက်ပါ့မယ်”
ကွေ့ကုန်းကုန်းက ဝိညာဉ်ကျောက်တုံးများနှင့် ပိုက်ဆံတွေကို ထုတ်ယူလိုက်ပြီးနောက် တည်းခိုခန်းပိုင်ရှင်ဆီသို့ နောက်ထပ် အခန်းတစ်ခန်း ထပ်သွားတောင်းလိုက်သည်။
…………………
ရှန်ထျန်းက ဆေးဖက်ဝင်အပင်များနှင့် ဖော်စပ်ထားသည့် ဆေးရည်တို့ဖြင့် ပြည့်နေသည့် သစ်သားစည်ပိုင်းထဲတွင် ထိုင်ကာ ခေါင်းကိုမော့ထားလိုက်သည်။ ဝိညာဉ်ကျောက်တုံးများကို သူ့ရှေ့တွင် ချထားလိုက်ပြီး မင်းသား(၁၃)၏ မှတ်ဉာဏ်များကို ပြန်ခေါ်ဖို့ ကြိုးစားလိုက်၏။ အချိန်အကြာကြီး စောင့်ဆိုင်းပြီးသည့်နောက် သူက ပြန်လည်ကျင့်ကြံဖို့ ကြိုးစားတော့မည်။
သို့သော မင်းသား(၁၃) ချီဖောက်ပြန်သွားသည့် အခေါက်ကနှင့်မတူဘဲ ရှန်ထျန်းက တခြားကျင့်ကြံနည်းတစ်ခုကို ရွေးချယ်လိုက်သည်။ ထိုကျင့်စဉ်မှာ နတ်ဘုရားကိုယ်ထည်မာ ကျင့်ကြံနည်း ဖြစ်သည်။
…………………
ကျင့်ကြံရေးကမ္ဘာထဲတွင် မတူကွဲပြားသော ကျင့်ကြံနည်များ များစွာရှိသည်။ တာအိုလမ်းစဉ်၏ ရွှေအမြုတေ ချီသန့်စင်ခြင်းက လူသိအများဆုံးနှင့် ကျင့်ကြံလေ့အရှိဆုံး ကျင့်ကြံနည်းတစ်ခု ဖြစ်သည်။ ဒီလမ်းစဉ်က အရင်းအမြစ်နည်းနည်းပဲ လိုကာ မြန်မြန်ဆန်ဆန် ကျင့်ကြံနိုင်သည်။
တစ်ချိန်တည်းမှာပဲ ဒီလမ်းစဉ်မှ ထူးခြားသောပညာရပ်များနှင့် တိုက်ကွက်များကို သင်ယူနိုင်လေသည်။ ထို့အပြင် ယခင့်ယခင် မျိုးဆက်များ၏ လေ့လာစမ်းသပ်ချက်တွေနှင့် စွမ်းဆောင်ချက်တွေကြောင့် ဒီကျင့်ကြံနည်းက ပို၍ ပြီးပြည့်စုံနေသည်။ ထို့ကြောင့် တဖြည်းဖြည်းနှင့် ကျင့်ကြံရေးကမ္ဘာထဲတွင် ဒီကျင့်ကြံနည်းကိုသာ အဓိက အလေးထား ကျင့်ကြံလာကြလေတော့သည်။
သို့သော် ရှေးအကျဆုံး ကျင့်ကြံနည်းမှာ ရွှေအမြုတေ ချီသန့်စင်ခြင်း မဟုတ်ပေ။ လူသားများက ရှေးဟောင်းသားရဲများနှင့် နတ်ဆိုးများကို လေ့လာရင်းမှ အစပြု ဖန်တီးခဲ့သော နတ်ဘုရားကိုယ်ထည်မာ ကျင့်ကြံနည်းကသာ ရှေးအကျဆုံး ကျင့်ကြံနည်း ဖြစ်သည်။
ဒီကျင့်ကြံနည်းက ရွှေအမြုတေ ချီသန့်စင်ခြင်းနှင့် လုံးဝ မတူညီဘဲ ကွဲပြားနေလေသည်။
ချီသန့်စင်ခြင်း ဆိုသည်မှာ ကမ္ဘာလောကထဲရှိ ဝိညာဉ်ချီကို သန့်စင်ခြင်း၊ သန့်စင်ပြီးသွားသည့် ဝိညာဉ်ချီကို ခန္ဓာကိုယ်ထဲတွင် အတွင်းအားအဖြစ် သိမ်းဆည်းသိုလှောင်ထားခြင်းနှင့် ထိုအတွင်းအားကို ဓမ္မအစွမ်းအားအဖြစ်သုံးကာ တိုက်ခိုက်ခြင်းတို့ ဖြစ်သည်။
သို့သော် ကိုယ်ထည်မာ ကျင့်ကြံနည်း ဆိုသည်မှာကား ဝိညာဉ်ချီကို သန့်စင်ကာ ခန္ဓာကိုယ်၏ သန်စွမ်းကြံ့ခိုင်မှုကို မြင့်တက်အောင် လုပ်ခြင်းနှင့် ကာယခွန်အားကို တိုးတက်အောင် လုပ်ခြင်းတို့ ဖြစ်သည်။
ပထမကျင့်ကြံနည်းက ဂါထာမန္တန် ထုတ်သုံးခြင်းအပေါ် အထူးပြုထားပြီး ဒုတိယကျင့်ကြံနည်းက အနီးကပ် တိုက်ခိုက်ခြင်းအပေါ် အာရုံစိုက်ထားသည်။
ကျင့်ကြံနည်းနှစ်ခုစလုံးက ညီတူညီမျှ ကောင်းနေသည်မှာ မှန်သော်လည်း ချီသန့်စင်ခြင်းက ကျင့်ကြံရေးလောက၏ အဓိက ကျင့်ကြံနည်း ဖြစ်လာခဲ့ရသည့် အရိုးရှင်းဆုံး အကြောင်းအရင်းမှာ ကိုယ်ထည်မာ ကျင့်ကြံနည်းက အင်မတန် ငွေကုန်သောကြောင့် ဖြစ်သည်။
တူညီသည့်အဆင့်မှ စမည်ဆိုလျှင်ပင် ရွှေအမြုတေ ချီသန့်စင်ခြင်း ကျင့်ကြံသူတစ်ယောက် လိုအပ်သည့် အရင်းအမြစ်၏ ဆယ်ဆရှိသည့် အရင်းအမြစ်များကို နတ်ဘုရားကိုယ်ထည်မာ ကျင့်ကြံသူက လိုအပ်ပေလိမ့်မည်။
အရင်းအမြစ်များမှာ ကျင့်ကြံရေးလောကတွင် ရှားပါးနေပြီ ဖြစ်လေရာ လူအများစုက ငွေကုန်သက်သာသည့် ကျင့်ကြံနည်းများကိုပင် ကျင့်ကြံဖို့ မတတ်စွမ်းနိုင်ကြပေ။ ကိုယ်ထည်မာ ကျင့်ကြံနည်းဆိုလျှင် ပိုတောင် ဝေးသေးသည်။
…………………
ကွယ်လွန်သွားသည့် မင်းသား(၁၃)က လွန်ခဲ့သော နှစ်အနည်းငယ်က နတ်ဘုရားကိုယ်ထည်မာ ကျင့်ကြံနည်းကို ကျင့်ကြံရန် ကြိုးစားလိုက်သေးသည်။ သူက မီးစာကျမ်းဟု သိကြသည့် မီးစာကိုယ်ထည်မာ ကျင့်စဉ်ကို ကျင့်ကြံဖို့ ရွေးချယ်ခဲ့ဖူးသည်။ ထိုကျမ်းမှာ ကျင့်ကြံရေးကမ္ဘာထဲတွင် လူသိအများဆုံးနှင့် သာမန်အဖြစ်ဆုံး နတ်ဘုရားကိုယ်ထည်မာ ကျင့်စဉ် ဖြစ်သည်။
အရောင်းဆိုင်အများစုတွင် ငွေငါးစ ပေးရုံနှင့် ထိုကျမ်းကို ဝယ်ယူနိုင်လေသည်။
မှန်၏။ ငွေငါးစ… ဝိညာဉ်ကျောက်တုံး ငါးတုံး မဟုတ်ချေ။
တခြားကျင့်စဉ်များနှင့် နှိုင်းယှဉ်လိုက်ပါက အလကား ဝယ်နိုင်သည့် ကျင့်စဉ်ဟုတောင် သတ်မှတ်လို့ရသည်။
အံ့သြစရာကောင်းသည်မှာ မင်းသား(၁၃)က ဒီဈေးပေါသည့် မီးစာကိုယ်ထည်မာ ကျင့်စဉ်ကို ကျင့်ကြံနေသည့်အချိန်၌ ချီဖောက်ပြန်ခြင်းကို မခံစားရချေ။
အင်း… ဒါက အံ့သြစရာကိစ္စတစ်ခုလို့တော့လည်း ပြောမရပြန်ပေ။
ရွှေအမြုတေ ချီသန့်စင်ခြင်း ကျင့်ကြံသူများအနေနှင့် စွမ်းအင်ဗဟိုချက်ဟု ခေါ်သည့် သူတို့၏ ဝမ်းဗိုက်နားရှိ ချီလမ်းကြောင်း အချက်အချာနေရာထဲသို့ ဝိညာဉ်ချီကို စုပ်ယူဖို့ လိုအပ်သည်။ ထို့အပြင် ထိုနေရာမှာ အလွန်အားနည်းသော ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခု ဖြစ်လေရာ လွယ်လင့်တကူ ထိခိုက်သွားနိုင်ချေ ရှိသည်။
စွမ်းအင်ဗဟိုချက်ထဲရှိ ဝိညာဉ်ချီက ကျင့်ကြံသူ၏ ထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွားသည်နှင့် ချီဖောက်ပြန်ခြင်းကို ခံစားရလိမ့်မည် ဖြစ်သည်။ မင်းသား(၁၃)မှာ သူ့ဘဝတစ်လျှောက်လုံး ကံဆိုးမိုးမှောင်ကျလာခဲ့လေရာ သူ့အနေနှင့် ဝိညာဉ်ချီအား ကောင်းကောင်း မထိန်းချုပ်နိုင်ဘဲ လွတ်ထွက်သွားစေသည့်အဖြစ်မှာ ပုံမှန်ကံဆိုးနေကျကိစ္စတစ်ခုသာ ဖြစ်နေလေတော့သည်။
သို့သော် နတ်ဘုရားကိုယ်ထည်မာ ကျင့်ကြံသူဆိုပါက စွမ်းအင်ဗဟိုချက်ထဲသို့ ဝိညာဉ်ချီကို စုပ်ယူစရာ မလိုအပ်ပေ။
ဒီကျင့်ကြံနည်း၏ ပထမအဆင့်ကို ကိုယ်ထည်မာအဆင့် ဟုခေါ်သည်။ ထိုအဆင့်၌ ကျင့်ကြံသူက ဝိညာဉ်ချီ အမြောက်အများကို စုပ်ယူကာ သူတို့၏ ကြွက်သားများနှင့် အရိုးများကို သန့်စင်ဖို့ လိုအပ်သည်။ ဝိညာဉ်ချီကို မထိန်းချုပ်နိုင်ဘဲ လွတ်ထွက်သွားစေလျှင်ပင် ကျင့်ကြံသူအပေါ်၌ သက်ရောက်မှုမှာ မရှိသလောက် နည်းပါးသည်။
ဒီကျင့်ကြံနည်းတစ်ခုလုံး၏ အလုပ်လုပ်ပုံမှာ ခန္ဓာကိုယ်အား ထိခိုက်ဒဏ်ရာရအောင် အရင်လုပ်ပြီးမှ နောက်ပိုင်းတွင် ဆေးဝါးအကူအညီနှင့် တဖြည်းဖြည်းချင်း ဒဏ်ရာပြန်ကောင်းအောင် ကုသပေးခြင်း ဖြစ်သည်။ ဤနည်းဖြင့် ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း ကျင့်သားရလာကာ ပိုပိုပြီး သန်မာအားကောင်းပေလိမ့်မည်။
ဝိညာဉ်ချီတို့ အထိန်းအချုပ်လွတ်သွားပြီး ခန္ဓာကိုယ်အား ဒဏ်ရာများများ ရစေလေလေ၊ အကျိုးသက်ရောက်မှုက ပိုကောင်းလေလေ ဖြစ်ပေလိမ့်မည်။
…………………
ဒါဆို မင်းသား(၁၃)က ဘာဖြစ်လို့ ဒီမီးစာကျမ်းကို ဆက်မကျင့်ကြံရတာလဲလို့ မေးလာစရာရှိနေပြီ…
အင်း… အကြောင်းရင်းကတော့ သူက အရမ်းကို ဆင်းရဲမွဲတေနေလို့ပဲ…
လန်နန်းဆောင်ထဲက အဖိုးတန်ပစ္စည်း တော်တော်များများကို ရောင်းချပြီးနောက်တွင်ပင် ဝိညာဉ်ကျောက်တုံး အတုံးတစ်ရာသာ ရရှိခဲ့သည်။ သူက တစ်နေ့လုံး မရပ်မနားဘဲ မီးစာကျမ်းကိုပဲ ကျင့်ကြံခဲ့သည်။ သို့သော် ကိုယ်ထည်မာ ပထမအဆင့်သို့ပင် မရောက်နိုင်လိုက်ဘဲ ရှိသမျှဝိညာဉ်ကျောက်တုံးတွေ အကုန် ပြောင်သွားအောင် သုံးမိခဲ့လေသည်။
ချီသန့်စင်ခြင်း ကျင့်ကြံသူများဆီ၌သာ ဝိညာဉ်ကျောက်တုံး အတုံးတစ်ရာ ရှိခဲ့ပါက အများစုက (၃)ဆင့်မြောက် ချီသန့်စင်ခြင်းအဆင့်ကို ရောက်ရှိနိုင်ပြီး အနည်းစုကတော့ (၄)ဆင့်မြောက်အထိတောင် ရောက်ရှိနိုင်လိမ့်မည် ဖြစ်သည်။
နောက်ဆုံးမှာတော့ ကံဆိုးသူမင်းသားလေးက မီးစာကျမ်း၏ အခြေခံ သဘောတရားများကိုတောင် မတတ်မြောက်နိုင်ခဲ့ပေ။ ထို့ကြောင့် ဒီကျင့်ကြံနည်းလမ်းစဉ်ကို ဆက်ကျင့်ဖို့ရာ ငွေကြေးအင်အား မတတ်စွမ်းနိုင်၍ သူက လက်လျော့ဖို့ကိုသာ ရွေးချယ်ခဲ့ရလေသည်။
…………………
သို့သော် အခုအချိန်တွင် အရာအားလုံးက ပြောင်းလဲသွားလေပြီ။ ရှန်ထျန်းက တစ်ရက်တည်းနှင့် ဝိညာဉ်ကျောက်တုံး အတုံး တစ်သောင်း လေးထောင်ကို ရှာနိုင်ခဲ့သည်။
သူပိုင်ဆိုင်သည့် ငွေကြေးပမာဏနှင့်ဆို မီးစာကျမ်းကို ကျင့်ကြံလို့ ရလောက်ပြီဟု ရှန်ထျန်း ခံစားမိသည်။
အင်း… ပြောရမည်ဆိုလျှင် တခြားကျင့်စဉ်တွေနှင့် သူ့ကံကို စမ်းရဲသည်တော့လည်း မဟုတ်ပေ။
ရှန်ထျန်းက ဝိညာဉ်ကျောက်တုံးတစ်တုံးကို ဆုပ်ကိုင်ပြီး အာရုံစိုက်လိုက်သည်။ မီးစာကျမ်းထဲက လမ်းညွှန်ချက်များအတိုင်း သူ့စွမ်းအားများကို လှည့်ပတ်စီးဆင်းစေလိုက်ပြီး ကျောက်တုံးထဲမှ ဝိညာဉ်ချီကို စုပ်ယူလိုက်သည်။
ချက်ချင်းဆိုသလို ဝိညာဉ်ကျောက်တုံးထဲမှ မျက်လုံးနှင့်မြင်နိုင်သည့် ဝိညာဉ်ချီ စီးကြောင်းတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ထိုဝိညာဉ်ချီစီးကြောင်းက ရှန်ထျန်းကိုယ်ထဲသို့ စီးဝင်သွားလေသည်။
ရွှေအမြုတေ ချီသန့်စင်ခြင်း ကျင့်ကြံနည်းသည် ကျင့်ကြံသူများအနေနှင့် စွမ်းအင်ဗဟိုချက်ထဲတွင် စုပ်ယူသိုလှောင်ဖို့ရာ ပိုမိုညင်သာသည့် ဝိညာဉ်ချီများ ရရှိစေရန်အတွက် ကျောက်တုံးထဲမှ ဝိညာဉ်ချီများကို သန့်စင်ပေးသည့်ကျင့်စဉ် ဖြစ်သည်။
သို့သော် နတ်ဘုရားကိုယ်ထည်မာ ကျင့်ကြံနည်းတွင် ထိုကဲ့သို့ လုပ်ဆောင်ချက်မျိုး မရှိပေ။ ထို့ကြောင့် ကျောက်တုံးထဲမှ မသန့်စင်ရသေးသည့် ဝိညာဉ်ချီတို့က ပို၍ ကြမ်းတမ်း ပြင်းထန်နေလေသည်။
ထိုဝိညာဉ်ချီတို့က ရှန်ထျန်းကိုယ်ထဲ ရောက်သွားသည်နှင့် သူ့ကြွက်သားများကို စတင် နိုးထစေလိုက်သည်။ ဒီလုပ်ရပ်က သူ့ကြွက်သားများကို တစ်စုံတစ်ယောက်က တူနှင့်ထုနေသကဲ့သို့ ခံစားချက်မျိုးကို သူ့အား ခံစားရစေသည်။
အဆက်မပြတ် ကျရောက်လာသော နာကျင်မှုက သည်းခံနိုင်သည့် အတိုင်းအတာအတွင်း ရှိနေသော်လည်း ဒီလိုခံစားချက်ကိုမူ အချိန်အကြာကြီး ခံနေရလေသည်။ တစ်ချိန်တိုင်းမှာပဲ သူ့ကြွက်သားများမှာလည်း နာကျင်ကိုက်ခဲကာ ထုံပင်ထုံနေလေပြီ။
ရှန်ထျန်းက နာကျင်မှုတွေကြားထဲမှ ဝိညာဉ်ကျောက်တုံးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်၏။
ဒီရှေးဟောင်းလမ်းစဉ်က… တကယ့်ကို ရက်စက်ကြမ်းတမ်းပါပေ့…
ဆေးရည်ကန်စည်ပိုင်းက အလုပ်လုပ်နေ၍ တော်သေးသည်။ သူ့ခန္ဓာကိုယ်က ဆေးအာနိသင်များကို စုပ်ယူနေကာ ကြွက်သားများကို ကုသပေးနေသည်။
နာကျင်မှုကို တောင့်ခံနေရင်း တဖြည်းဖြည်းနှင့် ရှန်ထျန်း၏ ခန္ဓာကိုယ်က ပိုပိုပြီး အားကောင်းကာ သန်မာကြံ့ခိုင်လာလေသည်။
သိပ်မကြာခင်မှာပဲ စည်ပိုင်းထဲမှ ဆေးရည်၏ အရောင်က ဖျော့ဖျော့လာသည်။ တစ်နာရီအတွင်း၌ ဝိညာဉ်ကျောက်တုံး အတုံးတစ်ရာလုံး ဖုန်မှုန့်ဘဝ ရောက်သွားလေသည်။ သူက အကုန်လုံး သုံးပြီးသွားလေပြီ။
တကယ့်ကိုပဲ ပိုက်ဆံက လူတွေကို ပိုပြီးတော့ အားကောင်းလာအောင် လုပ်နိုင်တာပဲ… ငါလေး ဝိညာဉ်ကျောက်တုံးတွေ အများကြီး ထပ်လိုသေးတယ်…
ရှန်ထျန်းက တစ်ခုခုကို သတိထားမိသွားဟန်ဖြင့် မျက်လုံးဖွင့်ကာ စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည် “ဦးလေးကွေ့… ကျွန်တော် ဝိညာဉ်ကျောက်တုံးတွေ ထပ်လိုသေးတယ်… အောင်မြင်ခါနီးနေပြီ… ဒီညတင် ရအောင် လုပ်နိုင်တယ်လို့ ခံစားနေရတယ်ဗျ”
good
good
good