Switch Mode

အခန်း(၃၀)

ညဘက်ကြီး ဝိညာဉ်နတ်မိမယ်လေး ရောက်ချလာခြင်း

အခန်း (၃၀) : ညဘက်ကြီး ဝိညာဉ်နတ်မိမယ်လေး ရောက်ချလာခြင်း

မှန်၏…

မဖိတ်ခေါ်ထားသော ဧည့်သည်မှာကား တခြားသူ မဟုတ်၊ ဝိညာဉ်နတ်မိမယ်လေး ဖြစ်နေလေသည်။

နေ့ခင်းဘက်တုန်းက ဝိညာဉ်နတ်မိမယ်လေးသည် အလျှင်စလို ထွက်သွားပြီးနောက် တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိလာခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ဝိညာဉ်နတ်မိမယ်လေးက သူမနှင့် အသက်ရွယ်တူလောက် ကောင်လေးက သတ္တုရိုင်းတုံး အကဲဖြတ်ပညာရှင် ဖြစ်နေလိမ့်မည်ဟု မယုံကြည်ပေ။

ကျင့်ကြံရေးလောက၌ သတ္တုရိုင်း အကဲဖြတ်ပညာရှင် ၉၀ ရာခိုင်နှုန်းလောက်က သက်ကြီးရွယ်အိုများ မဟုတ်ပါလော။

ခဏတာ စဉ်းစားလိုက်ပြီးနောက် ဝိညာဉ်နတ်မိမယ်လေးက ရှန်ထျန်းအား စုံစမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်တော့သည်။ သူမက ရှန်ထျန်းသည် တကယ့် ပညာရှင်လား ဒါမှမဟုတ် သူမလိုမျိုး အလိမ်အညာလား သိချင်မိသည်။

အဝတ်အစားများကို လဲလှယ်ပြီး မျက်နှာချေမှုန့် လိမ်းကျံလိုက်ကာ ရုပ်ဖျက်လိုက်ပြီးနောက် သူမက လူအုပ်ကြားဝင်ကာ ရှန်ထျန်းနောက် လိုက်ကြည့်ကြည့်လိုက်သည်။

တကယ်တော့ အမျိုးသမီးများ၏ အလှပြင် အရည်အသွေးကို ချီးကျူးသင့်ပေသည်။ သူမက အဝတ်လဲကာ ရုပ်ဆိုးဆိုးပုံစံ ရုပ်ဖျက်ပြီးသည့်နောက်တွင် မည်သူကမှ သူမအား ဝိညာဉ်နတ်မိမယ်လေးမှန်း မမှတ်မိကြတော့ပေ။

ထို့ကြောင့် သူမက ရှန်ထျန်းအား တစ်ရက်လုံးလုံး တိတ်တဆိတ် လေ့လာစောင့်ကြည့်နိုင်ခဲ့သည်။

ရှန်ထျန်း ပထမဦးဆုံး သတ္တုရိုင်းတုံး ရွေးပေးနေသည့်အချိန်၌ သူမက ထိုငနဲသည် လူလိမ်တစ်ယောက် ဖြစ်လိမ့်မည်ဟုသာ တွေးထားခဲ့သည်။ သူတို့ကို လိမ်ညာဖို့အတွက် မှော်လှည့်ကွက်တစ်ခုခု သုံးထားခြင်းသာ ဖြစ်ရမည် ဟူ၍ပေါ့။

ဒုတိယအကြိမ် မြင်လိုက်ရသည့်အချိန်၌ ထိုငနဲ၏ သရုပ်ဆောင်မှုက အတော်လေး ကောင်းသည်ဟု ထင်မှတ်မိသည်။

တတိယအကြိမ် မြင်လိုက်ရသည့်အခါတွင်ကား ဆိုင်ရှင်အားလုံးက ဟန်ဆောင်နေသလို မပေါ်အောင် ဘယ်လိုများ နေနိုင်ကြတာလဲဟု စဉ်းစားမိသွားသည်။

လေးကြိမ်မြောက် မြင်လိုက်ရသည့်အချိန်၌မူ သည်လူက တကယ့် ဝိညာဉ်သတ္တုရိုင်းတုံး အကဲဖြတ်ပညာရှင်များ ဖြစ်နေမလားဟူ၍ တွေးမိလာသည်။

ငါးကြိမ်မြောက် မြင်တွေ့လိုက်ရသည့်အချိန်ရောက်သော်…

“အိုး… သူက ဘယ်လိုများ မှန်မှန်ကန်ကန် ရွေးနိုင်နေတာလဲ … တွေ့ပြန်ပြီ … တွေ့ပြန်ပြီ … နောက်ထပ် တွေ့ပြန်ပြီလား ”

……………….

သတ္တုရိုင်းတုံးများကို ရွေးချယ်ပေးပြီး ဖွင့်ကြည့်လိုက်သည့်အခါ ကံပါသူများက မျက်ရည်ရွဲလဲဖြင့် အပျော်မျက်ရည်များ စီးကျလာကြသည်။ ဝိညာဉ်နတ်မိမယ်လေးအနေနှင့် သူမက ဟန်ဆောင်ထားသည့် လူလိမ်တစ်ယောက် ဖြစ်နေစဉ် ရှန်ထျန်းသည်ကား တကယ့် ပညာရှင် ဖြစ်နေကြောင်း သိလိုက်ရတော့သည်။

သူမက ဖြည်းဖြည်းချင်း ကံပါသူများကြောင့် ဦးနှောက်ဆေးခံလိုက်ရပြီး သူမသည်လည်း “နတ်မင်းအသင်းဝင်များ”ဆီ လိုလိုလားလား ဝင်ပါလိုက်လေ၏။

“ ဆရာနတ်မင်းနောက် လိုက်လျှင် အိမ်တော်က အကုန်ပိုင်ဆိုင်လိမ့်မယ်” ဟူသော ဆောင်ပုဒ်က အာရုံဖမ်းစားနိုင်လွန်း၏။

…………….

“မင်း ဘာလိုချင်လို့လဲ ”

ရှန်ထျန်းက ထုတ်မေးလိုက်သည့်အခါ ဝိညာဉ်နတ်မိမယ်လေးက မဖြေပေ။

ထိုအစား သူမက “ အစ်ကိုရှန် ပင်ပန်းလာမှာပေါ့ …. လင်းအာ အစ်ကိုရှန်ရဲ့ ပခုံးနဲ့ ခြေထောက်တွေကို နှိပ်ပေးရမလားဟင် ”

ဝိညာဉ်နတ်မိမယ်လေးက ရှန်ထျန်း ရှေ့ ထိုင်ချကာ ခြေထောက်များကို စတင် နှိပ်နှယ်ပေးလိုက်သည်။

အင်း… သူမ နှိပ်ပေးတာ တကယ်တော့ အတော်လေး သက်တောင့်သက်သာ ရှိလှ၏။

ရှန်ထျန်းက သူမ၏ နှိပ်နယ်မှု အရည်အသွေးကို ကွေ့ကုန်းကုန်းနှင့်ပင် ယှဉ်ကြည့်လိုက်မိသည်။ သူမက ထိုနယ်ပယ်၌ ကွေ့ကုန်းကုန်းထက် မနိမ့်ကျပေ။

သို့သော် ဤမြင်ကွင်းကိုသာ သူမ၏ ပရိတ်သတ်များ မြင်သွားခဲ့လျှင် သူတို့တော့ ရင်ကျိုးရချည်သေးရဲ့ ….

“အစ်ကိုရှန် ဘယ်လိုလဲ …ဒီလောက်ဆို အနေတော်ပဲလား ”

မိန်းမငယ်လေးက မော့ကြည့်လိုက်သည့်အခါ သူမမျက်နှာအထက် အပြုံးတောက်တောက်လေး ရှိနေပြီး လူများကို နွေဦး ပန်းများ ပွင့်လာသလို ခံစားရစေသည်။

ရှန်ထျန်းက တစ်ခုခု မှားယွင်းနေသလို ခံစားလာမိသည်။

သူက ဝိညာဉ်နတ်မိမယ်လေးအား ငုံ့ကြည့်ကာ မေးလိုက်သည်  “မင်း ဘာရည်ရွယ်ချက်နဲ့ ဒီရောက်လာတာလဲ ”

တစ်ယောက်ယောက်က သူ့အား “ လူယုတ်မာကြီး ”ဟု ခေါ်သွားပြီးနောက် အခုတစ်ခါကျ “ အစ်ကိုရှန်” ဟု ရင်းရင်းနှီးနှီး ခေါ်ပြီး ပခုံးနှင့် ခြေထောက်များကို နှိပ်နယ်ပေးနေလေရာ… ဤသည်မှာ တစ်ခုခု ကြံစည်နေလောက်မည်မှန်း သိသာလွန်းသည် မဟုတ်ပါလော…

ရှန်ထျန်း၏ မေးခွန်းကို ကြားကာ ဝိညာဉ်နတ်မိမယ်လေး၏ အပြုံးတို့က ပို၍ ချိုလာလေသည်။

သူမက သူ့အား လေးလေးစားစား ကြည့်လိုက်ပြီး ဒူးထောက်ကာ  “ လင်းအာက အစ်ကိုရှန်ရဲ့ တပည့် ဖြစ်ချင်ပါတယ်ရှင့် ”

…………..

ဘာ … ဘယ်လို ဘယ်လို .. ဘာတွေ ပြောနေလာတာလဲ …

ရှန်ထျန်းက စိတ်ရှုပ်ထွေးစွာဖြင့်  “ မင်းက ကျွန်တော့်တပည့် ဖြစ်ချင်တယ် ဟုတ်လား ”

“ ဟုတ်ပါတယ်ရှင့် ”

ဝိညာဉ်နတ်မိမယ်လေးက  လေးလေးနက်နက် အမူအယာဖြင့် ရှန်ထျန်းအား ကြည့်လိုက်သည်။

“ လင်းအာ တကယ် ပြောနေတာပါ။ လင်းအာကို အစ်ကိုရှန်ရဲ့ တပည့်အဖြစ် လက်ခံပေးပြီး သတ္တုရိုင်းတုံး ဘယ်လိုအကဲဖြတ်ရမယ်ဆိုတာ သင်ပေးပါနော် ”

မြတ်စွာဘုရား ….

အလှလေးက ဒူးထောက်ပြီး သူမကို တပည့်အဖြစ် လက်ခံခိုင်းနေတာဆိုတော့ …

သာမန်လူတစ်ယောက်သာဆို ဘယ်လိုလုပ် ခံနိုင်ရည် ရှိမှာလဲ …

ဒါပေါ့ …ရှန်ထျန်းကတော့ ကြံ့ကြံ့ခိုင် တောင့်ခံနိုင်ခဲ့တာပေါ့ …

အကြောင်းအရင်းက ရိုးရှင်းလှ၏။

သူက သတ္တုရိုင်းတုံး အကဲဖြတ်တာကို ဘယ်တုန်းက သင်ယူခဲ့ဖူးလို့လဲ ….

အကယ်၍ သူမကို သူ့ဘေးနားမှာ ထားထားလျှင် ဘာကို သင်ပေးရမည်နည်း။

ဂီတတူရိယာတွေကိုလား ….

လခွမ်းပဲ … သူ့ကိုယ်သူ ဖော်ထုတ်သလို မဖြစ်သွားပေဘူးလား ….

“ ငြင်းပယ်တယ် ”

“ ဘာလို့လဲ ” ဝိညာဉ်နတ်မိမယ်လေးက သနားစဖွယ်ဟန်ဖြင့်  “လင်းအာက အရမ်းရုပ်ဆိုးလွန်းလို့ အစ်ကိုရှန်က တပည့်အဖြစ် လက်မခံချင်တာလားဟင် ”

ဝိညာဉ်နတ်မိမယ်လေးက ငိုတော့မည့်ဟန် ဖြစ်လာကာ သူမ၏ ဝမ်းနည်းနေသည့် မျက်နှာလေးက မြင်ရသူ ပုရိသအပေါင်း နှလုံးနာဖွယ် ကောင်းလှသည်။ ဤသို့အလှလေးကို ငြင်းပယ်ဖို့ရာ မဖြစ်နိုင်လောက်ချေ။

ရှန်ထျန်းက သူ့ကိုယ်သူ အားတင်းကာ တခြားနေရာစီ အကြည့်လွဲလိုက်ပြီး  “ မိန်ကလေးလင်းအာ …. ကျွန်တော်တို့က ကံမပါဘူး ”

ဝိညာဉ်နတ်မိမယ်လေးက ပို၍ သနားစဖွယ်ကောင်းလာကာ  “ ဒါပေမဲ့ အစ်ကိုရှန်ရယ် … ဘေးမှာ နေခွင့်လေးပဲ တောင်းဆိုတာလေ ”

ငါ သည်းမခံနိုင်တော့ဘူး ….

ရှန်ထျန်းက မျက်လုံးမှိတ်ကာ ပြောလိုက်သည်

“ မိန်းကလေးလင်းအာ… အတင်းကျပ်လုပ်ယူလို့ အကျိုးမရှိဘူး။ မင်းက အရမ်းလှပါတယ်။ တခြားသတ္တုရိုင်းတုံး အကဲဖြတ်ပညာရှင်တွေက သူတို့ တပည့်အဖြစ် လက်ခံပေးမှာ သေချာပါတယ်။ ကျွန်တော်ကိုများ ဘာလို့ ဆရာတင်ချင်နေရတာလဲ ”

ရှန်ထျန်း မျက်လုံးမှိတ်လိုက်သည်ကို မြင်ကာ လင်းအာ မျက်ဝန်း၌ ပြုံးရိပ်တစ်ချက် ဖြတ်ပြေးသွားသည်။ သူမက နှုတ်ခမ်းဆူကာ “ အဲဆို ဒီအဆုံးမဲ့ဝိညာဉ်ဥယျာဉ်ထဲမှာ အစ်ကိုရှန်လိုမျိုး အားကောင်းတဲ့ သတ္တုရိုင်းတုံး အကဲဖြတ်ပညာရှင်ကို ဘယ်မှာ သွားရှာရမှာလဲလို့… ပြီးတော့ အဲလူတွေအားလုံးက နှာဗူးတွေချည်းပဲ … လင်းအာ မကြိုက်ပါဘူး ”

ရှန်ထျန်းမှာ ရယ်ရမည်လား ငိုရမည်လား မသိတော့ပေ  “ အဲဆို ကျွန်တော်ကလည်း သူတို့လိုမျိုး နှာဗူး ဖြစ်နေမှာကို မစိုးရိမ်သင့်ဘူးလား ”

ဝိညာဉ်နတ်မိမယ်လေးက ရှန်ထျန်းတစ်ယောက် သူမကို မကြည့်ဘဲ နေနေဆဲ ဖြစ်သည်ကို မြင်ကာ  မနေနိုင်ဘဲ ပြုံးလိုက်တော့သည်။

“ ဟီးဟီး အစ်ကိုရှန်လိုမျိုး ချောမောတဲ့ နှာဗူးကို ဘယ်မှာသွားရှာရမှာလဲ .. တကယ်လို့ ဖြစ်နေရင်တောင် လင်းအာက ကံတရားကို မလွန်ဆန်နိုင်လို့ပဲ မှတ်လိုက်ပါ့မယ်လေ  ”

ရှန်ထျန်းက မည်သို့ပြန်ပြောရမည်မှန်းပင် မသိတော့ချေ။

“ ပြီးတော့ အစ်ကိုရှန်က နှိမ့်ချပြီးတော့ ရိုးသားတဲ့ပုံပေါ်တယ်လေ။ လူကောင်း ဖြစ်မှာပါ …. အစ်ကိုရှန်က ဆရာလုပ်ပြီးတော့ အခွင့်ကောင်း မယူဘူးဆိုတာ ကျိန်းသေတယ်။ ဟုတ်တယ်မလားဟင်  ဆရာ … ”

ရှန်ထျန်း “ … ”

ငါက နှိမ်ချပြီးတော့ ရိုးသားတယ်တဲ့လား …

မိန်းကလေးတစ်ယောက် သူ့ကို လူကောင်းလို့ လာပြောနေသေး၏။ ဒါက လုံးဝ လက်မခံနိုင်စရာ ဖြစ်၏။

ငါက ငါ့ဘာသာ မိန်းကလေးတွေကို ဂရုမစိုက်ဘဲ စွန့်ပစ်တတ်တဲ့သူလို့ သတ်မှတ်ထားတာလေ …  နှိမ်ချပြီး ရိုးသားတာက ငါ တခြားသူတွေကို ပေးချင်တဲ့ အမြင်မျိုး လုံးဝကို မဟုတ်ဘူး …

ရှန်ထျန်းက ပြန်ပြောလိုက်သည်  “ မိန်းကလေး… မင်း ထွက်သွားပါတော့။ ကျွန်တော် တပည့် လက်မခံနိုင်ဘူး ”

“ မဟုတ်တာ  …. ဆရာက အရမ်းချောမောတာဆိုတော့ နှလုံးသားမဲ့တဲ့သူ မဟုတ်လောက်ပါဘူး။ လင်းအာက ဆရာနောက်ကနေ တစ်ရက်လုံးလုံး လိုက်လာရလို့ ပင်ပန်းနေပြီလေ ”

ရှန်ထျန်းက မဆုံးဖြတ်နိုင် ဖြစ်နေသည်ကို မြင်ကာ ဝိညာဉ်နတ်မိမယ်လေးက အခန်းကြမ်းပြင်၌ အိပ်ယာပြင်လိုက်ပြီး  “ညနက်လာပြီလေ … လင်းအာကို ညတော့ ဒီမှာ နေခွင့်ပြုပါနော်။ ကျေးဇူးပါ ဆရာ…. ကောင်းသောညလေး ဖြစ်ပါစေရှင် ”

ထို့နောက် ဝိညာဉ်နတ်မိမယ်လေးက စောင်ဆွဲခြုံကာ အိပ်သွားလေသည်။

သူမက တကယ်ကြီး အိပ်ပျော်သွားလေ၏။

ရှန်ထျန်းက ဝိညာဉ်နတ်မိမယ်လေး၏ အပြုအမူများကြောင့် စိတ်ရှုပ်ထွေးနေပြီး သူမကို တစ်ချက်ကြည့်လိုက်သည်။

ဒီကောင်မလေးက ငါ့ကို လျစ်လျူရှုပြီး  ငါ့အခန်းထဲ နှစ်နှစ်ခြိုက်ခြိုက် ဘယ်လို လာအိပ်နေတာတုန်း ….

ငါ့လို ရုပ်ချောချော လူရှုပ်လူပွေလိုမျိုးအတွက် ဒါက စော်ကားလိုက်သလိုပဲ …

……………….

ကောင်းပြီလေ … ငါ ဒီစော်ကားမှုကို လက်ခံလိုက်ပါ့မယ် …

“ မင်း ဒီလိုလုပ်နေရင်တောင် တပည့်အဖြစ် လက်ခံပေးမှာ မဟုတ်ဘူး ”

ဒီအရှင့်သားက မိန်းမလှလေးမြင်တိုင်း သူ ဘယ်နေရာ ရောက်နေတာကို မေ့သွားတတ်တဲ့ နှာဗူး မဟုတ်ဘူးကွ …

ရှန်ထျန်းက သရော်လိုက်သည်။ အခန်းအတွင်းမှ စောင် နောက်တစ်ထည်ကို ယူလိုက်ပြီး အခန်းအပြင်သို့ ထွက်သွားလိုက်တော့သည်။

ငါ့ကို လာဆွဲဆောင်ချင်တာလား …. နားလိုက်စမ်းပါ …

ဆင်ဆာအဖြတ်ခံရမဲ့ ဇာတ်ကြောင်းတွေကို ခွင့်မပြုထားဘူးဆိုတာကို ငါ မသိဘူး ထင်နေလား …. ငါ့လက်ရှိ ကံတရားနဲ့ ဒီကိစ္စအတွက် အရှင်းထုတ်ခံရရင် ဘယ်လိုလုပ်မလဲ ….

သို့သော်လည်း ရှန်ထျန်း မသိလိုက်သည်က သူ အခန်းထဲမှ ထွက်သွားလိုက်ချင်း စောင်အောက်ရှိ မိန်းမငယ်လေးက သက်တောင့်သက်သာ ဖြစ်သွားခြင်း ဖြစ်၏။

ဝိညာဉ်နတ်မိမယ်လေးက မျက်လုံးကို ဖွင့်ကာ ရှက်သွေးလေးဖြင့် ပြုံးလိုက်မိသည်။

ငါ သူ့ကို အကဲဖြတ်မမှားခဲ့ဘူး … ဆရာက တကယ်ကို လူကြီးလူကောင်းတစ်ယောက်ပဲ …

ဟီးဟီး စောင့်ကြည့်နေစမ်းပါ … ဘယ်လိုဖြစ်ဖြစ် တပည့်အဖြစ် လက်ခံအောင် လုပ်ပစ်မယ် …

…………….

တစ်ဖက်တွင် ရှန်ထျန်း အခန်းထဲမှ ထွက်လာသည့်အခါ ဝမ်းနည်းနေသည့် ကွေ့ကုန်းကုန်းက နှုတ်ဆက်လိုက်လေ၏။

“ အရှင့်သား … အရှင့်သား ဒီလိုရွှေရောင်အခွင့်အရေးကို ဘယ်လိုလုပ် လက်လွတ်ခံတာလဲ …” ကွေ့ကုန်းကုန်းက ပြောရင်း ပို၍ ဝမ်းနည်းလာမိသည်  “ အရှင့်သားက အခုဆို ၁၆ နှစ်တောင် ရှိနေပြီလေ။ ကိုယ်လုပ်တော် ယူဖို့ မပြင်ဆင်ထားရင်တောင် နည်းနည်းတော့ လျှောက်ကစားတတ်ရမှာပေါ့ ”

ရှန်ထျန်းတစ်ယောက် ပါးစပ်ဟောင်းလောင်း ဖြစ်သွားလေသည်။

သူက ကွေ့ကုန်းကုန်းသည် ဝိညာဉ်နတ်မိမယ်လေး ရောက်ရှိလာမှုအား တိတ်တဆိတ် နေပေးခဲ့ကြောင်း နားလည်သွားတော့သည်။ မဟုတ်လျှင် ကွေ့ကုန်းကုန်းက ချီသန့်စင်ရေး အဆင့် ၇ ရောက်နေပြီ ဖြစ်ရာ ဝိညာဉ်နတ်မိမယ်လေးအနေနှင့် သူ့အား ကျော်ဖြတ်သွားနိုင်မည် မဟုတ်ပေ။

ရှန်ထျန်းအား ဒေါသထွက်သွားစေသည်က ကွေ့ကုန်းကုန်းသည် ရှန်ထျန်းအား ဝိညာဉ်နတ်မိမယ်လေးနှင့် အပျော်ရှာစေလိုခြင်း ဖြစ်၏။ ထို့ကြောင့် သူ့အနေနှင့် သူမက ရှန်ထျန်းအား မည်သို့ အနှောင့်အယှက်ပေးနေသည်ကို မသိချင်ယောင်ဆောင်ပေးခဲ့သေးသည်။

ရှန်ထျန်းက ထိုအပြုအမူနှင့် ပတ်သတ်၍ ပြောစရာမရှိ ဖြစ်သွားခဲ့သည်။

ကျင့်ကြံရေးလောကက လူအားလုံးက ဒီလို ပွင့်ပွင့်လင်းလင်း ရှိကြတာလား ….

ကမ္ဘာကူးလာတာက ဘယ်သူတုန်း…  သူတို့လား ငါလား … ငါက ဒီနေရာနဲ့ မသက်ဆိုင်သလို ဘာလို့ ခံစားနေရတာတုန်း …

Comment

  1. aybbanksky.byc says:

    good

Leave a Reply

Options

not work with dark mode
Reset