Switch Mode

အခန်း ( ၇၅ )

အပြစ်လုပ်၍မရသော တာအိုအလင်းဆောင်ဌာန

ဝမ်ပေါင်လဲ့၏ နတ်ဝိဇ္ဇာဂူရှေ့တွင် တင်ပျဉ်ခွေထိုင်နေကြသော တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားဒါဇင်ပေါင်းများစွာက နတ်ဝိဇ္ဇာဂူ၏ တံခါးပေါက်ကို စိုက်ကြည့်နေကြသည်။ သူတို့အားလုံး၏ မျက်ဝန်းများထဲတွင် စိတ်ဓာတ်ပြတ်သားမှုများနှင့် ဇွဲလုံ့လဝီရိယများကို အတိုင်းသားမြင်နေရသည်။ ထို့ကြောင့် သူတို့ကို တံခါးပေါက်ကြားမှ ချောင်း၍ကြည့်နေသည့် ဝမ်ပေါင်လဲ့မှာ ခေါင်းတကုတ်ကုတ်နှင့် ဖြစ်နေရတော့သည်။

” ဒါ တော်တော်လေးကို လွန်သွားပြီကွာ။ ငါက သူတို့ကို တစ်ခေါက်နှစ်ခေါက်လောက်လေးပဲ တွန်းထုတ်ခဲ့တာကို သူတို့က လူခုနစ်ယောက်လောက်ကနေ ဒါဇင်တွေ အများကြီး ဖြစ်သွားတာပါလား ”
ဝမ်ပေါင်လဲ့မှာ ခေါင်းများ နာကျင်ကိုက်ခဲလာပြီး အချိန်အတော်အတန် ကြာပြီးနောက် နောက်သို့ပြန်လှည့်သွားသည်။ ထို့နောက် သူသည် နတ်ဝိဇ္ဇာဂူထဲတွင်ထိုင်ရင်း တစ်ခဏမျှတွေးတောလိုက်ပြီးနောက် နှာမှုတ်လိုက်၏။

” ဘာပဲဖြစ်ဖြစ်ပါ။ သူတို့ကို လျစ်လျူရှုထားလိုက်ရုံပဲ။ သူတို့တွေ ဒီလို ငါ့ရဲ့ အိမ်အပြင်ဘက်မှာ အမြဲတမ်း ထိုင်နေနိုင်မှာ မဟုတ်ပါဘူး ”
ဝမ်ပေါင်လဲ့မှာ စိတ်ရှုပ်သွားသဖြင့် တရားထိုင်ကာ နတ်ဝိဇ္ဇာဂူထဲတွင် ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။ တံခါးပိတ်ကျင့်ကြံလိုက်မည်ဆိုပါက သူသည် ပြင်ပကမ္ဘာရှိ အရာများကို စိုးရိမ်နေစရာ လိုတော့မည်မဟုတ်ပေ။

ထိုတံခါးပိတ်ကျင့်ကြံမှုမှာ လဝက်တိတိ ကြာမြင့်သွား၏။

လဝက်တိတိ ကုန်ဆုံးသွားပြီးနောက် ဝမ်ပေါင်လဲ့မှာ သူ၏ ကျင့်ကြံခြင်းကို အဆုံးသတ်လိုက်သည်။ ထို့နောက် သူသည် စိတ်ဓာတ်တက်ကြွစွာဖြင့် မတ်တတ်ထလာပြီး နတ်ဝိဇ္ဇာဂူတံခါးကို ဖွင့်ကာ အပြင်သို့ထွက်ရန် ပြင်လိုက်သည်။ သို့သော် ထိုတံခါး ပွင့်သွားသောအချိန်တွင် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ ပြူးသွားရတော့သည်။

တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားပေါင်း ဒါဇင်များစွာ သူ၏ အိမ်အပြင်ဘက်တွင် ရှိနေဆဲပင်ဖြစ်သည်။ သူတို့မှာ တရားထိုင်နေရုံတင်မဟုတ်ဘဲ တချို့မှာ အစားအစာများပင် စားသောက်နေကြ၏။

ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်သွား၏။ လဝက်တိတိ ကုန်ဆုံးသွားပြီ ဖြစ်သည့်တိုင်အောင် သူတို့မှာ ထိုနေရာတွင် ရှိနေဆဲဖြစ်ရာ ထိုနေရာ၌ပင် နေထိုင်စားသောက်ရန် ဆုံးဖြတ်ထားကြသည့်ပုံပင်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အနည်းငယ် တုန်လှုပ်သွားရ၏။

ထိုကျောင်းသားများမှာ သူ့အား သတိထားမိလိုက်ကြသောအခါ သူ့ကို ဝိုင်း၍ စိုက်ကြည့်လိုက်ကြသဖြင့် ပို၍ပင် ဆိုးသွား၏။ ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ စိုက်ကြည့်ခံရသောကြောင့် သူ၏ခေါင်းမှာ ပြန်၍ နာကျင်ကိုက်ခဲလာရပြန်သည်။ သို့သော် သူသည် လက်မြှောက်အရှုံးပေးရန် ဆန္ဒမရှိပေ။ ထိုတာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများက ဓမ္မလက်နက်ဌာန၏ တစ်ဦးတည်းသော ကျောင်းသားခေါင်းဆောင်ဖြစ်သည့် သူ့အား အနိုင်ကျင့်နေသည့်အချက်ကို တွေး၍ ဝမ်ပေါင်လဲ့မှာ နှာမှုတ်လိုက်၏။

ထို့နောက် သူသည် အကြည့်လွှဲကာ လက်နှစ်ဖက်ကို နောက်ပစ်၍ ရှေ့သို့လျှောက်လှမ်းသွားသည်။ သို့သော် သူ ရှေ့သို့ လှမ်းလိုက်သည်နှင့် တစ်ပြိုင်နက် တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများမှာလည်း ချက်ချင်းပင် မတ်တတ်ထလာကြပြီး သူ၏နောက်သို့ လိုက်လာကြသည်။

ဝမ်ပေါင်လဲ့ လမ်းလျှောက်နေလျှင် သူတို့မှာ နောက်မှ လိုက်လာကြပြီး ဝမ်ပေါင်လဲ့ ရပ်တန့်သွားသောအခါတွင် သူတို့မှာ သူ၏ ပတ်ပတ်လည်တွင် ချက်ချင်းပင် တင်ပျဉ်ခွေထိုင်ချကာ သူ့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်နေကြ၏။ ထို့ကြောင့် သိပ်မကြာခင် ဝမ်ပေါင်လဲ့မှာ ရူးသွပ်သွားတော့မည့်အလား ခံစားလိုက်ရ၏။ သူ ဘာလုပ်လုပ်၊ ဘယ်နေရာသို့သွားသွား ထိုတာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများမှာ သူ၏နောက်မှ လိုက်လာကြသည်သာဖြစ်သည်။

သူ အတန်းသွားတက်လျှင်တောင် ထိုတာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများမှာ လိုက်လာကြဆဲပင်။ သူတို့ကို မြင်လိုက်ရသည့် ဆရာများပင်လျှင် မည်သည့်စကားမှ ပြန်မပြောနိုင်ကြပေ။

ဝမ်ပေါင်လဲ့မှာ သူ့ကိုစောင့်ကြည့်ကာ သူ၏ ပတ်ပတ်လည်တွင် တရားတိုက်နေကြသည့် ထို ကျောင်းသားများကြောင့် မခံမရပ်နိုင် ဖြစ်လာတော့သည်။ ထို့ကြောင့် သူသည် သည်းမခံနိုင်တော့ဘဲ ထိုတာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများကို အော်ပြောလိုက်၏။

” မင်းတို့တွေ ပြီးပြီးလား။ ဘာလို့လဲ။ ငါ့ကို ဒီလောက်တောင်မှ စွဲလမ်းနေကြတာလားကွ ”

ဝမ်ပေါင်လဲ့ ထိုသို့ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် ထို တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားပေါင်းဒါဇင်များစွာမှာ လှောင်ပြုံးပြုံးကာ ကျယ်လောင်စွာ ဆိုလိုက်ကြသည်။
” ငါတို့က တာအိုဉာဏ် အလင်းပွင့်နေတာကွ ”

ထိုစကားကြောင့် ဝမ်ပေါင်လဲ့မှာ ပို၍ပင် ဒေါသထွက်လာရတော့သည်။ ထို့ကြောင့် သူသည် စိန်းစိန်းဝါးဝါး စိုက်ကြည့်၍ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ကြိမ်းဝါးလိုက်၏။

” ငါမင်းတို့ကို သတိပေးထားမယ်နော်။ ငါ့ကို ရန်လာမစနဲ့။ အရင်တစ်ခေါက်တုန်းက ငါက မင်းတို့တွေကို တွန်းရုံပဲ တွန်းခဲ့တာ။ ဒီတခေါက်ကျရင် ငါက တကယ်လုပ်မှာနော် ”

ဝမ်ပေါင်လဲ့မှာ သူတို့ကို သတိပေးလိုက်ပါသော်လည်း တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများမှာမူ ဂရုမစိုက်သည့်ပုံဖြင့် လှောင်ပြုံးသာ ပြုံးလိုက်ကြသည်။ သူတို့၏ အကြည့်များထဲတွင် ရူးသွပ်မှု အရိပ်အယောင်များပင် ကိန်းအောင်းနေ၏။

” လာလေ။ မင်း ငါတို့ကို ရိုက်နှက်ရဲမယ်ဆိုရင် တာအိုအလင်းဆောင်ဌာနရဲ့ ဉာဏ်အလင်းပွင့်ခြင်း ဖြစ်စဉ်ကို နှောင့်ယှက်တဲ့ ပြစ်ဒဏ်က ဘာလဲဆိုတာ မင်းကိုသိအောင် ငါတို့က ပြရတာပေါ့ ”

” ဝမ်ပေါင်လဲ့။ မင်း ငါတို့ကို မထိုးရဲဘူးဆိုရင် မင်းက ယောက်ျားမဟုတ်လို့ပဲ ”

” ဝမ်ပေါင်လဲ့။ ငါ့ခေါင်းကို ရိုက်လေကွာ။ မင်းရဲ့ အစွမ်းထက်ဆုံး တိုက်ကွက်ကိုသုံးပြီးတော့ ငါ့ကို ခပ်ပြင်းပြင်းလေး ထိုးနှက်လိုက်စမ်းပါ ”

တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများအားလုံး အော်ဟစ်နေကြ၏။ သူတို့၏ သွေးရူးသွေးတန်း အပြုအမူများကြောင့် ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်း ရှူလိုက်ရသည်။ သူသည် ယခင်က အရူးများကို မြင်ဖူးပါသော်လည်း သူတို့လောက် ရူးနှမ်းသော လူများကိုမူ မမြင်ဖူးပေ။

ဝမ်ပေါင်လဲ့ အသက်ပြင်းပြင်းရှူနေသည်ကို မြင်လိုက်ရသောအခါ ထိုတာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများမှာ ရှေ့သို့ဆက်၍ လှမ်းလာကြပြီး သူ့အား ဝိုင်းထားလိုက်ကြသည်။ သူတို့တစ်ယောက်ချင်းစီတိုင်း အရူးများကဲ့သို့ သူ့ကို စိုက်ကြည့်နေကြသည်။ ဘေးနားတစ်ဝိုက်မှ ဓမ္မလက်နက်ဌာန ကျောင်းသားများမှာ ချက်ချင်းပင် နောက်သို့ဆုတ်သွားကြပြီး ထိုအကြောင်းကို ဆွေးနွေးငြင်းခုံနေကြတော့သည်။

” ကျောင်းသားခေါင်းဆောင် ပီသပါပေတယ်။ သူတစ်ယောက်ပဲ တာအိုအလင်းဆောင်ဌာနကို ယှဉ်ရဲတာ ”

” တာအိုအလင်းဆောင်ဌာနရဲ့ စည်းလုံးညီညွတ်မှုမျိုးက ငါတို့ရဲ့ တာအိုကျောင်းထဲမှာ တော်တော်လေးကို ရှားတယ်ကွ ”

ဓမ္မလက်နက်ဌာနမှ ကျောင်းသားများက ထိုကဲ့သို့ အတင်းအဖျင်း ပြောနေကြစဉ် ဝမ်ပေါင်လဲ့မှာ တာအိုအလင်းဆောင်ဌာနမှ ရူးသွပ်နေသော ကျောင်းသားများကိုကြည့်ရင်း သူ၏ ဒေါသများကို ချုပ်တည်းနိုင်စွမ်း မရှိတော့ပေ။

” ငါ လက်မပါရဲဘူးလို့ မင်းတို့က တကယ်ထင်နေတာလားကွ ”
ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုကာ အသံလွှင့်လက်စွပ်ကို ဖွင့်၍ လျှိုတောက်ပင်းအား ဆင့်ခေါ်လိုက်သည်။

ဝမ်ပေါင်လဲ့၏ အမိန့်ကို ရလိုက်သောအခါ လျှိုတောက်ပင်းမှာ ဝေခွဲမရဖြစ်သွား၏။ ထို့နောက် သူ့ကိုယ်သူ မာန်တင်းကာ စစ်ဆေးရေးမှူးများစွာကို ခေါ်ဆောင်လာ၏။ သူ ရောက်လာသည်နှင့် တစ်ပြိုင်နက် ဝမ်ပေါင်လဲ့၏ စကားသံမှာ ရုတ်တရက် ပေါ်ထွက်လာသည်။

” ဓမ္မလက်နက်ဌာနရဲ့ ပညာသင်ကြားမှုကို အနှောင့်အယှက်ပေးနေတဲ့ ဒီလူတွေအကုန်လုံးကို မောင်းထုတ်လိုက်ကြစမ်း။ ပြီးရင် သူတို့ကို ပြန်လာခွင့် မပေးကြနဲ့ ”

ထိုအခါ လျှိုတောက်ပင်းနှင့် စစ်ဆေးရေးမှူးများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ နောက်ဆုံးတွင် သူတို့မှာ အံကြိတ်၍ ရှေ့သို့ တဟုန်ထိုး ပြေးထွက်သွားကြသည်။ သူတို့မှာ လက်နက်မပါခဲ့ပါသော်လည်း လူဦးရေအင်အား အသာစီးရနေသည် ဖြစ်သောကြောင့် နောက်ဆုံးတွင် တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများမှာ တောင်ပေါ်မှ မောင်းထုတ်ခံလိုက်ရတော့သည်။

ထိုအခါမှသာ သူ၏ ပတ်ဝန်းကျင်ကြီးမှာ အေးချမ်းသာယာမှုရှိသွားသည်ဟု ဝမ်ပေါင်လဲ့က ခံစားလိုက်၏။

” ငါ့ကို ယှဉ်ချင်တယ်ပေါ့ ဟုတ်လား ”
ဝမ်ပေါင်လဲ့မှာ လက်ကိုနောက်ပစ်၍ ကျေနပ်အားရစွာဖြင့် ဝိညာဉ်ဒယ်အိုးဂူဆီသို့ သွားလိုက်၏။ သူသည် ဓမ္မအဆောင်များကို သန့်စင်ရာတွင် ကျွမ်းကျင်ပိုင်နိုင်မှု ရှိနေပြီဖြစ်ကြောင်း ခံစားနေရသဖြင့် မိုးသစ်တောထဲရှိ အကြီးအကဲကြီးဆီမှ ရရှိခဲ့သော လက်အိတ်ကို ထုတ်ယူလိုက်သည်။

” ဒါက စွမ်းအားတွေ အများကြီးပါတဲ့ ရတနာတစ်ခုပဲ။ ငါ ဒီရတနာကို ပြုပြင်မွမ်းမံပြီးတော့ အထဲမှာ အဆိပ်နည်းနည်းလေး ထည့်လိုက်မယ်။ ပြီးရင် သေရေးရှင်ရေး အခြေအနေတွေမှာ အဲဒီလက်အိတ်ကို ပေါက်ကွဲသွားအောင် လုပ်လိုက်မယ်ဆိုရင် ပိုတောင် အစွမ်းထက်လာမှာပဲ ”

ထို့ကြောင့် သူသည် ထိုလက်အိတ်အား ပြုပြင်မွမ်းမံရင်းဖြင့် သူ၏ အချိန်များကို ကုန်ဆုံးစေလိုက်သည်။ သူ၏ နေ့စဉ်ဘဝမှာ သာမန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည့် အလားပင်။

သို့သော် ထိုအေးချမ်းသောနေ့ရက်များမှာ သုံးရက်မျှသာ ခံလိုက်၏။ သုံးရက်တိတိ ကုန်ဆုံးသွားပြီးနောက် သူ ဓမ္မအဆောင်များ သန့်စင်နေသည့် အချိန်တွင် လျှိုတောက်ပင်းတစ်ယောက် သုတ်သုတ်ပျာပျာဖြင့် ပို့လိုက်သော အသံလွှင့်အကြောင်းကြားစာတစ်စောင်ကို ရရှိလိုက်သည်။

” ကျောင်းသားခေါင်းဆောင်ရေ။ အခြေအနေ မဟန်ဘူးဗျို့။ တာအိုအလင်းဆောင်ဌာနက ကျောင်းသားတွေ ရာနဲ့ချီပြီးတော့ ရောက်လာကြပြီ။ ကျနော်တို့တွေ သူတို့ကို တားလို့မရတော့ဘူး။ အခု သူတို့က ကျောင်းသားခေါင်းဆောင်နေတဲ့ဆီကို လာနေကြပြီဗျ ”

ထိုစကားကို ကြားလိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ သူ၏လက်ထဲတွင် ကိုင်ထားသော ဓမ္မအဆောင်အပေါ် အာရုံမစိုက်နိုင်တော့သောကြောင့် ၎င်းမှာ ပေါက်ကွဲလုနီးပါး ဖြစ်သွား၏။ ထို့နောက် သူ၏ မျက်လုံးများမှာ ပြူးသွားပြီး သူသည် ချက်ချင်းပင် မတ်တတ်ထကာ ဝိညာဉ်ဒယ်အိုးဂူထဲမှ ထွက်လာ၏။ ထိုအခါ သူသည် သိပ်မဝေးသော နေရာတစ်နေရာတွင် ရှိနေသည့် တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများကို လှမ်း၍မြင်လိုက်ရသည်။ ရာနှင့်ချီသောလူများမှာ သူရှိရာဘက်သို့ ဆူပူရမ်းကားရင်း လျှောက်လှမ်းလာနေကြပေသည်။

” သောက်ကျိုးနဲ သူတို့က ဘာလုပ်ချင်ကြတာလဲဟ ”

ဝမ်ပေါင်လဲ့မှာ သူ၏ ဦးရေခွံ ပေါက်ကွဲလုမတတ် ခံစားလိုက်ရ၏။ သူ၏ ရင်ခုန်နှုန်းများမှာလည်း မြန်ဆန်လာပြီး သူသည် ချက်ချင်းပင် နောက်သို့ဆုတ်ခွာကာ သူတို့ကို ရှောင်တိမ်းရန် ပြင်လိုက်၏။

သို့သော် တာအိုအလင်းဆောင်ဌာနမှ လူများမှာ အလွန် များပြားလွန်းနေ၏။ သူတို့ထဲမှ မျက်စိလျင်သော လူတယောက်မှာ ဝမ်ပေါင်လဲ့အား ချက်ချင်းပင် လှမ်း၍ မြင်လိုက်ရသောကြောင့် အသံအကျယ်ကြီးဖြင့် အော်ဟစ်လိုက်၏။ ထိုအခါ တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများအားလုံးမှာ သူရှိရာဆီသို့ ပြေးလာကြတော့သည်။ နောက်ဆုံးတွင် ထို ရာနှင့်ချီသော လူများမှာ လူစုများပင်ခွဲ၍ ဝမ်ပေါင်လဲ့ကို ရှာဖွေနေကြတော့သည်။

တချိန်တည်းမှာပင် ဓမ္မလက်နက်ဌာနမှ ကျောင်းသားများကလည်း ထိုအခြေအနေကို သတိထားမိလိုက်ကြသည်။ ထို့ကြောင့် လူတိုင်း အံ့ဩတုန်လှုပ်စွာဖြင့် စိုက်ကြည့်နေကြ၏။ စီနီယာများ ဆိုလျှင် ထိုကဲ့သို့သော မြင်ကွင်းအကြောင်းကို ကြားသာ ကြားဖူးကြသည်ဖြစ်ပြီး လက်တွေ့ဘဝတွင် တစ်ခါမှ မမြင်ခဲ့ဖူးပေ။

” ကျောင်းသားခေါင်းဆောင်ကတော့ ဒီတစ်ခေါက် ပြဿနာအကြီးကြီး တက်ပြီဟေ့ ”

” ဒီလောက် လူတွေအများကြီး ရှိတဲ့ထဲကမှ သူက အရူးတွေကိုမှ သွားပြီးတော့ ရန်စမိတာကိုးကွ ”

” ဘယ်သူကများ တာအိုအလင်းဆောင်ဌာနကို ရန်စရဲလို့လဲကွာ ”

ထိုစကားသံများကြောင့် ဝမ်ပေါင်လဲ့မှာ အလွန် မခံမရပ်နိုင် ဖြစ်လာတော့သည်။ အခြားဘက်မှ လူများမှာ အမှန်တကယ်ပင် များပြားနေသောကြောင့် သိပ်မကြာခင် သူ့အား ရှာတွေ့သွားကြသည်။ ဝမ်ပေါင်လဲ့အား ရှာတွေ့သွားကြသောအခါ သူတို့မှာ လက်မပါသလို ဆူပူကြိမ်းမောင်းခြင်းလည်း မရှိဘဲ သူ့အား စိုက်သာကြည့်နေကြသည်။ သူ မည်သည့်နေရာသို့ သွားသွား သူတို့မှာ လိုက်သွားကြပြီး သူ၏ဘေးနားတွင်ထိုင်ကာ ဉာဏ်အလင်းပွင့်ရန် ကြိုးစားနေကြသည့်အလား သူ့အား စိုက်ကြည့်နေကြ၏။

ထိုကဲ့သို့ နောက်ထပ် သုံးရက်တိတိ ဆက်တိုက် ဆက်ဖြစ်နေသောကြောင့် ဝမ်ပေါင်လဲ့မှာ ရူးသွပ်လုမတတ် ဖြစ်နေရပြီ ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ သန့်စင်ခန်းသို့ သွားလျှင်တောင် တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားပေါင်း မြောက်မြားစွာ ချက်ချင်းပင်ပေါ်လာကြပြီး သူ၏ ပတ်ပတ်လည်တွင် တင်ပျဉ်ခွေထိုင်၍ ဉာဏ်အလင်းပွင့်ရန် ကြိုးပမ်းနေကြသောကြောင့် ပို၍ပင် ဆိုးနေတော့သည်။ ဝမ်ပေါင်လဲ့မှာ နေရာတစ်နေရာတွင် အချိန် အနည်းငယ်ထက် ပို၍ ရှိနေလိုက်မည်ဆိုပါက တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားတစ်ရာလောက်မှာ သူ၏ ပတ်ပတ်လည်သို့ ရောက်လာကြသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ရူးချင်စိတ်များ ပေါက်လာရတော့သည်။

” သူတို့တွေက တော်တော်ကို တရားလွန်နေပြီပဲ။ ဘာ တာအိုအလင်းဆောင်ဌာနလဲ။ သူတို့ကို လူဆိုင်းဂိုဏ်းဌာနလို့ပဲ ခေါ်ရမှာ ”
ဝမ်ပေါင်လဲ့မှာ ဒေါသအမျက်ချောင်းချောင်းထွက်နေပြီး သူ၏ ဘောင်းဘီများကို ဆွဲတင်လိုက်၏။ သို့သော် သူသည် သူတို့ကို မတိုက်ခိုက်ရဲသလို မောင်းလည်း မောင်းမထုတ်ရဲပေ။ အကယ်၍ သူသာ လက်ပါလိုက်မည်ဆိုပါက နောက်နေ့တွင် တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများစွာ ထပ်၍ ရောက်လာမည်ကို စိုးရိမ်နေရပြီ ဖြစ်သည်။

နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ သူ၏စိတ်ကို ပိုင်းဖြတ်လိုက်၏။ သူသည် အစားအသောက်များစွာ ဝယ်ခြမ်းကာ နတ်ဝိဇ္ဇာဂူဆီသို့ ပြန်ရောက်လာ၏။ သူသည် လအနည်းငယ်ခန့် တံခါးပိတ် ကျင့်ကြံလိုက်ပါက ထိုတာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများ မည်ကဲ့သို့ ပြုမူကြမည်ကို စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်၏။

သို့သော် ရက်အနည်းငယ်ခန့် ကြာပြီးနောက်တွင် ဝမ်ပေါင်လဲ့မှာ သူသည် အလွန် နုံအ,ခဲ့မိကြောင်း နားလည်သွားရတော့သည်။ တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများမှာ သူ၏ အကြံအစည်များကို ခန့်မှန်းမိသွားသောကြောင့်လား ထိုကဲ့သို့သော အခြေအနေများနှင့် ရင်းနှီးနေသောကြောင့်လားတော့ မသိပေ။ သူတို့မှာ လူအယောက်တစ်ရာကို ထပ်၍ ခေါ်လာကြပြန်သည်။

ထို ရာဂဏန်း အနည်းငယ်ခန့်ရှိသော တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများမှာ ဝမ်ပေါင်လဲ့၏ နတ်ဝိဇ္ဇာဂူကို ဝိုင်းထားကြပြီး ၎င်းကိုစိုက်ကြည့်ကာ ဉာဏ်အလင်းပွင့်လာအောင် ကြိုးပမ်းနေကြ၏။ ထို ကြီးမားသော လူအုပ်ကြီးကြောင့် ဝမ်ပေါင်လဲ့၏ နှလုံးသားပင် တုန်ရီလာရတော့သည်။

သို့သော် ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ ဆယ်ရက်တိတိ ကုန်ဆုံးသွားပြီးနောက် ထို ကျောင်းသားများ၏ အရေအတွက်မှာ ပို၍ပင် များပြားလာပြီး ဝမ်ပေါင်လဲ့၏ နတ်ဝိဇ္ဇာဂူ အပြင်ဘက်တွင် ရွက်ဖျင်တဲများကိုပင် ထောင်နေကြပြီဖြစ်သည်။

ထိုအခြင်းအရာများ အားလုံးကြောင့် ဝမ်ပေါင်လဲ့မှာ မစဉ်းစား မတွေးတောနိုင်လောက်အောင် ဖြစ်သွား၏။ ထို့အပြင် ထိုဖြစ်ရပ်ကြီးမှာ ဟိုးလေးတကျော်ကျော် ဖြစ်သွားခဲ့သောကြောင့် တာအိုကျောင်းနှင့် ဝိညာဉ်ကွန်ရက် အနှံ့အပြားတွင် ပျံ့နှံ့သွား၏။ ထို့ကြောင့် ကောင်းကင်တာအိုကျောင်း တစ်ခုလုံး၏ ဝိညာဉ်ကွန်ရက်မှာ ချက်ချင်းဆိုသလိုပင် ပေါက်ကွဲလုမတတ် ဖြစ်သွားတော့သည်။

” နှစ်လတောင် ရှိသွားပြီဟ ”

” ဘယ်သူကမှ တာအိုအလင်းဆောင်ဌာနကို ရန်မစရဲဘူး။ ဒီ တစ်ခေါက်တော့ ဝမ်ပေါင်လဲ့ ပြဿနာတကယ် တက်ပြီပဲ ”

” ဝမ်ပေါင်လဲ့က တာအိုအလင်းဆောင်ဌာနက ကျောင်းသားတစ်ယောက်ရဲ့ ရည်းစားကို လုသွားလို့ ဒီလိုတွေ ဖြစ်လာရတာလို့ ငါ ကြားထားတယ် ”

ဝိညာဉ်ကွန်ရက်ကြီး တစ်ခုလုံးမှာ ထိုကိစ္စကြောင့် အုတ်အော်သောင်းနင်း ဖြစ်နေကြစဉ် တိုက်ရိုက်ထုတ်လွှင့်နေသည့် တာအိုလေးမှာလည်း စိတ်လှုပ်ရှားနေ၏။ သူသည် နေ့စဉ်နေ့တိုင်း သူ၏ ရိုက်ကူးရေးကိရိယာကိုယူ၍ ဓမ္မလက်နက်ဌာန‌ဆီသို့သွားကာ မေးမြန်းမှုများကို ပြုလုပ်ကာ တိုက်ရိုက်ထုတ်လွှင့်နေသည်။

သူသည် အစပိုင်းတွင် ဝမ်ပေါင်လဲ့အား လက်တုံ့ပြန်ချင်သောကြောင့် သူ၏ စိတ်ထိခိုက်ခံစားနေရသော ပုံစံကို တိုက်ရိုက်ထုတ်လွှင့်ရန် ကြံစည်ထား၏။ သို့သော် သူ ထိုကဲ့သို့ တိုက်ရိုက်ထုတ်လွှင့်နေစဉ်တွင် လျှို့ဝှက်ဆန်းကြယ်သော သူဌေးကြီးတစ်ယောက်ဖြစ်သည့် ပြည်ထောင်စုဥက္ကဋ္ဌဖေဖေကြီးဆိုသူ ပြန်၍ပေါ်လာပြန်သည်။

သူ တိုက်ရိုက်ထုတ်လွှင့်မှုကို လာကြည့်သည့် အချိန်များနှင့် ပြန်ထွက်သွားသည့် အချိန်များကို ခန့်မှန်း၍မရနိုင်ပေ။ သို့သော် သူသည် ပေါ်လာသည့် အခါတိုင်းတွင် ဒုံးပျံဆယ်စင်းကျော် လက်ဆောင်ပေးနေ၏။ တာအိုလေးမှာ သူ့အား ဖောက်သည်ကြီး တစ်ယောက်ကဲ့သို့ပင် စိတ်ထဲတွင် သတ်မှတ်ထား၏။ ထိုလူမှာ တာအိုအလင်းဆောင်ဌာနကို နှစ်သက်သည့်ပုံ မပေါ်ပေ။ ထို့ကြောင့် တာအိုလေးမှာ သူ့အား မျက်နှာလုပ်ရန်အတွက် သူ၏ မေးမြန်းသည့် မေးခွန်းပုံစံများကို ပြောင်းလဲလိုက်ပြီး တာအိုအလင်းဆောင်ဌာန၏ တရားမျှတမှုမရှိသော လုပ်ရပ်များကို စတင်ထုတ်လွှင့်နေတော့သည်။

အချိန်တိုလေးအတွင်း လူတိုင်းမှာ ပွဲကြည့်ရန်အတွက် ဝိညာဉ်ကွန်ရက်ပေါ်သို့ ရောက်လာကြခြင်း မဟုတ်တော့ပေ။ တာအိုအလင်းဆောင်ဌာန၏ ကြောင်ချေးကဲ့သို့သော အပြုအမူများကြောင့် ထိခိုက်နစ်နာခဲ့ရသည့် လူပေါင်းများစွာမှာ အမည်များမဖော်ပြဘဲ ပေါ်ထွက်လာကြပြီး တာအိုအလင်းဆောင်ဌာနအား ပြစ်တင်ဝေဖန်နေကြတော့သည်။

သို့သော် ထိုထုတ်လွှင့်မှုများမှာ လေးရက်ပင် မပြည့်သေးပါသော်လည်း တာအိုလေးမှာ မျက်ရည်စက်လက်ဖြင့် ဖြစ်နေရပြီဖြစ်သည်။ သူ၏ နေအိမ်အပြင်ဘက်တွင် တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားငါး‌ယောက် ပေါ်လာကြပြီး ထိုနေရာတွင် ထိုင်ချကာ သူ့အားစိုက်ကြည့်၍ သူတို့၏ ဉာဏ်အလင်းပွင့်ခြင်း လုပ်ငန်းစဉ်ကို စတင်လိုက်ကြတော့သည်။

တာအိုလေးတစ်ယောက် ဘယ်သောအခါမှ တာအိုအလင်းဆောင်ဌာနအကြောင်း တိုက်ရိုက်ထုတ်လွှင့်ခြင်း မလုပ်တော့ပါဟု ကတိပေးပြီးသောအခါမှသာ ထိုကျောင်းသားများမှာ တည်ကြည်သော အမူအရာများဖြင့် ထွက်ခွာသွားကြတော့သည်။

” တာအိုအလင်းဆောင်ဌာနကို ရန်စမိလို့ မဖြစ်ဘူး… ”
တာအိုလေးမှာ သက်ပြင်းချကာ ဆိုလိုက်၏။ ထို့နောက် သူသည် ဓမ္မလက်နက်ဌာန ရှိရာဘက်သို့ လှမ်းကြည့်ရင်း ပထမဆုံး အကြိမ်အဖြစ် ဝမ်ပေါင်လဲ့အား စာနာသနားမိသွားတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset