အခန်း(၂၆)

ဆိုင်ပိုင်ရှင်သူဌေးစုန့်လည်း အရမ်းကြိုးစားနေတာပဲ

အခန်း (၂၆) : ဆိုင်ပိုင်ရှင်သူဌေးစုန့်လည်း အရမ်းကြိုးစားနေတာပဲ

သုံးယောက်သား မြေပြင်ပေါ် ဒူးထောက်နေသည့် မြင်ကွင်းကား ရှန်ထျန်းအား တအံ့တဩ ဖြစ်သွားစေသည်။

ပုံမှန်အားဖြင့် သူများဆီမှ ပိုက်ဆံ တောင်းလိုသည့်အခါ၌သာ ဒူးထောက်ကြသည် မဟုတ်ပါလော။ ထို့ကြောင့် ဤသည်မှာ ရှန်ထျန်းအနေနှင့် သူတို့ ပိုက်ဆံကို လက်ခံပေးဖို့ ဒူးထောက်တောင်းဆိုကြသူများကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်ပေသည်။

တကယ်ကြီးလား …

လူအုပ်တစ်ခုလုံးပင် သူတို့ဘက် ပါသွားလေပြီ။

“ ကိုကိုနတ်သားလေး… သူတို့က ကြင်နာမှုကို ပြန်ပေးဆပ်ဖို့ လုပ်နေတာဆိုတော့ လက်ခံလိုက်ပါ့လားဟင် ”

“ ကိုကိုနတ်သားလေးကြောင့်သာ မဟုတ်ရင် သူတို့တွေ ဒီဝိညာဉ်ကျောက်တုံးတွေ ရလာမှာ မဟုတ်ဘူးလေ။ ကိုကိုနတ်သားလေးက လက်ခံဖို့ ထိုက်တန်ပါတယ်နော် ”

“ ကောင်းမှုကိစ္စတိုင်းအတွက် ဆုလာဘ် ရှိသင့်တယ်လေ။ လက်ခံလိုက်ပါနော် ”

“ ဟုတ်ပါတယ် …. ကျုပ်တို့ကလည်း ဆရာနတ်မင်းနဲ့ ကံပါနေတာပဲလေ။ တကယ်လို့ ကျုပ်တို့ ကျေးဇူးသိတတ်မှုကို လက်မခံရင် ဆရာနတ်မင်းဆီက အကူအညီယူဖို့ ရှက်မိတာပေါ့ ”

“ တကယ်လို့ ကျုပ်တို့ ကျေးဇူးသိတတ်မှုကို လက်မခံရင် ကျုပ်တို့က ကျေးဇူးမသိတတ်တဲ့ အမှိုက်သရိုက်တွေ ဖြစ်သွားမှာပေါ့ဗျာ ”

“ဆရာနတ်မင်း ကျုပ်တို့ တောင်းဆိုပါတယ်နော် … ဒီကျောက်တုံးတွေကို လက်ခံလိုက်ပါနော် ”

………….

“ ကျွန်တော် တကယ် လက်မခံနိုင်လို့ပါ ”

ရှန်ထျန်းက သက်ပြင်းချကာ သူတို့အား တွဲထူပေးဖို့ ကြိုးစားလိုက်သည်။ သို့သော်လည်း ကံဆိုးသည်က ရှန်ထျန်း၏ အင်အားဖြင့် သူတို့အား လှုပ်ပင် မလှုပ်စေနိုင်ပေ။

ထို့ကြောင့် သူတို့က ရှန်ထျန်းအား ဝိညာဉ်ကျောက်တုံး ပေးဖို့ ဆုံးဖြတ်ချက် ပို၍ ခိုင်မာသွားတော့သည်။

ဆရာနတ်မင်းက ဝိညာဉ်ကျောက်တုံး လက်ခံချင်ပေမဲ့ သိမ်းထားဖို့ အရမ်းရှက်နေတာပဲ ဖြစ်ရမယ် …

အကြောင်းအရင်း ရှိကို ရှိရမယ် … မဟုတ်ရင် ငါတို့ကို အလွယ်လေး ဆွဲထူလို့ ရရမှာလေ …

ဒီလိုဆိုရင်တော့ ငါတို့လည်း ဆရာနတ်မင်းနဲ့အတူတူ မီးစင်ကြည့်ကကြတာပေါ့ …

…………..

ကံကောင်းသူ နံပါတ်(၁)က ပြောလိုက်သည်

“ ဆရာနတ်မင်း… ကျုပ်စကားကို နားထောင်ပေးပါဦး။ ဆရာနတ်မင်းက နီပွန်းတောင်ပေါ်က အထွတ်အထိပ်ရှင် ဖူတဲရဲ့ တပည့်ဆိုတော့ ဂိုဏ်းခွဲရဲ့ အမွေဆက်ခံသူပဲမလား…

ဆရာနတ်မင်းက အောင်မြင်ကျော်ကြားမှုတွေ၊ ငွေကြေးတွေ မလိုပေမဲ့ ဂိုဏ်းခွဲအနေနဲ့ တာဝန်တွေ လုပ်ဖို့ လိုသေးတယ်လေ။ ကျုပ်တို့က ဆရာနတ်မင်းအပေါ် ကျေးဇူးကြွေးတင်နေတာဆိုတော့ ဂိုဏ်းခွဲအပေါ် ကျေးဇူးကြွေး တင်နေတာနဲ့ အတူတူပဲပေါ့။ ကျုပ်တို့က ဂိုဏ်းခွဲအတွက် လှူဒါန်းတယ်လို့ သဘောထားပြီး သိမ်းထားလိုက်ပါဗျာနော် ”

အခြားနှစ်ယောက်ကလည်း ချက်ချင်း ထောက်ခံလိုက်ကြသည်။

“ ဟုတ်ပါတယ် … သာမန်ဘုရားကျောင်းတွေတောင် လှူဒါန်းမှုကို မငြင်းပယ်ကြဘူးလေ။ ကျုပ်တို့က ဆရာနတ်မင်းနဲ့ ကံပါနေတာဆိုတော့ ထောက်ခံသူတွေပဲပေါ့။ တကယ်လို့ လှူဒါန်းမှု အငြင်းခံရရင် အရမ်းစိတ်မကောင်း ဖြစ်မိသွားလိမ့်မယ် ”

ရှန်ထျန်းက စိတ်ရှုပ်ထွေးသွားသည်။ သူက ဝိညာဉ်ကျောက်တုံးများကို လက်ခံဖို့ အကြောင်းပြချက် တွေးနေသော်လည်း သူတို့က အကြောင်းပြချက်ကောင်း ပေးကာ ရောက်လာပြန်သည်။

သူတို့ရဲ့ ပေးကမ်းမှုကို ငြင်းလိုက်ရင် တကယ်ကို ရှက်စရာကြီးမလား …

“ ဘာ … ဘာလို့ အတင်းဖိအားပေးနေတာလဲ… ကျုပ် … ကျုပ်က …” ရှန်ထျန်းက ခက်ခဲနေဟန်ဖြင့် သက်ပြင်းချကာ  “ ထားလိုက်ပါတော့ … ဒါက ခင်ဗျားတို့ရဲ့ သိတတ်မှုဆိုတော့လည်း လက်ခံလိုက်ပါ့မယ်လေ။ ဒါပေမဲ့ ၉၀ ရာခိုင်နှုန်းက အရမ်းများလွန်းတယ်။ ၁၀ ရာခိုင်နှုန်းပဲ လက်ခံမယ် ”

ရှန်ထျန်း၏ စကားများက လူအုပ်ကြီးအား ကြောင်အအ ဖြစ်သွားစေသည်။

ကံကောင်းသူ နံပါတ်(၁)က ထပ်ပြောလိုက်သည် “ ဆယ်ရာခိုင်နှုန်းတဲ့လား … မဖြစ်သေးပါဘူး။ သူဌေးစုန့်တောင် ကျုပ်တို့ဆီက ဆယ်ရာခိုင်နှုန်း ရတယ်လေ။ ဆရာနတ်မင်းကို ဆယ်ရာခိုင်နှုန်းပဲ ပေးရင် ဆရာနတ်မင်းကို ကျုပ်တို့ အထင်သေးသလို ဖြစ်နေမှာပေါ့ ”

“ ဟုတ်တယ် … ဆရာနတ်မင်း ထပ်မငြင်းပါနဲ့တော့ … အနည်းဆုံးတော့ ၈၀ ရာခိုင်နှုန်း လက်ခံသင့်တယ် ”

ရှန်ထျန်းက ငိုရမည်လား ရယ်ရမည်လား မသိတော့ပေ  “ အဲဒါက အရမ်းများလွန်းတယ်။ ၂၀ ရာခိုင်နှုန်းဆိုရင်ရော ဘယ်လိုလဲ။ ဒါက ကျွန်တော် အများဆုံး လက်ခံပေးနိုင်တာပဲ ”

“ဆရာနတ်မင်းရဲ့ ကိုယ်ကျင့်တရားက ထူးခြားလွန်းတယ်။ အနည်းဆုံးတော့ ၇၀ ရာခိုင်နှုန်း လက်ခံသင့်ပါတယ်။ ထပ်မငြင်းပါနဲ့တော့ဗျာ ”

“ ၃၀ ရာခိုင်နှုန်း ”

“ ၆၀ ရာခိုင်နှုန်း ”

“ ၄၀ ရာခိုင်နှုန်း ”

“ ၅၀ ရာခိုင်နှုန်း … ဒီလောက်ပဲ ကျုပ်တို့ဘက်က ထပ်မလျော့ပေးတော့နိုင်ဘူး ”

သုံးယောက်သား အခိုင်အမာ ပြောလိုက်ကြသည်  “ ဆရာနတ်မင်းနဲ့ ကံပါလို့ ဒီကံကောင်းမှု ရလာတာပါ။ ဆရာနတ်မင်းက သတ္တုရိုင်းတုံးတွေ ရွေးပေးတဲ့သူပါ။ ကျုပ်တို့က ဘာမှမလုပ်လိုက်ရပါဘူး။ တစ်ဝက် ယူထားတာတောင် ကျုပ်တို့အတွက် မှားနေပြီ။ ထပ်ပြီးတော့ မယူချင်တော့ပါဘူး ”

“ ဆရာနတ်မင်း ဆက်ငြင်းနေဦးမယ်ဆိုရင် ကျုပ်တို့တွေ ဆက်ဒူးထောက်နေလိုက်မှာ ”

ထိုသုံးယောက်နှင့် သတ္တုရိုင်းတုံး မရွေးရသေးသည့် နောက်ထပ် ၁၇ ယောက်ကို ကြည့်ကာ ရှန်ထျန်းက သူ့တွင် တခြားရွေးချယ်စရာ မရှိတော့ကြောင်း သိလိုက်မိသည်။

“ ဟင်း… ကောင်းပြီလေ… ကျွန်တော့်ဆီမှာ ဘာများ ရွေးစရာ ရှိသေးလို့လဲ ”

……………

ရှန်ထျန်းက စိတ်ရှုပ်နေမိသည်။

ဘာတွေ ဖြစ်လာရတာလဲ ….

ကျင့်ကြံရေးလောကမှာ ရှင်သန်မှုက အဓိက မဟုတ်ဘူးလား … အားလုံးက အခွင့်ကောင်းရဖို့ တိုက်ခိုက်နေကြတာလေ ….

အရင်းအမြစ် နည်းနည်းလေးကိုတောင် လုယက် တိုက်ခိုက်နေကြတဲ့ ကျင့်ကြံရေးလောကကြီးက ဘယ်လိုလုပ် ဒီလို ဖြစ်သွားရတာလဲ … သူတို့က ဘာလို့ ဒီလောက်ရက်ရောနေရတာလဲ ….

သူတို့က ဝိညာဉ်ကျောက်တုံး ပေးရဖို့ အရမ်းကို ကြိုးစားနေရတာပဲ…

သူတို့ရဲ့ ကျေးဇူးသိတတ်မှုကို လက်မခံရင် သူတို့က မပျော်တော့ဘူးတဲ့လား … သူတို့တွေ ခေါင်းထိထားကြတာများလား ….

………….

သူတို့၏ အကျိုးမြတ် ၅၀ ရာခိုင်နှုန်းကို ရရှိပြီးနောက် ရှန်ထျန်းက သူတို့၏ ရောင်ဝါစက်ဝန်းမှာ ယခင်ကထက် ပို၍ စိမ်းလာကြောင်း သတိထားမိလိုက်သည်။ အရမ်းသတိထားမိဖွယ် မဟုတ်သောကြောင့် ရှန်ထျန်းက မျက်လုံးများ လှည့်စားခံလိုက်ရလေလား မသေချာမိပေ။

ဝေစုများကို ခွဲပေးပြီးနောက် ကိစ္စများက ပို၍ ချောမွေ့သွားလေသည်။

လေးယောက်မြောက် ကံကောင်းသူ အမျိုးသားက ဝိညာဉ်ကျောက်တုံး ဆယ်တုံးဖြင့် သတ္တုရိုင်းတုံးအသေးလေး ဝယ်လိုက်ကာ ဝိညာဉ်ကျောက်တုံး ၁၂၀၀ တန် ဝိညာဉ်သလင်းကျောက်တစ်ခု တွေ့လိုက်ရပေသည်။

ဤသည်မှာ လေးယောက်အနက် ကံအကောင်းဆုံး ဖြစ်ကာ မူလဈေးနှုန်းထက် အဆ ၁၂၀ ပိုများလေသည်။

ဝိညာဉ်နတ်မိမယ်လေး၏ နောက်ဆုံးတစ်ခေါက်ထက်ပင် ပို၍ များပေသည်။

အမျိုးသားက စိတ်လှုပ်ရှားလွန်းကာ ချက်ချင်း ဒူးထောက်ချလိုက်၏။ ကံကောင်းသူ နံပါတ်(၁)၏ လွှမ်းမိုးမှုအောက်တွင် သူကလည်း  ရှန်ထျန်းအား အကျိုးအမြတ်၏ တစ်ဝက်ကို ခွဲပေးလိုက်သည်။

သူတို့၏ စုစုပေါင်း အကျိုးအမြတ်က ဝိညာဉ်ကျောက်တုံး ရှစ်ထောင် ရှိလေရာ ရှန်ထျန်း၏ အသားတင်အမြတ်မှာ လေးထောင်ရှိနေပြီ မဟုတ်ပါလော။ မီးတိုင်းပြည်တစ်ခုလုံး၏ နှစ်စဉ် အခွန်ဝင်ငွေပင် ဝိညာဉ်ကျောက်တုံး လေးထောင်အထိ မရှိပေ။

………………

သူဌေးလေးစုန့်က ရှန်ထျန်းအား အားကျလွန်းစွာ စိုက်ကြည့်နေသောကြောင့် ဆိုင်ရှင် သူဌေးစုန့်က သူ့သားခေါင်းကို ခွက်ခနဲ ခေါက်ချပစ်လိုက်သည်။

“ ကောင်စုတ်လေး … မင်းကို သတိပေးထားမယ်နော်။ ဘာမှမဟုတ်တာ တွေးမနေနဲ့။ သူက ငါတို့ တစ်မိသားစုလုံးကို အားထုတ်စရာ မလိုဘဲ သတ်ပစ်နိုင်တယ်။ ဝိညာဉ်ကျောက်တုံး လေးထောင်က ပမာဏများတယ်ဆိုတော့ လူအများကြီးက အသက်တောင် စတေးကြလိမ့်မယ်။

ဒါပေမဲ့ ဒီလူက ထိုက်ပိုင်ချိုင့်ဝှမ်းရဲ့ တပည့်ဆိုတာရော၊ ကောလဟာလတွေအရ သူက လီမိသားစုရဲ့ သမီးနဲ့ တွဲနေတယ်ဆိုတာရော၊ သတင်းတွေ ထွက်နေတာ… သူက သတ္တုရိုင်း အကဲဖြတ်နိုင်စွမ်း ရှိတာကို မပြောနဲ့ဦး။ သူက သူ့ကိုယ်သူ ကာကွယ်နိုင်လောက်အောင်လည်း အားကောင်းမှာ အသေအချာပဲ …

ငါ့လိုမျိုး နေလို့ မရဘူးလားကွာ … ပြဿနာတွေနဲ့ ဝေးဝေးနေစမ်းပါ ”

ဆိုင်ရှင် သူဌေးစုန့်က မသက်မသာ ခံစားနေမိသည်။ ရှန်ထျန်းက သူ့သားကို တစ်ခါ ရိုက်ခဲ့ဖူးသည် မဟုတ်ပါလော။

အကယ်၍ ဆရာနတ်မင်းသာ သူ့ကို မကျေနပ်လျှင် ….

သူတော့ ဆရာနတ်မင်းနှင့် ပြေလည်ဖို့ နည်းလမ်းရှာဖို့ လိုအပ်နေလေပြီ။

မကြာမီမှာပဲ သူဌေးစုန့်က လက်စွပ်တစ်ကွင်းကို ထုတ်ယူလိုက်ပြီး ရှန်ထျန်းဆီ သွားကာ လေးလေးစားစား ပြောလိုက်၏  “ ဆရာနတ်မင်း … ဒီဝိညာဉ်ကျောက်တုံးတွေနဲ့ သွားရလာရတာ အဆင်မပြေလောက်ဘူးမလား။ ကျုပ်ဆီမှာ စကြဝဠာလက်စွပ်တစ်ကွင်း ရှိပါတယ်။

အရင်တုန်းက ဝယ်ထားတာပါ … သွေးတစ်စက် ချတာနဲ့ ပိုင်ရှင် ဖြစ်လာနိုင်ပါတယ် … ပေတစ်ရာ သိမ်းဆည်းနိုင်တဲ့ အထွတ်အထိပ် ဓမ္မပစ္စည်း တစ်ခုပါ … ဆရာနတ်မင်းအတွက်ပါဗျာ   ”

“…”

သူတို့ ဝိညာဉ်ကျောက်တုံး ပေးတာက သူတို့ရဲ့ သတ္တုရိုင်းတုံးကို ကူရွေးပေးထားလို့လေ …

ဆိုင်ရှင် သူဌေးစုန့်က ဘာလို့ လာပေးနေပြန်တာလဲ … ငါလေးက ရုပ်ချောလို့လား …. အထွတ်အထိပ် ဓမ္မပစ္စည်းက ဝိညာဉ်ကျောက်တုံး တစ်သိန်းကျော်လောက် တန်တယ်မလား …

ငါလေး ဝိညာဉ်ကျောက်တုံး လေးထောင် မသိမ်းနိုင်မှာစိုးလို့ စကြဝဠာလက်စွပ် ထုတ်ပေးနေတာပေါ့လေ ….

ဒါက ဘယ်လိုသဘောတရားကြီးပါလိမ့်နော် …


Comment

Leave a Reply


Options

not work with dark mode
Reset