အခန်း (၂၅) : ဆရာနတ်မင်းကြောင့် ရလာတာဆိုတော့ ပေးသင့်ပါတယ်
ကံကောင်းသူ နံပါတ်(၂)၏ သတိပေးမှုကြောင့် ကံကောင်းသူ နံပါတ်(၁)က နောက်ဆုံးတော့ အကြီးကြီး နားလည်သွားခဲ့လေပြီ။
အရမ်းမှန်တယ် … ငါက လက်ရှိ ဝိညာဉ်ကျောက်တုံး ပမာဏလေးကြောင့် စိတ်လွတ်သွားတာပဲ
ဝိညာဉ်ကျောက်တုံး သုံးထောင်က မနည်းပေမဲ့ ဆရာနတ်မင်းရဲ့ မျက်နှာသာပေးမှုသာ ရမယ်ဆိုရင် ငါတို့ကံကြမ္မာတွေ ချည်နှောင်ထားဖို့ ပိုလွယ်ကူသွားလိမ့်မယ် … နောင်ကျရင်လည်း ဝိညာဉ်ကျောက်တုံးတွေ ပိုရလာလိမ့်မယ် …
ကံကောင်းသူ နံပါတ်(၁) က ရှန်ထျန်းဆီ အပြေးအလွှား သွားလိုက်တော့သည်။
ထိုအချိန် မင်းသား(၁၃)ကား ဒုတိယမြောက်နှင့် တတိယမြောက် သတ္တုရိုင်းတုံးများကို ရွေးပြီးသွားလေပြီ။
ဒုတိယမြောက် သတ္တုရိုင်းတုံး၏ ဈေးနှုန်းမှာ ဝိညာဉ်ကျောက်တုံး ၁၀၈ တုံး ကျသင့်ပြီး ဝိညာဉ်ကျောက်တုံး ၁၂၀၀ တန် ဝိညာဉ်သလင်းကျောက်တစ်ခု ပါဝင်ပေသည်။
တန်ဖိုးကား ပထမတစ်ခုလောက် မများသော်လည်း ဆယ်ဆမက တိုးမြင့်သွားသောကြောင့် ကံကောင်းနေဆဲ ဖြစ်၏။
တတိယတစ်ခုကား ထူးခြားပေသည်။ သာမန် မီးခိုးရောင် ရှိပြီး ဈေးနှုန်းမှာလည်း ဝိညာဉ်ကျောက်တုံး ၆၆ တုံးသာ ကျသင့်ပေသည်။ ထို့ကြောင့် ယခင်က မည်သူကမှ မရွေးချယ်ခဲ့ကြပေ။
မျှော်လင့်မထားသည်က သတ္တုဖြတ်သမား ဖွင့်ကြည့်လိုက်သည့်အခါ ရှားပါးလှသည့် သံမဏိအဆီအနှစ် ပါနေလေ၏။
သံမဏိ အဆီအနှစ်သည် အထွတ်အထိပ်အဆင့် ဓားပျံ ဖန်တီးရာ၌ အဓိက လိုအပ်သည့် ပါဝင်ပစ္စည်း ဖြစ်သည်။
လက်ချောင်းအရွယ် သံမဏိအဆီအနှစ်ကား ဝိညာဉ်ကျောက်တုံး သုံးထောင် တန်လေ၏။
ဤသည်ကား နဂိုဈေးနှုန်းထက် အဆလေးဆယ်မက မြင့်တက်သွားလေပြီ။
ပထမတစ်ခုထက်ပင် ပို၍ ဈေးမြင့်နေသေး၏။
ကောင်းလိုက်တာ …
……………
ထိုအရာကို မြင်ကာ ကံကောင်းသူ နံပါတ်(၁)၏ ရှန်ထျန်းကို ၈၀ ရာခိုင်နှုန်း ပေးမည့် ဆုံးဖြတ်ချက်ကား ပို၍ ခိုင်မာလာတော့သည်။ သူက မည်သို့ပင် ဖြစ်ဖြစ် သေချာပေါက် ပေးကို ပေးရမည်။
အဆုံးမဲ့ဝိညာဉ်ဥယျာဉ်၏ အားပေးဝယ်ယူသူများက ဤသတ္တုရိုင်းတုံးများသည် အကျန်များ ဖြစ်ကြောင်းနှင့် ပစ္စည်းကောင်း ထွက်လာနိုင်ခြေမှာ အလွန်နည်းပါးကြောင်း သိထားကြသည်။
မည်သို့ပင်ဆိုစေကာမူ ရှန်ထျန်းက သတ္တုရိုင်းတုံးကောင်းများကို မိနစ်ပိုင်းလေးအတွင်း ခွဲခြားပြနိုင်ခဲ့ပြီး တစ်ခုချင်းစီမှာလည်း သူတို့ ဈေးနှုန်းထက် ဆယ်ဆမက ပြန်ရကြပေသည်။
တခြားနည်းဖြင့်ဆိုရလျှင် ရှန်ထျန်းက သတ္တုရိုင်း အကဲဖြတ်ရာ၌ ထူးချွန်ပြောင်မြောက်သော စွမ်းရည်ကို လက်ဆောင် ရရှိထားသည်။
ကံကောင်းသူ နံပါတ်(၁)၏ စိတ်ထဲ၌ ဆရာနတ်မင်းနှင့်သာ ရင်းနှီးကျွမ်းဝင်သွားသရွေ့ နောင်အနာဂတ်၌ ဆင်းရဲမွဲတေမှုနှင့် ကြုံတွေ့ရတော့မည် မဟုတ်ကြောင်း ယုံကြည်ထားသည်။ ထို့ကြောင့် သူက ဝိညာဉ်ကျောက်တုံး အိတ်သုံးဆယ်အနက် နှစ်အိတ်ကို သူ့အတွက်သူ သိမ်းထားလိုက်ပြီး ကျန်တာအားလုံးကို ရှန်ထျန်းဆီ ပေးဖို့ ရည်ရွယ်ထား၏။
“ ဒါက ဆရာနတ်မင်းကို ကျေးဇူးတင်လွန်းလို့ပါ။ ကျေးဇူးပြုပြီး လက်ခံပေးပါ ” သူက လေးလေးနက်နက် ဦးညွှတ်ကာ ပြောလိုက်သည်။
“ … ”
ရှန်ထျန်းတစ်ယောက် အတော်လေး အံ့ဩမိသွားသည်။
ဘာလို့ ဦးညွှတ်နေတာတုန်း …. ခင်ဗျားရဲ့ ဝိညာဉ်ကျောက်တုံးတွေကို ဘာလို့ ထုတ်ပေးနေတာလဲ … ကျေးဇူးတင်လို့ ဟုတ်လား … တကယ်ကြီးလား … ဒါက ခင်ဗျား ရှိသမျှ အကုန်ပေးနေတာလေဗျာ …
ဘာတွေ မှားနေတာတုန်း … ခင်ဗျားက ဝိညာဉ်ကျောက်တုံး ၁၈၈ တုံးနဲ့ သတ္တုရိုင်းတုံး ကံစမ်းထားတာလေ။ ကောင်းကင်ဝိညာဉ်ပြခန်းကို ဝိညာဉ်ကျောက်တုံး သုံးထောင်နဲ့ ရောင်းလိုက်တာကို အခု ကျွန်တော်ကို ၂၈၀၀ လာပေးနေတာလား
ဒါဆိုရင် ခင်ဗျားမှာ ဝိညာဉ်ကျောက်တုံး ၁၂ တုံးပဲ အဖတ်တင်မှာပေါ့ … လာနောက်နေတာလား … စိတ်လွတ်သွားပြီလား…
အမှန်အတိုင်း ပြောရလျှင် ဝိညာဉ်ကျောက်တုံး ၂၈၀၀ ပမာဏကား ရှန်ထျန်းကို စွဲဆောင်နိုင်လေသည်။ ပြောရလျှင် ငွေစ နှစ်သန်း ရှစ်သိန်း မဟုတ်ပါလော။
အကယ်၍ ကံကောင်းသူ နံပါတ်(၁) မပေးလျှင် ရှန်ထျန်းက လျစ်လျူရှုထားနိုင်ပေသည်။ စိတ်ခံစားချက် ရောထွေးနေမည် မဟုတ်ပေ။
သို့သော်လည်း ယခု တစ်ယောက်ယောက်က သူ့အား ဝိညာဉ်ကျောက်တုံး ပမာဏအများကြီး ပေးနေလေရာ သူ့အနေနှင့် ဘာလုပ်ရမည်နည်း။
သူ ဘာလုပ်ရမလဲ … ငြင်းလိုက်ရမလား ….
ငြင်းဖို့ရာလည်း အရမ်းကို နှမြောဖို့ ကောင်းလှသည်။
ကံဆိုးစွာဖြင့် တခြားနည်းလမ်း မရှိပေ။
ရှန်ထျန်းက သူ့ဂုဏ်သတင်းကို ဖြည်းဖြည်းချင်း တည်ဆောက်ဖို့ လိုအပ်နေသေးမှန်း သိသည်။ အကယ်၍ ဝိညာဉ်ကျောက်တုံး ၂၈၁၂ တုံး ရသည့် လူတစ်ယောက်က ၁၂ တုံးသာ အဖတ်တင်ပြီး ကျန်သည့်အားလုံးကို ရှန်ထျန်းဆီ ပေးလိုက်ရကြောင်း သတင်းပျံ့သွားပါက မည်သူကမှ သူ့ဆီ လာရောက်ကြတော့မည် မဟုတ်ပေ။
အကယ်၍ ဤသို့သာ ဖြစ်လာခဲ့လျှင် သူ့အကြံအစည်လည်း ပျက်ပြားသွားနိုင်သည်။ အဆုံးသတ်ရလဒ်ကား ကောင်းမည် မဟုတ်ပေ။
……………..
ရှန်ထျန်းက ပိုက်ဆံကို အရူးအမူး လိုချင်နေသော်လည်း ငြင်းပယ်ရုံမှအပ ရွေးချယ်စရာ မရှိချေ။
“ ကျွန်တော် အလကားလို့ ပြောခဲ့တယ်လေ။ ဒါက ဘာအဓိပ္ပါယ်တုန်း ”
ကံကောင်းသူ နံပါတ်(၁)က ပြုံးကာ “ဆရာနတ်မင်းက အရမ်းအားစိုက်ထုတ်ပြီးတော့ သတ္တုရိုင်းတုံးကောင်းကို ရှာထားပေးရတာလေ။ ကျုပ်လည်း ကျေးဇူးသိတတ်ရမှာပေါ့ ”
“ ကျွန်တော်က ပြောထားပြီးတဲ့အတိုင်း ပြန်မပြင်ဘူး။ ခင်ဗျားက ကျွန်တော်ကို အခက်တွေ့အောင် လာလုပ်နေတာပဲဗျာ”
ကံကောင်းသူ နံပါတ်(၁)က မြန်မြန် ရှင်းပြလိုက်သည် “ ကျေးဇူးပြုပြီး အထင်မလွဲလိုက်ပါနဲ့ဗျာ … ဒါက တကယ်ကို ကျေးဇူးတင်ကြောင်း ပြချင်ရုံသပ်သပ်ပါ ”
“ ဝိညာဉ်ကျောက်တုံးတွေကို ပြန်ယူလိုက်ပါ ”
ရှန်ထျန်းက သူ့အား ဆက်မပြောခိုင်းတော့ဘဲ ဝိညာဉ်ကျောက်တုံးတွေကို စိတ်မဝင်စားသည့်အလား အကြည့်လွဲလိုက်တော့သည်။
ရှန်ထျန်း ကိုယ်တိုင်ကသာ သူ ဆက်ကြည့်နေပါက သိမ်းထားချင်စိတ် ထိန်းထားလို့ ရမည် မဟုတ်တော့ကြောင်း ကောင်းကောင်း သိနေသည်။
ဤသည်မှာ ဝိညာဉ်ကျောက်တုံး ၂၈၀၀ ဖြစ်၏။ သူက မင်းသားတစ်ပါး ဖြစ်သော်လည်း ဤမျှ ပမာဏဖြင့် တစ်ခါမှ မထိတွေ့ဖူးပေ။ သူသာ သိမ်းထားပါက ချမ်းသာပြီ ဖြစ်၏။
…………….
ကံကောင်းသူ နံပါတ်(၁)က လက်လျော့တော့မည့်ဆဲဆဲတွင် တခြားနှစ်ယောက်က ကူပြောပေးလာကြသည်။
“ ဒီအစ်ကို ပြောတာ မှန်ပါတယ်။ ဆရာနတ်မင်းက ကျုပ်တို့အတွက် သတ္တုရိုင်းတုံးကောင်း ရဖို့ ကူရွေးပေးထားတာကို ဘာမှပြန်မတောင်းခဲ့ဘူး။ ဒါက မသင့်တော်ဘူးလေ ”
“ အမှန်ပဲ … ဆရာနတ်မင်းကသာ ကျုပ်တို့ ကျေးဇူးတင်တာကို လက်မခံဘူးဆိုရင် ဒီကံအပြောင်းအလဲအခွင့်အရေးတွေကို လက်လျော့လိုက်တော့မယ်ဗျာ”
ကံကောင်းသူ နံပါတ်(၁)က အသံလာရာ ကြည့်လိုက်သည့်အခါ ရှန်ထျန်း ကူညီပေးလိုက်သည့် ဒုတိယမြောက်နှင့် တတိယမြောက်လူ ဖြစ်နေကြောင်း သိလိုက်ရ၏။
သူတို့က ထိုစကားများကို စိတ်ထိခိုက်မှုအပြည့်ဖြင့် ပြောနေသော်လည်း ယုံကြည်ချက်အပြည့်ဖြင့် ဖြစ်၏။ သူတို့က နည်းနည်းမျှ တွေဝေနေခြင်း မရှိပေ။
ကံကောင်းသူ နံပါတ်(၁)ပင် သူ့ကိုယ်သူ ရှက်လာမိသည်။ ယခင် သူက ရှန်ထျန်းကို ဘာမှမပေးလိုခဲ့ပေ။ သူက ကံကြမ္မာ ဆက်လက် ထိန်းထားဖို့အတွက် လုပ်နေခြင်းသာ ဖြစ်၏။
အခုတော့ အခြားနှစ်ယောက်၏ ကိုယ်ကျင့်တရားက သူ့ထက် ပို၍ ကောင်းနေပေသည်။
သူတို့က ဆရာနတ်မင်းရဲ့ မျက်နှာသာပေးမှုကို ခံထိုက်ပါတယ်လေ … သူတို့က လူကောင်းတွေ မဟုတ်လား…
ငါကတော့ သူတို့နဲ့ ယှဉ်လိုက်ရင် အရှုံးသမား တစ်ယောက်ပဲ … ငါ သူတို့ဆီကနေ ပြန်သင်ယူသင့်တယ် …
……………
ကံကောင်းသူ နံပါတ်(၁)က သူ့ဘာသာ ရေရွတ်နေစဉ် သူ့နောက်သို့ ပုံရိပ်တစ်ခု ရောက်ရှိလာသည်။ ဤသည်မှာ သူ့အား အကြံပေးခဲ့သည့် ကံကောင်းသူ နံပါတ်(၂) ဖြစ်နေ၏။
သူက အသံကို စိတ်ဖြင့် ဆက်သွယ်ကာ “ကြည့်လေ … အဲဒီလူနှစ်ယောက်ကလည်း မင်းလိုမျိုးပဲ။ အဲဒါနဲ့ ငါ သွားရှင်းပြလိုက်ရသေးတယ်”
ကံကောင်းသူ နံပါတ်(၁)ကား ပြောစရာပင် ရှာမတွေ့တော့ချေ။
အော် …ခင်ဗျားက သူတို့ကိုပါ သွားဖျောင်းဖျလိုက်တာလား …
ကံကောင်းသူ နံပါတ်(၂)က ကံကောင်းသူ နံပါတ်(၁)သည် သူ့အား တိတ်တဆိတ် အကဲဖြတ်နေမှန်း မသိချေ။
ကံကောင်းသူ နံပါတ်(၂)က ရှန်ထျန်းက လေးလေးစားစား ကြည့်နေလေ၏။
“ဆရာနတ်မင်းက အရမ်းတော်တယ်။ ငါ သူ့အတွက် လုပ်ပေးနေတာကိုသာ သိသွားရင် သေချာပေါက် မျက်နှာသာပေးမှာပဲ။ မင်းကလည်း အရင်ဆုံး ကျေးဇူးသိတတ်တဲ့သူဆိုတော့ ဆရာနတ်မင်းက မင်းကိုလည်း သတိထားမိမှာပါ။ ဆရာနတ်မင်းက ငါတို့ဘက်မှာ ရှိနေသရွေ့ ငါတို့တွေ ချမ်းသာလာမှာ အသေအချာပဲ ”
ကံကောင်းသူ နံပါတ်(၁)က တွေးမိကာ ပြောလိုက်သည် “ ဟုတ်တယ် .. ခင်ဗျား ပြောတာ မှန်တယ်။ ကျုပ်တို့တွေ ချမ်းသာလာတော့မှာ ”
ထို့နောက် ကံကောင်းသူ နံပါတ်(၁)က ဒူးထောက်ကာ ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားဖြင့် အော်ပြောလိုက်တော့သည် “ ဆရာနတ်မင်းကြောင့် ဒီဝိညာဉ်ကျောက်တုံးတွေ ရလာခဲ့တာပါ။ အဲဒါကြောင့် ပြန်ပေးမှကို ဖြစ်မယ်။
ကျုပ် ရိုင်းမိသွားရင် ခွင့်လွတ်ပေးပါ။ ဒါပေမဲ့ ဆရာနတ်မင်း ဒီလိုဆက်ဆံခံရတာမျိုးကို ခွင့်မပြုနိုင်ဘူး။ တကယ်လို့ ကျုပ် ကျေးဇူးသိတတ်မှုကို လက်မခံရင် ထာဝရ ဒူးထောက်နေပါ့မယ် ”
အခြားနှစ်ယောက်ကလည်း တအံ့တဩ ဖြစ်ကုန်ကြသည်။
သူက တကယ်ကို ကြိုးစားနေတာပဲ …. သူ မရှက်ဘူးလား ….
သေစမ်း …. သူက အရင်ဆုံး ဝိညာဉ်ကျောက်တုံး ပေးတဲ့သူဆိုတော့ ငါတို့လေးနက်မှုသာ လျော့နေရင် ငါတို့ ရှုံးပြီပဲ …. ဒီနေရာ ရှုံးလို့ မဖြစ်ဘူး…
ထိုနှစ်ယောက်လည်း နောက်ထပ် မတွေးတော့ဘဲ ဒူးထောက်လိုက်ကြတော့သည်။
“ တကယ်လို့ ဆရာနတ်မင်းက ကျုပ်တို့ရဲ့ ကျေးဇူးသိတတ်မှုကို လက်မခံရင် ကျုပ်လည်း ဒီနေရာမှာ ထာဝရ ဒူးထောက်နေပါ့မယ် ”
“ ကျုပ်လည်း အတူတူပါပဲ ”
good
good
good
@_@