အခန်း(၂၃)

ရန်သွားစလို့ မဖြစ်ဘူး

အခန်း (၂၃) : ရန်သွားစလို့ မဖြစ်ဘူး

ကောင်းကင်ဝိညာဉ်ပြခန်းဆီ ဦးတည်နေသည့် အဖွဲ့တွင် လူရာချီ ပါနေသောကြောင့် လူအုပ်ကြီး ဖြစ်လာလေသည်။ သိပ်မကြာခင် ဘေးမှကြည့်ရှုသူများနှင့် လမ်းမှ တစ်ဝက်တပျက် စိတ်ဝင်စားသူများလည်း ပါဝင်လာကြသောကြောင့် လူအုပ်အရွယ်အစား ပိုမို ကြီးမားလာရသည်။

သူတို့ ကောင်းကင်ဝိညာဉ်ပြခန်းဆီ ရောက်လာသည့်အခါ လမ်းထက်၌ လူများနှင့် ပြည့်နှက်လုနီးပါး ဖြစ်နေလေပြီ။

ဆိုင်ရှင်စုန့်နှင့် သူ့သားက လမ်းမထက်မှ ဆူညံသံများကို ကြားသောအခါ အမြန်အဆန် ထွက်ကြည့်လိုက်ကြသည်။ ထိုအခါ ဦးဆောင်လာသူမှာ တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး စာတန်း ကိုင်ဆောင်ထားသည့် ရှန်ထျန်း ဖြစ်နေကြောင်း သူတို့ သိလိုက်ရ၏။

“အဖေ … အဲဒီသူပဲ ”

ရှန်ထျန်းက အဝတ်အစားလဲကာ နှုတ်ခမ်းမွေးတု တပ်ထားသော်လည်း သူ့ချောမောမှုအား ဖုံးကွယ်ထားဖို့မှာ မဖြစ်နိုင်ချေ။ ထို့ကြောင့် သူဌေးလေးစုန့်က ချက်ချင်း မှတ်မိလိုက်သည်။

အကြောင်းအရင်းကား  ရှန်ထျန်းက လျော့တိလျော့ရဲ ရုပ်ဖျက်လာ၍လည်း ဖြစ်၏။

ရုပ်ဖျက်ခြင်း ပညာရပ်က အဝတ်အစားလဲပြီး နှုတ်ခမ်းမွေးတု ကောက်တပ်လိုက်ရုံနဲ့ ပြီးသွားတယ်လို့များ ထင်နေတာလား …

အားလုံးကို အကန်း ထင်နေလား…

ဆိုင်ရှင်သူဌေးစုန့်၏ မျက်နှာအမူအယာကား ပြောင်းလဲသွားကာ တီးတိုးပြောလိုက်သည်  “ တကယ်လို့ သူ ဖြစ်နေရင် မမှတ်မိသလို နေ ကြားလား …. သူက အရမ်းကို တော်လွန်းတယ်။ ငါတို့တွေ ရန်သွားစလို့ မဖြစ်ဘူး ”

ရှန်ထျန်း ကောင်းကင်ဝိညာဉ်ပြခန်းထဲ ဝင်လာသည်နှင့် ဆိုင်ရှင်သူဌေးစုန့်က သူ့အား လေ့လာလိုက်သည်။

ကံဆိုးစွာဖြင့် သူက ရှန်ထျန်းကို ဖောက်ထွင်းမမြင်နိုင်ပေ။ သူက ရှန်ထျန်း၏ ဝိညာဉ်ချီကို စိုးစဉ်းမျှမှ မခံစားမိပေ။

ဤသို့အခြေအနေနှင့် ပတ်သတ်၍ ဖြစ်နိုင်ခြေနှစ်ခုသာ ရှိပေသည်။

ပထမအချက်အနေနှင့် ရှန်ထျန်း၏ ကျင့်ကြံဆင့်က သူ့ထက် များစွာ ပိုမြင့်နေရမည်။ ဒုတိယအနေနှင့် ရှန်ထျန်း၏ ကျင့်ကြံဆင့်က ဆိုင်ရှင် သူဌေးစုန့်၏ ကျင့်ကြံဆင့်ကို အဆင့်တစ်ဆင့်မျှမက လုံးဝကို ကျော်လွန်နေ၍ ဖြစ်ရမည်။

ဖြစ်နိုင်ခြေက မည်သို့ဖြစ်စေကာမူ ရှန်ထျန်းတွင် နောက်ခံကောင်းကောင်း ရှိနေကြောင်း ဆိုလိုနေခြင်းသာ ဖြစ်၏။ သူက သူတို့စုန့်မိသားစုအနေနှင့် ရန်စလို့ ရနိုင်သည့်သူ မဟုတ်ချေ။

ထို့နောက် ရှန်ထျန်းက ရတနာခုနှစ်သွယ် နတ်ဘူးသီးစေ့ကို ရှာတွေ့ခဲ့ကြောင်း အမှတ်ရသွားကာ ဆိုင်ရှင် သူဌေးစုန့်က တောက်တောက်ပပ ပြုံးပြီး ကြိုဆိုလိုက်တော့သည်။

“ အချိန်မီ မကြိုဆိုနိုင်တဲ့အတွက် တောင်းပန်ပါတယ်ဗျာ။ ဆရာနတ်မင်း အောင်းထျန်း ရောက်လာမယ်လို့ မထင်ထားလို့ပါ ”

ဆိုင်ရှင် သူဌေးစုန့်က အရမ်းကို ယဉ်ကျေးလွန်းနေသည့်အတွက် ရှန်ထျန်းပင် ကြောင်အသွားရသည်။

ရှန်ထျန်းက အတင်းပြုံးပြကာ အတွေးနက်နေသည့် သူဌေးလေးစုန့်ကို  တစ်ချက်ကြည့်လိုက်သည်။

ဒီအရူးက ငါ့ကို မမှတ်မိတာများလား …

ငါ အဝတ်အစားလဲပြီး နှုတ်ခမ်းမွေးတု ကောက်တပ်လိုက်တာက  ပြီးပြည့်စုံတဲ့ ရုပ်ဖျက်မှု ဖြစ်နေတာလား ..

ကြည့်ရတာ ဒီဘက်ကမ္ဘာမှာလည်း ဒီလိုရုပ်ဖျက်တာက အသုံးဝင်တယ် ထင်တယ် …

…………..

ရှန်ထျန်းက အတွေးရပ်ကာ သက်ပြင်းချလိုက်ပြီး  “ သူဌေးစုန့်က အားနာလွန်းနေပါပြီ ”

ဆိုင်ရှင် သူဌေးစုန့်က သူ့အား ဆက်တိုက် မြောက်ပင့်ပြောဆိုနေလေ၏

“ ဆရာနတ်မင်း အောင်းထျန်းရဲ့ ပညာရပ်တွေက အရမ်းကို အံ့ဩဖို့ ကောင်းရုံတင်မကဘူး။ ရုပ်ရည်သွင်ပြင်ကလည်း ချောမောခန့်ညားကြောင်း ကြားထားဖူးပါတယ်။ ကောင်းကင်ဘုံက ထာဝရအရှင် ဆင်းသက်လာသလိုမျိုးပဲတဲ့  … အခု ကျုပ်ကိုယ်တိုင် မြင်လိုက်ရတော့ ဒီလိုဖော်ပြမှုမျိုးက လုံးဝကို ပြီးပြည့်စုံနေတာပဲ ”

သူဌေးစုန့်က မြောက်ပြောလွန်းနေသည့်အတွက် ရှန်ထျန်းပင် ရှက်လာရသည်။ ယမန်နေ့က ဒီလူ၏ သားကို ရိုက်နှက်ခဲ့သော်လည်း ယနေ့တွင် သူဌေးစုန့်က သူ့အား ချီးမြောက်ပြောဆိုနေလေသည်။

ဤဇာတ်ကွက်ကား ကျင့်ကြံရေး ဝတ္ထုများ၏ စံသတ်မှတ်ချက်အတိုင်း မဟုတ်တော့ပေ။

သူဌေးစုန့်၏ သဘောထားကြောင့် ရှန်ထျန်းက ဆိုးဆိုးရွားရွား မပြောရက်တော့ပေ။

“ သူဌေးစုန့်က ချီးကျူးလွန်းနေပါပြီ။  ခင်ဗျားရဲ့သား ရုပ်ရည်က အရမ်းကို ထူးခြားလွန်းတာကို မြင်လိုက်ရတယ်။ သူ့ဦးခေါင်းအထက်မှာ ရှိနေတဲ့  အဖုက သူ့ဆီမှာ ထူးချွန်ပြောင်မြောက်တဲ့ အရည်အချင်းတွေရှိတယ်ဆိုတာ ပြနေတာပဲ။ နောင်ကျ သူက ပါရမီရှင် ကျင့်ကြံသူတစ်ယောက် ဖြစ်လာလိမ့်မယ်။ သူ့အနာဂတ်က အတိုင်းအဆ မရှိဘူး … ”

ဘေးတွင် ရပ်နေသော သူဌေးလေးစုန့်က အားလုံးကို ကြားလိုက်ရသည်။ သူ့နှာခေါင်းရိုးက ရှန်ထျန်းကြောင့် ကျိုးသွားရတာလေ…

သောက်ခွေး …. ငါရဲ့ ထူးခြားတဲ့ ရုပ်ရည်က မင်းကြောင့် အရိုက်ခံထားရတာလေကွာ…

ငါ့ခေါင်းက အဖုကလည်း မင်းကြောင့်ပဲ …

မနေ့က ငါ့ကို ရိုက်ထားပြီးတော့ ဒီနေ့ ရုပ်ဖျက်ပြီး ရောက်လာတယ်ပေါ့လေ … အဝတ်လေး လဲပြီး နှုတ်ခမ်းမွေးလေး တပ်လိုက်ရုံနဲ့ ပြီးပြီ ထင်နေတာလား

ငါ့ကို လာလှောင်နေတာပဲ …. ရှန်အောင်း ဒါတော့ မင်း လွန်လွန်းသွားပြီ ….

သူဌေးစုန့်က ရှန်ထျန်းအား လက်စားချေရန် ခုန်အုပ်တော့မည့် သူ့သားကို ဆွဲထားလိုက်ရသည်။

“ ဒီနေ့ ဆရာနတ်မင်းက ဘာကြောင့်များ ဒီကို ရောက်လာတာပါလဲ ”

ရှန်ထျန်း မပြောနိုင်ခင် ကံကောင်းသူ လေးဦးက ဆက်တိုက် ဖြေကြားလိုက်သည်  “ ဆရာနတ်မင်းက ကျုပ်တို့ကို ကူပြီး သတ္တုရိုင်းတုံး ရွေးပေးဖို့ ရောက်နေတာ ”

သတ္တုရိုင်းတုံး ကူရွေးပေးဖို့လား …. ဒါက ကြော်ငြာဇာတ်ကွက်လား … မဟုတ်သေးပါဘူး …

သူဌေးစုန့်က မျက်မှောင်အနည်းငယ် ကျုတ်လိုက်သည်။ အကယ်၍ ဤသို့သာ ဖြစ်နေလျှင် သူ့အနေနှင့် အရင်ဆုံး အကြောင်းကြားစာမျိုး ရထားရမည် မဟုတ်ပါလော။

သူဌေးစုန့်က သီးသန့် သတ္တုရိုင်းတုံး မပြင်ဆင်ထားသောကြောင့် ကြော်ငြာဇာတ်ကွက်ကား ကျရှုံးပေမည်။

သူက တကယ်ကြီး သတ္တုရိုင်းတုံးအကဲဖြတ်နိုင်စွမ်း ရှိနေတာလား …

သူဌေးစုန့်က ထိုအတွေးဖြင့် တအံ့တဩ ဖြစ်မိသွားသည်။

ထိုသို့စွမ်းရည်ရှိသူကို ကျင့်ကြံရေးလောက၌ပင် အသိအမှတ်ပြုကြပေသည်။ ဂိုဏ်းကြီးများပင် ထိုလူအား အပြိုင်အဆိုင် ဖိတ်ခေါ်ကြလိမ့်မည်။

ဤသို့ဆိုလျှင် လီမိသားစု အမြင်၌  ရှန်ထျန်း၏ အရေးပါမှုက အလွန်မြင့်မားသွားပေမည်။

သူဌေးစုန့်က အရင်ဆုံး စွမ်းရည်အစစ်အမှန် သိရအောင် စောင့်ကြည့်လေ့လာဖို့ ဆုံးဖြတ်လိုက်သည်။

သူဌေးစုန့်က ပြုံးလိုက်ရင်း

“ ကြိုဆိုပါတယ် ကြိုဆိုပါတယ် …. ဆရာနတ်မင်းရဲ့ လမ်းညွှန်မှုကို ကြိုဆိုပါတယ်ဗျာ။ ဆရာနတ်မင်း ရွေးပေးတဲ့ သတ္တုရိုင်းတုံး အားလုံးကို ၄ ရာခိုင်နှုန်း လျော့ဈေးပေးပါ့မယ် ”

သူဌေးစုန့်က ဘာမှမှားမပြောလိုက်သော်လည်း ရှန်ထျန်းနောက်မှ ပရိတ်သတ်လူအုပ်ကြီးကား မပျော်တော့ပေ။

“ သူဌေးစုန့်…  ခင်ဗျား သဘောထားက မှားနေပြီ။ စိတ်ဝိညာဉ် နတ်မိမယ်လေး လာတုန်းက ခင်ဗျားမျက်နှာက ပုတ်သိုးနေပြီးတော့ အခုကျ ဘယ်လိုလုပ် ပျော်ရွှင်နေရတာလဲ …”

“၄ ရာခိုင်နှုန်း လျော့ဈေးတဲ့လား … ရှင်က  ကိုကိုနတ်သားလေးအနေနဲ့  ပစ္စည်းကောင်း ဖွင့်နိုင်မယ် မထင်ဘူးပေါ့လေ”

“ ၄ ရာခိုင်နှုန်းတည်းလား … အနည်းဆုံးတော့ ၃၁ ရာခိုင်နှုန်းလောက် လုပ်စမ်းပါ။ ဘယ်သူ့ကို လာအထင်သေးနေတာလဲ ”

“ ဟုတ်တယ် … ငါတို့က လျော့ဈေး မလိုဘူး။ နဂိုဈေးအတိုင်းပဲ သွားမယ်။ နဂိုဈေးအတိုင်းပဲ … ”

…………..

ရှန်ထျန်း ပရိတ်သတ်များ၏ စကားကို ကြားကာ ကံကောင်းသူ အမျိုးသမီးက မပြောင်းမလဲ ကျန်ရှိနေသော်လည်း ကံကောင်းသူ အမျိုးသားများက နှမြောစရာကောင်းကြောင်း ခံစားမိနေကြသည်။

ဒီလူတွေက ဘာလို့ လျှောက်ပြောနေရတာလဲ … ၄ ရာခိုင်နှုန်းက ဘာမှမဟုတ်ရင်တောင် လျော့ဈေးပဲလေ ….

အကယ်၍ သတ္တုရိုင်းတုံး၏ ဈေးနှုန်းက ဝိညာဉ်ကျောက်တုံး ၁၀ တုံး ဖြစ်နေလျှင် သူတို့အနေနှင့် ဝိညာဉ်ကျောက်တုံးဝက်လောက် ခြွေတာနိုင်ပေမည်။ အပြန်အလှန်အနေနှင့် ငွေစ လေးရာလောက် ရှိပေမည်။

ထိုငွေပမာဏဖြင့် စားသောက်ပျော်ပါးတာ ပိုမကောင်းဘူးလား …

လက်ရှိ အခြေအနေကား သူတို့အနေနှင့် ရွေးချယ်ခွင့် မရှိတော့ပေ။ သူတို့ အသံထွက်လိုက်ပါက ထိုအမျိုးသမီး ကျင့်ကြံသူများ၏ ဒေါသနှင့် ရင်ဆိုင်ရလောက်၏။

ကံကောင်းသည်က ရှန်ထျန်းကလည်း သူဌေးစုန့်၏ အကြုံပြုချက်ကို မငြင်းရသေးပေ။

“သူဌေးစုန့်က ရက်ရောနေမှတော့ ငြင်းပယ်လို့ ဘယ်ကောင်းပါ့မလဲဗျာ။ သူဌေးစုန့်ကိုပဲ ကျွန်တော် ရွေးပေးတဲ့ သတ္တုရိုင်းတုံးကို လှီးဖြတ်ပေးဖို့ ဒုက္ခပေးရတော့မှာပဲ။ သူဌေးစုန့်ရော ဘယ်လိုထင်လဲ ”

ကောင်းကင်ဝိညာဉ်ပြခန်းသည် သတ္တုရိုင်းတုံး လှီးဖြတ်ပေးခအနေနှင့် ၁၀ ရာခိုင်နှုန်း ကောက်ခံလေသည်။ ၄ ရာခိုင်နှုန်း လျော့ပေးပြီးသည့်နောက်တွင်ပင် ကောင်းကင်ဝိညာဉ်ပြခန်းအနေနှင့် ငွေအမြောက်အမြား ဝင်နိုင်သေး၏။

သုံးဖက်လုံးအတွက် သူနိုင်ကိုယ်နိုင် အခြေအနေ ရရှိနိုင်ပေသည်။ ရှန်ထျန်းက အဆုံးမဲ့ဝိညာဉ်ဥယျာဉ်အတွင်းရှိ အဓိကဆိုင်ကြီးများဆီမှ အမုန်းမခံချင်ပေ။ ရန်သူတစ်ယောက် ရှိသည်ထက် မိတ်ဆွေတစ်ယောက် ရှိခြင်းက ပို၍ ကောင်းပေသည်။

“ ဒီလိုဆိုရင်တော့ ဆရာနတ်မင်းကို ကျေးဇူးတင်ပါတယ် ”

ရှန်ထျန်းအပေါ် သူဌေးစုန့် သဘောထားမှာ နောက်တစ်ဆင့် တိုးမြင့်သွားလေ၏။

ဟိုးစဉ်ကတည်းက ကျင့်ကြံရေးလောက၌ ပါရမီရှင် တစ်ကိုယ်တည်းသမားများကို မြင်တွေ့ဖူးပေသည်။ အများစုကား မောက်မာကာ မာနကြီးကြ၏။

ကံဆိုးစွာဖြင့် မမြဲခြင်း တရားကား ပါရမီရှင်တို့နောက် လိုက်ကာ ရာစုနှစ်တစ်ခုမှ ပေါ်ထွက်သော ပါရမီရှင်တို့ပင် မရှောင်လွဲနိုင်ဘဲ သေခြင်းတရားနှင့် ကြုံတွေ့ကြရသည်။

တစ်ဖက်တွင် အခြားသူများကို ကူညီပေးတတ်ပြီး မိတ်ဆွေဖွဲ့တတ်သူသော ပါရမီရှင်များက နောက်ဆုံးအထိ ရပ်တည်နိုင်ကြသည်။

တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းကသာ ကမ္ဘာကို ကြီးစိုးနေခြင်း မဟုတ်ဘဲ တခြားသူများကို မည်သို့ ဆက်ဆံရမည်ကိုလည်း သိထားသင့်ပေသည်။

……………..

ကံကောင်းသူ လေးယောက်၏ ပုံရိပ်များ လမ်းညွှန်မှုဖြင့် ရှန်ထျန်းက သူတို့၏ ကံအပြောင်းအလဲ အခွင့်အရေးများ ပါဝင်နေသည့် သတ္တုရိုင်းတုံးများကို ရွေးထုတ်ပေးလိုက်သည်။

ထိုသတ္တုရိုင်းတုံး ဈေးများက သိပ်မမြင့်သလို ဝိညာဉ်ကျောက်တုံး ၁၀ တုံးမှ ၂၀၀ ကြားသာ ရှိ၏။ တစ်ချိန်တည်းတွင် ကံကောင်းသူ လေးဦးက ဝယ်ယူဖို့ရာ တတ်နိုင်ကြသည်။

လေးယောက်သား ပိုက်ဆံပေးချေပြီးနောက် သူတို့၏ သတ္တုရိုင်းတုံးများကို စိတ်လှုပ်ရှားစွာ စိုက်ကြည့်လိုက်ကြသည်။ သူတို့က သတ္တုဖြတ်သမား တစ်လွှာချင်း ဖြတ်သည်ကို စောင့်ဆိုင်းနေကြသည်။

သတ္တုဖြတ်သမားက ဈေးနှုန်းအတိုင်း စတင် လှီးဖြတ်ပေးသောကြောင့် ပထမဆုံး သတ္တုရိုင်းက ဈေးအကြီးဆုံး ဖြစ်၏။

ရောင်းဈေးမှာ ဝိညာဉ်ကျောက်တုံး ၁၈၈ တုံး ဖြစ်ပြီး ငွေစနှင့် တွက်ကြည့်လျှင် တစ်သိန်း ရှစ်သောင်း ရှစ်ထောင် ငွေစ ဖြစ်သည်။

ဤပမာဏမှာ မီးတိုင်းပြည်အတွင်း နေရာကျယ်ကျယ်ဝန်းဝန်း အိမ်တော်တစ်ခု ဝယ်ယူနိုင်ပေသည်။

“ဆရာနတ်မင်း သေချာရဲ့လား ”

ကံကောင်းသူ နံပါတ်(၁)က ကြွယ်ဝချမ်းသာမှု တစ်ဝက်လောက် ထုတ်သုံးလိုက်ရသောကြောင့် အတော်လေး စိတ်လှုပ်ရှားနေမိသည်။ အကယ်၍ သူသာ ရှုံးသွားခဲ့ပြီး အိမ်ပြန်သွားခဲ့လျှင် သူ့ကျင့်ကြံရေး လက်တွဲဖော်နှင့် နှစ်ဝက်လောက် အိပ်ယာတစ်ခုတည်း အိပ်လို့ ရမည် မဟုတ်တော့ပေ။

ရှန်ထျန်းက ပြုံးကာ  “ သေချာပါတယ်ဗျာ ”

ရှန်ထျန်း စကားအဆုံးတွင် သတ္တုဖြတ်သမားက သူ့ဓားထက်ထက်ဖြင့် သတ္တုရိုင်း အပြင်ဆုံး အလွှာကို စတင် လှီးဖြတ်လိုက်သည်။

ထိုသတ္တုရိုင်းအက်ကြောင်းမှ စိမ်းပြာရောင် အလင်းတန်း ထွက်ပေါ်လာကာ သတ္တုဖြတ်သမား၏ မျက်နှာအား လွှမ်းခြုံသွားလေ၏။

“ သူ ထပ်တွေ့ပြန်ပြီ … ”


Comment

  1. ဆောင်းရတီ says:

    good

Leave a Reply


Options

not work with dark mode
Reset