အခန်း (၁၉) : ဆက်ပြီး သည်းမခံနိုင်တော့ဘူး
“လျန်အာ စိတ်ချနေ… ညီမလေးရဲ့ကိုကြီး ရောက်လာပြီ။ ဘယ်သူမှ ညီမလေးကို အနိုင်မကျင့်စေရဘူး”
လီချန်းကောက လီလျန်အာနှင့် ရှန်ထျန်းကြား ဖြည်းဖြည်းချင်း ရွေ့သွားလိုက်ပြီး သူ့တည်ရှိမှုကို လျန်အာသိအောင် လုပ်လိုက်သည်။
သူက ခိုင်ခိုင်မာမာဖြင့် “ကနဦးစိတ်ဝိညာဉ်အဆင့် ရှိတဲ့ အဖိုးကြီးတစ်ယောက် ရောက်နေရင်တောင် သူ ကိုကြီးကို မသတ်မချင်း ညီမလေးကို ထိခိုက်အောင် မလုပ်စေရဘူး”
လီလျန်အာက သူမအစ်ကိုကြီးကို ဘေးတွန်းကာ ပြန်ဖြေလိုက်သည် “ကိုကြီး ညီမလေးဘာသာ ကာကွယ်နိုင်ပါတယ်။ ကိုကြီးက ညီမလေးရဲ့ ကိုကိုရှန့်ကိုပဲ ကာကွယ်ပေးပါနော်”
ညီမလေးရဲ့ ကိုကိုရှန်တဲ့လား…
ဒီနှစ်ယောက် ဘယ်တုန်းက ဒီလောက် ရင်းနှီးသွားရတာလဲ… ပြီးတော့ သူစိမ်းကို ကာကွယ်ပေးဖို့ ကိုယ့်အစ်ကိုအရင်းကို လာတောင်းဆိုနေတာလား…
တကယ်ကြီးလား…
လီချန်းကောက မကျေမနပ် ဖြစ်ကာ ပါးစပ်ပင် မဲ့ရွဲ့သွားလေသည်။ ဤရုတ်ချည်း တိုးတက်လာမှုက သူ့အား ကြီးကြီးမားမား အံ့ဩတုန်လှုပ်သွားစေလေ၏။
“အာ… ညီမလေးတို့ နှစ်ယောက် ရင်းနှီးတာ ဘယ်လောက်ရှိသွားပြီလဲ။ ညီမလေးက လီမိသားစုကဆိုတော့ လူတွေအပေါ် သံသယ ပိုထားသင့်တယ်လေ”
လီချန်းကောတစ်ယောက် သူတို့အဖေသာ သူ လုပ်ခဲ့သည့်အရာကို သိသွားလျှင် သူ့အား သတ်မည်ကို စိုးရိမ်လာမိပြီလေ…
အရင်ဦးဆုံး သူက အဖိုးဆီ သွားလည်ရန် အဆုံးမဲ့ ဝိညာဉ်ဥယျာဉ်သို့ သူ့ညီမလေးကို တိတ်တဆိတ် ခေါ်ထုတ်လာမိသည်။ ကိစ္စများကို ပို၍ ဆိုးရွားသွားစေသည်က သူ့ချစ်ညီမလေးသည် လမ်းမပေါ်က ကြုံရာကျပန်း လူတစ်ယောက်ကို ချစ်ကျွမ်းဝင်နေသည့် အချက် ဖြစ်သည်။
ထိုက်ပိုင်ချိုင့်ဝှမ်းတစ်ခုလုံးက လီမိသားစုသည် သူတို့သမီးဖြစ်သူ အပေါ်သာ တန်ဖိုးထားကြကြောင်း သိကြပေသည်။ လီချန်းကောကား အိမ်ထဲ၌ လူပိုတစ်ယောက်သာ ဖြစ်၏။
သူတို့အဖေက လီလျန်အာကို အရမ်းကာကွယ်ပေးလွန်းကာ ထိုက်ပိုင်ချိုင့်ဝှမ်းရှိ တပည့်များက လီလျန်အာကို ပိုးပန်းဖို့ ကြိုးစားမိသည်နှင့် သူတို့အားလုံး လီလျန်အာအဖေ၏ အရိုက်အနှက်ကို ခံကြရလေသည်။
အကယ်၍ လီချန်းကောသာ သူ့ညီမလေးကို ပြန်ခေါ်မသွားနိုင်ခဲ့လျှင် သူလည်း မိသားစုကို “တာတာ့ပြ” နှုတ်ဆက် ထွက်ခွာသွားရလောက်၏။
“မင်း ငါ့ညီမလေးကို ဘာလုပ်လိုက်တာလဲ”
လီချန်းကောက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ရှန်ထျန်းအား ဒေါတသကြီး စိုက်ကြည့်လိုက်သည်။ ကြည့်ရသည်မှာ တိုက်ပွဲ ဖြစ်တော့မည့်ဟန် ပေါ်နေသည်။
သို့သော်လည်း မည်သူကမှ မလှုပ်ရှားခင် ပုံရိပ်တစ်ခုက ရှန်ထျန်းရှေ့သို့ ရောက်နှင့်နေလေပြီ။
ထိုသူမှာ လီလျန်အာ ဖြစ်၏။
သူမက လီချန်းကောအား သတိပေးဟန်ဖြင့် စိုက်ကြည့်လိုက်ပြီး “ကိုကြီးနော်… ညီမလေးရဲ့ ကိုကိုရှန်ကို ဘာလုပ်ဖို့ ကြိုးစားနေတာလဲ”
သူ့ညီမ အပြုအမူကို မြင်ကာ လီချန်းကောမှာ စတင် ခေါင်းကိုက်လာမိသည်။
ငါက ဘာလုပ်ဖို့ ကြိုးစားနေတာတုန်းတဲ့လား… မင်းက သူ့ကို ဘာလုပ်ချင်နေတာတုန်းလို့သာ ကိုယ့်ဘာသာကိုယ် ပြန်မေးသင့်တာ မဟုတ်ဘူးလား…
လီချန်းကောက အသက်ပြင်းပြင်းရှုကာ “လျန်အာ… ကိုကြီး စကားကို နားထောင်။ အခု ပြန်သွားဖို့ အချိန်ကျပြီ”
လီလျန်အာက ခေါင်းတသွင်သွင် ခါကာ “မသွားဘူး… ကိုကြီးက အချစ်ဆိုတာ ဘာမှန်းရော သိရဲ့လား။ မြင်မြင်ချင်း အချစ်ဆိုတာကိုရော သိရဲ့လား”
“…”
ရှန်ထျန်းနှင့် လီချန်းကောတို့မှာ ပြောစရာစကားပင် ပျောက်ဆုံးသွားကြလေသည်။
ငါ ဆက်ပြီး သည်းမခံနိုင်တော့ဘူး…
လီချန်းကောသည် ငယ်စဉ်ကတည်းက ဓားရေး လေ့ကျင့်ဖို့ အတင်းဖိအားပေးခံခဲ့ရသောကြောင့် တခြားလူများနှင့် အဆက်အဆံ မရှိပေ။
သူက အချစ်အကြောင်း မသိသည်မှာ ပုံမှန်သာ ဖြစ်၏။ ထို့အပြင် သူ့ဆီတွင် ချစ်သူပင် မရှိသေးချေ။
သို့သော်လည်း ထိုအချက်က သူ့ညီမလေးကို သူစိမ်းတစ်ယောက်နောက် လိုက်ပြေးလောက်အောင် ခွင့်ပြုထားဖို့ အကြောင်းအရင်းကောင်းတော့ မဟုတ်သေးပေ။ သူ့မိဘတွေဆီက အပြင်းအထန် အပြစ်ပေးခံရဖို့ အကြောင်းပြချက်ကောင်းလည်း မဟုတ်သေးပြန်ပေ။
လီချန်းကောက ကူကယ်ရာမဲ့နေပြီး တောင်းဆိုသံဖြင့် ပြောလိုက်သည် “လျန်အာ ကိုကြီးကို ယုံပါကွာ… ဒါက အချစ် မဟုတ်ဘူး။ ဒါက ဟော်မုန်းအပြောင်းအလဲကြောင့်ပါ”
လီလျန်အာက ဒေါသထွက်လာကာ “မဟုတ်တာတွေ လျှောက်မပြောပါနဲ့… ညီမလေးတို့က အတူတူရှိဖို့ ကံပါပြီးသား။ ဒီမှာတွေ့လား… ဒါက ညီမလေးတို့ရဲ့ ချစ်သက်သေပဲ”
လီလျန်အာက သက်တန့်ရောင် ဘူးသီးစေ့ကို ထုတ်ကာ သူမအစ်ကိုကြီးကို ပြလိုက်သည်။ သူမဆံမွှေးလေးက တစ်ခါ ပြန်ထောင်လာပြန်သည်။
ရှန်ထျန်းမှာတော့ “…”
ဒါကြီးက ချစ်သက်သေတဲ့လား…
ဘူးသီးခင်း စိုက်မလို့လား မင်းက…
ကယ်ကြပါဦးဗျို့…
အချစ်ရေးဆိုတာ နောက်စရာ မဟုတ်ဘူးလေဗျာ…
လီချန်းကော၏ ပါးစပ်မှာ ပို၍ပင် ရွဲ့စောင်းလာကာ “အဖေနဲ့အမေတို့က သဘောတူမှာ မဟုတ်ဘူး”
လီလျန်အာက နှာခေါင်းရှုံ့ကာ “သူတို့ သဘောတူတူ၊ မတူတူ ဂရုမစိုက်ဘူး။ ညီမလေးကတော့ ကိုကိုရှန်နောက် ခိုးရာလိုက်ပြေးမှာပဲ”
ရှန်ထျန်းမှာ “…”
လီချန်းကောတစ်ယောက် ငိုချင်နေပြီလေ… သူ့ညီမလေး အတွေးလွန်နေမှုအတွက် အပြစ်တင်ခံရမည့်သူမှာ သူသာ ဖြစ်သည်။ သူ ဟိုအရင်က ကျင့်ကြံသူများနှင့် ခိုးရာလိုက်ပြေးမှုတွေအကြောင်း ပါဝင်သည့် အချစ်ဇာတ်လမ်းများကို ပြောပြခဲ့သောကြောင့်သာ သူ့ညီမလေး အတွေးထဲ ထိုအတွေးများ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်သွားခြင်း ဖြစ်သည်။
ညီမလေးရေ ညီမလေးရ… ခိုးရာလိုက်ပြေးလို့ ဘာမှကောင်းတာ ဖြစ်မလာဘူးဟ…
“လျန်အာ… သူ ဘယ်ကရောက်လာတယ် ဆိုတာကိုလည်း မသိဘဲနဲ့ သူနဲ့အတူတူ လိုက်ပြေးချင်သေးတာလား”
“အဲ့ဒါ ဘာဖြစ်လဲ… အဖိုးလည်း ချစ်သူအများကြီး ရှိတာပဲလေ။ သူ့ချစ်သူတိုင်းက မိသားစုကောင်းကောင်းကမှ မဟုတ်တာကို…”
လီချန်းကောမှာ အသက်ရှုပင် ကြပ်လာမိ၏။
ဒီကောင်က ရုပ်ရည်လေး နည်းနည်း ပိုကြည့်ကောင်းနေလို့လား…
ညီမလေးရေ… မင်းကတော့ မိသားစုအပေါ် အရှက်ရအောင် လုပ်နေတာပဲ…
ချောမောခန့်ညားတာက အရာအားလုံး မဟုတ်ဘူးလေ…
လီချန်းကောက ကူကယ်ရာမဲ့နေသော်လည်း လူအုပ်ကြီးက အဖြစ်အပျက်ကို ကြည့်ကာ စိတ်လှုပ်ရှားလာကြသည်။ အားလုံးက နောက်ဆက်ဖြစ်မည်ကို တိတ်တဆိတ် စောင့်စားနေကြသည်။
ကွေ့ကုန်းကုန်းနှင့် ချင်ကောင်းတို့က လူအုပ်ကြား ရောနှောနေကာ တစ်ယောက်နှင့် တစ်ယောက် စကားတီးတိုး ပြောနေကြသည်။
ကွေ့ကုန်းကုန်းက ပြောလိုက်သည် “ဝိုး… အရှင့်သားက တကယ်တော်တာပဲ။ ထိုက်ပိုင်ချိုင့်ဝှမ်းရဲ့ မင်းသမီးလေးတောင် သူနဲ့ ခိုးရာလိုက်ပြေးချင်နေပြီ။ သခင်မသာ သိရင် အရမ်းပျော်ရှာမှာပဲ”
ချင်ကောင်းလည်း ပြန်ဖြေလိုက်သည် “သူမက မိန်းမကောင်းလေးဆိုတော့ အရှင့်သား လက်ခံလိုက်သင့်တယ်။ ဒါက အချစ်စစ်ပဲဗျ”
လီချန်းကောက လူအုပ်ဆီမှ အာရုံများကြောင့် မသက်မသာ ခံစားနေရသည်။
“ဒါက ကျုပ်မိသားစုအတွင်းရေး… လျှောက်မပြောကြစမ်းပါနဲ့”
ထိုသို့ပြောလိုက်ပြီးနောက် သူ့နောက်ကျောရှိ ဓားမှ အားကောင်းသည့် ဓားအငွေ့အသက်များ ထွက်ပေါ်လာကာ လူအုပ်အား နောက်ဆုတ်သွားစေလိုက်သည်။
လီချန်းကောက လီလျန်အာနှင့် ရှန်ထျန်းအား ဆွဲခေါ်သွားကာ မိုင်ပေါင်းများစွာ အဝေးတစ်နေရာဆီသို့ ပျောက်ကွယ်သွားလေ၏။
ဒါက အရမ်းကို ထိမိပြောင်မြောက်တဲ့ အကွက်တစ်ခုပဲ…
………………
“ကိုကြီးတို့ကို ဒီနေရာအထိ ဘယ်သူမှ လိုက်မနှောင့်ယှက်နိုင်တော့ဘူး”
လီချန်းကောက သူ့ညီမဖြစ်သူအား ထပ်မံဖျောင်းဖျဖို့ ကြိုးစားလိုက်ပြန်သည် “လျန်အာ မဆိုးနဲ့လေနော်… ကိုကြီးနဲ့အတူ ပြန်သွားရအောင်ပါ”
“ဟင့်အင်း ဟင့်အင်း… ကိုကိုရှန် ခေါ်ရာပဲ လိုက်ပြီး သူနဲ့ လက်ထပ်မှာလို့ဆို”
လီချန်းကောက ခေါင်းကုတ်လိုက်ပြီး “အဲလို လုပ်လို့ မဖြစ်ဘူးလေ… ကိုကြီးကို ယုံစမ်းပါ။ ဒီလိုစကားကို အဖေနဲ့အမေတို့ဆီသာ သွားပြောရင် ဟိုကောင် သေလိမ့်မယ်…
ကိုကြီးတို့အဖေက ထိုက်ပိုင်ချိုင့်ဝှမ်းက တပည့်တွေကိုတောင် ရိုက်နှက်နေကျလေ…
ညီမလေး သူနဲ့ လက်ထပ်ချင်နေတာကိုသာ သိရင် အဖေက ဘာထလုပ်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး…
အဖေတို့က ညီမလေးကို ကိုကြီးထက်ပိုပြီးတော့ စိုးရိမ်တကြီးနဲ့ ဂရုစိုက် ကာကွယ်ပေးတတ်တာလည်း သိရက်သားနဲ့ ညီမလေးရာ…
လီချန်အာက ဒေါသထွက်လာကာ “လျန်အာကို အတင်းဖိအား မပေးနဲ့ ကိုကြီး… ကိုကိုရှန်နဲ့ အတူတူမှ မနေနိုင်ဘူးဆိုရင် အတူတူ သတ်သေပစ်မှာနော်”
“…”
“အားလုံးပဲ ခဏရပ်ကြပါဦးဗျာ”
နောက်ဆုံးတော့ ရှန်ထျန်းတစ်ယောက် စကားဖြတ်ပြောဖို့ အခွင့်အရေး ရလာခဲ့လေပြီ။
လီချန်းကောက မေးလိုက်သည် “ဘာလဲ… မင်းက ငါ့ညီမလေးကို ဂရုတောင် စိုက်လို့လားကွ”
ရှန်ထျန်းက သေချာအောင် မေးလိုက်သည် “ကျွန်တော်တို့ အဲလေ… ခင်ဗျားတို့ မိဘတွေက ကျွန်တော့်ကို တကယ် သတ်မှာလား”
လီချန်းကောက ခေါင်းညိတ်ကာ “မင်းဆီမှာ အင်မတန် ရှားပါးတဲ့ ကံဇာတာထူး ကံဇာတာမြတ် မရှိသရွေ့ သေမှာ အသေချာပဲ”
အင်မတန် ကောင်းမြတ်တဲ့ ကံဇာတာတဲ့လား… မဟုတ်ရင် သေမှာ အသေအချာတဲ့လား…
ဆိုတော့ ငါလေး သေဖို့ သေချာနေပါပြီ…
“မိန်းကလေးလျန်အာ… ဒီနေရာမှာ အထင်လွဲနေတာလေး ရှိနေတယ်ဗျ”
ရှန်ထျန်းက သူ့အသက်လေး ထိန်းထားနိုင်ဖို့ရာ အကောင်းဆုံး ရှင်းပြရန် ကြိုးစားလိုက်သည် “ကျွန်တော်တို့ကြားမှာ ကံပါပေမဲ့ ကံကြမ္မာရေစက်နဲ့ ချစ်ခြင်းမေတ္တာနဲ့က မတူဘူးလေဗျာ။ ပြီးတော့ ကျွန်တော်က နှလုံးသားရေးရာမှာ နူးညံ့တာကို သဘောကျတော့ မြန်မြန်ဆန်ဆန် ဖြစ်လာတာမျိုးကို မကြိုက်ဘူးဗျ”
လီချန်းကောက သူ့အား စိုက်ကြည့်လိုက်လေ၏။
ဒါပေမဲ့ ဒါက မင်းတို့ ဖြည်းဖြည်းချင်း စတင်နိုင်တယ်လို့လည်း မဆိုလိုဘူးနော်…
ရှန်ထျန်း၏ ရှင်းပြချက်က လီလျန်အာအား အံ့အားသင့်သွားစေသည် “ဒါပေမဲ့ လျန်အာတို့ သဘောတူညီမှု ယူထားပြီးပြီလေ… ဒီအစေ့လေး အရွယ်ရောက်လာရင် လျန်အာဆီ ပြန်လာခဲ့မယ်ဆို”
ရှန်ထျန်းက ထပ်မံ၍ ပြောစရာ ရှာမတွေ့ ဖြစ်သွားပြန်သည်။
ဘယ်တုန်းကလဲ… ဘာသဘောတူညီမှုလဲ… ငါ ဘာလို့ မသိလိုက်ရတာလဲ…
ဒီဇာတ်ကြောင်းကို ဘယ်တုန်းက ရေးလိုက်ပြန်တာလဲ…
ရှန်ထျန်းက လီချန်းကောအား ကြည့်လိုက်ကာ သူ့အသက်လေးက သည်ဟန်ဆောင်မှုထက် ပို၍ အရေးကြီးကြောင်း ဆုံးဖြတ်လိုက်ပြီးနောက် ထုတ်ပြောလိုက်တော့သည် “ကျွန်တော်က မိန်းကလေးကို သတ္တုရိုင်းတုံး ကူရွေးပေးခဲ့ပေမဲ့ အဲ့ဒါက အချစ် မဟုတ်ပါဘူး။ အမှန်အတိုင်း ပြောရရင် အချစ်လုံးလုံး မဟုတ်ရပါဘူးဗျာ”
Gg
good