စာစဉ် (၂၁) အပိုင်း (၂၈၄)

အကြီးအကဲတစ်ယောက်ကို ရွေးချယ်ခြင်း

မူလသူတော်စင် တောင်ထွတ်။ တောင်စောင်းတစ်ခုပေါ်တွင် ကျောက်တုံးစင်မြင့်တစ်ခုရှိနေပြီး ထိုနေရာတစ်ခုလုံး စကားပြောသံများနှင့် ဆူညံနေပေသည်။

ဖန်းကျိန်း၏ ဦးဆောင်မှုဖြင့် ထိုနေရာသို့ ရောက်ရှိလာခဲ့သော ဇူယွမ်တို့ တပည့်အသစ်များသည် ထိုနေရာသို့ ရောက်ရှိလာကြပြီးနောက် သူတို့၏ အရှေ့ဆီသို့ လေးစားစွာဖြင့် ကြည့်လိုက်ကြသည်။

သူတို့ရှေ့တွင်ရှိသော မြင့်မားသော စင်မြင့်ပေါ်၌ ဖျာသုံးချပ်ရှိနေခဲ့ပြီး အကြီးအကဲသုံးယောက်က ထိုပေါ်တွင် ထိုင်လျက်ရှိနေသည်။ သူတို့ထံမှ အဆုံးသတ်မဲ့သော မူလချီများက အတိုင်းအဆမသိသော ပင်လယ်ပြင် တစ်ခုအလား ဖြာထွက်နေပြီး မဖော်ပြနိုင်သော ဖိအားကို ပေးစွမ်းနေပေသည်။

ထို လူကြီးသုံးယောက်ကား မူလသူတော်စင်တောင်ထွတ်၏ အကြီးအကဲ သုံးယောက်ပင် ဖြစ်သည်။

“အလယ်ကတစ်ယောက်က အကြီးအကဲ စိန်းထိုက်ယွမ်၊ သူရဲ့ ညာဘက်မှာကတော့ အကြီးအကဲ လုစုန့်ဖြစ်ပြီးတော့ သူ့ရဲ့ ဘယ်ဘက်ကတော့ အကြီးအကဲ လုဟုန်းပဲ” ဖန်းကျိန်းက တိတ်တဆိတ်ပင် မိတ်ဆက်ပေးလိုက်သည်။

အကြီးအကဲ စိန်းထိုက်ယွမ်က အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး အေးစက်စက် အမှုအယာနှင့် ရှိနေကာ တင်းမာသော မျက်နှာထားနှင့်အတူ ထက်ရှသော အော်ရာများ ထွက်ပေါ်နေသည်။ အခြားတစ်ဖက်တွင် ရှိသော အကြီးအကဲ လုစုန့်မှာတော့ အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ပြုံးတော်မှုနေသော ဗုဒ္ဓတစ်ပါး၏ အသွင်ကို ဆောင်နေသည်။

အကြီးအကဲ လုဟုန်းမှာတော့ တည်ညိမ်သော အမှုအယာနှင့်ရှိနေပြီး ပျော်ရွင်ဟန်လဲမရှိ ဒေါသထွက်သည့် ဟန်လည်း မရှိပေ။ သို့သော်လည်း သူ၏ ဂရုထားဟန်မရှိသော အကြည့်က ဓားသွားအလား ထက်ရှနေသည့်အတွက် မည်သူကမှ သူနှင့် ထိပ်တိုက် အကြည့်ချင်း မဆုံရဲအောင် ရှိနေပေသည်။

အကြီးအကဲသုံးယောက်၏ နောက်တွင် မူလသူတော်စင်တောင်ထွတ်၏ တပည့်များက ရပ်လျက်ရှိနေကြသည်။ သူတို့၏ ခါးများတွင် အနက်ရောင်သို့မဟုတ် ရွှေရောင်ခါးစည်းများ ဝတ်ဆင်ထားကြပြီး လူတိုင်းက စွမ်းအားပြည့်ဝသော တည်ရှိမှုကို ထုတ်ဖော်နေကြပေသည်။

သူတို့အားလုံးမှာ မူလသူတော်စင်တောင်ထွတ်၏ တပည့်များ ဖြစ်သော်လည်းပဲ ဇူယွမ်အနေဖြင့် အုပ်စုသုံးခု၏ ကွာခြားမှုများကို ရှင်းလင်းစွာ မြင်နိုင်ပေသည်။ အလယ်နှင့် ညာဘက်တွင် ရှိသော အုပ်စုနှစ်ခုမှာ အဆင်ပြေနေဟန်ရသော်လည်းပဲ ဘယ်ဘက်ရှိ အုပ်စုမှာ အားလုံးနှင့် ဝေးကွာနေဟန်ရသည်။ ထိုပြင် သူတို့၏ အကြည့်များ ဆုံတိုင်းတွင် လေထုမှာ တင်းမာလျက်ရှိသည်။

ဘယ်ဘက်ရှိ အုပ်စု၏ တည်ရှိမှုမှာ အေးစက်ကာ တင်းမာနေပြီး အခြားအုပ်စုနှစ်စုက တပည့်များကို သူတို့ကြည့်လိုက်တိုင်းတွင် သူတို့၏ မျက်လုံးများ၌ ငွေရောင်အလင်းတန်းများ ယှက်သန်းသွားသည်ကို တွေ့ရပေသည်။

ဘယ်ဘက်ရှိ အုပ်စုမှာ လူဦးရေနည်းပါသော်လည်းပဲ သူတို့၏ တည်ရှိမှုက အုပ်စုသုံးခုတွင် အသန်မာဆုံး ဖြစ်ဟန်ရသည်။.

အုပ်စုသုံးခု၏ ရှေ့တိုင်းတွင် ပုံရိပ်အချို့က ထင်ရှားစွာ ရပ်နေခဲ့ပြီး သူတို့၏ ခါးများတွင် ခရမ်းရောင်ခါးစည်းကို ချည်နှောင်ထားကာ သူတို့၏ မြင့်မားသော အဆင့်အတန်းအား ဖော်ပြထားပေသည်။

ထိုခရမ်းရောင် ခါးစည်းတပည့်များကတော့ အကြီးအကဲသုံးယောက်၏ နံဘေးတွင် ဝန်းရံနေခဲ့ကြသည်။

အကြီးအကဲ စိန်း၏ နောက်တွင် အရပ်ရှည်ပြီး ထွားကျိုင်းသော လူငယ်တစ်ယောက်ရှိနေပေသည်။ သူ၏ တည်ရှိမှုက တည်ငြိမ် မြဲမြံသည့်ဟန်ရှိပြီး သူ၏ မျက်နှာက ဆုံးဖြတ်ထားသည်ကို ခေါင်းမာစွာ အလျော့မပေးပဲ လုပ်ဆောင်တတ်သည့် သဘောများ ပေါ်လွင်နေပေသည်။

ထိုသူအား ဇူထိုက်ဟုခေါ်ပြီး စိန်းထိုက်ယွမ်လက်အောက်မှ အကြီးဆုံးတပည့်ဖြစ်ပြီး တပည့်ခေါင်းဆောင် ဖြစ်နိုင်သည့် ထိပ်ဆုံးသူများထဲမှ တစ်ယောက်ဖြစ်သည်။

အကြီးအကဲ လုစုန့်၏ နောက်တွင်တော့ အဖြူရောင် ဝတ်စုံနှင့် မိန်းကလေးတစ်ယောက်က တင့်တယ်စွာ ရပ်နေခဲ့သည်။ လှပသော သူမ၏သွင်ပြင်တွင် ကြက်ဥဇောက်ထိုးပုံစံ မျက်နှာအချိုးအစားက ပိုမိုလှပစေပြီး ကျောက်စိမ်းကဲ့သို့ ကြည်လင်နေကာ အသားအရည်မှာလည်း နှင်းပွင့်ကဲ့သို့ ဖြူဖွေးနေပေသည်။ သူမ၏ ပုံရိပ်မှာ အံ့အားသင်ဖွယ်ကောင်းစွာ ဝင့်ကြွားနေပြီး မို့မောက်နေသော ရွှေရင်အစုံမှ နိုမ့်ဆင်းသွယ်လျသွားသော ခါးကျင်ကျင်လေးအထိ အပြစ်ပြောစရာ မရှိပေ။

အနီးနားရှိ တပည့်များမှာမှု သူမကို မကြာခဏ အာသာငမ်းငမ်းနှင့် လှမ်းကြည့်လျက်ရှိသည်။

သို့သော်လည်း သူမ၏ အမှုအယာက အေးစက်ပြီး ဝံ့ကြွားလွန်းပေသည်။ သူမ၏ ခါးတွင် စည်းနှောင်ထားသော ခရမ်းရောင်ခါးစည်းစက များစွာသော တပည့်များက သူမကို မနှိုင်းယှဉ်နိုင်သော ခံစားချက်ကို ပေးစွမ်းသည်။

သူမ၏ နာမည်မှာ လုယန်ဖြစ်ပြီး အကြီးအကဲ လုစုန့်၏ တပည့်အကြီး ဖြစ်ရုံမက မြေးမလေးလဲ ဖြစ်ပေသည်။ သူမက ယခုလက်ရှိတွင် အကြီးအကဲ လုစုန့်၏ တပည့်များကြားထဲတွင် အသန်မာဆုံး ဖြစ်သည်။

တတိယမြောက် တစ်ယောက်မှာ အကြီးအကဲလုဟုန်း နောက်တွင် အမှုအယာကင်းမဲ့စွာ ရပ်နေသည့် လူငယ်တစ်ယောက်ဖြစ်သည်။ သူ၏ လက်များက ရင်ဘက်ရှေ့တွင် ပိုက်လျက်အနေအထား ရှိနေကာ သူ၏ ပုံစံမှာ ပိန်ပါးပြီး အားနည်းသည့်ဟန် ပေါ်သော်လည်း သူ၏လက်ချောင်များမှာ ဓားအလင်းများက ထက်ရှစွာ တောက်ပနေသည်။

သူ၏ မျက်လုံးများမှာ စတင်မြင်တွေ့ချိန်ကတည်းက ပိတ်လျက်ရှိနေပြီး မည်သူတစ်ဦးတစ်ယောက်ကိုမှ ဂရုစိုက်နေခြင်း မရှိပေ။ သို့သော်လည်း လူတိုင်း၏ သူကို ကြည့်သော အကြည့်တိုင်းတွင် ကြောက်ရွံခြင်းများနှင့် လေးစားခြင်းများ ပါဝင်နေပေသည်။

ဇူထိုက်နှင့် လုယန်ပင် ထိုသူကို အနည်းငယ် သတိထားနေဟန်ရှိသည်။

ထိုသူ့ကို ယွမ်ဟုန်းဟု ခေါ်ပြီး အကြီးအကဲ လုဟုန်း၏ လက်အောက်မှ အသန်မာဆုံးသော တပည့်ဖြစ်သည်။ ဓားကပ်ဘေးတောင်ထွတ်တွင် ရှိခဲ့စဉ်ကလဲ သူ၏ အဆင့်မှာ တတိယမြောက်ဖြစ်သည့်အတွက် အလွန့်ကို စွမ်းအား ပြည့်ဝပေသည်။ သူက သည်တစ်ခေါက် တပည့်ခေါင်းဆောင်များထဲတွင် အသန်မာဆုံး ဖြစ်ပေသည်။

သည်သုံးယောက်ကား များစွာသော မူလသူတော်စင်တောင်ထွတ်၏ တပည့်များထဲကမှ အသန်မာဆုံးသော သုံးယောက်ဖြစ်သည်။

ထိုအခိုက်တွင် ဖန်းကျိန်းက အရှေ့သို့ လျှောက်လှမ်းလာခဲ့ပြီး လက်သီးနှစ်ဖက်ကို ဆုပ်လိုက်ကာ အကြီးအကဲသုံးယောက်ကို လေးစားစွာ ပြောလိုက်သည် “အကြီးအကဲတို့ ကျွန်တော် တပည့်အသစ်တွေကို ခေါ်လာခဲ့ပါပြီ။”

အလယ်တွင် ရှိနေသော အကြီးအကဲက တည်ငြိမ်စွာ ခေါင်းညိမ့်ပြလိုက်သည်။ ထိုနောက် အရှေ့သို့ ကြည့်ကာ ပုံမှန်လေသံဖြင့် “မင်းတို့အားလုံး မူလသူတော်စင်တောင်ထွတ်ကို ရွေးချယ်ပြီးသွားပြီ ဆိုတော့ ဒီနေ့ကစပြီး မင်းတို့အားလုံးက မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်တွေ ဖြစ်သွားပြီ။”

“ငါမင်းတို့ရဲ့ အချိန်ကို မဖြုန်းတော့ဘူး။ ငါတို့ မူလသူတော်စင်တောင်ထွတ်မှာ သင်ကြားပေးတာ အကြီးအကဲ သုံးယောက်ရှိတယ်။ ကလန်ရဲ့ စည်းမျဉ်းတွေအရ တပည့်တွေက ဘယ်သူ့နောက်လိုက်မလဲဆိုတာ ရွေးချယ်ခွင့် ရှိတယ်။”

နေရာတစ်ခုလုံးမှာ တိတ်ဆိတ်သွားခဲ့ပြီး တပည့်များက အကြီးအကဲ သုံးယောက်ကို တိတ်တဆိတ် လှမ်းကြည့်လိုက်ကြ မည်သူ့အား ရွေးချယ်၇မှန်း တွေးတောနေကြပေသည်။

အာလုံးအတွေးများနှင့် တိတ်ဆိတ်နေချိန်တွင် အကြီးကဲ လုဟုန်း၏ နောက်မှ ပုံရိပ်တစ်ခု ထွက်လာခဲ့သည်။ ထိုသူမှာ ရွှေရောင် ခါးစည်းတပည့်တစ်ယောက်ဖြစ်ပြီး ထက်ရှသော အရှိန်အဝါနှင့် အတူ ခန်ညားသော တည်ရှိမှုဖြင့် ရှိနေကာ သူ၏ မျက်လုံးအစုံတွင်လွင် ဂုဏ်ယူဝံကြွားမှုများ ပေါ်လွင်နေပေသည်။

သူ၏ အကြည့်က တပည့်အသစ်များဆီသို့ ရောက်ရှိသွားပြီး ပြုံးကာ ပြောလိုက်သည် “ကျွန်တော်က ဝူဂန်းပါ။ အခုရောက်ရှိလာတဲ့ တပည့်အသစ်တွေအနေနဲ့ ဆရာလုက မူလအစက ဓားကပ်ဘေးတောင်ထွတ်က ဖြစ်မှန်းသိကြမယ်လို့ ယုံကြည်ပါတယ်။ ငါတို့ ဓားကပ်ဘေးတောင်ထွတ်ကနေ လာခဲ့တာက တောင်ထွတ်ဆရာသခင် တံဆိပ်တော်ကို ရယူဖို့ဆိုတဲ့ ကြီးလေးတဲ့ တာဝန်ကြီးကြောင့် ဖြစ်တယ်။ သည်အရေးကြီးတဲ့ တာဝန်ကြီးကို မူလသူတော်စင်တောင်ထွတ်က နှစ်ပေါင်းများစွာ မစွမ်းဆောင်နိုင်ခဲ့တာကြောင့် ကျွန်တော်တို့ ပခုံးပေါ်ကို ရောက်လာခဲ့ပြီ။”

“ဒါကြောင့် အသစ်လေးတွေအနေနဲ့ သည်အရေးကြီးတဲ့ တာဝန်ကြီးကို ငါတို့နဲ့ အတူတာဝန်ယူချင်ရင်တော့ မင်းတို့ အကြီးအကဲ လုနဲ့ ပူးပေါင်းသင့်တယ်။”

သူစကားသံများ လွင့်ပျံထွက်လာချိန်တွင်တော့ အကြီးအကဲ စိန်းနှင့် အကြီအကဲလုတို့၏ တပည့်များ၏ မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များ တလိပ်လိပ် ထွက်ပေါ်လာတော့သည်။ ဝူဂန်း၏ စကားလုံးများက သူတို့အား ပစ်မှတ်ထား တိုက်ခိုက်နေခြင်း ဖြစ်သည်။

အကြီးအကဲ စိန်းထိုက်ယွမ်က အကြီးအကဲ လုဟုန်းအား လှမ်းကြည့်ကာ မကွဲပြားသော လေသံဖြင့်ပြောသည် “မင်းရဲ့ တပည့်စကားတွေက ဓားတစ်စင်းလိုပဲ ငဲ့ညှာမှု မရှိပါလား။”

အကြီးအကဲ လုဟုန်းက ရယ်မောလိုက်ပြီး ဂရုမစိုက်သည့် ပုံစံဖြင့် ပြန်ပြောလိုက်သည် “ငါတို့ရဲ့ ဓားကပ်ဘေးတောင်ထွတ်က ဓားချီတွေကိုပဲ ကျင့်ကြံကြတယ်လေ ဒါကြောင့် ငါတို့က ဘယ်အရာမဆို တိုက်ရိုက်ပဲ ပြောဆိုတတ်ပြီး ငါတို့ရဲ့ ထက်ရှမှုကို မဖုံးကွယ်ထားတတ်ဘူး။ အဲ့တာကို အကြီးအကဲစိန်း အပြစ်မမြင်ဖို့ မျှော်လင့်ပါတယ်။”

စိန်းထိုက်ယွမ်က စိတ်အတွင်းမှ အေးစက်စက်နှာခေါင်းရှုံလိုက်သော်လည်း သူ့အနေဖြင့် မည်သည့်စကားမှ ထပ်ပြီး မပြောသင့်မှန်း သိလိုက်ပေသည်။

တကယ်တော့ လုဟုန်းကို ကလန်ခေါင်းဆောင်နှင့် အခြားသော တောင်ထွတ်သခင်များ၏ ဆုံးဖြတ်ချက်ဖြင့် မူလသူတော်စင်တောင်ထွတ်ကို ပို့လိုက်ခြင်းကြောင့် သူတို့ အနေဖြင့် ရွေးချယ်စရာမရှိပဲ လက်ခံလိုက်ရခြင်း ဖြစ်သည်။

သူတို့ အုပ်စုနှစ်ခုမှာ အဓိကတောင်ထွတ်ရှိ တောင်ထွတ်ဆရာသခင် တံဆိပ်တော်အား မယူနိုင်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ထိုတောင်ထွတ်ဆရာသခင် တံဆိပ်တော်သာ လုဟုန်းတို့ အုပ်စု၏ လက်ထဲသို့ ရောက်ရှိသွားပါက မူလအစကတည်းက ရှိနေခဲ့သည့် သူတို့ အုပ်စုနှစ်ခုမှာ မျက်နှာ ပျက်ရမည်သာ ဖြစ်သည်။

စိန်းထိုက်ယွမ်က လုစုန့်ဆီသို့ လှမ်းကြည့်လိုက်ပြီးနောက် ကူကယ်ရာမဲ့စွာပဲ ခေါင်းခါယမ်းလိုက်သည်။

မူလသူတော်စင်တောင်ထွတ်မှာ အခြားတောင်ထွတ် ခုနှစ်ခုနှင့် ယှဉ်နိုင်ခြင်း မရှိပေ။ အကောင်းဆုံးသော တပည့်များကို အခြားတောင်ထွတ်ခြောက်ခုမှ ခေါ်ဆောင်သွားသည့်အတွက် အခြားသော တောင်ထွတ်များမှာ သန်မာလာသထက် သန်မာလာပြီး မူလသူတော်စင်တောင်ထွတ်မှာ နောက်ကျကျန်ခဲ့လေသည်။ ယခုချိန်တွင် မူလသူတော်စင်တောင်ထွတ်၏ တပည့်များမှာ ကြီးမြတ်သော အရွေးချယ်ခံတပည့်ဆယ်ယောက်တွင် တစ်ယောက်တလေပင် ပါဝင်နိုင်ခြင်း မရှိတော့ပေ…

သူတို့ စကားပြောနေစဉ်အတွင်း ဝူဂန်း၏ စကားလုံးများက မှော်ဆန်စွာ အလုပ်ဖြစ်ပေသည်။ တပည့်အသစ်အများစုမှာ မူလသူတော်စင်တောင်ထွတ်ဆီသို့ အတင်းအကျပ် ပို့ဆောင်ခံရသူများသာ ဖြစ်သည့်အတွက် ဓားကပ်ဘေးတောင်ထွတ်မှ ဖြစ်သော လုဟုန်းတို့ အဖွဲ့မှာ သူတို့အတွက် နှစ်ခြိုက်စရာ ဖြစ်သွားခဲ့ပေသည်။ ဓားကပ်ဘေးတောင်ထွတ်မှာ အပြင်ဘက်တောင် တပည့်များကြားတွင် ရွေးချယ်ရန်အတွက် ရေပန်းစားနေသည့် တောင်ထွတ်တစ်ခု ဖြစ်နေသည် မဟုတ်ပါလော။

တပည့်များသည် ခဏမျှ အုတ်အုတ်ကျက်ကျက် ဖြစ်သွားပြီးနောက် တဝက်နီးပါးမှာ ဝူဂန်းဆီသို့ လျှောက်သွားလိုက်ကြသည်။

ထိုမြင်ကွင်းကြောင့် အခြားအုပ်စုနှစ်လု၏ တပည့်များ၏ အမှုအယာမှာ အနည်းငယ် ပျက်ယွင်းသွားတော့သည်။

အေးစက်ပြီး မာနကြီးသည့် အမျိုးသမီး လုယန်က အံကြိတ်လိုက်ပြီး ရွေ့လျားနေသော တပည့်များကို ကြည့်ကာ ဒေါတတကြီး ပြောလိုက်သည် “ဒီကောင်တွေ သွားရင်လည်းသွားပေါ့။ ငါတို့ကလဲ သူတို့ကို မလိုချင်ပါဘူး။”

ဝူဂန်း၏ မျက်နှာတွင် ကျေနပ်နေသော အပြုံးတစ်ခု ပေါ်လာခဲ့ပြီး ကွင်းပြင်ပေါ်တွင် ကျန်ရှိနေသေးသော တပည့်များကို ကြည့်လိုက်သည်။ ထိုတပည့်များမှာ ဇူယွမ်၏ အနောက်တွင် ရပ်နေခဲ့ကြပြီး သိသာစွာပင် ဇူယွမ်၏ ရွေးချယ်မှုကို စောင့်နေကြခြင်း ဖြစ်သည်။

ဇူယွမ်မှာ တောင်ထွတ်ရွေးချယ်မှု အခမ်းအနား၏ ချန်ပီယံဖြစ်သောကြောင့် သူတွင်လည်း လွှမ်းမိုးနိုင်စွမ်းမှာ အတိုင်းအတာ တစ်ခုအထိရှိပေသည်။ ထိုကြောင့် ဇူယွမ်၏ ရွေးချယ်မှုကို စောင့်ဆိုင်းရန် တပည့်အများက ဆုံးဖြတ်ခဲ့ကြပေသည်။

ဝူဂန်းက ဇူယွမ်ကို လှမ်းကြည့်လိုက်ပြီးနောက် အမျိုးအမည် မသိသော အလင်းတန်းတစ်ခုက သူ၏ မျက်ဝန်းအိမ်တွင် ဖြတ်သန်းသွားပြီး အကြီးအကဲ လုဟုန်းထံသို့ လှမ်းကြည့်လိုက်သည်။

အကြီးအကဲ၏ မျက်လုံးအစုံမှာ ပွင့်လာခဲ့ပြီးနောက် ဇူယွမ်အား မထူးခြားသလို လှမ်းကြည့်လိုက်သည်။ သို့သော်လည်း မည်သည့်စကားမျှမဆိုပဲ ခေါင်းသာ ညိမ့်ပြလိုက်သည်။

ဝူဂန်းက ထိုအရာကို မြင်သောအချိန်တွင် အနည်းငယ်ရယ်မောလိုက်ပြီးနောက် ဇူယွမ်ဘက်သို့လှည့်ကာ ပြောလိုက်သည် “ဒီက ညီတော်က ဒီတစ်ခေါက် တောင်ထွတ်ရွေးချယ်မျု အခမ်းအနားရဲ့ ချန်ပီယံဖြစ်ရမယ်။ ငါတို့ရဲ့ ဆရာလုကလည်း မင်းကို ချီးကျူးနေတယ်။ မင်းက ညီတော်လုဖန်းရဲ့ ပထမနေရာကို ကံကောင်းမှု အချို့ကြောင့် အရယူနိုင်ခဲ့ပေမယ့် အဲ့တာက ဆရာ လုကို အမြင်ကျယ်စေခဲ့တယ်။ မင်းသာ ငါတို့နဲ့ ပူးပေါင်းရင် သူက အကောင်းဆုံးသော ညွတ်ကြားမှုတွေကို ပေးလိမ့်မယ်။”

သူ၏ လေသံမှာ ဇူယွမ်ကို တော်တော်လေး ဆွဲဆောင်နေဟန်၇သော်လည်း တောင်ထွတ်ရွေးချယ်မှု အခမ်းအနား၏ ချန်ပီဟူသော ဂုဏ်ပုဒ်ကို သိပ်ဂရုမစိုက်ကြောင်း ပေါ်လွင်နေပေသည်။ ထိုအစား သူတို့ကိုယ် သူတို့ ဇူယွမ်အား သူတို့နှင့်ပူပေါင်းရန် အခွင့်အရေးပေးနေသယောင်သာ ရှိပေသည်။

ဝူဂန်းက ဇူယွမ်အား ပြုံးစစနှင့် ကြည့်လိုက်ပြီး “မင်းရဲ့ အကိုတော်ရဲ့ စကားကို မင်းဘယ်လို ထင်လဲ။ မင်း ဆရာလုရဲ့ အဖွဲ့နဲ့ ပူးပေါင်းဖို့ ဆန္ဒရှိလား။”

ထိုအချိန်တွင် စိန်းထိုက်ယွမ်နှင့် လုစုန့်တို့ကလည်း အချင်းချင်း ကြည့်လိုက်ကြသည်။

သူတို့၏ နောက်တွင် ရှိနေသည့် ဇူထိုက်နှင့် လုယန် အပါအဝင် တပည့်များကလည်း လှမ်းကြည့်လိုက်ကြသည်။ သူတို့လည်းပဲ သည်တစ်ခေါက် တောင်ထွတ်ရွေးချယ်မှု အခမ်းအနား၏ ချန်ပီယံမှာ မူလသူတော်စင်တောင်ထွတ်ကို ရွေးချယ်ခဲ့ကြောင်း ကြားခဲ့ကြပေသည်။

ထိုအရာက အလွန်ကို ရှားပါးသော ဖြစ်ရပ်ပင်တည်း။

များစွာသော အကြည့်များအောက်တွင် ဇူယွမ်က ဝူဂန်းကို ပြုံးလျက်ကြည့်ကာ ပြောလိုက်သည် “ဆရာလုရဲ့ လက်အောက်မှာ အရည်အချင်း ပါရမီနဲ့ ပြည့်ဝတဲ့ ကျင့်ကြံသူတွေက တိမ်တွေလိုပဲများပြားလှတယ် သူတို့နဲ့ ပူးပေါင်းနိုင်ဖို့ဆိုတာ တော်တော်လေး ဂုဏ်ယူစရာ ကိစ္စပဲ။”

ဇူယွမ်၏ စကားများကို ကြားချိန်တွင် ဝူဂန်းက ရုတ်တရက် ရယ်မောလိုက်ပြီး ဟန်ဆောင်ကာ ပြုံးလိုက်သည်။ သူ့အနေဖြင့် သည်တစ်ခေါက် တောင်ထွတ်ရွေးချယ်မှု အခမ်းအနား၏ ချန်ပီယံမှာ သိပ်ထူးခြားသော အရာမရှိဟု ခံစားမိပေသည်။ ထိုအကောင်သာ သူတို့နှင့် ကူးပေါင်းပြီးပါက ညီမတော် လုရွှမ်းယင် သူမ၏ ဒေါသထွက်ပေါကိကို ရှာချင်တိုင်း သူတို့က သူအား ပစ်လွတ်၍ ရပေသည်။

ထိုအရာကို မြင်သော အချိန်တွင် ဇူထိုက်နှင့် လုယန်တို့၏ မျက်လုံးများထဲတွင် စိတ်ပျက်သွားဟန်များ ပေါ်လာခဲ့ပေသည်။

လုယန်က အေးစက်စက် မှတ်ချက်ချလိုက်သည် “သည်တစ်ခေါက် ချန်ပီယံက တကယ်ကို အားမာန်မရှိဘူးပဲ။ ဟမ်ံ။ အရင်တစ်ခေါက်က မျိုးဆက်က ချန်ပီယံ အကိုတော် ချူးချင်းဆိုရင် ရွေးချယ်ခံ ဆယ်ယောက်ရဲ့ ခေါင်းဆောင်ဖြစ်နေခဲ့ပြီ။”

“ဇူယွမ်က သူနဲ့ဆို တော်တော်ဝေးကွာတာပဲ။”

သူမက အကိုတော် ချူးချင်းအကြောင်းပြောနေချိန်တွင် သူမ၏ မျက်လုံးများမှာ ကြင်နာမြတ်နိုးမှုများကြောင့် တောက်ပနေပေသည်။

“မဆိုးဘူး မင်းရဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းက အတော်လေးကောင်းတယ်” ဝူဂန်းက ဇူယွမ်ကို ညွှန်ပြလိုက်ပြီး ခေါင်းညိတ်ကာ ပြုံးလျက် “ဒါဆိုရင် အနာဂါတ်မှာ…”

သို့သော်လည်း သူပြောနေစဉ်မှာပဲ ဇူယွမ်၏ အသံက ထပ်မံထွက်ပေါ်လာခဲ့သည်။

“ဒါပေမယ့် ဆရာလုရဲ့ လက်အောက်မှာ အရည်အချင်းနဲ့ ပါရမီများစွာ ရှိတဲ့ တပည့်တွေ များစွာ ရှိတဲ့အတွက်ကြောင့် အဲ့နေရာမှာ ကျွန်တော်က အသုံးမဝင်တဲ့ အလှဆင်မှု သက်သက်သာ ဖြစ်နေလိမ့်မယ်။ ဒါကြောင့်… အခြားသော အုပ်စုတွေကပဲ ကျွန်တော်နဲ့ ပိုပြီး သင့်လျှော်လိမ့်မယ်လို့ ကျွန်တော် ခံစားမိတယ်။”

ဝူဂန်း၏ အသံက တစ်ဝက်တစ်ပျက်တွင် ရပ်တန့်သွားခဲ့ပြီး သူက ဇူယွမ်အား လက်ညိုးထိုးလျက်ပင် ရှိနေကာ သူ၏ အမှုအယာမှာ တစ်စထက်တစ်စ တင်းမာလာခဲ့သည်။

အပိုင်း(၂၈၅) ရွှေရောင် ခါးစည်းတပည့်

ဇူယွမ်၏ အသံက ကွင်းပြင်တွင် နောက်တစ်ကြိမ် ပျံ့နှံ့လာချိန်၌ ပတ်ဝန်းကျင်ရှိ လေထုမှာ အေးခဲသွားခဲ့ပြီး သူ့အား တစ်ယောက်ပြီးတစ်ယောက်က ထိတ်လန့်စွာ ကြည့်လာခဲ့ကြသည်။

ဇူယွမ်အနေဖြင့် အခြားသော အဖွဲ့နှစ်ဖွဲ့ကို ရွေးချယ်လိမ့်မည်ဟု မည်သူမှ မမျှော်လင့်မိကြပေ…

တကယ်တော့ မူလသူတော်စင်တောင်ထွတ်မှ လက်ရှိ အုပ်စုသုံးခုတွင် လုဟုန်း၏ အုပ်စုမှာ အသာလွန်ဆုံး ဖြစ်သည်။

သို့သော်လည်း ထိုရွေးချယ်မှုသည် ဇူယွမ်ကိုယ်တိုင် အတွက်တော့ အံ့အောစရာ မဟုတ်ပေ။ အစကတည်းက သူအနေဖြင့် လုဟုန်း၏ အုပ်စုကို မရွေးချယ်ရန် ဆုံးဖြတ်ပြီးသား ဖြစ်သည်။

ဝူဂန်း၏ စကားလုံများနှင့် လုဟုန်း၏ အမှုမထားသော အကြည့်တို့မှ မရိုးဖြောင့်မှုကို သူ့အနေဖြင့် အနည်းငယ် ခံစားမိပေသည်။ ထိုအရာက သူနှင့် လုဖန်းနှင့် လုရွှမ်းယင်တို့ မောင်နှမနှစ်ယောက်အကြား၏ ဆက်ဆံရေး ကြောင့်ပင် ဖြစ်ပေလိမ့်မည်။

အကြီးအကဲ လုဟုန်းအနေဖြင့် ဝူဂန်းပြောသလို အမြင်ကျယ်ရန် မဖြစ်နိုင်ပေ။

ဇူယွမ်သာ လုဟုန်း၏ အဖွဲ့နှင့် ပူးပေါင်းလိုက်ပါက သူတွင်အဆုံးမဲ့သော ပြသာနာများ ရောက်လာမည်မှာ အသေအချာပင် ဖြစ်သည်။ ထိုအပြင် လုဖန်းနှင့် လုရွှမ်းယင်သာ သူ့အား လက်စားချေရန် ကြိုးပမ်းလာပါက သူတို့နှစ်ယောက်အား နှစ်သိမ့်နိုင်ရန် လုဟုန်းက သူ့ကို အလွယ်တကူ စွန်လွတ်လိုက်မည်သာ ဖြစ်သည်။

ထိုကြောင့် ဇူယွမ်အနေဖြင့် ထိုကဲ့သို့သော ပြသာနာများ ဒုက္ခများကို ရှောင်ရှားရန် လုဟုန်း၏ အဖွဲ့ကို ရွေးချယ်လိမ့်မည် မဟုတ်ပေ။ ထိုအပြင် မည်သည့်အဖွဲ့တွင် ပါဝင်သည်ဖြစ်စေ သူရရှိမည့် ထောက်ပံ့ရေး အရင်းအမြစ်များမှာ ကွဲပြားသွားလိမ့်မည် မဟုတ်ပေ။

အမှန်တိုင်းပြောရလျင် အနက်ဖော်သူတော်စင်စာလုံး ပိုင်ဆိုင်ခဲ့ကတည်းက ဇူယွမ်အနေဖြင့် မူလကျင့်စဉ် ကျင့်ကြံမှု နယ်ပယ်တွင် မည်သူ့လမ်းညွှန်မှုမှ မလိုအပ်တော့ချေ။

ဇူယွမ်၏ ငြင်းပယ်မှုက အကြီးအကဲစိန်းနှင့် အကြီးအကဲ လုစုန့်တို့၏ လက်အောက်မှ တပည့်များကိုလည်း အံ့အားသင့်စေခဲ့ပေသည်။ ဇူယွမ်၏ ရွေးချယ်မှုကား သူတို့ မျှော်လင့်ထားသည်ထက် သာလွန်နေပေသည်။

“သည် ညီတော်လေးက နည်းနည်းစိတ်ဝင်စားဖို့ ကောင်းတာပဲ” ဇူထိုက်က ပြုံးလိုက်ပြီး ဇူယွမ်ကို သဘောကျစွာဖြင့် ကြည့်လိုက်သည်။

လုယန်က သူမ၏ ပါးများကို ဖောင်းလာသည်အထိ လေမှုတ်ထုတ်လိုက်ပြီး မာနဝံ့နေသော မျက်နှာပေးလေးဖြင့် ပြောလိုက်သည် “သူ့မှာ အားမာန်နည်းနည်းတော့ ရှိသေးသားပဲ။”

ထိုအုပ်စု နှစ်ခုမှ အခြားသော တပည့်များကလည်း ဇူယွမ်ကို နွေးထွေးပြီး ကြိုဆိုသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

ထိုစဉ်တွင် အကြီးအကဲ လုဟုန်း၏ တပည့်များ၏ မျက်လုံးများထဲတွင် ရန်လိုမှုများ မြင့်တက်လာခဲ့ပြီး ဇူယွမ်အား အေးစက်စက် ဝိုင်းကြည့်လိုက်ကြသည်။ ဇူယွမ်၏ ငြင်းပယ်မှုက သူတို့အုပ်စုကို အရှက်ရစေပေသည်။

အထူးသဖြင့် ဝူဂန်းဖြစ်ပြီး ရှက်စိတ်နှင့် ဒေါသအကြားတွင် သူ၏ အမှုအယာမှာ လွန်စွာ ဆိုးရွားနေပေသည်။ အစောပိုင်းတွင် ဇူယွမ်က လိမ်မာပါးနပ်စွာဖြင့် သူတို့နှင့် ပူးပေါင်းရန် ရွေးချယ်လိမ့်မည်ဟု ထင်မိခဲ့ပေသည်။ ယခုချိန်တွင်တော့ အစေပိုင်းက သူ၏ စကားလုံးများမှာ ဟာသတစ်ခုအဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။

“မင်း…”

ဝူဂန်းက ဇူယွမ်ကို အေးစက်စက်စိုက်ကြည့်ကာ ပြောလိုက်သည် “ညီတော် ဇူယွမ် မင်းက တကယ်ကို အတင့်ရဲတာပဲ။ မင်းကိုမင်း တောင်ထွတ်ရွေးချယ်မှု အခမ်းအနားရဲ့ ချန်ပီယံဖြစ်တာနဲ့ပဲ မင်းမပါပဲနဲ့ ဆရာလုက ဘာမှ လုပ်လို့မရတော့ဘူးလို့ ထင်နေတာလား။”

“ချန်ပီယံတိုင်းက ကန်ရွှမ်းတောင်ထွတ်က အကိုတော်ချူးချင်းနဲ့တူမယ်လို့ မင်းတကယ်ထင်နေတာလား။ ” သူ၏ စကားလုံးများတွင် လှောင်ပြောင်မှုများ များစွာ ပါဝင်နေပေသည်။

ကန်ရွှမ်းကလန်တွင် များစွာသော တောင်ထွတ်ရွေးချယ်မှု အခမ်းအနားချန်ပီယံများ များစွာ ရှိပေသည်။ တကယ်တော့ မျိုးဆက်တစ်ဆက်တိုင်းတွင် တစ်ယောက်ပေါ်ထွက် စမြဲပင် ဖြစ်သည်။ သူတို့ထဲမှာပင် အံ့သြစရာကောင်းလောက်အောင် သာလွန်သော စွမ်းရည်များနှင့် အောင်မြင်နေသည့် တပည့်များ များစွာရှိသလို တစ်ချိန်တည်းမှာပဲ သာမန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည့် တပည့်များစွာ ရှိပေသည်။

ဇူယွမ်ကို အပြစ်ပြောပြီးနောက်တွင် ဝူဂန်း၏ လေသံမှာ တစ်ဖန်ပြန်လည် ပျော့ပျောင်းသွားပြန်သည် “ညီတော်ဇူယွမ်။ မင်းမှာ စွမ်းရည်အချို့ရှိပါတယ်။ ဒါပေမယ့် မင်းအရမ်းမစဉ်းစားပဲ မလုပ်ဖို့ ငါအကြံပြုချင်တယ်။ မင်းဒီအခွင့်အရေးကို မဖမ်းဆုပ်နိုင်ရင် အနာဂါတ်မှာ မင်းဒါအတွက် နောင်တရလိမ့်မယ်။”

ဇူယွမ်က ရယ်မောရုံသာ ရယ်မောလိုက်ပြီး ပြန်ပြောလိုက်သည် “ဆရာလုရဲ့အဖွဲ့က ကျွန်တော်နဲ့ တကယ် မသင့်လျှော်ပါဘူး။အကိုတော်ဝူဂန်း ဒီအကြောင်းကို ထပ်ပြီး မပြောပါနဲ့တော့။”

ဝူဂန်း၏ စကားလုံးများမှာ သူ့ကို လျှို့ဝှက်စွာ ပြသာနာ ရှာနေမှန်းသိသောကြောင့် ဇူယွမ်အနေဖြင့် လွန်စွာ မကြိုက်မနှစ်သက် ဖြစ်ရပေသည်။ ထိုကြောင့် သူ့အနေဖြင့် ကောင်းမွန်စွာ စကားပြန်ပြောလိုခြင်း မရှိပေ။

ဝူဂန်း၏ မျက်လုံးများမှာ ခက်ထန်သွားပြီး မကောင်းသော အငွေ့အသက်များက သူ့မျက်နှာပေါ်တွင် ပေါ်လာခဲ့သည်။

သူက နောက်ထက်တစ်ကြိမ်စကားပြောရန် ပြင်လိုက်စဉ်တွင် လုဟုန်း၏ မျက်လုံးများမှာ ပွင့်လာခဲ့တော့သည်။ ထိုနောက် သူက အမှုမထားဟန်ဖြင့် သူ၏လက်များကို ဝှေ့ယမ်းပြလိုက်သည်။ ထိုကြောင့် ဝူဂန်း၏ ပါးစပ်မှာ ပိတ်သွားခဲ့ပြီး ဇူယွမ်ကို အညှိးထားကာ ကြည့်လိုက်သည်။

လုဟုန်းက ဂရုမစိုက်သည့်ဟန်ဖြင့် ပြောသည် “မင်းက ဆန္ဒမရှိဘူးဆိုမှတော့လဲ ဒီကိစ္စကို မေ့လိုက်ကြတာပေါ့။ ငါတို့ကလည်း တောင်ထွတ်ရွေးချယ်မှု အခမ်းအနား ချန်ပီယံကို လိုအပ်နေတာမှ မဟုတ်တာ။”

ထိုနောက် သူက ဇူယွမ်ကို ဒုတိယအကြိမ် ထပ်၍ မကြည့်တော့ပေ။ သူ၏ အမြင်တွင် သူတို့နှင့် ပူပေါင်းခြင်းမရှိသည်က ကိုယ်ပိုင်အနာဂါတ်ကို ဖျက်ဆီးနေခြင်းမှသာဖြစ်ပေသည်။ အနာဂါတ်တွင် ဇူယွမ်အနေဖြင့် အခက်အခဲများကို ရင်ဆိုင်ရပါက သူဒီနေ့ ပြုမှုခဲ့သော အပြုအမှုမှာ မည်မျှပင် ရူသွပ်ကြောင်းကို နားလည်လာပေလိမ့်မည်။

ထိုအပြင် တောင်ထွတ်ရွေးချယ်မှု အခမ်းအနား၏ ချန်ပီယံဆိုသည်မှာ အပြင်ဘက်တောင်တပည့်များကြားမှ နံပါတ်တစ် တပည့်တစ်ယောက်မျှသာ ဖြစ်သည်။ အတွင်းတောင်တွင် သူ့အား အာရုံစိုက်မှု အနည်းငယ်သာ ရှိပေလိမ့်မည်။ ဇူယွမ်မှာလည်း မကြာမှီပင် ထိုအဓိပ္ပါယ်အား နားလည်လာလိမ့်မည်ဖြစ်သည်။

လုဟုန်းအနေဖြင့် မူလက ဒီတစ်ခေါက်၏ ချန်ပီယံကို အနည်းငယ် စိတ်ဝင်စားခဲ့သည်။ သည်ကောင်လေးကို စည်းရုံးသိမ်းသိမ်းနိုင်ခဲ့ပါက သူ့အား လုဖန်းနှင့် လုရွှမ်းယင်တို့ကို တောင်းပန်ခိုင်းပြီ သူ့အနေဖြင့် လမ်းညွှန်မှု ပေးနိုင်မည် ဖြစ်သည်။ သို့သော်လည်း ယခုကြည့်ရသည်မှာ ထိုသို့ဆောင်ရွက်ရန် မဖြစ်နိုင်တော့ပေ။

ဝူဂန်းက လုဟုန်း၏ အကျင့်စရိုက်ကို နားလည်ထားပေသည်။ ထိုပြင် သူ၏ စကားလုံးများနှင့် ဇူယွမ်၏ လုပ်ရပ်က ဆရာလုကို ပြောင်းလဲသွားစေကြောင်း သိပေသည်။ ထိုကြောင့် ဝူဂန်း၏ မျက်နှာတွင် ဝမ်းမြောက်သော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သို့သော်လည်း ဇူယွမ်အနေဖြင့် သူတို့ကို ဂရုစိုက်မနေပေ။ သူ၏ စိတ်နှလုံး အောက်ခြေမှနေ၍ပင် လုဟုန်းကို ကြိုက်နှစ်သက်ခြင်း မရှိပေ။ ထိုပြင် သူတို့အဖွဲ့နှင့် ပူးပေါင်းပြီးနောက်ပိုင်းတွင် မည်သို့သော ပြသာနာများ ရင်ဆိုင်ရမည်မှန်းလဲ သူမသိထားပေ။

ထိုကြောင့် သူ၏ အကြည့်ကို အကြီးအကဲ စိန်းထိုက်ယွမ်နှင့် အကြီးအကဲ လုစုန့်တို့ဆီသို့ ပြောင်းလိုက်ပြီး လက်သီးနှစ်ဖက်ကို ဆုပ်ကာ အရိုအသေပြုရင်း ပြောလိုက်သည် “သည်က တပည့်က အကြီးအကဲနှစ်ယောက်ရဲ့ လက်အောက်မှ လေ့ကျင့်ရဖို့ မျှော်လင့်ပါတယ်။”

စိန်းထိုက်ယွမ်နှင့် လုစုန်းတို့က အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် သူတို့၏ အမှုအယာများမှာ အနည်းငယ် ပျော့ပြောင်းသွားတော့သည်။ သူတို့အနေဖြင့် ဇူယွမ်က လုဟုန်းအား ငြင်းပါယ်လိမ့်မည်ဟု မထင်ထားခဲ့မိပေ။

စိန်းထိုက်ယွမ်၏ တင်းမာနေသော မျက်နှာမှာ ယခုအချိန်တွင် ပိုပြီး သက်သောင့်သက်သာ ဖြစ်နေခဲ့သည်။ သူက ပုံမှန်အားဖြင့် ရှေးရိုးစွဲသော သူတစ်ဦးဖြစ်သော်လည်း သူ၏ တပည့်များအပေါ်တွင်တော့ စိတ်အားထက်သန်စွာ ပြုမှု ဆက်ဆံခဲ့လေသည်။ ထိုကြောင့်များစွာသော တပည့်များက သူအား ရိုသေလေးစားပြီး ကြောက်ရွံ့ခဲ့ကြလေသည်။

သူက အကြီးအကဲ လုစုန့်ထံလှမ်းကြည့်ကာ မေးလိုက်သည် “အကြီးအကဲလုစုန့် ဘယ်လိုလုပ်မယ် စဉ်းစားထားလဲ။”

အကြီးအကဲ လုစုန့်က ရယ်မောကာ ပြောလိုက်သည် “တောင်ထွတ်ရွေးချယ်မှု အခမ်းအနားရဲ့ ချန်ပီယံဖြစ်တဲ့သူက ပုံမှန်အားဖြင့်သော ကောင်းမွန်တဲ့ ပျိုးပင်ကောင်းလေးပဲ။ သည်လိုအိုကြီးကလည်း စိတ်ဝင်စားပေမယ့် မင်းသိတဲ့အတိုင်း ငါက တော်တော်လေး စနောက်ကျီစယ်တတ်တဲ့ လူအိုကြီး တစ်ယောက်ပါ။ သည်ကောင်လေးသာ ငါနဲ့ အတူနေရင် အဆုံးမှာ အချိန်တွေ အလဟသ ဖြုန်းတီးသလို ဖြစ်နေလိမ့်မယ်။”

အကြီးအကဲ လုစုန့်အနေဖြင့် အကြီးအကဲ လုဟုန်း မူလသူတော်စင်တောင်ထွတ်သို့ ရွေးပြောင်းလာခြင်းကြောင့် အကြီးအကဲ စိန်းထိုက်ယွမ်မှာ စိတ်မချမ်းမသာ ဖြစ်နေကြောင်း သိပေသည်။ သို့သော်လည်း သူတို့၏ နှစ်ပေါင်းများစွာ မအောင်မြင်မှုကြောင့် စိန်းထိုက်ယွမ်က ကလန်ခေါင်းဆောင်နှင့် အခြားခေါင်းဆောင်ကြီးများ၏ အစီအစဉ်များကို လက်ခံရန်သာ တက်နိုင်ခဲ့သည်။

အကြီးအကဲ စိန်းထိုက်ယွမ်မှာ ရှေးရိုးစွဲသော လူကြီးတစ်ဦးဖြစ်သော်လည်း သူတွင်ရှိသော အရာအားလုံးကို သူ့တပည့်ဖြစ်လာသူများအတွက် ပေးဆပ်ခဲ့သည်။ သို့သော်လည်း အဓိကပြသာနာမှာ သူတို့၏ မူလသူတော်စင်တောင်ထွတ်သို့ ပါရမီရှိသော ပျိုးပင်ကောင်းလေးများ ရောက်မလာခြင်းပင် ဖြစ်သည်။ ထိုကြောင့် သူ၏ တပည့်များ အနေဖြင့် အခြားတော့ တောင်ထွတ်များကို မယှဉ်ပြိုင်နိုင်ခဲ့ပေ။

ယခု ချိန်တွင် တောင်ထွတ်ရွေးချယ်မှု အခမ်းအနား၏ ချန်ပီယံတစ်ဦး ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ထိုနောက် ထိုသူသည် လုဟုန်း၏ အုပ်စုကို ငြင်းပယ်ခဲ့သည့် အတွက်ကြောင့် စိန်းထိုက်ယွမ်၏ အမှုအယာမှာ တည်ငြိမ်နေသော်လည်းပဲ သူ၏ စိတ်ထဲတွင် လှုပ်ရှားနေပြီ ဖြစ်ကြောင်းကို လုစုန့် သိပေသည်။

လုစုန့်အနေဖြင့် စိန်းထိုက်ယွမ်မှာ မည်သည့်အခါတွင်မှ အရှုံးမပေးပဲ လုဟုန်းနှင့် ယှဉ်ပြိုင်ရန် ကြိုးစားနေမည် ဖြစ်ကြောင်းကိုလဲ သိပေသည်။

“ဒါကြောင့်မလို့ ဒီကောင်လေးက အကြီးအကဲ စိန်းရဲ့ အနေအထားနဲ့ပဲ ပိုပြီးသင့်လျှော်မယ်လို့ ငါယုံကြည်တယ်။” လုစုန့်က ပြုံးလျက်ပြောလိုက်သည်။

စိန်းထိုက်ယွမ်၏ မျက်ခုံးများမှာ လှုပ်ရှားသွားသော်လည်း သူ၏ မျက်နှာမှာ မထုံတတ်သေး အမှုအယာနှင့်သာ ကျန်ရှိနေပေသေးသည်။ သူက ခဏမျှ တိတ်ဆိတ်နေပြီးနောက် လုစုန့်ကို ခေါင်း ညိမ့်ပြလိုက်သည်။

စိန်းထိုက်ယွမ်က ဇူယွမ်ကို လှမ်းကြည့်လိုက်ပြီး ညင်သာသော အသံဖြင့်ပြောလိုက်သည် “သည်လိုဆိုမှတော့။ ဒီနေ့ပဲ မင်းငါတို့နဲ့ ပူးပေါင်းလိုက်တော့။ ငါမင်းကို ညွှန်ကြားပေးမယ်။”

ဇူယွမ်က လက်နှစ်ဖက်ကို ဆုပ်ကာ အကြီးအကဲ စိန်းထိုက်ယွမ်အား အရိုအသေပြုလိုက်သည်။

ထိုမြင်ကွင်းကို ကြည့်ရင်း စိန်းထိုက်ယွမ်၏ တင်းမာနေသော မျက်နှာပေါ်၌ နောက်ဆုံးတွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ရွှေရောင်အလင်းတန်းတစ်ခုက ဇူယွမ်ထံသို့ ပျံသန်းသွားပြီး ရွှေရောင်ခါးစည်းစအဖြစ် ပြောင်းလဲသွားတော့သည်။

မှိတ်ပျပြီး ခက်ခဲရှုပ်ထွေးသော မှော်စာလုံးများက ရွှေရောင်ခါးစည်းအဝတ်ပေါ်တွင် ရေးထိုးထားပြီး ပတ်ဝန်းကျင်ရှိ မူလချီများကို စုဝေးဟေနေပေသည်။ ထိုအရာက သိသာစွာပင် မူလချီစုဝေးမှု မှော်စာလုံး အမျိုးအစားဖြစ်ပြီး ထောက်ပံရေး မူလရတနာတစ်မျိုး ဖြစ်ပေသည်။

“တောင်ထွတ်ရွေးချယ်မှု အခမ်းအနားရဲ့ ချန်ပီယံတစ်ယောက် ဖြစ်တဲ့မင်းကို ရွှေရောင်ခါးစည်းအဝတ် အပ်နှင်းလိုက်တယ် ” အကြီးအကဲ စိန်းထိုက်ယွမ်၏ အသံတွင် ကြင်နာမှုများ အပြည့်ပါဝင်နေပေသည်။

“ကျေးဇူးတင်ပါတယ် ဆရာစိန်း။”

များစွာသော မနာလိုအားကျနေသည့် အကြည့်များအောက်တွင် ဇူယွမ်က ရွှေရောင်ခါးစည်းစကို လက်ခံလိုက်လေသည်။ ယခုတွင် သူ့အနေဖြင့် ကန်ရွှမ်းကလန်၏ တရားဝင် ရွှေရောင်ခါးစည်းအဆင့် အတွင်းတောင်တပည့် ဖြစ်ပြီမှန်း သိလိုက်ပေသည်။


Comment

Leave a Reply


Options

not work with dark mode
Reset