ထိုလူငယ်လေး စကားပြောလိုက်သည်နှင့် တစ်ပြိုင်နက် ဝမ်ပေါင်လဲ့၏ ပျော်ရွှင်မှုများမှာ ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားသည်။ ထိုခံစားချက်မှာ နေချစ်ချစ်တောက်ပူနေသော နေ့တစ်နေ့တွင် ဝိညာဉ်ရေခဲရေဘူးတစ်ဘူးကို ရှာတွေ့လိုက်ပါသော်လည်း ထိုရေဘူးထဲတွင် ယင်ကောင်တစ်ကောင် ဝင်နေသည်ကို မြင်လိုက်ရသည့် ခံစားချက်နှင့် ဆင်တူ၏။
ဝမ်ပေါင်လဲ့မှာ ထိုလူငယ်လေးအား ချက်ချင်းပင် စိန်းစိန်းဝါးဝါး စိုက်ကြည့်ရန် ပြင်လိုက်၏။ သို့သော် နောက်ဆုံးတွင်မူ သူသည် သက်ပြင်းတစ်ချက်သာ ချလိုက်သည်။ သူသည် လူကြီးလူကောင်းတစ်ယောက်ကဲ့သို့ ပြုမူသင့်ကြောင်း သတိရသွားသောကြောင့် မည်သည့်စကားမှမပြောဘဲ မျက်မှောင်သာကြုတ်လိုက်သည်။
ဘန်နီလေးမှာလည်း မျက်မှောင်ကြုတ်နေ၏။ သို့သော် သူမမှာ ယခုကဲ့သို့သော ဖြစ်ရပ်များနှင့် ကြုံဖူးသည့်ဟန် ရှိသောကြောင့် ဟန်အမူရာ ပျက်မသွားဘဲ ပြန်ပြောလိုက်သည်။
” ငါတို့တွေ တစ်ခါမှလည်း မတွေ့ဖူးသလို ငါကလည်း နင်နဲ့ ရင်းနှီးကျွမ်းဝင်ချင်တဲ့စိတ် မရှိဘူး ဟုတ်ပြီလား ”
သူမမှာ ခပ်ပြတ်ပြတ်ပင် ငြင်းဆန်လိုက်၏။ ထိုသို့ဆိုလိုက်ပြီးနောက် သူမသည် ထိုလူငယ်လေးကို ဂရုစိုက်မနေတော့ဘဲ ဝမ်ပေါင်လဲ့ကို ဆွဲခေါ်၍ ရှေ့သို့သာ ဆက်၍လျှောက်သွား၏။
ဝမ်ပေါင်လဲ့ စိတ်ကွက်သွားမည် စိုးသောကြောင့် ကျိုးရှောင်ရမှာ စိုးထိတ်နေသည့် အမူအရာဖြင့် ရှင်းပြလိုက်သည်။
” အစ်ကိုပေါင်လဲ့ … စိတ်မဆိုးပါနဲ့နော်။ ညီမ သူ့ကို တကယ်မသိတာပါ ”
ဝမ်ပေါင်လဲ့မှာ သူမ၏စကားများကြောင့် ချက်ချင်းပင် စိတ်အေးသွားရပါသော်လည်း သူ၏ပုံရိပ်ကို ထိန်းသိမ်းလိုသောကြောင့် လူကြီးလူကောင်းဆန်သည့် အမူအရာဖြင့် ပြုံးကာ ပြန်ပြောလိုက်၏။
” ဘာလို့ အစ်ကိုက စိတ်ဆိုးရမှာလဲ။ အစ်ကို့ရဲ့ ရှောင်ရလေးက ဆွဲဆောင်မှုရှိလို့ ဒီလိုတွေ ဖြစ်လာရတာပဲကို ”
ဝမ်ပေါင်လဲ့၏ စကားကို ကြားလိုက်ရသောအခါ ကျိုးရှောင်ရမှာ ချက်ချင်းပင် စိတ်ကျေနပ်သွားပြီး သူမ၏အပြုံးမှာလည်း ပို၍ပင် လှပလာတော့သည်။ နေဝင်ဆည်းဆာအောက်တွင် သူမသည် ဝမ်ပေါင်လဲ့နှင့်အတူ လမ်းလျှောက်ရင်း ထိုအချိန်ထဲတွင် ထာဝရ ရှိနေချင်သောကြောင့် သူတို့လျှောက်နေသည့် လမ်းမှာ ပုံမှန်ထက် ပို၍ရှည်လျားနေစေရန် ဆုတောင်းမိနေတော့သည်။
ဝမ်ပေါင်လဲ့မှာလည်း ပျော်ရွှင်နေ၏။ သူသည် သူကိုယ်တိုင်ကလည်း ဆွဲဆောင်မှုရှိသေးသည်ဟု ယူဆထားသောကြောင့် ကြွားလုံးထုတ်ရန် ပြင်လိုက်စဉ်မှာပင် ထိုပိန်ပိန်ပါးပါးလူငယ်လေးမှာ သူတို့၏ဘေးသို့ နောက်ထပ်တစ်ကြိမ် ရောက်လာပြန်သည်။
” ညီမလေး … ညီမလေး၊ အစ်ကို့မှာ ညီမအတွက် လက်ဆောင်တစ်ခု ပေးစရာရှိတယ်။ ညီမလေး လက်ခံမလား ”
ထိုလူငယ်လေးမှာ သူတို့ကိုမီအောင် ပြေးလိုက်လာရင်း ဟောဟဲလိုက်နေ၏။ ထို့ကြောင့် သူ၏ ရှေးဟောင်းသိုင်းအဆင့်မှာ မြင့်မားခြင်းမရှိကြောင်း သိနိုင်သည်။ သို့သော် သူ၏မျက်ဝန်းများမှာ အရောက်တလက်လက် တောက်ပနေပြီး ဝမ်ပေါင်လဲ့ကို လုံးဝဂရုမစိုက်ဘဲ ဘန်နီလေးကိုသာ စိုက်ကြည့်နေသည်။
ထိုအခြင်းအရာကြောင့် ဝမ်ပေါင်လဲ့မှာ ဒေါသအမျက်ချောင်းချောင်း ထွက်သွားရသည်။ ထို့ကြောင့် သူသည် လူကြီးလူကောင်းတစ်ယောက်၏ ဟန်ပန်အမူအရာများကို ချက်ချင်းပင် မေ့ပျောက်သွားတော့သည်။ ဘန်နီလေးမှာ စကားတစ်ခွန်းမှ မပြောနိုင်ခင် ဝမ်ပေါင်လဲ့က ထိုလူငယ်လေးအား ဒေါသတကြီး စိုက်ကြည့်လိုက်၏။
” ဘယ်လိုအဓိပ္ပါယ်မရှိတဲ့ စကားလဲကွ။ သူက မလိုချင်ဘူးတဲ့။ နားလည်လား။ လက်မခံဘူးတဲ့ဟေ့ ”
ဝမ်ပေါင်လဲ့က ဒေါသတကြီး ပြန်ပြောလိုက်ပြီး ဘန်နီလေးကို သူနှင့်အတူ ဆွဲခေါ်သွားလိုက်သည်။
ပိန်ပါးပါးနှင့် လူငယ်လေးမှာ ထိုအချိန်မှသာ ဝမ်ပေါင်လဲ့ ရှိနေသည်ကို သတိထားမိသွားဟန်တူသည်။ သူသည် ဝမ်ပေါင်လဲ့မှာ မည်သူမည်ဝါဖြစ်ကြောင်း သိပ်၍ ဂရုစိုက်မနေဘဲ သူ့အား ဒေါသတကြီးနှင့် ပြန်၍ စိုက်ကြည့်လိုက်သည်။
ဝမ်ပေါင်လဲ့မှာမူ ထိုလူငယ်လေး၏ ဒေါသမီးများ တောက်လောက်နေသော အကြည့်ကို လျစ်လျူရှုလိုက်၏။ ထို့နောက် သူသည် ဘန်နီလေးကို ဆွဲခေါ်သွားတော့သည်။ ဘန်နီလေးမှာမူ ထိုလူငယ်လေး ပြောခဲ့သော လက်ဆောင်အကြောင်းကို သိချင်နေ၏။
” သူက တော်တော်ကို စိတ်ရှုပ်ဖို့ကောင်းတာပဲ။ ညီမက သူ့ကို မသိပါဘူးလို့ ပြောပြီးတာတောင် သူက ညီမကို လက်ဆောင်တစ်ခု ပေးချင်နေတုန်းပဲ ”
” အဲ့လက်ဆောင်က ဘာဖြစ်ရမှာလဲကွာ။ သူကိုယ်တိုင်က လက်ဆောင်ဆိုပြီးတော့ သူက ပြန်ပြောမှာ သေချာတယ်။ အစ်ကိုက ခြောက်နှစ်သားကတည်းက အဲ့လိုအကွက်တွေသုံးပြီး ကိုယ့်ကိုယ်ကို ‘ လက်ဆောင် ‘ ဆိုပြီး လုပ်ခဲ့တာ အခေါက်ပေါင်း မနည်းတော့ဘူး။ ဟွန်း … သူက ဒီလို အပေါစား အကွက်တွေလောက်ပဲ သုံးတတ်တာကို အစ်ကိုနဲ့ ယှဉ်နိုင်လိမ့်မယ်လို့ ထင်နေသေးတယ် ”
ဝမ်ပေါင်လဲ့မှာ မောက်မာဝင့်ကြွားစွာ ဆိုလိုက်ပြီး စိုက်ကြည့်နေလိုက်၏။
ဘန်နီလေးမှာမူ မျက်လုံးများပြူးသွားပြီး ဝမ်ပေါင်လဲ့၏ စကားများကြောင့် အံ့သြတုန်လှုပ်ရသွားရသဖြင့် အနည်းငယ်ခန့် မူးဝေဝေ ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ အချိန်အနည်းငယ်ကြာမှသာ သူမမှာ အသိစိတ် ပြန်ဝင်လာပြီး ဝမ်ပေါင်လဲ့မှာ သူမ၏လက်အား ဆုပ်ကိုင်ထားသည်ကို သတိထားမိလိုက်သဖြင့် ရှက်သွေးဖြာသွားတော့သည်။ သူမ၏ နှလုံးသားထဲတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားပြီး သူတို့အတွဲမှာ နေဝင်ချိန်ဆည်းဆာ၏ အောက်ရှိ သူတို့၏ ပျော်ရွှင်ကြည်နူးဖွယ်ရာ ခရီးလမ်းကြီးကို ဆက်၍ လျှောက်သွားကြပြန်သည်။
သို့သော် သိပ်မကြာခင် ထိုပိန်ပိန်ပါးပါး လူငယ်လေးမှာ ငြင်းဆန်မှုကို မမှုသည့် အမူအရာဖြင့် ပြန်၍ပေါ်လာပြန်သည်။ ယခုအကြိမ်တွင်မူ သူသည် နေရာတစ်နေရာမှ တောရိုင်းပန်းအချို့ကို ခူးကာ ပန်းစည်းတစ်စည်းအဖြစ် ယူဆောင်လာ၏။ သူသည် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဘန်နီလေး၏ရှေ့တွင် ဒူးထောက်ချလိုက်ပြီး ရိုးသားသော မျက်ဝန်းများဖြင့်ကြည့်ကာ ဆိုလိုက်၏။
” ညီမလေး ယုံချင်ယုံ။ မယုံချင်နေပါ။ အစ်ကိုက ညီမကို မြင်မြင်ချင်း ချစ်မိသွားခဲ့တာ။ ညီမက အစ်ကိုသဘောကျတဲ့ ပုံစံနဲ့ တထေရာထဲပဲ။ ကျေးဇူးပြုပြီးတော့ အစ်ကို့ရဲ့ အချစ်တွေကို လက်ခံပေးပါ။ အစ်ကိုက ညီမရဲ့လက်ကို ဆုပ်ကိုင်ပြီးတော့ ညီမရဲ့ဘေးမှာ တစ်ဘဝလုံးစာ ရှိနေဖို့ အဆင်သင့်ဖြစ်နေပြီ ”
ထိုမြင်ကွင်းကြောင့် ဘန်နီလေးမှာ မှင်တက်သွားရတော့သည်။ သူမမှာ မကြာခဏဆိုသလို သူမအား လာရောက်ပိုးပန်းသည့် သူများနှင့် ကြုံရပါသော်လည်း ထိုလူငယ်လေးလောက် ဇွဲနပဲကြီးသူတစ်ယောက်နှင့် လုံးဝ မကြုံခဲ့ဘူးပေ။
ထိုအချိန်တွင် ကျောင်းသားများစွာက ဘေးမှ ဖြတ်သွားကြရင်း ထိုမြင်ကွင်းကို သတိထားမိသွားကြပြီး ဝမ်ပေါင်လဲ့အား မြင်လိုက်ရသောအခါ ပွဲကြည့်ရန် ရပ်တန့်သွားကြ၏။
ဝမ်ပေါင်လဲ့မှာမူ သူ၏ရှေ့တွင် မြင်နေရသော မြင်ကွင်းကြောင့် ဒေါသအမျက်ချောင်းချောင်း ထွက်သွားသဖြင့် ချက်ချင်းပင် ရှေ့သို့လှမ်းလာပြီး ထိုပိန်ပိန်ပါးပါး လူငယ်လေးအား ဘေးဘက်သို့ တွန်းထုတ်လိုက်၏။
” မင်းက ပြဿနာရှာနေတာလားကွ ”
ထိုလူငယ်လေးမှာ လဲကျသွားရာမှ ပြန်ထလာပြီးနောက် နောက်သို့ဆုတ်သွား၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား ဒေါသတကြီး စိုက်ကြည့်ကာ လေသံတိုးတိုးဖြင့် ဆိုလိုက်သည်။
” ငါက တာအိုအလင်းဆောင်ဌာနကနော် ”
” မင်းက တာအိုအလင်းဆောင်ဌာနကဆိုတော့ ငါက ဘာလုပ်ရမှာလဲ။ ငါက ဓမ္မလက်နက်ဌာနက သုံးထပ်ကွမ်းကျောင်းသားခေါင်းဆောင်ကွ ”
ဝမ်ပေါင်လဲ့မှာ ထိုလူငယ်လေးက သူတို့၏ နောက်ခံအင်အားများကို ယှဉ်ပြိုင်ချင်နေသည်ဟု ခံစားလိုက်ရသဖြင့် မောက်မာဝင့်ကြွားစွာဖြင့် ပြန်ပြောလိုက်သည်။
ထိုပိန်ပါးပါး လူငယ်လေးကမူ ဝမ်ပေါင်လဲ့၏စကားကို ကြားလိုက်ရသည့်တိုင်အောင် အလျှော့ပေးမည့် အနေအထားတွင် မရှိပေ။ ထို့အပြင် သူသည် ဒေါသထွက်ကာ သွေးကြောကြီးများ ထောင်မတ်လာပြီး အသံအကျယ်ကြီးဖြင့် အော်ပြောလိုက်၏။
” ငါက တာအိုဉာဏ် အလင်းပွင့်နေတာကွ ”
” မင်းကြီးတော်ကြီးကို တာအိုဉာဏ် အလင်းပွင့်ပါလား ”
ဝမ်ပေါင်လဲ့မှာ လုံးဝ စိတ်မရှည်တော့သောကြောင့် ချက်ချင်းပင် ထိုလူငယ်လေးအား လက်ဝါးဖြင့် လှမ်း၍ရိုက်လိုက်သည်။ သို့သော် သူသည် အားအကုန်ထုတ်မသုံးခဲ့ပေ။ ထို့ကြောင့် သူသည် အလွန် မခံမရပ်နိုင်အောင် ဖြစ်နေပါသော်လည်း ထိုလူငယ်လေးကို နောက်သို့ ခြေလှမ်းအနည်းငယ်လောက်သာ လွင့်ထွက်သွားအောင် တွန်းထုတ်လိုက်၏။ ထို့နောက် သူသည် အံ့ဩတုန်လှုပ်နေဆဲဖြစ်သော ဘန်နီလေး၏လက်ကိုဆွဲကာ ထွက်ခွာရန်ပြင်လိုက်၏။
သို့သော် ထိုလူငယ်လေးကမူ ဝမ်ပေါင်လဲ့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ပြီးနောက် အသံအကျယ်ကြီးဖြင့် ရယ်မောကာ ထွက်ခွာသွားတော့သည်။
ထိုအချိန်တွင်မူ ဘေးနားမှ ကြည့်နေကြသူများမှာ ထိုပိန်ပါးပါးလူငယ်လေး၏ ရယ်မောသံကို ကြားလိုက်ရပြီးနောက် အံ့ဩတုန်လှုပ်သွားကြ၏။ လူအများစုမှာဆိုလျှင် ပင့်သက်များ ရှိုက်မိသွားကြပြီး ဆွံ့အသွားကြတော့သည်။
” တာအိုအလင်းဆောင်ဌာနဆိုပါလား။ ဝမ်ပေါင်လဲ့ကတော့ ဒီတစ်ခေါက် ပြဿနာတက်ပြီဟေ့ ”
” ဘုရားရေ။ ပုံမှန်ဆိုရင် တာအိုအလင်းဆောင်ဌာနက လူတွေက ငါက တာအိုအလင်းေဆာင်တောင်အပြင်ဘက်ကို သိပ်ထွက်လေ့ မရှိတာမလို့ ငါတို့တွေက သူတို့ဌာနကလူတွေကို သိပ်မတွေ့ရတာ။ အဲ့ဌာနက လူတွေကို စော်ကားမိလို့မဖြစ်ဘူး။ သူတို့တွေက ဘာလုပ်လုပ်၊ ဘယ်နေရာသွားသွား ‘ ငါက တာအိုဉာဏ် အလင်းပွင့်နေတာ ‘လို့ အော်လိုက်ရုံနဲ့ ဘယ်သူကမှ သူတို့ကို ဘာမှလုပ်လို့မရတော့ဘူးလို့ ပြောကြတာ ငါ ကြားဖူးတယ်။ ဘာလို့လဲဆိုတော့ အဲ့စကားက သူတို့လေ့လာရတဲ့ ပညာရပ်တွေထဲက တစ်ခုဖြစ်နေလို့ပဲ ”
” တာအိုအလင်းဆောင်ဌာနမှာက စာမသင်ရဘူးလေ။ အဲ့ဌာနက ကျောင်းသားတွေအားလုံးက သူတို့ကိုယ်သူတို့ ဉာဏ်အလင်းပွင့်လာအောင် ကြိုးစားရုံပဲ။ သူတို့က အဆင့်နိမ့်ကျွန်းပေါ်မှာရှိတဲ့ ဘယ်နေရာကိုမဆို ဆန္ဒရှိသလို ဝင်ထွက်သွားလာခွင့် ရှိတယ် ”
” ကျောင်းရဲ့ စည်းမျဉ်းစည်းကမ်းတွေက သူတို့အပေါ်မှာ အသုံးမဝင်ဘူး။ သူတို့က တာအိုဉာဏ်အလင်းပွင့်နေတယ်လို့ ပြောလိုက်ရုံနဲ့ ဘယ်ပြဿနာကိုမဆို ဖြေရှင်းနိုင်စွမ်း ရှိတယ်လေ ”
ဘေးနားတစ်ဝိုက်မှ လူများ၏ တအံ့တဩဖြစ်နေကြသော စကားသံများကို ဝမ်ပေါင်လဲ့နှင့် ဘန်နီလေးတို့က ကြားလိုက်ရသည်။ ထိုအခါ ဘန်နီလေး၏ အမူအရာမှာ ချက်ချင်းပင်ပြောင်းလဲသွားပြီး သူမသည် စိုးရိမ်သွား၏။
” အစ်ကိုပေါင်လဲ့။ သူက တာအိုအလင်းဆောင်ဌာနကတဲ့…. ”
” တာအိုအလင်းဆောင်ဌာနလေးပါပဲကွာ။ ဘာလုပ်ရမှာလဲ ”
ဝမ်ပေါင်လဲ့မှာလည်း အံ့အားသင့်နေ၏။ သူသည် လွန်ခဲ့သော တစ်နှစ်အတွင်း သူ၏အချိန်အများစုကို တံခါးပိတ် လေ့ကျင့်ခြင်းနှင့် ရာထူးတက်အောင် လုပ်ခြင်းတို့ထဲတွင် နှစ်မြုပ်ထားခဲ့သည်။ ပြည်ထောင်စုဥက္ကဋ္ဌဟောင်းမှာ တာအိုအလင်းဆောင်ဌာနမှ ပေါ်ထွက်လာခဲ့ခြင်းဖြစ်ပြီး တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများမှာ နေ့စဉ်နေ့တိုင်း ဉာဏ်အလင်းပွင့်အောင် ကြိုးစားကြသည်ဖြစ်ကြောင်း သူက ခပ်ရေးရေးမျှ နားလည်ထားသည်ဖြစ်၍ သူတို့ကို အနည်းငယ်ခန့် မနာလို ဖြစ်နေသည့်တိုင်အောင် လက်ရှိအခြေအနေတစ်ခုလုံးကို နားမလည်နိုင်ပေ။
ယခုတွင်မူ သူသည် ဘေးနားတစ်ဝိုက်မှ လူများ၏ စကားသံများကိုကြားနေရပါသော်လည်း လေသံတိုးတိုးဖြင့်သာ နှာမှုတ်လိုက်ပြီး ခေါင်းထဲ ထည့်မနေခဲ့ပေ။ ဝမ်ပေါင်လဲ့က ဘန်နီလေးအား မှော်ဆေးရည်ဌာနသို့ ပြန်လိုက်ပို့သည့် လမ်းတစ်လျှောက် ဘန်နီလေးမှာ စိတ်ပူနေဆဲပင်။ သို့သော် ဝမ်ပေါင်လဲ့၏ တည်ငြိမ်နေသော အမူအရာကို မြင်လိုက်ရသဖြင့် သူမမှာ အနည်းငယ် စိတ်အေးသွား၏။
ဘန်နီလေး တောင်ပေါ်တက်သွားသည်ကို မြင်လိုက်ရပြီးနောက် ဝမ်ပေါင်လဲ့မှာ နောက်သို့လှည့်၍ ဓမ္မလက်နက်ဌာနသို့ ပြန်ရန် ပြင်လိုက်၏။ သူသည် အိမ်ပြန်လမ်းပေါ်တွင် တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားအကြောင်းကို ပြန်၍ အမှတ်ရသွားသောကြောင့် သူ၏ အသံလွှင့်လက်စွပ်ကို ဖွင့်ကာ လျှိုတောက်ပင်းအား တာအိုအလင်းဆောင်ဌာနအကြောင်း မေးမြန်းလိုက်၏။
လျှိုတောက်ပင်းမှာ တာအိုအလင်းဆောင်ဌာနနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ဝမ်ပေါင်လဲ့ဆီသို့ ချက်ချင်းပင် ပေးပို့လိုက်သည်။ ဝမ်ပေါင်လဲ့မှာမူ လျှိုတောက်ပင်း ပေးပို့လိုက်သော သတင်းအချက်အလက်များကို ဖတ်ရှုပြီးနောက် လမ်းလျှောက်နေရာမှ ရပ်တန့်သွား၏။
” တာအိုအလင်းဆောင်ဌာနဆိုတာ ဒါလား ”
လျှိုတောက်ပင်း ပေးပို့ခဲ့သည့် အချက်အလက်များထဲတွင် တာအိုအလင်းဆောင်ဌာနအား ကောင်းကင်တာအိုကျောင်း၏ အဆင့်နိမ့်ကျွန်းတွင် အင်အားအနည်းဆုံးဌာနဟု သတ်မှတ်နိုင်သည်ဟု ဖော်ပြထားသည်။ သို့သော် တချို့သော အခန်းကဏ္ဍများတွင်မူ ၎င်းတို့ကို အင်အားအကြီးဆုံး ဌာနအဖြစ် သတ်မှတ်နိုင်ပေသည်။ ထိုဌာနမှ ကျောင်းသားများမှာ သူတို့၏ အချိန်အများစုကို ကဗျာများရွတ်ဖတ်ကာ အရက်များသောက်သုံးရင်း ကုန်ဆုံးလေ့ရှိကြသည်။ သူတို့မှာ ဆန္ဒရှိသောအချိန်မှသာ တာအိုဉာဏ် အလင်းပွင့်ရန် ကြိုးစားကြသည်။
သူတို့တွင် ဆိုရိုးစကားတစ်ခုရှိ၏။ ၎င်းမှာ ” ကောင်းကင်ဘုံနှင့် ကမ္ဘာကြီးတို့ရဲ့ဆရာ … သင်တို့ရဲ့ ဆရာတွေက ရိုးရိုးလူသားတွေ ဖြစ်ပေမယ့် ငါတို့ရဲ့ဆရာက ကောင်းကင်ဘုံနဲ့ ကမ္ဘာကြီးပဲ။ အဲဒီတော့ ငါတို့တွေက ဘယ်နေရာမှာမဆို တာအိုဉာဏ် အလင်းပွင့်အောင် ကြိုးစားနိုင်စွမ်းရှိတယ် ”
” ဒီဌာနက အသက်သေမယ့်အချိန်ကို စောင့်ပြီးတော့ ကိုယ့်ရဲ့ဘဝကို ဖြုန်းတီးတဲ့လူတွေရဲ့ ဌာနပဲ ”
ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်သွားရပါသော်လည်း ထိုကိစ္စနှင့် ပတ်သက်၍ အလွန်အမင်း ပူပန်နေခြင်းမရှိပေ။ ထို့ကြောင့် သူသည် ဓမ္မလက်နက်ဌာနရှိ သူ၏ နတ်ဝိဇ္ဇာဂူသို့ ပြန်ရောက်သောအခါ ထိုအကြောင်းကို မေ့ထားလိုက်တော့သည်။
ထိုညမှာ အေးအေးလူလူနှင့် ကုန်ဆုံးသွား၏။
သို့သော် နောက်နေ့ အရုဏ်တက်ချိန်သို့ ရောက်သွားပြီး ဝမ်ပေါင်လဲ့တစ်ယောက် သူ၏ နတ်ဝိဇ္ဇာဂူ အပြင်ဘက်သို့ မထွက်နိုင်ခင်မှာပင် လျှိုတောက်ပင်းက စိုးစိုးထိတ်ထိတ်နှင့် ပေးပို့လိုက်သော အသံလွှင့် အကြောင်းကြားစာတစ်ခုကို ရရှိလိုက်သည်။
” ကျောင်းသားခေါင်းဆောင်ရေ။ ပြဿနာတော့ တက်ပြီဗျ။ ကျောင်း…. ကျောင်းသားခေါင်းဆောင်ရဲ့…. နတ်ဝိဇ္ဇာဂူ အပြင်ဘက်မှာ…. ”
” ငါ့ရဲ့ နတ်ဝိဇ္ဇာဂူ အပြင်ဘက်မှာ ဟုတ်လား ”
ဝမ်ပေါင်လဲ့မှာ ဝေခွဲမရဖြစ်ကာ အံ့ဩမှင်တက်သွားသဖြင့် မတ်တတ်ထလာပြီး နတ်ဝိဇ္ဇာဂူတံခါးကို ဖွင့်လိုက်၏။ သူသည် အပြင်ဘက်သို့ ခြေလှမ်းလှမ်းလိုက်သည်နှင့် တစ်ပြိုင်နက် နတ်ဝိဇ္ဇာဂူ အပြင်ဘက်တွင် တာအိုဝတ်ရုံများ ဆင်မြန်းထားကြသည့် ကျောင်းသား ခုနစ်ယောက် ရှစ်ယောက်ခန့် တရားထိုင်နေကြသည်ကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားပြီး ကြက်သေသေသွားရတော့သည်။ ဝမ်ပေါင်လဲ့ အပြင်ဘက်သို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် သူတို့အားလုံးမှာ သူ့အား ချက်ချင်းပင် စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ကြ၏။
ထို ခုနစ်ယောက်ရှစ်ယောက်ခန့်ရှိသော ကျောင်းသားများထဲမှ တစ်ယောက်မှာ မနေ့က ဘန်နီလေးကို ချစ်ရေးဆိုခဲ့သည့် လူငယ်လေး ဖြစ်နေသည်။
ဝမ်ပေါင်လဲ့မှာ ထိုကျောင်းသားများကြောင့် အံ့အားသင့်သွားရပြီး သူတို့အား ပြန်၍စိုက်ကြည့်လိုက်သည်။
” မင်းတို့အားလုံး ဘာလုပ်နေကြတာလဲကွ။ ဒါက ဓမ္မလက်နက်ဌာနနော် ”
” ငါတို့က တာအိုဉာဏ် အလင်းပွင့်နေတာ ”
ထိုကျောင်းသားများအားလုံးမှာ အသံအကျယ်ကြီးဖြင့် ပြိုင်တူအော်ပြောလိုက်ကြသည်။ သူတို့အားလုံးမှာ အံများကြိတ်၍ ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေကြပြီး တိုက်ခိုက်ခံရလျှင်တောင် တာအိုဉာဏ် အလင်းပွင့်သော နည်းလမ်းဖြင့် သူ့အား ဒေါသထွက်လာအောင်လုပ်ရန် ဆုံးဖြတ်ထားကြသည်။
” ကျပ်မပြည့်တဲ့ ကောင်တွေပဲ ”
ဝမ်ပေါင်လဲ့မှာ ဒေါသအမျက်ချောင်းချောင်း ထွက်နေတော့သည်။ သူသည် ထိုကိစ္စအကြောင်း တွေးပူမနေရန် ဆုံးဖြတ်လိုက်ပြီး ဝိညာဉ်ဒယ်အိုးဂူဆီသို့ လမ်းလျှောက်သွားရန် ပြင်လိုက်သည်။ သို့သော် သူ ခြေလှမ်း လှမ်းလိုက်သည်နှင့် တစ်ပြိုင်နက် တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများအားလုံးမှာ မတ်တတ်ထလာကြပြီး သူ၏နောက်မှ လိုက်လာကြ၏။
အစပိုင်းတွင် ဝမ်ပေါင်လဲ့မှာ သိပ်၍ ဂရုမစိုက်ပါသော်လည်း သိပ်မကြာခင် သူ လုံးဝ သည်းမခံနိုင်တော့ပေ။ သူ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ထိုအဖွဲ့မှာ သူ၏နောက်မှကပ်၍ လိုက်လာကြ၏။ သူသည် ဝိညာဉ်ဒယ်အိုးဂူထဲသို့ ဝင်သွားလျှင်တောင် သူတို့မှာလည်း လိုက်၍ဝင်လာကြပြီး ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်တွင် ထိုင်ကာ သူ့အား ဝိုင်းထားကြ၏။ သူတို့မှာ ဝမ်ပေါင်လဲ့ ဘာလုပ်လုပ် သူ၏နောက်သို့လိုက်ရန် သန္နိဋ္ဌာန်ချထားသည့် ပုံပင်။
ဝမ်ပေါင်လဲ့မှာ လျှိုတောက်ပင်းနှင့် သူ၏ အပေါင်းအပါများကို အကူအညီလှမ်းတောင်း၍ တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများကို လူစုခွဲရန် အမိန့်ပေးလိုက်ပါသော်လည်း လျှိုတောက်ပင်းကမူ ရှုံ့မဲ့မဲ့သာ ရယ်မောကာ တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများမှာ တာအိုဉာဏ် အလင်းပွင့်နေသည်ဟု ဆိုလိုက်လျှင် ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဆောင်ကတောင် သူတို့ကို မောင်းထုတ်နိုင်စွမ်း ရှိမည်မဟုတ်ကြောင်း ဝမ်ပေါင်လဲ့အား ရှင်းပြလိုက်ရသည်။
ထို့အပြင် တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများမှာ အလွန် ခေါင်းမာကြသည်။ ဝမ်ပေါင်လဲ့မှာ သုံးရက်တိတိ လိုက်လံနှောင့်ယှက်ခြင်းကို ခံခဲ့ရပြီးနောက် လုံးဝ သည်းမခံနိုင်တော့သဖြင့် ခြေလွန်လက်လွန် ဖြစ်သွားရတော့သည်။
၎င်း၏ ရလဒ်မှာ နောက်နေ့ မနက်ခင်းတွင် သူ၏ နတ်ဝိဇ္ဇာဂူအပြင်ဘက်၌ တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများစွာ ထပ်၍ ရောက်လာကြပြီး သူ၏ နတ်ဝိဇ္ဇာဂူကို ဝိုင်းကာ စိန်းစိန်းဝါးဝါး စိုက်ကြည့်ရင်း တာအိုဉာဏ် အလင်းပွင့်ရန် ကြိုးစားနေကြခြင်းပင် ဖြစ်သည်။
ဘာသာပြန်သူမှတ်စု၊ အခန်း ( ၄၄ ) တွင် ပြန်ခဲ့သော တာအိုဥာဏ်အလင်းပွင့်ဌာနဆိုသည့်စကားလုံးကို ဤအခန်းမှစတင်၍ တာအိုအလင်းဆောင်ဌာနဟူ၍ ပြန်ဆိုသွားမည်ဖြစ်ပါသည်။