အခန်း(၉)

နာကျင်မှုဒုက္ခက တာအိုနှလုံးသားကို ပိုအားကောင်းလာစေတယ်

အခန်း (၉) : နာကျင်မှုဒုက္ခက တာအိုနှလုံးသားကို ပိုအားကောင်းလာစေတယ်

မျှော်နန်းဆောင်အပြင်ဘက်၌ …

ဂိုဏ်းချုပ်၊ မဟာအကြီးအကဲများနှင့် အကြီးအကဲများက လေထဲတွင် ရပ်နေကာ တစ်ယောက်နှင့် တစ်ယောက် စကားပြောနေကြသည်။

“ မဟာအကြီးအကဲ လီကျန်း … ခင်ဗျားမိသားစုမှာ ဒီလိုမျိုး အလားအလာကောင်းတဲ့ ပါရမီရှင်တစ်ယောက် ရှိနေမယ်မှန်း မထင်ထားခဲ့မိဘူး ” အကြီးအကဲတစ်ယောက်က ပြောလိုက်သည်။

သူက မဟာအကြီးအကဲအား မြောက်ပင့်ပြောနေသော်လည်း သူ့လေသံအရ ရွဲ့စောင်းပြောနေမှန်း သိသာလေသည်။

နောက်ထပ် အကြီးအကဲတစ်ဦးက ပြောလာသည်  “ ခင်ဗျားတို့ လီမိသားစုက ကောင်းကင်ရွေးချယ်ခံ တစ်ယောက် လက်လွှတ်ခံရတော့မလို ဖြစ်သွားခဲ့တာပဲ ”

အကြီးအကဲများကြားမှ စကားဝိုင်းတွင် တာအိုအခွင့်အလမ်းဂိုဏ်း၏ ပြိုင်ဆိုင်မှုများနှင့် အတွင်းရေး ပဋိပက္ခများ ပါဝင်နေသည်။

မဟာအကြီးအကဲ လီကျန်းက အရင်းအမြစ် ခန်းမကို တာဝန်ယူသူ ဖြစ်၏။ ဤခန်းမ၏ နာမည်အတိုင်း တပည့်များနှင့် အကြီးအကဲများထံ အရင်းအမြစ်များကို ဖြန့်ဝေပေးရလေသည်။ ဆေးလုံးဖြစ်စေ၊ အဆောင်လက်ဖွဲ့ ဖြစ်စေ၊ လက်နက်ဖြစ်စေ ဒါမှမဟုတ် ကျင့်ကြံရေးဂူ ဖြစ်စေ အားလုံးအတွက် ဖြန့်ဝေပေးရေးက အရင်းအမြစ်ခန်းမ၏ ဆုံးဖြတ်မှုအောက်တွင် ရှိလေသည်။

လီမိသားစုက မျိုးရိုးဆင့်ဆက်အလိုက် အရင်းအမြစ်ခန်းမကို တာဝန်ယူခဲ့ကြသည်။

တာအိုအခွင့်အလမ်းဂိုဏ်းကို လေးပိုင်း ခွဲခြားနိုင်သည်။ ဝမ်၊ ယန်း၊ လီမိသားစုနှင့် ဂိုဏ်းအမှုထမ်းတို့ ဖြစ်ကြသည်။

တာအိုအခွင့်အလမ်းဂိုဏ်းတွင် ဧကရာဇ်ကိုးယောက် ရှိခဲ့သည်။ လေးယောက်က ဝမ်မိသားစုမှ ဖြစ်ပြီး နှစ်ယောက်က လီမိသားစုနှင့် နောက်နှစ်ယောက်က ယန်းမိသားစုမှ ဖြစ်ကြသည်။ ပြင်ပမိသားစုများမှဖြစ်သည့် ဂိုဏ်းအမှုထမ်းဘက်၌ တစ်ယောက် ထွက်ပေါ်ခဲ့ဖူးသည်။

ရလဒ်အနေနှင့် အဖွဲ့လေးဖွဲ့ကြား ယှဉ်ပြိုင်မှုနှင့် အတိုက်အခံတို့ ရှိကြသည်။

လီကျွင်းက လီမိသားစု၏ သခင်လေး ဖြစ်ပြီး မဟာအကြီးအကဲ လီကျန်းက သူ့ဖခင် ဖြစ်လေသည်။ သို့သော်လည်း လီမိသားစုထဲ လီကျွင်း၏ ဘဝအခြေအနေက သိပ်မကောင်းလှပေ။

ကမ္ဘာကြီးတွင် ထွန်းလင်ပြောင်မြောက်မည့် အချိန်ရောက်ရှိလာတော့မည် ဖြစ်ရာ အဖွဲ့လေးဖွဲ့က ရောက်ရှိလာမည့် ကြီးကျယ်ခမ်းနားသည့် စင်မြင့်အထက် သူတို့ကို ကိုယ်စားပြုပေးမည့် ပါရမီရှင်များစွာကို ပြုစုပျိုးထောင်ပေးကြသည်။ သို့သော် လီမိသားစုတွင် မရှိနေချေ။ အနည်းဆုံးတော့ ပင်မမိသားစုတွင် မရှိပေ။

လီမိသားစု၏ အမွေဆက်ခံသူ လီကျွင်းက ထူးထူးခြားခြား မွေးဖွားလာခြင်း မဟုတ်ပေ။ လီကျွင်းသာ အဆင့်နိမ့်အလွှာတွင် ဖြစ်ပါက သူ့ပါရမီက ကောင်းသည်ဟု ဆိုနိုင်ကာ ကောင်းကင်ဘုံ သွေဖယ်နိုင်သည့် ပါရမီရှင် ဖြစ်လာနိုင်သည်။ သို့သော်လည်း အသင်္ချေအင်ပါယာအလွှာ၌ သူက သေးနုပ်နေသေးသည်။

ဤသို့ဖြင့် သူ့မိသားစုအတွင်း ဘဝက ခက်ခဲလာသည်။ သူက လေ့ကျင့်ရေးနှင့် အရင်းအမြစ်များကို ရရှိနေသေးသော်လည်း အဆင့်အတန်း တစ်ခု မရှိပေ။ သူ့အိမ်ရှိ အစေခံများပင် သူ့အား အေးစက်စက် ဆက်ဆံကြ၏။

ပို၍ ဆိုးရွားသည်က လီမိသားစုခွဲမှ ကလေးများသည် သူ့ကို အနိုင်ကျင့်စဉ် သူ့မိခင်မှလွဲ၍ တခြားဘယ်သူမှ သူ့ကို မကူညီခဲ့ကြပေ။

ထို့ကြောင့် လီမိသားစုအတွင်း လီကျွင်း၏ တန်ဖိုးက လေ့ကျင့်ပေးဖို့ မထိုက်တန်ပေ။ သူက ဝမ်ဝေ့နှင့် အတူသွားအတူစား လုပ်ပြီးနောက်မှ သက်သာလာခြင်း ဖြစ်၏။ ထို့ကြောင့် အကြီးအကဲများက မျှော်နန်းဆောင်အတွင်း သူ့လုပ်ဆောင်ချက်ကို မြင်သည့်အခါ အံ့ဩသွားသည်မှာ မဆန်းလှပေ။

မဟာအကြီးအကဲ လီကျန်းက အခြားသူ မှတ်ချက်များကို ကြားသည့်အခါ ရှက်ရွံ့လာမိသည်။

သူ့သားက ဒီလိုမျိုး အားကောင်းတဲ့ စိတ်ဆန္ဒမျိုး ရှိနေမယ်လို့ ဘယ်သူက သိမှာလဲ …

သူက သူ့သားအတွက် အမြဲတမ်း စိတ်မကောင်းခဲ့သော်လည်း မိသားစုခေါင်းဆောင်အနေနှင့် သူက သူ့သွေးသား ဖြစ်နေလျှင်ပင် တစ်ယောက်ချင်းစီထက် မိသားစုတစ်ခုလုံးစာကို အရင်ဦးစားပေးရသည်။

လီကျန်းက နှလုံးသားမဲ့သည့် ဖခင်တစ်ယောက် မဟုတ်ပေ။ သူက အကောင်းဆုံး ကြိုးစားပေးခဲ့သည်။ မဟုတ်ပါက လီကျွင်းသည် ယခုလောက်ပင် အရင်းအမြစ် ရမည် မဟုတ်ပေ။

လီနှင့် ဝမ်မိသားစုတို့လိုမျိုး မိသားစုများက ရက်စက်ကြပြီး တန်ဖိုးမရှိသူအား မပျိုးထောင်ပေးကြပေ။

…………‌

မျှော်နန်းဆောင်၌ …

ရှစ်ရက်တာ ကြာမြင့်ပြီးနောက် လီကျွင်း၏ ခန္ဓာကိုယ်က ကန္တာရထဲ လဲကျသွားပြီး မျှော်နန်းဆောင် အပြင်ဘက် ပြန်ပို့ခံလိုက်ရသည်။

သူ့ခန္ဓာကိုယ်က အကောင်းတိုင်း ရှိနေဆဲ ဖြစ်၏။ အကြောင်းမှာ မျှော်နန်းဆောင်အတွင်း စစ်ဆေးမှုများက အားကောင်းသည့် ပုံရိပ်ယောင်များသာ ဖြစ်လေသည်။ သို့သော် လီကျွင်း အပြင်ထွက်လာသည့်အခါ သူက စစ်ဆေးမှုထဲ စိတ်နှစ်မြောနေသေးသည်။ သူ ထွက်လာပြီးသည်နှင့် စတင် အော်လိုက်၏  “ရေ … ရေ ပေးကြပါ ”

လေထဲရှိ သူ့ဖခင်က ချက်ချင်း သူ့သားရှေ့ ပေါ်လာကာ ရေတိုက်လိုက်သည်။ ထို့နောက် လီကျွင်းက သတိမေ့သွားလေသည်။

သိပ်မကြာခင် နေရာတစ်ဝိုက် တပည့်များ၏ ပူညံပူညံ အသံများ ထွက်လာသည်။

“ စစ်ဆေးမှု အောင်သွားတာ လီကျွင်းလား”

“ ဟုတ်တယ် အဲဒီတစ်ယောက်ပဲ ”

“ ဒါပေမဲ့ သူ့ကို အမှိုက်ကောင်လို့ ထင်ထားတာ။ အခု သူက အပြိုင်အမွေခံသားတော်တွေထက်တောင် လုပ်ဆောင်ချက် ကောင်းနေတာပဲ ”

“ ရှူး … အဲဒီကိစ္စတွေကို ဂိုဏ်းအရှုပ်အထွေးကြား ဝင်မပါချင်ရင် မပြောနဲ့ ”

ဂိုဏ်းအနှံ့ စကားဝိုင်းများ ပျံ့နှံနေလေသည်။ ထိုကောလဟာလများ သက်ရောက်အခံရဆုံးလူများမှာ အပြိုင်အမွေခံသားတော်များ ဖြစ်ကြသည်။

တာအိုအခွင့်အလမ်းဂိုဏ်းအတွင်း တပည့်များကို အပြင်တပည့်၊ အတွင်းတပည့်နှင့် ပင်မတပည့်ဟူ၍ ခွဲထားသည်။ ပင်မတပည့် ထိပ်တန်းဆယ်ယောက်ကို အပြိုင်အမွေခံသားတော်ဟု ခေါ်ဆိုကြသည်။ သူတို့က တစ်ယောက်နှင့် တစ်ယောက် ယှဉ်ပြိုင်ကာ အနိုင်ရရှိသူက အမွေခံသားတော်ဟူသော အဆင့်အတန်းကို ပိုင်ဆိုင်မည် ဖြစ်၏။

အမွေခံသားတော်ဆိုတာ ဘာလဲ …

အမွေခံသားတော်က တာအိုအခွင့်အလမ်းဂိုဏ်း၏ အနာဂတ် ဂိုဏ်းချုပ်ကို ကိုယ်စားပြုလေသည်။ ဂိုဏ်းမှ ကျင့်ကြံ‌ရေး အရင်းမြစ်အများဆုံး ရရှိသူလည်း ဖြစ်၏။

အမွေခံသားတော် အဆင့်အတန်းက ဂိုဏ်းချုပ်နှင့် ခန်းမအသီးသီး၏ မဟာအကြီးအကဲများထက် တစ်ဆင့်သာ နိမ့်လေသည်။

အမွေခံသားတော်က လိုအပ်လာပါက သူတော်စင်နယ်ပယ်အဆင့်ဖြစ်ကြသည့် အကြီးအကဲအားလုံးကို စေခိုင်းနိုင်စွမ်း ရှိ၏။

ထို့ကြောင့် တပည့်များစွာက အမွေခံသားတော် ရာထူးအတွက် ပြိုင်ဆိုင်နေကြသည်။

တကယ်တော့ ဝမ်ဝေ့ကား မွေးဖွားလာကတည်းက အမွေခံသားတော်အဖြစ် သတ်မှတ်ခံထားရပြီးပြီ ဖြစ်သော်လည်း မကြေညာရသေးပေ။ ဤအရာက တပည့်များအတွက် မတရားသလို ဖြစ်နေသော်လည်း ဂိုဏ်းတစ်ဂိုဏ်းအတွင်း အားကောင်းသည့် အင်အားစုများက ဒီလို ကိုင်တွယ်ကြလေသည်။

ကိစ္စများက ပြောသလောက် မရိုးရှင်းပေ။ ဝမ်ဝေ့ အမွေခံသားတော် ဖြစ်လာသည့်အခါ အပြိုင်အမွေခံသားတော်များနှင့်  အခြားတပည့်များအားလုံးထံ ဒီရာထူးက သူနှင့် ထိုက်တန်ကြောင်း သက်သေပြရမည်။

မဟုတ်ပါက သူ့ရာထူးသည် ဗလာ ဖြစ်နေပေမည်။ ထိုကြောင့် သူတို့နှင့် ဝမ်ဝေ့ကြားမှ တိုက်ပွဲက အနှေးနှင့် အမြန် ဖြစ်လာလိမ့်မည်။

လီကျွင်းက ကန္တာရထဲမှ နာကျင်မှုတို့ လွတ်မြောက်သွားသော်လည်း ဝမ်ဝေ့က ထွက်မလာသေးပေ။ ဤသို့ဖြင့် ၁၃ ရက်တာ ကုန်ဆုံးသွားလေသည်။ ဝမ်ဝေ့က ဆက်လျှောက်နေဆဲ ဖြစ်၏။

မျှော်နန်းဆောင် အပြင်ဘက်ရှိ လူအားလုံးက စုတ်စုတ်ပြတ်ပြတ် အင်္ကျီဖြင့် အရိုးခြောက်တစ်ခု ကန္တာရထဲ လျှောက်လှမ်းနေသည်ကို မြင်နေရသည်။

သိပ်မကြာခင် အရိုးခြောက်က ဖြည်းဖြည်းချင်း အသေးငယ်ဆုံး သဲမှုန့်လို ပြိုကွဲသွားပြီး ကန္တာရလေနှင့်အတူ လွှင့်သွားလေသည်။

ဝမ်ဝေ့က မျှော်နန်းဆောင်မှ ၁၃ ရက်တာ မရပ်မနား လျှောက်လှမ်းပြီးသည့်နောက် ထွက်လာနိုင်သည်။

ဝမ်ဝေ့တစ်ယောက် အဆုံးမဲ့ကန္တာရအတွင်းမှ လွတ်မြောက်လာသည့် အချက်ကို စဉ်းစားမိဖို့ အခိုက်အတန့်မျှသာ လိုလေသည်။

ထိုအခိုက်အတန့်လေး၌ ဝမ်ဝေ့ထံ အပြောင်းအလဲကြီး တစ်ခု ဖြစ်လာသည်။ ရင့်ကျက်နေသည့် သူ့မျက်ဝန်းထဲ ဆုံးဖြတ်ချက်ခိုင်မာသည့် သံမဏိ စိတ်ဓာတ်ကို မြင်တွေ့နိုင်လေသည်။

ရက်စက်တတ်ဆုံး လူကိုပင် တုန်လှုပ်သွားစေနိုင်မည့်  စိတ်ဆန္ဒမျိုး ဖြစ်၏။

ရဲစွမ်းသတ္တိ၊ စူးစိုက်မှုနှင့် ရူးမိုက်မှုအားလုံး ပါဝင်နေသည့် စိတ်ဆန္ဒ …

သူကိုယ်တိုင် နတ်ဆိုးအလား သူ့ရန်သူတွေရဲ့ စိတ်ထဲ အကြောက်တရားကို ထည့်သွင်းပေးနိုင်တဲ့ စိတ်ဆန္ဒ …

ဝမ်ဝေ့က အသိပြန်ကပ်လာပြီးနောက် သူ့အား ကြည့်နေသည့် တပည့်များကို ပြန်ကြည့်လိုက်သည်။ သူ့အကြည့်တစ်လျှောက် လူအများစုက ကြောက်ကြောက်လန့်လန့်ဖြင့် ခေါင်းငုံ့သွားကြပြီး ကျန်လူများက သူ့အား လေးစားမှုအပြည့်ဖြင့် ကြည့်နေကြသည်။

သိပ်မကြာခင် ဝမ်ဝေ့လည်း သတိမေ့သွားကာ လဲကျသွားသည်။ သို့သော်လည်း သူက မြေပေါ် မထိခင် သူ့ဖခင် ပေါ်လာကာ ပွေ့ချီပြီး ချက်ချင်း ထွက်သွားလေသည်။


Comment

Leave a Reply


Options

not work with dark mode
Reset