အခန်း(၇)

တာအိုနှလုံးသား မွမ်းမံလေ့ကျင့်ရေး မျှော်နန်းဆောင်

အခန်း (၇)  :  တာအိုနှလုံးသား မွမ်းမံလေ့ကျင့်ရေး မျှော်နန်းဆောင်

ဝမ်ဝေ့နောက်မှ ပုံရိပ်ယောင် ပုံရိပ်ကြောင့် အံ့အားသင့်သွားကြပြီးနောက် အခန်းက တိတ်ဆိတ်ငြိမ်သက်သွားလေသည်။ လူအများက သခင်ငယ်လေး စကားများကို စဉ်းစားခန်းဖွင့်နေကြ၏။

လူအများစုက နှစ်များစွာ ကျင့်ကြံခဲ့ကြသော်လည်း နက်နဲသည့် အမှန်တရားကို မဖမ်းဆုပ်နိုင်ခဲ့ကြပေ။ သို့သော်  ကျင့်ကြံဆင့် မရှိသေးသည့် ရှစ်နှစ်အရွယ် ကလေးတစ်ဦးက သူတို့တစ်ဘဝလုံး အချိကုန်ခံ၍ လိုက်ဖမ်းဆုပ်နေသောအရာကို သတိပြုမိသွားလေသည်။

အကြီးအကဲအများစုက ဉာဏ်အလင်းပွင့်သွားကာ စိတ်အခြေအနေ တိုးတက်လာကြသည်။ သူတို့က ကျင့်ကြံဆင့်လည်း မကြာခင် ချိုးဖောက်တက်လှမ်းတော့မည် ဖြစ်ကြောင်း မှန်းဆမိလိုက်ကြသည်။

အကျိုးရှိဆုံး ပုဂ္ဂိုလ်မှာ ဝမ်ဝေ့၏ ဖခင် ဝမ်ထျန်း ဖြစ်၏။ သူ့သားဖြစ်သူ စကားများကို ကြားပြီးနောက် သူ့နောက်လမ်းစဉ်အား ရုတ်ချည်း နားလည်သွားခဲ့သည်။

ထို့နောက် သူ့ဆီမှ ထွက်ပေါ်နေသည့် အထွတ်အထိပ် ဓားအငွေ့အသက်က ပျောက်ကွယ်သွားကာ သာမန်လူတစ်ယောက်လို ဖြစ်သွားလေသည်။

ဂိုဏ်းချုပ်က သဘာဝသို့ တကျော့ပြန်ခြင်း အခြေအနေသို့ ရောက်ရှိသွားလေသည်။

အကြီးအကဲများနှင့် မဟာအကြီးအကဲများက ဂိုဏ်းချုပ်၏ အခြေအနေကို သတိထားမိလိုက်သည့်အခါ အားလုံး ထရပ်ကာ ဦးညွှတ်လိုက်ကြသည်။

“ ဂိုဏ်းချုပ် အထွတ်အထိပ် နယ်ပယ်အဆင့်နဲ့ တစ်လှမ်းနီးကပ်သွားတဲ့အတွက် ဂုဏ်ပြုပါတယ် ”

မှန်ပေသည်။ ဝမ်ဝေ့၏ ဖခင်က သူတော်စင်နယ်ပယ်အဆင့် ဖြစ်ပြီး ယခု အထွတ်အထိပ် နယ်ပယ်အဆင့်နှင့် ခြေတစ်လှမ်းမျှသာ ကွာဝေးတော့သည်။

ထိုစဉ် လူများက သူ့အား တခြားသော အထွတ်အထိပ် နယ်ပယ်အဆင့် ကျင့်ကြံသူများကဲ့သို့ အစစ်အမှန် အုပ်ချုပ်သူဟု သတ်မှတ်လာကြသည်။ သို့သော်လည်း နောင်အနာဂတ်အတွက် ဖြစ်ပေသည်။

ထိုဂုဏ်ပြုသံများကို ကြားပြီးနောက် ဂိုဏ်းချုပ်ဝမ်က အားပါးတရ ရယ်မောကာ လက်ဝေ့လိုက်သည်။

“ ဟားဟား အကြီးအကဲတို့ အားကျနေဖို့ မလိုပါဘူး။ တစ်ရက်ကျ အကြီးအကဲတို့အားလုံးလည်း ကျုပ်လိုမျိုး အခွင့်အရေး ရလာကြမှာပါ ”

အကြီးအကဲများက ခေါင်းညိတ်လိုက်ကြသည်။ သူတို့က ဂိုဏ်းချုပ်သည် ယဉ်ကျေးမှုအရ ပြောမှန်း သိလေသည်။ လူမည်မျှက တစ်ဘဝလုံး သူတော်စင်နယ်ပယ်အဆင့်၌ တစ်ဆို့နေကြသနည်း။ အားလုံးက အထွတ်အထိပ် နယ်ပယ်အဆင့် တက်လှမ်းဖို့ အရည်အချင်း ပြည့်မှီကြသည် မဟုတ်ပေ။

အထူးသဖြင့် သူတို့မျိုးဆက်အတွင်း  ဖြစ်ပွားခဲ့သော အဖြစ်အပျက်ကြောင့် ဖြစ်၏။

ဒီမျိုးဆက် ကောင်းကင်အလိုဆန္ဒအတွက် ဂုဏ်ကျက်သရေ ထွန်းလင်းတောက်ပရမည့် အချိန် ရှိလာနိုင်သော်လည်း  ဒီလိုမျိုး ခေတ်ဖြစ်လာဖို့ သူတို့က ပေးဆပ်ခဲ့ကြသူများ ဖြစ်သည်။

သူတို့အားလုံး သက်ပြင်းချကာ စိတ်ထဲမှ အဆိုးမြင် အတွေးများကို ဖယ်ရှားလိုက်ကြ၏။

ဝမ်ဝေ့က သူ့ဖခင်ဆီမှ အပြောင်းအလဲကို သတိထားမိကာ ပျော်ရွင်မိသွားသည်။

သိပ်မကြာခင် ဂိုဏ်းချုပ်က သူ့သားကို ကျေနပ်အားရစွာ ကြည့်လာပြီး ပြောလိုက်သည်   “ သားလိမ္မာလေးပဲ … ဝမ်အာ .. မင်းက တာအိုနှလုံးသား အရေးပါပုံကို သိထားပြီးပြီဆိုတော့ ဘာဆက်လုပ်ချင်လဲ ”

ဂိုဏ်းချုပ်က သူ့သားသည် အသေးစိတ်ကာ နည်းစနစ်ကျကျ စိတ်မျိုး ရှိသည်ကို သိထားလေသည်။ သူက ဒီအကြောင်း ထုတ်ပြောလာမှတော့ အစီအစဉ် ရှိပြီးသား ဖြစ်ရမည်။

သူ့အဖေ စကားကို ကြားကာ ဝမ်ဝေ့က စိတ်လှုပ်ရှားစွာဖြင့် သူ့လက်စွပ်ထဲမှ ပုံကြမ်းများစွာကို ထုတ်လိုက်သည်။

ဤသည်မှာ အထဲတွင် ပစ္စည်းများ သိုလှောင်နိုင်သည့် သိုလှောင်လက်စွပ် ဖြစ်ပေသည်။ ထိုလက်စွပ်က သူ ငါးနှစ်ပြည့်တုန်းက လက်ဆောင်ရထားခြင်း ဖြစ်ပြီး ထိုလက်စွပ် ထူးခြားနေခြင်းမှာ ဖွင့်ဖို့ရာအတွက် စွမ်းအား မလိုဘဲ အတွေးနှင့်သာ ဖွင့်လိုက်နိုင်၍ ဖြစ်သည်။

ဝမ်ဝေ့က သူ့အဖေနှင့် အကြီးအကဲများဆီ လျှောက်လာကာ ပုံကြမ်းတစ်ခုစီ ပြလိုက်သည်။ ထိုပုံကြမ်း၏ ရည်ရွယ်ချက်မှာ အလွှာများစွာ ပါဝင်သည့် မျှော်နန်းဆောင် တစ်ခု တည်ဆောက်ဖို့ ဖြစ်၏။

အလွှာတစ်ခုချင်းစီတွင် လူတစ်ယောက်၏ တာအိုနှလုံးသားကို မွမ်းမံလေ့ကျင့်ပေးနိုင်သည့် အားကောင်းသည့် ပုံရိပ်ယောင်များ ရှိလိမ့်မည်။

ဝမ်ဝေ့၏ ရှင်းပြချက်နှင့်အတူ ထိုပုံကြမ်းကို မြင်ပြီး တာအိုအခွင့်အလမ်းဂိုဏ်းရှိ အထက်လူကြီးများက အတော်လေး အံ့အားသင့်သွားကြသည်။ ထို့နောက် သူတို့က ဖြစ်နိုင်ခြေနှင့် အားကောင်းသည့် မှော်ပစ္စည်းများ တည်ဆောက်ဖို့အတွက် လိုအပ်မည့် အရင်းအမြစ်အား အကြမ်းဖျင်း စတင် စဉ်းစားကြသည်။

“ ကျုပ်တို့ မွမ်းမံသန့်စင်ရေးခန်းမက အစီအရင်ခန်းမ အကူအညီနဲ့ ဒီလိုပစ္စည်းမျိုး တည်ဆောက်နိုင်တယ်။ ဒါပေမဲ့ ဒီလိုပစ္စည်းမျိုးရဲ့ အဆုံးအစွန် အလားအလာကို ထုတ်ပြနိုင်ဖို့ စွမ်းအားမြင့် ပုံရိပ်ယောင် တာအို ကျင့်ကြံသူရဲ့ အကူအညီကို လိုလိမ့်မယ် ”

“ တောင်ပိုင်း မီးငှက်ကုန်းမြေက အဆုံးမဲ့အိပ်မက်ဂိုဏ်းကို ဆက်သွယ်လိုက်ရင် ဘယ်လိုလဲ … သူတို့က ကျုပ်တို့ တာအိုအခွင့်အလမ်းဂိုဏ်းနဲ့ ဆက်ဆံရေးကောင်း ရှိတယ်လေ ”

“မဟုတ်သေးဘူး။ အဆုံးမဲ့အိပ်မက်ဂိုဏ်းက အိပ်မက်တာအိုကို ပိုအလေးထားတာ။ ပုံရိပ်ယောင်က သူတို့အတွက် လမ်းကြောင်းငယ်တစ်ခုပဲ။ ပြီးတော့ ဒိကိစ္စကို လျို့ဝှက်ထားတာ ပိုကောင်းလိမ့်မယ်။ ကျုပ်တို့ ရန်သူတွေက ရွံ့စရာကောင်းတဲ့ နည်းလမ်းတွေ ထုတ်သုံးလာနိုင်တယ်။ ကျုပ်တို့က မကြောက်ပေမဲ့ ဒီမျှော်နန်းဆောင် မပြီးခင်အထိ သိုသိုသိပ်သိပ်နေတာ အကောင်းဆုံးပဲ ”

ရုတ်ချည်းဆိုသလို ဝမ်ဝေ့က ဝင်ဖြတ်ပြောလိုက်သည်။

“ မြေခွေးနတ်ဆိုးမျိုးနွယ်ရဲ့ ခေါင်းဆောင်ကို ဖိတ်ကြားလိုက်တာ ပိုကောင်းလိမ့်မယ်။ သူမက ပုံရိပ်ယောင်တာအိုကို ထိပ်ဆုံးရောက်နေတဲ့ အစစ်အမှန် အုပ်ချုပ်သူတစ်ယောက်ပဲ။ သူမက အားကောင်းပေမဲ့ မြေခွေးနတ်ဆိုးမျိုးနွယ်က သူမပဲ မှီခိုစရာရှိတာဆိုတော့ နတ်ဆိုးမျိုးနွယ်ထဲမှာ ကောင်းကောင်းမနေရဘူး။

ကျွန်တော်တို့သာ သူမမျိုးနွယ်ကို ကာကွယ်ပေးမယ်လို့ ကတိပေးလိုက်ရင် သူမက လိုလိုလားလား ကူညီပေးလာနိုင်တယ် ”

ဝမ်ဝေ့၏ စကားကို အကြီးအကဲများက ထိုအဆိုပြုချက်က အမှန်တကယ် ဖြစ်လာနိုင်ခြေရှိကြောင်း ခံစားမိလိုက်ကြသည်။

သူတို့က ဝမ်ဝေ့၏ စကားများကို အံ့အားသင့်မသွားကြပေ။ ဒီနှစ်တွေတစ်လျှောက်လုံး အကြီးအကဲများက သူတို့ဂိုဏ်းသခင်ငယ်လေးသည် အသက်အရွယ်ထက် ရင့်ကျက်ပြီး ဉာဏ်ပညာကြီးမားသူ ဖြစ်ကြောင်း သတိပြုမိခဲ့ကြ၏။

တစ်ယောက်က လှုပ်ရှားလိုက်သောကြောင့် အားလုံး၏ အာရုံစိုက်မှုကို ဖမ်းစားလိုက်လေသည်။ ဤသည်မှာ ပြစ်ဒဏ်ခန်းမ၏ မဟာအကြီးအကဲ ဖြစ်ပြီး နာမည်အတိုင်း သူမက စည်းမျဉ်းချိုးဖောက်သည့် တာအိုအခွင့်အလမ်းဂိုဏ်းသားများကို အပြစ်ပေးဖို့ တာဝန်ယူထားရသည်။

သူမက စွမ်းအားကြီးသည့် မိန်းမလှလေး ဖြစ်ပြီး ဂိုဏ်း၏ စည်းကမ်းထိန်းတစ်ဦး ဖြစ်သည်နှင့်အညီ အသေးစိတ်ကျကာ စေ့စေ့စပ်စပ်ရှိသူတစ်ဦး ဖြစ်၏။

ငယ်စဉ်အခါတုန်းက သူမသည် ဂိုဏ်းချုပ်နှင့် ချစ်ကျွမ်းဝင်ဖူးသည်ဟု ကောလဟာလများ ထွက်ခဲ့ဖူး၏။ သို့သော်လည်း ထိုအတင်းအဖျင်းများကို လူရှေ့ မပြောရဲကြပေ။

ပြစ်ဒဏ်ခန်းမ၏ မဟာအကြီးအကဲက ပြောလိုက်သည်။

“ ကျွန်မတို့ အကြီးအကဲချုပ်တွေကိုလည်း လှမ်းအကြောင်းကြားသင့်တယ်။ ကျွန်မတို့ ဒီတာအိုနှလုံးသား မွမ်းမံလေ့ကျင့်ရေး မျှော်နန်းဆောင် တည်ဆောက်တာ အောင်မြင်သွားရင် ဂိုဏ်းသားအားလုံး အကျိုးကျေးဇူး ရကြမှာပဲ  ”

မဟာအကြီးအကဲ ယန်းမိန်၏ စကားကို ကြားကာ သူတို့က ချက်ချင်း သတိပြုမိသွားကြသည်။ မှန်ပေသည်။ ဒီမှော်ရတနာသာ အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်လျင် တာအိုအခွင့်အလမ်းဂိုဏ်းအတွက် အုတ်မြစ် တိုးတက်လာစေလိမ့်မည်။

အပြင်တပည့် ဖြစ်စေ၊ အတွင်းတပည့် ဖြစ်စေ၊ ပင်မတပည့်များ ဖြစ်စေ တပည့်အားလုံးက မျှော်နန်းဆောင်ထဲ ဝင်ရောက်ကာ တာအိုနှလုံးသားကို ခိုင်မာအောင် လုပ်နိုင်ကြလိမ့်မည်။

ယခုမှစ၍ တာအိုအခွင့်အလမ်းဂိုဏ်းက အားကောင်းသည့် တာအိုနှလုံးသားနှင့် ကောင်းကင်ရွေးချယ်ခံများကို ပြုစုပျိုးထောင်ပေးနိုင်လိမ့်မည်။ သူတို့က ကောင်းကင်အလိုဆန္ဒအတွက် ဝင်ရောက်မယှဉ်ပြိုင်နိုင်လျှင်ပင်  သခင်ငယ်လေး၏ ခရီးလမ်းအတွက် အကူအညီ ဖြစ်စေနိုင်သေးသည်။

ထို့ကြောင့် မျှော်နန်းဆောင်သာ သေချာသည့် အဆင့်တစ်ခုသို့ ရောက်ရှိသွားပါက အခန်းထဲရှိ လူများပင် အကျိုးမြတ် ရလာကြလိမ့်မည်။

ထို့နောက် လူအများက အံ့ဖွယ်အသိစိတ် စေလွှတ်ကာ သူ့အဖေနှင့် စတင် ဆက်သွယ်နေသည့် ဂိုဏ်းချုပ် ဝမ်ထျန်းအား ကြည့်လိုက်သည်။

သိပ်မကြာခင် သူက စိတ်လှုပ်ရှားစွာ ပြောလာသည်  “အကြီးအကဲချုပ်တွေက တောင်နောက်ကနေ ထွက်လာကြပြီ။ သူတို့က မျှော်နန်းဆောင် တည်ဆောက်တာ ကိုယ်တိုင်စောင့်ကြပ်ပေးကြလိမ့်မယ်”

ထိုအရာကို ကြားပြီး အကြီးအကဲများအားလုံး စိတ်ဓာတ်တက်ကြွသွားကြသည်။ သူတို့၏ တာအိုအခွင့်အလမ်းဂိုဏ်းက တစ်လောကလုံးကို တုန်လှုပ်အံ့အားသင့်သွားစေမည့် ကိစ္စကြီးကို လုပ်ဆောင်တော့မည် ဖြစ်၏။


Comment

Leave a Reply


Options

not work with dark mode
Reset