အခန်း (၁၁၆)

နဝမတောင်ထွတ်ကတပည့်က ကျင့်ကြံခြင်းအဆင့်ဖုံးကွယ်မထားဘူး

အခန်း (၁၁၆) နဝမတောင်ထွတ်ကတပည့်က ကျင့်ကြံခြင်းအဆင့်ဖုံးကွယ်မထားဘူး

ကျန်းလန် ခွန်လွန်တောင်သို့ ပြန်လာခဲ့သည်။

ရှောင်ယွိကတော့ ကျန်းလန်နှင့်အတူ လမ်းလျှောက်မပြန်ဘဲ ဓားကိုစီးနှင်ကာ ပျံသန်းသွားသည်။

ကျန်းလန်ကတော့ လမ်းလျှောက်ရသည်ကို သဘောကျသူ ဖြစ်သည်။ အလျင်လိုစရာ ကိစ္စမရှိလျှင် လမ်းလျှောက်ခြင်းက အကောင်းဆုံးဖြစ်၏။

အေးအေးဆေးဆေး လမ်းလျှောက်သွားခြင်းက ကောင်းကင်တွင် ပျံသန်းနေသူများနှင့် ပဋိပက္ခဖြစ်မည့်အရေးမှလည်း ကင်းဝေးစေသည်။

အထူးသဖြင့် ယနေ့ဆိုလျှင် နဂါးမျိုးနွယ်နှင့် ဖီရှိုးသတ္တဝါတို့ အချိန်မရွေး ကောင်းကင်ထက်တွင် ပျံသန်းထွက်ပေါ်လာနိုင်သည်။

ကျန်းလန်က ထို (၂)ယောက်ကို ရန်တိုက်ပေးထားသူ ဖြစ်လေရာ (၂)ယောက်လုံးနှင့် တွေ့ဆုံလိုခြင်း မရှိပေ။

ရှောင်ယွိက မူလဝိညာဉ်အဆင့် ၊ နောက်ဆုံးအဆင့် ကျင့်ကြံသူ ဖြစ်လေသည်။ သူမက မည်သည့်အရာကိုမှ မစိုးရိမ်သည်မှာ သဘာဝကျသည်။

ထို့ပြင် ရှောင်ယွိကိုကြည့်လိုက်သည်နှင့် ပါရမီရှင်တစ်ယောက်ဖြစ်ကြောင်း မည်သူမဆို သိရှိကြပေလိမ့်မည်။

ကျန်းလန်ကတော့ ပါရမီရှင်တစ်ယောက် မဟုတ်ပေ။

သူ၏ ကျင့်ကြံခြင်းအဆင့်တက်ခြင်းက ပါရမီရှင်တစ်ယောက်ကဲ့သို့ လျှင်မြန်သော်လည်း ခွန်လွန်တောင်မှလူအများက ရင်းမြစ်ပစ္စည်းများကို အသုံးပြုပြီး ကျင့်ကြံခြင်းအဆင့်တက်နေသူတစ်ယောက်အဖြစ် သူ့ကို သတ်မှတ်ထားကြသည်။

ထို့ကြောင့် ကျန်းလန်ကို မည်သူမှ အထင်မကြီးကြပေ။

အထင်မကြီးသည့်အပြင် နဝမတောင်ထွတ်မှ ရင်းမြစ်များအားလုံးကို တစ်ယောက်တည်းအသုံးပြုခွင့်ရနေသောကြောင့် မနာလိုသူများစွာပင် ရှိကြလေသည်။

လူများ၏ မနာလိုစိတ်ဆိုသည်က ဖယ်ရှားရခက်လှသည်။

ထို့ကြောင့်လည်း ကျန်းလန်မှာ ဝေဖန်ပြစ်တင်ခြင်းများကို အမြဲတမ်း ခံနေခဲ့ရသည်။ သို့သော် ထိုအကြောင်းအရာများကို ကျန်းလန်လန်က  အရေးမစိုက်ပေ။

အရေးမစိုက်ဘူးဆိုသော်ငြား လူအများ၏ အာရုံစိုက်ခံရမှုကိုတော့ ကျန်းလန် မလိုချင်ပေ။

ပြဿနာ မဖြစ်ခင် ရှောင်တိမ်းနိုင်သည်က အကောင်းဆုံးပင် ဖြစ်သည်။

သူက အေးအေးဆေးဆေးသာ ကျင့်ကြံနေချင်သူ ဖြစ်၏။

သူ နဝမတောင်ထွတ်မှ တောင်သခင်ဖြစ်လာသည့်တစ်နေ့တွင်တော့ သူ့ကို မနာလိုသူများ ရှိကြတော့မည် မဟုတ်ပေ။

နောင်တစ်ချိန် သူ၏ ကျင့်ကြံခြင်းအဆင့်က ခွန်လွန်ဂိုဏ်းချုပ်ထက်ပင် သာလွန်သွားပြီး ခွန်လွန်တောင်တစ်ခုလုံးသာမက ပျက်သုဉ်းတစပြင်လောကကြီးတစ်ခုလုံးတွင် ပြိုင်ဘက်ကင်းဖြစ်သွားပေလိမ့်မည်။

ထိုအချိန်ရောက်လျှင် မနာလိုသူများ မရှိတော့သည့်အပြင် သူ့ကို ကြည်ညိုလေးစားသူများဖြင့် ဝိုင်းဝိုင်းလည်နေမည် ဖြစ်၏။

သို့သော် ထိုနေ့ရက်များ ရောက်ရှိလာရန်က အလွန်တရာ အလှမ်းဝေးဦးမည် ဖြစ်သည်။ သူ့ရည်မှန်းချက်များဖြစ်လာရန်က အချိန်စောင့်ရပေလိမ့်မည်။

လောလောဆယ်တွင်တော့ အင်မော်တယ်ဖြစ်လာအောင် အရင်ဆုံး ကျင့်ကြံရမည်ဖြစ်၏။

ထို့ပြင် သူနှင့် ဂိုဏ်းတူအစ်မလုန်ယွိ၏ မင်္ဂလာလက်ထပ်ပွဲ ကိစ္စကလည်း ရှိသေးသည်။ ထိုမင်္ဂလာကိစ္စကို ကျန်းလန်အနေဖြင့် ပေါ့ပေါ့ဆဆ သဘောမထားဝံ့ပေ။

ထိုမင်္ဂလာကိစ္စကို လူသိရှင်ကြား ကြေငြာမည့်အချိန်ရောက်လာလျှင်လည်း ဝေဖန်ပြစ်တင်ခံရဦးမည့်သူမှာ ကျန်းလန်သာ ဖြစ်သည်။

ထို့ကြောင့် မင်္ဂလာကိစ္စကို ထုတ်ဖော်ကြေငြာရန် နောက်ကျလေကောင်းလေဟု ခံယူထားမိသည်။

သေရည်ဆိုင်တွင် ကူညီအလုပ်လုပ်ခြင်း ပြီးဆုံးသွားပါက မရှိမှုအာကာသအဆင့် တက်ရောက်နိုင်သည်အထိ တံခါးပိတ်ကျင့်ကြံရန် ကျန်းလန် ဆုံးဖြတ်ထားသည်။

မရှိမှုအာကာသအဆင့် အောင်မြင်သွားပါက အင်မော်တယ်ဖြစ်လာရန် သိပ်ပြီး အလှမ်းဝေးတော့မည် မဟုတ်ပေ။

ထို့ပြင် ခွန်လွန်တောင်မှ ထွက်ခွာပြီး ပြင်ပလောကတွင် အတွေ့အကြုံများ ရှာဖွေမည်ဆိုပါက မရှိမှုအာကာသအဆင့် အောင်မြင်ထားရန် လိုအပ်သည်။

ကျန်းလန် အတွေးထဲနစ်မျောရင်း လမ်းလျှောက်လာစဉ် တစ်စုံတစ်ယောက်က သူ့ကို ကြည့်နေသည်ကို ခံစားလိုက်ရသည်။

သို့သော် ချောင်းမြောင်းကြည့်ရှုနေခြင်းမျိုး မဟုတ်ပေ။

လမ်းသွားလမ်းလာဖြစ်ဟန်တူသည့် လူငယ်တစ်ယောက်နှင့်မိန်းမပျိုတစ်ယောက်က တစ်စုံတစ်ခု မေးမြန်းလိုဟန်ဖြင့် သူ့ကို ကြည့်နေကြခြင်း ဖြစ်သည်။

ထိုသူများက ကျန်းလန်ရှိရာသို့ လမ်းလျှောက်လာကြသည်။ ကျန်းလန်က သူတို့ကို လှမ်းကြည့်လိုက်၏။

လူငယ်က စက္ကူခေါက်ယပ်တောင်တစ်လက်ကိုကိုင်ထားပြီး အတော်လေး ယောကျ်ားပီသ ချောမောသူ ဖြစ်သည်။

မိန်းမပျိုကတော့ ဆီစိမ်စက္ကူဖြင့်ပြုလုပ်ထားသည့် ထီးတစ်လက်ကို ဆောင်းထားပြီး ကျက်သရေရှိစွာ ချောမောလှပလေသည်။

ထိုသူများ၏ မျက်ခုံးနှစ်ခုကြားတွင် အနီရောင်သင်္ကေတတစ်ခု ရှိနေသည်။ ထိုသင်္ကေတက မှေးမှိတ်ထားသည့် မျက်လုံးတစ်လုံးနှင့် ဆင်တူလေသည်။

“နှစ်ယောက်လုံးက မရှိမှုအာကာသအဆင့် ကျင့်ကြံသူတွေပဲ ၊ ဒါပေမဲ့ ခွန်လွန်တောင်က တပည့်တွေတော့ မဟုတ်ဘူး…”

ကျန်းလန်တွေးလိုက်သည်။

ထိုစဉ်…

“တာအိုရောင်းရင်း… ခဏလောက်စောင့်ပါဦး…”

လူငယ်က ယပ်တောင်ကိုပိတ်လိုက်ပြီး ကျန်းလန်ကို လှမ်းခေါ်လိုက်သည်။

မိန်းမပျိုကလည်း လူငယ်၏ဘေးနားမှလိုက်ပါလာပြီး ကျန်းလန်ရှိရာသို့ လမ်းလျှောက်လာသည်။

ကျန်းလန်က သူတို့ကို လှမ်းကြည့်လိုက်ပြီး ခပ်တိုးတိုးလေသံဖြင့်…

“ဘာကိစ္စများရှိလို့လဲ…”

လူငယ်နှင့် မိန်းမပျိုက ကျန်းလန်ကို စကားမပြာခင် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။

ပြီးမှ လူငယ်က သူ့ကိုယ်သူ မိတ်ဆက်စကားဆိုလိုက်၏။

“ကျုပ်က အလယ်ပိုင်းလွင်ပြင်ဒေသ ၊ နန်အိမ်တော်က နန်ရှင်းပါ…”

မိန်းမပျိုက…

“ကျွန်မနာမည်ကတော့ ပုချင်ပါ…”

နန်ရှင်းက ကျန်းလန်ကိုကြည့်လိုက်ရင်း…

“တာအိုရောင်းရင်းကို မေးစရာလေး ရှိလို့ပါ…”

ကျန်းလန်က ခေါင်းညိတ်ပြလိုက်ရင်း…

“မေးပါ…”

နန်ရှင်းက…

“ဒီဒေသတစ်ဝိုက်မှာ သေရည်ဆိုင်တစ်ဆိုင်ရှိတယ်လို့ ကြားဖူးတယ်… ၊ အဲဒီက အကောင်းစားသေရည်က အတော်လေး နာမည်ကြီးတယ်ဆိုပဲ… ၊ ဒါကြောင့် ကျုပ်က သေရည်ဆိုင် လိုက်ရှာနေတာ ဘယ်လိုမှ ရှာလို့မတွေ့ဘူး ဖြစ်နေတယ် ၊ ဒါကြောင့် တာအိုရောင်းရင်းများ လမ်းညွှန်ပေးနိုင်မလား မသိဘူး…”

ကျန်းလန်က သူတို့ (၂)ယောက်ကို လှမ်းကြည့်လိုက်သည်။

နန်ရှင်းက သူ့ကိုယ်သူ မိတ်ဆက်စကားဆိုပြီးသည်နှင့် သိမ်မွေ့သည့်စွမ်းအားတစ်ခု ထုတ်လွှတ်လိုက်သည်။ ထိုစွမ်းအားက  ကျန်းလန်၏ ခန္ဓာကိုယ်ကို ဖြတ်သန်းဝင်ရောက်သွားသည်ကို ခံစားလိုက်ရသည်။

ထိုသူများက ကျန်းလန်၏ ကျင့်ကြံခြင်းအဆင့်ကို စစ်ဆေးလိုက်ကြခြင်း ဖြစ်ဟန်တူသည်။

ကျန်းလန်၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသည့်စွမ်းအားက အလွန်လျှို့ဝှက်ပြီး သိမ်မွေ့လွန်းသည်။

သစ်ရွက်အမြင်တန်ခိုးစွမ်းအားကိုသာ ပိုင်ဆိုင်ထားခြင်းမရှိလျှင် ကျန်းလန် သတိထားမိမည် မဟုတ်ပေ။

အလယ်ပိုင်းလွင်ပြင်ဒေသက နန်အိမ်တော်။

ကျန်းလန် ထိုနာမည်ကို တစ်ခါမှ မကြားဖူးသလို သူ့ရှေ့မှ လူငယ်ကိုလည်း သိရှိခြင်း မရှိပေ။

ထို့ကြောင့် လူငယ်က မည်သည့်ရည်ရွယ်ချက်ဖြင့် သူ၏ ကျင့်ကြံခြင်းအဆင့်ကို စစ်ဆေးလိုက်သည်လဲ မသိရှိနိုင်ပေ။

“ဒီလမ်းအတိုင်း ရှေ့ဆက်လျှောက်သွားလိုက်… တောင်ခြေရောက်ရင် သေရည်ဆိုင်ကို တွေ့လိမ့်မယ်…”

ကျန်းလန်က အနောက်ဘက်သို့ လက်ညှိုးညွှန်ပြရင်း ပြောလိုက်သည်။

သူက ပြဿနာမဖြစ်လိုသောကြောင့် ယဉ်ယဉ်ကျေးကျေးပင် စကားဆိုလိုက်သည်။

နန်ရှင်းက…

“ကျေးဇူးပါပဲ တာအိုရောင်းရင်း… ဒါနဲ့ ရောင်းရင်းကိုကြည့်ရတာ ခွန်လွန်တောင်က တပည့်ထင်တယ်နော် ၊ ဟုတ်တယ်မလား…”

ကျန်းလန် ခေါင်းညိတ်လိုက်ရင်း…

“ဟုတ်ပါတယ်…”

နန်ရှင်းက…

“ဒါဖြင့် တာအိုရောင်းရင်းကို တစ်ခုလောက်မေးလိုက်ဦးမယ်… ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာလောက်က ခွန်လွန်တောင်ကိုရောက်လာတဲ့ ယုန်မိစ္ဆာကိုများ သိသလားဗျ ၊ ဒီမေးခွန်းမေးရတာကတော့ ကျုပ်ကို ယုံကြည်တဲ့သူတစ်ယောက်က သူ့ကျေးဇူးရှင်ကို ရှာဖွေဖို့ အကူအညီတောင်းထားလို့ပါ…”

ကျန်းလန်က ခေါင်းခါရမ်းလိုက်ပြီး အေးဆေးစွာဖြင့်…

“တစ်ခါမှ မကြားဖူးပါဘူး…”

“ဒါဖြင့်လည်း တာအိုရောင်းရင်းကို အနှောက်အယှက် မပေးတော့ပါဘူး…”

ပြောပြီးသည်နှင့် နန်ရှင်းနှင့် ပုချင် ထွက်ခွာသွားကြလေသည်။

ကျန်းလန်လည်း ထိုသူ (၂)ယောက်ကို အရေးမစိုက်တော့ဘဲ ခွန်လွန်တောင်သို့ ပြန်လာခဲ့သည်။

ယုန်မိစ္ဆာ…။

အပြန်လမ်းတွင် ကျန်းလန်စိတ်ထဲ သံသယများစွာဖြင့် ပြည့်နက်လို့နေသည်။

တစ်ဖက်လူက ရုတ်တရက်ကြီး ယုန်မိစ္ဆာအကြောင်း အဘယ့်ကြောင့် မေးမြန်းရပါသနည်း။ ရည်ရွယ်ချက်ရှိရှိဖြင့် တမင်တကာ မေးမြန်းသည်လား မပြောတတ်ပေ။

ယခင်အချိန်များတုန်းက ကျန်းလန် ယုန်မိစ္ဆာတစ်ကောင်ကို ကယ်တင်ခဲ့ဖူးလေသည်။

နန်ရှင်းပြောသည့် ယုန်မိစ္ဆာဆိုသည်မှာ သူ ကယ်တင်ခဲ့ဖူးသည့် ယုန်မိစ္ဆာကို ပြောခြင်းများလား။

သူ ထိုကိစ္စများကို သေသေချာချာ မသိရှိပေ။ သို့သော် နန်ရှင်းက သူ့ကို ရည်ရွယ်ချက်ရှိရှိဖြင့် လာရောက်ရှာဖွေသည်မှာ ထင်ရှားလေသည်။

“အင်းလေ… သူတို့ ဘာဆက်လုပ်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့…”

အလယ်ပိုင်းလွင်ပြင်ဒေသမှ နန်အိမ်တော်ဆိုသည်ကို ကျန်းလန် သိရှိခြင်း မရှိပေ။

သို့သော် အလယ်ပိုင်းလွင်ပြင်ဒေသဆိုသည်က နတ်လူသားမျိုးနွယ်များနေထိုင်ကြသည့် ဒေသဖြစ်လေရာ ထိုသူ (၂)ယောက်က နတ်လူသားမျိုးနွယ်များနှင့် ဆက်စပ်နေနိုင်လေသည်။

အခြေအနေများကို သေသေချာချာ မသိရှိသောကြောင့် ကျန်းလန် ဆက်မစဉ်းစားတော့ရန် ဆုံးဖြတ်လိုက်သည်။

သူ့အနေဖြင့် အပိုစာသားများကို တွေးနေစရာအကြောင်းမရှိပေ။ အချိန်တန်လျှင် အလိုလို သိရှိလာရမည်ပဲ ဖြစ်သည်။

သူ့ကို ဒုက္ခပေးမည့် ရန်သူဆိုလျှင်တော့ ကျန်းလန်က သည်းခံနေမည် မဟုတ်ပေ။

……………

ကျန်းလန်ထွက်ခွာသွားပြီးနောက် နန်ရှင်းနှင့် ပုချင်လည်း သေရည်ဆိုင်သို့ ထွက်ခွာလာခဲ့ကြသည်။

ပုချင်က…

“ရှင် သူ့ဆီက တစ်ခုခုများ သိခဲ့ရလား…”

သူမက ပေါ့ပေါ့ပါးပါးပင် မေးလိုက်ဟန်ရှိသည်။

သို့သော် ချက်ချင်းပင် သူမဆောင်းထားသည့် ဆီစိမ်စက္ကူထီးမှ အစီအရင်တစ်ခု ထွက်ပေါ်လာပြီး သူတို့ပြောသည့် စကားများကို အခြားသူများမကြားစေရန် ဖုံးကွယ်ပိတ်ဆို့ထားလိုက်လေသည်။

နန်ရှင်းက စိတ်ပျက်သွားဟန်ဖြင့်…

“သူက တကယ်ပဲ ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ပဲ… ဒါက အတော်လေး အံ့သြစရာကောင်းတယ်…”

ပုချင်က…

“ဘာဖြစ်လို့လဲ…”

နန်ရှင်းက…

“သူက နဝမတောင်ထွတ်က တစ်ဦးတည်းသော တပည့်လေ… ၊ ဘယ်နည်းနဲ့မှ သာမန်လူတစ်ယောက် မဖြစ်နိုင်ဘူး ၊ ပြီးတော့ သူက နဝမတောင်ထွတ်က ရင်းမြစ်တွေကို တစ်ယောက်တည်းအသုံးပြုပြီး ကျင့်ကြံနေတာ… ၊ အခြားတောင်ထွတ်တွေလို ရင်းမြစ်ပစ္စည်းတွေရဖို့ တပည့်အချင်းချင်း ယှဉ်ပြိုင်ရတာမျိုးတွေ လုပ်စရာမလိုဘူး…”

နန်ရှင်းက ခဏနားပြီးမှ ဆက်ပြောလိုက်သည်။

“ဒါကြောင့် သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားသလားဆိုပြီး စစ်ဆေးကြည့်လိုက်တာ… ၊ ဒါပေမဲ့ သူက ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ထားတာမျိုး မရှိဘူး…”

“ကျွန်မအထင်တော့ ရှင် အတွေးလွန်နေတာ ဖြစ်မှာပါ…”

မည်သို့ပင်ဖြစ်စေ သူတို့တွင် နောက်ဆက်တွဲအစီအစဉ်များ ပြုလုပ်စရာ ရှိသေးသည်။

ပုချင်က…

“ဒါနဲ့ ရှင်က ဘာလို့သူ့ကို ရုတ်တရက်ကြီး ယုန်မိစ္ဆာအကြောင်းမေးလိုက်ရတာလဲ… ၊ အဲဒီကိစ္စက ကျွန်မတို့နဲ့ မဆိုင်ဘူးမဟုတ်လား…”

နန်ရှင်းက ပြုံးလိုက်ရင်း…

“နတ်မိစ္ဆာမျိုးနွယ်တွေက တစ်ယောက်ယောက်က သူတို့ရဲ့ပစ္စည်းကို ခိုးယူသွားတယ်လို့ သံသယဖြစ်နေတာ ၊ ခိုးယူသွားတဲ့သူက ယုန်မိစ္ဆာဖြစ်မယ်ထင်တယ်… ၊ ဒီတော့ ဟိုဟိုဒီဒီ လျှောက်မေးကြည့်လိုက်တာပါ…”

နန်ရှင်းက အကြောင်းအရာများကို နှံ့စပ်အောင် စုံစမ်းကြည့်ခြင်းသာ ဖြစ်လေသည်။

ပုချင်က…

“ဒါဖြင့် ရှင်ပြောလိုက်တဲ့ ကျေးဇူးရှင်ဆိုတာက ဘယ်သူလဲ…”

“ဟားဟား…”

နန်ရှင်းက ရယ်မောလိုက်ရင်း…

“ဒါက ရှင်းပါတယ်ကွာ… ၊ ရန်သူလို့ပြောရင် ဘယ်သူ့ဆီက သတင်းစုံစမ်းလို့ရတော့မလဲ ၊ ကျေးဇူးရှင်လို့ ပြောလိုက်တော့ သတင်းစုံစမ်းရ လွယ်ကူတာပေါ့… ၊ ဒီလိုပဲ လျှောက်ပြောရတာပေါ့… ဒါပါပဲ…”

ပုချင်က နန်ရှင်းကိုကြည့်လိုက်ရင်း…

“ဒါဖြင့်… ကျေးဇူးရှင်ဆိုတာက လျှောက်ပြောလိုက်တာပေါ့ ၊ ဒါပေမဲ့ တစ်ဖက်လူသာ ဒီသတင်းကိုကြားသွားရင် ရန်သူကို သတိပေးလိုက်သလို ဖြစ်သွားမှာပေါ့…”

နန်ရှင်းက ပုချင်ကိုကြည့်လိုက်ပြီး “မတတ်နိုင်ဘူးလေ” ဆိုသည့်သဘောဖြင့် ပခုံးတွန့်ပြလိုက်သည်။

“ဒါက နတ်မိစ္ဆာတွေကိစ္စပဲလေ… ကျုပ်တို့နဲ့မှ မဆိုင်တာ…”

ပုချင် စကားထပ်မပြောတော့ဘဲ ရှေ့သို့သာဆက်လျှောက်သွားတော့သည်။

အတန်ကြာမှ…

“ကျွန်မတို့ ဘယ်အချိန် လှုပ်ရှားကြမလဲ…”

နန်ရှင်းက…

“ကျုပ် နည်းနည်းလောက် အခြေအနေကြည့်လိုက်ဦးမယ်… ၊ အသေးစိတ် အခြေအနေတွေသိရလေ ပိုကောင်းလေပေါ့… ၊ ဘာကိုမှ အလျင်လိုစရာ မရှိပါဘူးကွာ…”

……………

မရဏဂူသို့ ပြန်ရောက်သည်နှင့် ကျန်းလန်က ဝိညာဉ်သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို ဘေးသို့ချကာ ကျင့်ကြံခြင်းကို စတင်လိုက်သည်။

တာအိုနားလည်ခြင်းလက်ဖက်ခြောက်ကိုအသုံးပြုပြီး ကျင့်ကြံရန် ဆုံးဖြတ်လိုက်၏။

ထိုလက်ဖက်ခြောက်က ကျင့်ကြံခြင်းအဆင့်ကို မြင့်တက်စေပြီး တာအိုကိုနားလည်နိုင်စွမ်း မြင့်မားစေမည် ဖြစ်သည်။

လက်ရှိတွင် နွားရိုင်းကိုးကောင်စွမ်းအားက အဆင့် (၉)သို့ မတက်ရောက်နိုင်ဘဲ ရပ်တန့်နေလေရာ တာအိုနားလည်ခြင်း လက်ဖက်ခြောက်ဖြင့်ဆိုလျှင် နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်မည်လား ကျန်းလန် သိချင်မိသည်။

နွားရိုင်းကိုးကောင်စွမ်းအားကိုသာ ကျင့်ကြံအောင်မြင်လျှင် စွမ်းအားများစွာ တိုးတက်လာမည် ဖြစ်ပြီး မရှိမှုအာကာသအဆင့် ၊ နောက်ဆုံးအဆင့် ကျင့်ကြံသူများကိုပင် ကောင်းကောင်းယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။

ဟုတ်ပေ၏။ ဤသည်က သဘောတရားကို ပြောခြင်းဖြစ်သည်။

တကယ်တမ်းတွင် ကျန်းလန်က မည်သည့် မရှိမှုအာကာသအဆင့် ၊ နောက်ဆုံးအဆင့် ကျင့်ကြံသူနှင့်မှ ယှဉ်ပြိုင်ကြည့်ရန် ရည်ရွယ်ချက် မရှိပေ။

အခန့်မသင့်လျှင် အသက်အန္တရယ်ပင် ရှိနိုင်သည် မဟုတ်ပါလား။

သို့သော် အန္တရယ်ဆိုသည်က ဒီတစ်ကွေ့မတွေ့ နောက်တစ်ကွေ့ ကြုံရမည်ပဲ ဖြစ်သည်။ အန္တရယ်ကို ရှောင်ဖယ်ချင်သည့်တိုင် အန္တရယ်က ရောက်ချင်လျှင် ရောက်လာမည်ပဲ ဖြစ်သည်။

နောက်ဆုံးတော့ ကျန်းလန် တာအိုနားလည်ခြင်းလက်ဖက်ခြောက်ကို မြည်းစမ်းကြည့်ရန် ဆုံးဖြတ်လိုက်လေတော့၏။


Comment

Leave a Reply


Options

not work with dark mode
Reset