Switch Mode

အခန်း ( ၇၃ )

ဝမ်းသာစရာ နောက်ဆက်တွဲ

“ ကျောင်းဝင်ခွင့်က ကျောင်းနှစ်ကျောင်း ခွဲထားတယ်ဆိုလည်း အရေးမကြီးပါဘူး။ ငါ ဝမ်ပေါင်လဲ့က ကလဲ့စားချေဖို့ အမြဲမှတ်ထားမှာ ”

လင်းတျန်ဟောက်၏ နောက်ခံအင်အားကို နားလည်နေသောကြောင့် တာအိုကျောင်း၏ ဆုံးဖြတ်ချက်ကိုလည်း နားလည်နေသည်။

သူသည် အဆင့်မြင့်အရာရှိများ၏ ကိုယ်ရေး အတ္ထုပ္ပတ္တိများကို စေ့စေ့စပ်စပ် လေ့လာဖတ်ရှုထားပြီး သူလုပ်ရမည့် အရာများကို သေချာစွာ သိထားသည်။ တာအိုကျောင်း၏ လုပ်ရပ်များက တစ်နည်းအားဖြင့် သူ့ကို နစ်နာကြေးပေးသည့် သဘောမျိုး ဖြစ်ကြောင်း သဘောပေါက်လက်ခံလိုက်သည်။

ငါ လက်ဆောင်ကို လက်ခံတယ်။ ဒါပေမဲ့ လက်စားကတော့ ချေရဦးမှာပဲ …
ဝမ်ပေါင်လဲ့က ခေါင်းငုံ့က ကြေးမုံပြင်ကို ကြည့်လိုက်ပြီး ကျောက်စိမ်းဆွဲပြားကို ကိုင်ကြည့်လိုက်သည်။

အသေးစိတ် လေ့လာကြည့်ပြီးနောက် သူ့မျက်လုံးများမှာ တောက်ပလာသည်။ ဤပစ္စည်းများမှာ အလွန် အရည်အသွေး ကောင်းနေသည်။

ကျောက်စိမ်းဆွဲပြားမှာ ကာကွယ်ခြင်း၊ တိုက်ခိုက်ခြင်း နှစ်ခုလုံး စွမ်းဆောင်နိုင်သည့် နတ်ဘုရား ရတနာတစ်ပါး ဖြစ်သည်။ ဝမ်ပေါင်လဲ့သည် ၎င်း၏ ဝိညာဉ်စွမ်းအားကို ခံစားမိပြီး ခန့်မှန်းကြည့်ရန် ကမ္ဗည်းစာများကို စစ်ဆေးကြည့်လိုက်ရာ စိတ်လှုပ်ရှားသွားလေသည်။

ကြေးမုံပြင်မှာလည်း ကျောက်စိမ်းဆွဲပြားနှင့် တန်းတူယှဉ်နိုင်သည်။ တိုက်ရိုက် ကာကွယ်ခြင်း၊ တိုက်ခိုက်ခြင်းများ မပြုလုပ်နိုင်သော်လည်း လူများကို တွေဝေစေမည့် ကြံ့ခိုင်တောင့်တင်းသည့် ပုံရိပ်ယောင်များ ဖန်တီးပေးနိုင်သည်။ ထို့ပြင် တိုက်ခိုက်စွမ်းရည်များလည်း ထည့်သွင်းထား‌သောကြောင့် အခြေအနေတော်တော်များများတွင် အသုံးပြုနိုင်သည်။

ဝမ်ပေါင်လဲ့မှာ ဤနတ်ဘုရားရတနာနှစ်ခုအား အလွန်သဘောကျ ကျေနပ်နေသည်။ အထူးသဖြင့် သူပိုင်သည့် ဓမ္မအဆောင်များမှာ လုံးဝ ကုန်သွားသောကြောင့် ဖြစ်သည်။ လက်ထဲတွင် ဗလာမဟုတ်တော့သောကြောင့် နတ်ဘုရား ရတနာနှစ်ပါးက သူ့ကို ပို၍ စိတ်လုံခြုံစေသည်။

“ ဒါပေမဲ့ ဓမ္မအဆောင်တွေက မလောက်သေးဘူး။ ငါ ထပ်ပြီး ဖန်တီးသန့်စင်မှ ရမယ်။ အထူးသဖြင့် အကာအကွယ်ပေးနိုင်တဲ့ဟာတွေ၊ အဲဒါမှ ငါ အန္တရာယ် ထပ်ကြုံရင် ဖြေရှင်းနိုင်မှာ”
ဝမ်ပေါင်လဲ့သည် ထိုသို့တွေးပြီးနောက် သန့်စင်ခြင်း၊ ကမ္ဗည်းစာရေးထိုးခြင်း လုပ်ငန်းစဉ်များ၌ နစ်မြောသွားသည်။

အေးချမ်းစွာဖြင့် တစ်လတာ ကုန်ဆုံးသွားသည်။

ထိုတစ်လအတွင်း ဝမ်ပေါင်လဲ့သည် ဝိညာဉ်ဒယ်အိုးဂူထဲ၌သာ နေခဲ့သည်။ တဖြည်းဖြည်းနှင့် သူဖန်တီးထားသည့် ဓမ္မအဆောင်များ စုပုံလာခဲ့သည်။ အခြား ကြိုးတချို့နှင့်အတူ တံဆိပ်တော် အကြီးများသက်သက်ပင် ဆယ်ခုကျော်ရှိသည်။ သူ အာရုံစိုက် သန့်စင်နေသည်မှာ ပုလဲ ဓမ္မအဆောင်တစ်မျိုး ဖြစ်သည်။

ထိုပုလဲက ဝမ်ပေါင်လဲ့၏ စွမ်းအင်များကို အများဆုံး ယူဆောင်သွားသည်။ ၎င်း၏ ဝိညာဉ်အမြုတေမှာ သက်တံ့ဝိညာဉ်ကျောက်တုံးများဖြင့်သာ ပြုလုပ်ထားပြီး မယုံနိုင်လောက်‌အောင် များပြားသည့် ကမ္ဗည်းစာများ ရေးထိုးထားသည်။ အသက်သွင်းလိုက်သည်နှင့် ရွှေခေါင်းလောင်းဒိုင်းသဖွယ် ကာကွယ်အလင်းရောင်တစ်မျိုး ထုတ်လွှတ်ပေးသည်။

တစ်ခုနှင့် မလုံလောက်သဖြင့် ဝမ်ပေါင်လဲ့သည် ထိုသို့ ကာကွယ်ပုလဲမျိုး ဆယ်ခုကျော် ဖန်တီးပြီးမှသာ စိတ်ကျေနပ်သွားသည်။

“ ကာကွယ်ဖို့ ဓမ္မအဆောင်တွေက လုံလောက်သွားပြီ။ ကဲ၊ ခုက တိုက်ခိုက်နိုင်တာတွေဘက် လှည့်ရမယ်….”
ဝမ်ပေါင်လဲ့က ချွေးများကို သုတ်ကာ မုန့်ထုပ်အများအပြားကို တဂျွမ်းဂျွမ်း ဝါးစားတော့သည်။ ဆက်လက်သန့်စင်ခြင်းမပြုခင် တခဏမျှတွေးတောကာ ဖန်တီးနိုင်သည်များကို သုံးသပ်ဆန်းစစ်လိုက်သည်။

ဤတစ်ကြိမ်တွင် သူက ဓားပျံတစ်လက်ကို သန့်စင်မည် ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ရှေး‌ဟောင်းသိုင်းအဆင့်သာ ရှိသေးရာ ဝမ်ပေါင်လဲ့သည် ဓမ္မအဆောင်များကို သူ အလိုရှိသည့်အတိုင်း မြန်ဆန်စွာ မသုံးနိုင်သေးသည့်အပြင် အစွမ်းကုန် ထုတ်မသုံးနိုင်သေးကြောင်း နားလည်နေသည်။ သို့ရာတွင် ဓမ္မလက်နက်ဌာန၏ တစ်ဦးတည်းသော ကျောင်းသားခေါင်းဆောင် အနေဖြင့် ဌာနထဲမှ ကျောင်းသားများ တစ်ခါမျှ မမြင်ဖူးသည့် ကမ္ဗည်းစာများကို အသုံးပြုကာ အစားထိုးရန် တွေးမိသွားသည်။

“ ငါ သံလိုက်စွမ်းအင်ကို သုံးရမယ် ”

“ သံလိုက်အားကို သုံးပြီး ဓားပျံတွေကို တစ်ဆက်တည်း ပေါင်းစပ်နိုင်မယ်။ ဒီလိုဆို ငါ ဓားတစ်ချောင်းကို လှုပ်ရှားရုံနဲ့ ကျန်ဓားအားလုံးကို ထိန်းချုပ်နိုင်သွားပြီ”

ဝမ်ပေါင်လဲ့သည် ဓားပျံများ၏ ဝိညာဉ်အမြုတေများသို့ သံလိုက်ကမ္ဗည်းစာများ ထည့်သွင်းနေစဉ် သူ၏ မျက်လုံးမှာ တလက်လက် တောက်ပလျက်ရှိသည်။

နောက်ဆုံးရလဒ်မှာ ပြီးပြည့်စုံခြင်း မရှိသော်လည်း သံလိုက်အားကို သုံးကာ ဓားပျံများအားလုံးကို တစ်စုတည်း ‌ပေါင်းစပ်နိုင်သည်။ သူ စမ်းကြည့်ရာ လက်တစ်ချက် ဝှေ့ရုံဖြင့် ဓားပျံခုနစ်ချောင်းကို လွှဲပစ်နိုင်သည်။ ၎င်းဓားများ၏ အရှိန်နှင့် ပြောင်းလွယ်ပြင်လွယ်ဖြစ်မှုတို့က တိမ်‌ရေကန်မိုးသစ်တောထဲမှ တိုက်ပွဲတွင် တွေ့ခဲ့ရသည်ထက် များစွာ သာလွန်နေသည်။

သူသည် လုံးလုံးလျားလျား စိတ်ကျေနပ်ခြင်း မရှိသေးသော်လည်း ဤသည်မှာ သူတတ်နိုင်သမျှ အစွမ်းကုန်ဖြစ်ကြောင်း သိနေသည်။

“ အလိုလိုပျက်စီးစေနိုင်တဲ့ အစွမ်းသတ္တိလည်း ထည့်ရမယ် ”
ဝမ်ပေါင်လဲ့က နဖူးကို ပွတ်လိုက်သည်။

သေရေးရှင်ရေး အဖြစ်ကို ကြုံတွေ့ပြီးနောက် သူ၏ ဓမ္မအဆောင်များမှာ အလိုလို ပျက်စီးသွားဆရာ၌ အနည်းငယ် နှေးနေသည်ဟု ခံစားရပြီး ပြင်ဆင်ပြီးသည်နှင့် စက္ကန့်ပိုင်းအတွင်း ပေါက်ကွဲသွားလျှင် လုံးဝပြည့်စုံသွားမည် ဖြစ်သည်။

“ ဒါကြောင့် ငါ့မှာ ရှိသမျှ ဓမ္မအဆောင်တွေ အားလုံးကို ကိုယ်တိုင်ဖျက်ဆီးနိုင်တဲ့ ကမ္ဗည်းစာတွေ ထည့်ထားမှ ဘယ်အချိန်ဖြစ်ဖြစ် ပေါက်ကွဲနိုင်မှာ ”

“ နောက်ပြီး အော်လံကြီးလည်း ကျန်သေးတယ်။ အဲဒါက ရတနာပဲ။ သန့်စင်ပြီးရင် ပိုပြီး အစွမ်းထက်‌အောင် လုပ်ဖို့ နည်းလမ်းတွေ ရှာရမယ် ”

ဝမ်ပေါင်လဲ့က ဓမ္မအဆောင်များ ဆက်လက်သန့်စင်နေစဉ် နောက်ထပ်လဝက် ကုန်ဆုံးသွားသည်။ သူပြီးခါနီး၌ ဘန်နီလေးဆီမှ ဝိညာဉ်ဒယ်အိုးဂူထဲမှ ထွက်ကာ ပြင်ပမှ လေကောင်းလေသန့်ရှူရန် အကြံပေးသည့် အသံလွှင့်ချက်တစ်ခုကို ရရှိလိုက်သည်။ မိုးသားကောင်းကင်မှ ကျဆင်းနေသည့် တိမ်တိုက်မွမွလေးများကို ကြည့်ရင်း သူ၏ သိုလှောင်လက်ပတ်ကို ပွတ်သပ်ကာ ဝမ်ပေါင်လဲ့မှာ ကျေနပ်နေလေသည်။

“ ငါ့အိတ်ကပ်ထဲမှာ အရင်ကထက် ဓမ္မအဆောင်တွေ ပိုတောင် များနေပြီ။ ဟား ဟား တိမ်ရေကန် မိုးသစ်တောထဲကလို အဖြစ်မျိုးနဲ့ ထပ်ကြုံရင်တောင် ငါ သူတို့ကို အင်အားစိုက်စရာမလိုဘဲ ရှင်းပစ်နိုင်မယ်ဆိုတာ သေချာတယ် ”
ဝမ်ပေါင်လဲ့သည် မုန့်ထုပ်များကို ထုတ်ကာ ဝါးရင်း ဓမ္မလက်နက်ဌာနထဲသို့ ဝမ်းမြောက်ဝမ်းသာ လျှောက်လာသည်။ လမ်းတစ်လျှောက်တွင် တွေ့သမျှ လူတိုင်းက လေးစားစွာ နှုတ်ဆက်ကြလေသည်။

ဝမ်ပေါင်လဲ့ကို သတိပြုမိသည်နှင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြသည့် ကျောင်းသားသစ်များလည်း အများအပြား ရှိသည်။ ကျောင်းသားသစ်များကို ကြည့်ကာ ဝမ်ပေါင်လဲ့သည် နှုတ်ခမ်းမွှေးစစကို သပ်ကာ သက်ပြင်းချလိုက်သည်။

“ ငါ အသက်ကြီးလာပြီပဲ….”

ဝမ်ပေါင်လဲ့နှင့် သူ၏ အတန်း‌ဖော်များမှာ ကျောင်းသားသစ်များ မဟုတ်ကြတော့ပေ။ သူတို့သည် သက်ဆိုင်ရာဌာနများတွင် အောင်မြင်မှုအသီးသီး ရနေကြပြီဖြစ်သည်။ ယခု ဝမ်ပေါင်လဲ့သည် ကျောင်းသားသစ်များကို ဝေ့ဝဲကြည့်ရင်း ပါမောက္ခကို အတုခိုးကာ အားပေးသည့် မျက်လုံးများဖြင့် ‌ခေါင်းတဆတ်ဆတ် ညိတ်ပြနေသည်။

သူ၏ အားပေးမှုမှာ ကျောင်းသားသစ်များအတွက် အားဆေးတစ်ရပ်ပင် ဖြစ်သည်။ သူတို့အားလုံး စိတ်လှုပ်ရှားသွားကြပြီး ဝမ်ပေါင်လဲ့၏ လမ်းတစ်လျှောက် နှုတ်ဆက်သံများ ရပ်တန့်မသွားတော့ပေ။

သူ၏ ရာထူး၊ အခွင့်အ‌ရေးများကို သာယာစွာ စံစားရင်း ဝမ်ပေါင်လဲ့မှာ သူ့ဘဝ၏ အကောင်းဆုံး ဆုံးဖြတ်ချက်အဖြစ် ထာဝရတာအိုကျောင်းသို့ လျှောက်ထားရန် ရွေးချယ်ခဲ့သည်ကို အထူးတလည် ကျေနပ်အားရနေသည်။

“ ငါ၊ ဝမ်ပေါင်လဲ့က ထူးထူးခြားခြား သူများနဲ့ မတူဖို့ကို ကံပါလာတာ။ ဒီနှစ်တွေထဲ ဇာမဏီမြို့တော်မှာ သိုသိုသိပ်သိပ်နေခဲ့တာက ထာဝရတာအိုကျောင်းမှာ နာမည်ကြီးဖို့ဖြစ်လာတာပဲ ”
ဝမ်ပေါင်လဲ့က စိတ်လှုပ်ရှားစွာ တွေးလိုက်ပြီး ဓမ္မလက်နက်ဌာနတောင်ထိပ်မှ ပြန်ဆင်းလာခဲ့သည်။

ထိုညနေက ဆည်းဆာနေရောင်မှာ ကောင်းကင်ကို လိမ္မော်ရောင်သမ်းနေစေသည်။ ဝမ်ပေါင်လဲ့က နေဝင်ချိန်မြင်ကွင်းကို ခေတ္တမျှ ရပ်ကာ ခံစားကြည့်ရှုနေသည်။ မုန့်ထုပ်များ ကုန်သွားချိန် အဝေးမှ ရောက်လာသည့် ဘန်နီလေးကို တွေ့လိုက်ရသည်။

ဘန်နီက သူ့ကို အသံလွှင့်ချက် ပေးပို့စဉ်က အလည်လာချင်ကြောင်း ထည့်ပြောသွားသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့က သူ၏ သန့်စင်ခြင်း လုပ်ငန်းကို ဆိုင်းငံ့ကာ လာကြိုခြင်း ဖြစ်သည်။

ဝမ်ပေါင်လဲ့က သူမကို စောင့်နေကြောင်း အဝေးမှပင် လှမ်းမြင်လိုက်ရာ ဘန်နီလေးမှာ ရှက်သွေးဖြာသွားပြီး ဝမ်းသာကာ မျက်လုံးများ ပြူးကျယ်သွားသည်။ သူမက ခြေလှမ်းကို ခပ်သွက်သွက်လှမ်းကာ ဝမ်ပေါင်လဲ့ဆီသို့ အမြန်ပြေးလာသည်။

“ အစ်ကိုပေါင်လဲ့ ”

သူမ၏အသံက ဝမ်ပေါင်လဲ့မျက်လုံးများကို တောက်ပသွားစေသည်။ ဘန်နီလေးက သူ့ဆီသို့ အပြေးလာနေသည့် မြင်ကွင်းမှာ သူ့စိတ်ထဲတွင် ထပ်ခါထပ်ခါ စိတ်ကူးယဉ်ခဲ့ရသည့် အိပ်မက်အလား ထင်ရသည်။ သူက လည်ချောင်းရှင်းကာ ချောင်းဟန့်လိုက်ပြီး လူကြီး လူကောင်းအသွင် ဖမ်းကာ သူမကို ရှက်ကို့ရှက်ကန်း ပြုံးပြလိုက်သည်။

ဘန်နီလေးက ဝမ်ပေါင်လဲ့ရှေ့သို့ ရုတ်ခြည်း ရောက်ချလာသည်။ သူမ၏မျက်နှာမှာ ရှက်ရွံ့မှုကြောင့် နီရဲလျက် ရှိသည်။ တစ်ခုခုပြောချင်နေသော်လည်း သူမသည် ဝမ်ပေါင်လဲ့၏ မျက်လုံးများကို ကြည့်မိလိုက်သည်နှင့် ရင်ခုန်လာပြီး အစက သူ့ကို ပြောရန် ရည်ရွယ်ထားသည်များ မေ့သွားလေသည်။ သူမ သတိထားမိလိုက်ချိန်တွင် ဆေးဘူးတစ်ဘူးကို ထုတ်ကာ ဝမ်ပေါင်လဲ့ကို ပေးပြီး ဖြစ်နေသည်။

“ အစ်ကိုပေါင်လဲ့၊ ဒါတွေက တချိန်လုံး သီးခြားသန့်စင်ပြီး ရလာတဲ့ အနာကျက်ဆေးလုံးတွေလေ၊ အစ်ကိုယူထားဖို့ ”
ဘန်နီလေးက ပန်းရောင်သမ်းနေသော မျက်နှာထားဖြင့် ဝမ်ပေါင်လဲ့အား ဆေးဘူးကမ်းပေးရင်း သိမ်မွေ့စွာ ပြောလိုက်သည်။

“ အစ်ကိုပေါင်လဲ့၊ နောက်ကျရင်လည်း ကြိုးစားပြီး ဆေးတွေ သန့်စင်ပေးမယ်နော်၊ အဲဒါမှ အန္တရာယ်ထပ်ကြုံရရင် ညီမရဲ့ ဆေးတွေက အစ်ကို့အတွက် အ‌ထောက်အကူဖြစ်မှာ”
ဘန်နီလေးက လေးနက်စွာ ပြောပြီးနောက် ပို၍ ရှက်သွေးဖြာသွားသည်။ သူမက လှည့်ထွက်ပြီးနောက် တစ်ခါ ပြန်လှည့်လာကာ ဝမ်ပေါင်လဲ့အား နောက်ထပ်ဆေးသေတ္တာတစ်လုံး ထပ်ပေးပြန်သည်။

“ ညီမ…. ညီမ ခုနက ဆေးဘူးမှားပေးတာ။ ဒါကမှ တကယ့်ဆေးဘူးအမှန် ”
ထိုသို့ပြောစဉ် ဘန်နီလေး၏မျက်နှာမှာ ပန်းသီးမှည့်တစ်လုံးအလား ရဲတွတ်နေပြီး ပြန်ရန် တစ်ဖက်လှည့်သွားလေသည်။

အမှန်တကယ်တွင် သူမသည် သတ္တိရှိကာ ပြောရဲဆိုရဲသူ မဟုတ်ပေ။ ပြောစရာစကားများ စိတ်ကူးထားခဲ့သော်လည်း ဝမ်ပေါင်လဲ့ကို မြင်သည်နှင့် နှလုံးခုန်နှုန်းများ မြန်လာပြီး အတွေးများ ဝေဝါးကာ ပြောချင်သမျှ အရာအားလုံးကို မေ့သွားရသည်။

ကျိုးရှောင်ရ အလောတကြီး ပြန်သွားသည်ကို တွေ့လျှင် ဝမ်ပေါင်လဲ့၏ အကြည့်မှာ နူးညံ့သွားသည်။ အစက အဘယ့်ကြောင့် လာရသည်ကို မသိသော်လည်း ယခု သူမသည် သူ့ကို ဆေးလုံးများ ပေးရန်သက်သက်အတွက် လာခဲ့ခြင်းဖြစ်ကြောင်း နားလည်လိုက်သည်။ ဝမ်ပေါင်လဲ့က သူ့လက်ထဲမှ ဆေးဘူးကို ကြည့်ကာ ရင်ထဲတွင် မဖော်ပြတတ်သော ခံစားမှုတစ်မျိုး ပြည့်တက်လာသည်။ ခေါင်းမော့ကြည့်လိုက်သောအခါ ကျိုးရှောင်ရမှာ အတော်လေး ခပ်လှမ်းလှမ်း ရောက်နေလေပြီ။ သူက မျက်တောင်ခတ်လိုက်ကာ သူမကို မီအောင် အပြေးလိုက်သွားသည်။

“ ကျိုးရှောင်ရ၊ ကျိုးရှောင်ရ၊ ဘာလို့ နင် အဲဒီလောက် ရှက်ကြောက်ရတာတုန်း။ နင်ဖွင့်ပြောဖို့ ပြင်ထားပြီးသားကို အကုန်လုံး ဖျက်ဆီးပစ်တယ်။ အကြိမ်ကြိမ် လေ့ကျင့်ခဲ့တယ် မဟုတ်လား ”
ကျိုးရှောင်ရမှာ သူ့ကိုယ်သူ စိတ်ဆိုးကာ ဝမ်ပေါင်လဲ့ နီးကပ်လာသည်ကို သတိမထားမိပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့က သူမ၏ နောင်တရနေသည့် အတွေးများကို ကြားသွားသည်။

“ အင်….”
ကျိုးရှောင်ရ၏ ညည်းညူသံများကို နားထောင်ရင်း ဝမ်ပေါင်လဲ့က ချောင်းဟန့်လိုက်သည်။
“ ဘာကို ဖျက်ဆီးမိတာလဲ”

“ အာ”
ကျိုးရှောင်ရမှာ ဝမ်ပေါင်လဲ့ဆီမှ ရုတ်တရက် ထွက်လာသော အသံကြောင့် သိသိသာသာ ထိတ်လန့်သွားပြီး လှည့်ကြည့်လိုက်ရာ ဝမ်ပေါင်လဲ့ကို မြင်လျှင် တအံ့တဩ ဖြစ်သွားသည်။

“ အစ်ကိုပေါင်လဲ့၊ အစ်ကို….. ဘာလို့ ညီမနောက်ကို လိုက်လာတာလဲ”

ဘန်နီ၏ အူကြောင်ကြောင် ပုံစံကို ကြည့်ရင်း ဝမ်ပေါင်လဲ့၏ ဝေဝေဝါးဝါး ခံစားချက်မှာ ပို၍ ထင်ရှားလာပြီး မျက်တောင်ကို တဖျတ်ဖျတ်ခတ်လိုက်သည်။

“ မှော်ဆေးရည်ဌာနအထိ လိုက်ပို့မလို့လေ၊ အဲဒါကြောင့် လိုက်လာတာ ”

“ ဪ၊ ဟုတ်။ ကျေးဇူးပါ၊ အစ်ကိုပေါင်လဲ့”
ဘန်နီလေးက ဝမ်ပေါင်လဲ့၏ ဖြေရှင်းချက်ကို ကြားသောအခါ အသာအယာ ခေါင်းညိတ်လိုက်သည်။ ချက်ချင်းပင် ဒေါသများ ပျောက်ကွယ်သွားပြီး သူမ၏ရင်ထဲတွင် ပျော်ရွှင်မှုများက နေရာယူသွားသည်။

ထိုသို့ဖြင့် ဆည်းဆာနေရောင်ခြည်အောက်တွင် ဝမ်ပေါင်လဲ့နှင့် ဘန်နီလေးတို့သည် တာအိုကျောင်းတခွင် လျှောက်လှမ်းလာကြစဉ် သူတို့၏ အရိပ်များက မြေပြင်ပေါ်၌ ခပ်ဝေးဝေးထိ ထင်ဟပ်နေသည်။

ဌာနအသီးသီး၏ တောင်ထိပ်များဆီမှ ကျောင်းသားတို့၏ စာအံသံများ၊ သိုင်းပညာဌာနမှ ကျောင်းသားများ ပတ်ပြေးနေသည့် ခြေသံများနှင့် ဖြတ်သွားဖြတ်လာ ကျောင်းသားများ၏ ရယ်မောသံများ အားလုံးသည် သူတို့နှစ်ယောက်အတွက် နောက်ခံတေးဂီတအလား ထင်ရသည်။ တာအိုကျောင်းတစ်ခုလုံးတွင် သူတို့နှစ်ယောက်တည်းသာ ကျန်နေသည့်အလားပင်။

ဘန်နီလေး၏ မျက်နှာပေါ်တွင် တောက်ပသည့် အပြုံးတစ်ပွင့် ပွင့်လန်းလာသည်။ ဝမ်ပေါင်လဲ့ကို ငေးကြည့်နေသည့် သူမမျက်လုံးများမှာ ညနေဆည်းဆာနေခြည်က ရောင်ပြန်ဟပ်လာ၍ ပိုမိုတောက်ပနေသည်။ အရာအားလုံးက သူမ၏ တမူထူးခြားသည့် အလှတရားကို ပိုမိုပေါ်လွင်သွားစေသည်။

အနားတွင် ကျောင်းသားဝတ်ရုံ ဝတ်ဆင်ထားသည့် ပိန်ပိန်ဖြူဖြူ လူငယ်တစ်ယောက်မှလွဲ၍ ဝင်တော့မည့်ဆဲဆဲ နေမင်းကြီးနှင့်တကွ ပတ်ဝန်းကျင် အငွေ့အသက်၊ မြင်ကွင်းတစ်ခုလုံးက ပြီးပြည့်စုံနေသည်။ သူ ဖြတ်သွားသောအခါ သူက ဝမ်ပေါင်လဲ့နှင့် သူ့ဘေးတွင် ရပ်နေသည့် ဘန်နီကို ကြည့်လိုက်သည်။

ပိန်ချုံးချည့်နဲ့နေသည့် လူငယ်မှာ ဘန်နီလေးကို မြင်လိုက်သည့်အခိုက် သူမ၏ အလှတရားနှင့် အပြုံးက သူ့ကို ညှို့ယူဖမ်းစားလိုက်သည့်အလား ရုတ်တရက် ရပ်တန့်လိုက်သည်။ သူ့မျက်လုံးများက တောက်ပသွားပြီး ရှေ့သို့ အမြန်တိုးကာ ဝမ်ပေါင်လဲ့ကို မမြင်သည့်အလား သူတို့နှစ်ယောက်ရှေ့မှ ပိတ်ရပ်လိုက်သည်။

“ ချစ်ဖို့ကောင်းတဲ့ညီမလေး … အရင်က အစ်ကိုတို့ တစ်နေရာရာမှာ မြင်ဖူးသလားလို့။ မင်းနဲ့ ရင်းနှီးခွင့် ရှိမလား။ ကျေးဇူးပြုပြီး ဘယ်လို ဆက်သွယ်လို့ ရမလဲ ပြောပေးပါလား ”
ပိန်ချုံးချုံး လူငယ်က ဘန်နီလေးကို တည့်တည့်ကြည့်ကာ ခံစားချက်အပြည့်ဖြင့် ပြောချလိုက်သည်။


Comment

Leave a Reply

Options

not work with dark mode
Reset