အခန်း (၁၁၅)

တာအိုနားလည်ခြင်းလက်ဖက်ခြောက်

အခန်း (၁၁၅) တာအိုနားလည်ခြင်းလက်ဖက်ခြောက်

ဆိုင်ထဲဝင်လာသူများကိုကြည့်ပြီး ကျန်းလန် အနည်းငယ် ပဟေဠိဖြစ်သွားသည်။

ဤသူများပြောနေသည့် စကားများသာ အမှန်ဖြစ်ပါက နတ်လူသားများနွယ်များရောက်ရှိလာခြင်းမှာ ဖုန်းကျီအသတ်ခံရသည့်ကိစ္စကို လာရောက်စုံစမ်းခြင်းဖြစ်နိုင်သည်။

သို့သော် ချက်ချင်းပင် ထိုကိစ္စ မဖြစ်နိုင်ဟု တွေးလိုက်မိသည်။

“မဖြစ်နိုင်ဘူး… သူတို့ရောက်လာတာ အရမ်းမြန်လွန်းတယ်… ၊ ဖုန်းကျီက မနေ့ကမှ ငါသတ်လိုက်တာ… ၊ ဒီလောက်မြန်မြန်ကြီးသိသွားစရာ အကြောင်းမရှိဘူး ၊ သိသွားတယ်ဆိုဦးတော့ အလယ်ပိုင်းလွင်ပြင်ဒေသကနေ တစ်ရက်အတွင်း ဒီကိုအရောက်လာဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး…”

ခွန်လွန်တောင်က ပျက်သုဉ်းတစပြင်လောကကြီး၏ အနောက်ဘက်စွန့်ပစ်နယ်မြေတွင် တည်ရှိလေသည်။

ထို့ကြောင့် နတ်လူသားမျိုးနွယ်များ နေထိုင်ကြသည့် အလယ်ပိုင်းလွင်ပြင်ဒေသနှင့် ဝေးကွာလွန်းလှသည်။

ဖြစ်နိုင်ချေအရ နတ်လူသားမျိုးနွယ်များက ဖုန်းကျီသေဆုံးသည့်ကိစ္စကို သိရှိဟန် မရှိသေးပေ။ အခြားကိစ္စတစ်ခုကြောင့်သာ ရောက်လာခြင်း ဖြစ်ဟန်တူသည်။

သူ့ကိုများ လာရောက်ရှာဖွေလေသည်လား။ ထိုကိစ္စက ဖြစ်နိုင်ချေရှိသည်။

သို့တည်းမဟုတ် ကျန်းလန် သူ့ကိုယ်သူ အထင်ရောက်နေခြင်းလည်း ဖြစ်နိုင်သည်။

မည်သို့ပင်ဖြစ်စေ သူ့အနေဖြင့် သတိထားရမည် ဖြစ်သည်။ ရုတ်တရက် အန္တရယ်ကျရောက်လာပါက သူ့အနေဖြင့် ပြင်ဆင်ချိန်ပင် ရရှိမည် မဟုတ်ပေ။

နတ်မိစ္ဆာများရောက်လာသည်ကတော့ သူနှင့် သက်ဆိုင်မည် မဟုတ်ပေ။

သို့သော် နတ်မိစ္ဆာမျိုးနွယ်များနှင့် နဂါးမျိုးနွယ်များက တိုက်ပွဲဖြစ်ပွားနေကြလေသည်။ ယခု သူက နဂါးမင်းသမီးလေး လုန်ယွိနှင့် စေ့စပ်ရတော့မည် ဖြစ်လေရာ နတ်မိစ္ဆာများက သူ့ကို အာရုံစိုက်လာနိုင်သည်။

“ဂိုဏ်းတူအစ်မလုန်ယွိနဲ့ စေ့စပ်ရမယ့်ကိစ္စကလည်း တကယ့် သောက်ပြဿနာပဲ…”

ကျန်းလန် အတော်လေး စိတ်ပျက်သွားမိသည်။

သို့သော် ဆရာဖြစ်သူကို မင်္ဂလာကိစ္စ လက်ခံပါမည်ဟု ကတိပေးခဲ့ပြီးဖြစ်လေရာ စကားကို ပြန်ပြင်၍ ရနိုင်မည် မဟုတ်တော့ပေ။

ထို့ပြင် သူ့အနေဖြင့် ငြင်းဆန်ရန်လည်း အင်အားမရှိပေ။

ရှောင်ယွိကတော့ ခုံပုလေးပေါ်တွင် မတ်တတ်ရပ်ရင်း ဆိုင်ထဲဝင်လာသူများကို လှမ်းကြည့်လိုက်သည်။

ဝင်လာသူများက ယောကျ်ားလေး (၂)ယောက် ၊ မိန်းကလေး (၂)ယောက်  ၊ စုစုပေါင်း (၄)ယောက်ဖြစ်ပြီး ခွန်လွန်တောင်မှ တပည့်များဝတ်ဆင်သည့် တူညီဝတ်စုံများကို ဝတ်ဆင်ထားကြသည်။

မိန်းကလေးကျင့်ကြံသူတစ်ယောက်က ရှောင်ယွိကိုကြည့်လိုက်ပြီး အံ့အားသင့်သွားဟန်ဖြင့်…

“နောက်ထပ် ကလေးတစ်ယောက် ရောက်နေတာပဲ…”

အခြားသူများကလည်း ရှောင်ယွိကို လှမ်းကြည့်လိုက်ကြလေသည်။

ရှောင်ယွိက အလွန်ချစ်စရာကောင်းလေရာ သူတို့ အတန်ကြာငေးကြည့်နေမိကြသည်။ သို့သော်…  ရိုင်းပြသည့် အပြုအမူများကိုတော့ ပြုလုပ်ခြင်း မရှိကြပေ။

ဤသေရည်ဆိုင်တွင် စွမ်းအားနည်းပါးသူ တစ်ယောက်မှ မရှိပေ။

အရင်က အမြဲတမ်းဆိုင်ထိုင်လေ့ရှိသည့် ကလေးငယ်ဆိုလျှင် အတော်လေး စွမ်းအားကြီးလွန်းသည်။ ယခု ကောင်တာတွင်ရပ်နေသည့် ကလေးမလေးသည်လည်း အတူတူပင် ဖြစ်သည်။

မိန်းကလေးငယ်ဘေးတွင်ရပ်နေသည့် လူငယ်ကမှ ကျင့်ကြံခြင်းအဆင့် အားနည်းနေသေးသည်။

“ဂိုဏ်းတူအစ်ကိုလုကျန်းမှာထားတဲ့ သေရည်အိုးလာယူတာပါ ၊ ဒီမှာ သူပေးလိုက်တဲ့ ကြိုတင်လက်မှတ်ပါ…”

လူငယ်ကျင့်ကြံသူတစ်ယောက်က သစ်သားဖြင့် ပြုလုပ်ထားသည့် အကြမ်းပန်းကန်လေးတစ်လုံးကို ထုတ်ပေးလိုက်သည်။

ရှောင်ယွိက အကြမ်းပန်းကန်လေးကို တစ်ချက်ကြည့်လိုက်ပြီး မည်သည့်စကားမှ မပြောဘဲ အကောင်းစားသေရည်အိုးကို လှမ်းပေးလိုက်သည်။

လူငယ်က …

“ကျေးဇူးပါပဲ…”

ထို့နောက် သူတို့အားလုံး သေရည်ဆိုင်ထဲမှ ထွက်ခွာသွားကြလေသည်။

“ဘာလို့ သေရည်ဆိုင် ကောင်တာထိုင်တဲ့သူ ပြောင်းသွားတာလဲ မသိဘူးနော်…”

ဆိုင်ပြင်ရောက်သည်နှင့် မိန်းကလေးတစ်ယောက်က စကားစတင်ပြောဆိုလိုက်သည်။

သူတို့အားလုံး အနည်းငယ် အံ့အားသင့်နေကြလေသည်။

“ပြောသံကြားတာတော့ တောင်ထွတ်တွေက အညံ့ဆုံးတပည့်တွေကို သေရည်ဆိုင်က အလုပ်လုပ်ဖို့ ခေါ်ထားတယ်လို့ကြားတယ် ၊ ဟုတ် မဟုတ်တော့ မသိဘူး…”

“အဲဒါဆို… အခု ကောင်တာထိုင်နေတဲ့ နှစ်ယောက်က…”

“ရှူး… ကြားသွားဦးမယ်… ၊ သတင်းမှားလည်း ဖြစ်နိုင်တာပဲလေ…”

ထို့နောက် သူတို့ စကားထပ်မပြောကြတော့ဘဲ အလျှင်အမြန် ထွက်ခွာသွားကြလေတော့သည်။

သူတို့စကားများကို ကျန်းလန် ကြားလိုက်ရသော်လည်း စိတ်ထဲ မည်သို့မှ မခံစားရပေ။ သူက အမှန်တကယ်ပင် နဝမတောင်ထွတ်မှ အညံ့ဆုံးတပည့် ဖြစ်သည်။

လွန်ခဲ့သည့် နှစ်ပေါင်း (၃၀) က သူ့ကိုယ်သူ နဝမတောင်ထွတ်မှ အတော်ဆုံးတပည့်ဟု တွေးထင်ခဲ့သည်။

အချိန်များပြောင်းလဲသွားသည်နှင့်အမျှ အတော်ဆုံးမှ အညံ့ဆုံးဖြစ်သွားသည်မှာလည်း ဖြစ်သင့်သည့် ကိစ္စပင် ဖြစ်သည်။

ရှောင်ယွိကတော့ ထိုသူများ မည်သည့်အကြောင်းအရာများ ပြောနေကြသည်ကိုပင် နားလည်ခြင်း မရှိပေ။

အမှန်တော့ ထိုနေ့က သူမက သေရည်ဆိုင်တွင် ကျန်းလန်ကို လာရှာခြင်း ဖြစ်သည်။

ထို့နောက် ဆိုင်ရှင်အဘိုးအိုတိုက်သည့် လက်ဖက်ရည်ကြမ်းတစ်ခွက်ကိုသောက်မိပြီး သူမ ခဏမျှ ငိုကြွေးနေခဲ့မိသည်။

နောက်ပိုင်းတွင်တော့ ဆိုင်ရှင်က သေရည်ဆိုင်တွင် အလုပ်ကူလုပ်ပေးနိုင်မည်လားဟု သူမကို မေးလာသောကြောင့် သူမက စိတ်လိုလက်ရပင် သဘောတူ လက်ခံခဲ့သည်။

တောင်ပေါ်ပြန်ရောက်သည့်အခါ ဆရာဖြစ်သူထံ ခွင့်တောင်းပြီး သေရည်ဆိုင်တွင် အလုပ်လာလုပ် ခြင်း ဖြစ်လေသည်။

နေ့လည်ပိုင်းတွင်တော့ ကျန်းလန်၏ ဒဏ်ရာများ အတော်လေး သက်သာလာခဲ့သည်။ ကျန်းလန်က ရှောင်ယွိကို ခွင့်တောင်းပြီး ဆိုင်အနောက်ဘက်သို့ ထွက်လာခဲ့သည်။

ဖီရှိုးသတ္တဝါ ဆိုင်အနောက်ဘက်သို့ ပြန်ရောက်နေပြီလားဟု ကြည့်ရှုရန်နှင့် စနစ်တွင် မှတ်ပုံတင်ရန် ကျန်းလန် ထွက်လာခဲ့ခြင်း ဖြစ်သည်။

ဤသေရည်ဆိုင်က ရိုးရှင်းသည့် နေရာတစ်ခု မဟုတ်ပေ။ လျှို့ဝှက်ဆန်းကျယ်မှုများဖြင့် ပြည့်နက်နေသည့် နေရာတစ်ခု ဖြစ်သည်။

ထို့ကြောင့် သေရည်ဆိုုင်ပတ်ဝန်းကျင်တွင် မှတ်ပုံတင်ခြင်းက ထူးခြားသည့်ပစ္စည်းတစ်ခုခု ရရှိနိုင်လေသည်။

ထို့ပြင် ဆရာဖြစ်သူက ကျန်းလန် ကျင့်ကြံခြင်းအဆင့် တက်ရောက်နိုင်ရန်အတွက် ဤနေရာသို့ စေလွှတ်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ဤနေရာက သေချာပေါက် ထူးခြားမှု ရှိနိုင်လေသည်။

ဆရာဖြစ်သူက ကျန်းလန်ကို မူလဝိညာဉ်အဆင့်သို့ တက်လှမ်းနိုင်ရန် သေရည်ဆိုင်သို့ စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ကျန်းလန်ကတော့ အင်မော်တယ်အဖြစ် အဆင့်တက်လှမ်းရန် အကျိုးအမြတ်တစ်စုံတစ်ခု ရရှိမည်လားဟု မျှော်လင့်မိသည်။

မရှိမှုအာကာသအဆင့် ၊ နောက်ဆုံးအဆင့်သို့ တက်ရောက်ရန် ကျန်းလန် စိုးရိမ်ပူပန်ခြင်း မရှိပေ။

သူ အမှန်တကယ် စိတ်ပူသည်က အင်မော်တယ်အဖြစ် အဆင့်တက်ရောက်ချိန်တွင် ရင်ဆိုင်ရမည့် စမ်းသပ်ခံရခြင်းကို ဖြစ်သည်။

ထို့ကြောင့် ကျန်းလန်က လုံလောက်သည့် ပြင်ဆင်မှုများကို ယခုကတည်းက ကြိုတင်ပြင်ဆင်ထားလေသည်။

သို့သော် ယခုအချိန်ထိ စနစ်တွင် မှတ်ပုံတင်ခြင်းမှတစ်ဆင့် အင်မော်တယ်ဖြစ်ရန် အထောက်အကူပြုသည့် ပစ္စည်း တစ်ခုတလေမှ ရရှိခြင်း မရှိသေးပေ။

စမ်းသပ်ခံရခြင်းကို ရင်ဆိုင်နိုင်ရန် ကျန်းလန်က အစီအရင်အချို့နှင့် ဒဏ်ရာပျောက်ကင်းစေသည့် ပြဒါးဆေးအချို့ကို ကြိုတင်ပြင်ဆင်ထားလေသည်။

ဆိုင်အနောက်ဘက်သို့ရောက်သည်နှင့် ကျန်းလန်က ပတ်ဝန်းကျင်ကို ဂရုတစိုက်လေ့လာကြည့်လိုက်သည်။

နဂါးကြီးကို မျှားခေါ်သွားသည့် ဖီရှိုးသတ္တဝါကတော့ ပြန်ရောက်လာခြင်း မရှိသေးပေ။

ဆိုင်အနောက်ဘက်တွင် ဂိုဒေါင်တစ်လုံး ရှိလေသည်။ ဂိုဒေါင်နှင့် မနီးမဝေးတစ်နေရာတွင်တာ့ စမ်းချောင်းလေးတစ်ခု စီးဆင်းလျှက်ရှိပြီး ကျယ်ပြန့်သည့် လယ်ကွင်းပြင်များ တည်ရှိလေသည်။

လယ်ကွင်းများအဆုံးတွင်တော့ မိုးမခပင်ကြီးတစ်ပင် ရှိနေလေသည်။ တွဲရရွဲကျနေသည့် မိုးမခကိုင်းများက လေထဲတွင် လွင့်မျောလျှက် ရှိကြ၏။

ကျန်းလန်က မိုးမခပင်အောက်တွင် ရပ်လိုက်သည်။

လေနုအေးလေးက တိုက်ခတ်နေပြီး ကျန်းလန်၏ စိတ်အစဉ်ကလည်း တည်ငြိမ်အေးဆေးလျှက် ရှိသည်။

“စနစ်… ဒီနေရာမှာ မှတ်ပုံတင်မယ်…”

[ ဒင် ! ]

[ မှတ်ပုံတင်ခြင်းအောင်မြင်ပါတယ် ၊ မဟာတာအိုကပေးအပ်တဲ့ လက်ဆောင်ကိုရရှိတဲ့အတွက် စနစ်ပိုင်ရှင်ကို ဂုဏ်ပြုပါတယ် ၊ ကောင်းကင်ဘုံရတနာတစ်ပါးဖြစ်တဲ့ တာအိုနားလည်ခြင်းလက်ဖက်ခြောက်ကို ရရှိပါတယ်…]

[ တာအိုနားလည်ခြင်းလက်ဖက်ခြောက် : မဟာတာအိုလမ်းကြောင်းတွင် ပေါက်ရောက်နေသည့် လက်ဖက်ပင်မှ အရွက်များကိုသန့်စင်ထားသည့် လက်ဖက်ခြောက်ဖြစ်သည် ၊ သောက်လိုက်သည်နှင့် ကံကောင်းခြင်းမင်္ဂလာများကို ခံစားရမည် ၊ ထိုလက်ဖက်ခြောက်က သင့်အား တာအိုကိုနားလည်ရန် ကူညီပေးမည်ဖြစ်ပြီး ကျင့်ကြံခြင်းကို လွယ်ကူချောမွေ့စေကာ လောကကြီးအကြောင်း နားလည်လာစေမည် ဖြစ်သည်… ]

တာအိုနားလည်ခြင်းလက်ဖက်ခြောက်။

ကျန်းလန် အံ့အားသင့်သွားမိသည်။

“ကြည့်ရတာ… ဒီ မိုးမခပင်က တာအိုနားလည်ခြင်း လက်ဖက်ပင်များလား…”

ကျန်းလန် ခန့်မှန်းကြည့်လိုက်သည်။

သို့သော် ဤနေရာတွင် မဟာတာအိုလမ်းကြောင်း မရှိသည်ကတစ်ကြောင်း ၊ မိုးမခပင်မှာလည်း လက်ဖက်ပင်မဟုတ်သည်ကတစ်ကြောင်းကြောင့် ဖြစ်နိုင်ချေမရှိဟု သတ်မှတ်လိုက်သည်။

ထို့နောက် ကျန်းလန် သေရည်ဆိုင်သို့ ပြန်လာခဲ့သည်။

တာအိုနားလည်ခြင်းလက်ဖက်ခြောက်ဆိုသည်က မိုးနဲ့မြေကိုဖန်ဆင်းခြင်းတာအိုကျမ်းစာကဲ့သို့ အစွမ်းထက် ပစ္စည်းတစ်မျိုး ဖြစ်နိုင်သည်။

မိုးနဲ့မြေကိုဖန်ဆင်းခြင်းတာအိုကျမ်းစာလောက် စွမ်းအားမြင့်မားခြင်း မရှိလျှင်တောင်မှ ကျင့်ကြံခြင်းတွင် များစွာ အထောက်အကူပြုနိုင်ရန် မျှော်လင့်မိသည်။

သူလေ့လာနေသည့် အစီအရင်ပညာအချို့နှင့် ခွန်လွန်မန္တန်ကျမ်းအတွက်လည်း ဤလက်ဖက်ခြောက်က အသုံးဝင်နိုင်သည်။

“စနစ်ကပြောတဲ့ မိတ်ဆက်စကားအရဆိုရင်တော့ ဒီလက်ဖက်ခြောက်က အင်မော်တယ်ဖြစ်လာဖို့အတွက် အသုံးမဝင်လောက်ဘူး ၊ ဒါပေမဲ့ နည်းနည်းလောက်တော့ ကူညီနိုင်မယ်ထင်တယ်…”

စနစ်မှ တာအိုနားလည်ခြင်းလက်ဖက်ခြောက်ရရှိခဲ့သောကြောင့် ကျန်းလန် စိတ်မပျက်မိပေ။

အင်မော်တယ်အဖြစ် အဆင့်တက်ရန် လိုအပ်သည့် ပစ္စည်းများကို အခြားနေရာများတွင် သွားရောက်မှတ်ပုံတင်ရန် သူ့အတွက် အချိန်ရှိသေးသည် မဟုတ်ပါလား။

သူ့အနေဖြင့် အလျှင်လိုစရာ အကြောင်းမရှိပေ။

မိုးနဲ့မြေကိုဖန်ဆင်းခြင်းတာအိုကျမ်းစာနှင့် မိုးနဲ့မြေကိုဖန်ဆင်းခြင်းဆေးလုံးများ ရရှိခဲ့ခြင်းကတော့ ကံတရားနှင့် ဆက်သိုင်ပေလိမ့်မည်။

နောက်ပိုင်းတွင် မဟာတာအိုက ထိုသို့သော ပစ္စည်းမျိုးကို ထပ်မံပေးအပ်ခြင်း မရှိတော့ပေ။

သို့သော် ပစ္စည်းကောင်းများရရှိရန်အတွက် ကျန်းလန်အနေဖြင့် စိတ်ရှည်သည်းခံရမည် ဖြစ်သည်။

ခွန်လွန်တောင်၏ အရေးကြီးသည့် အဓိကနေရာအချို့သို့သွားရောက်ကာ မှတ်ပုံတင်ရန် ကြိုးစားရပေမည်။

ကျန်းလန် သေရည်ဆိုင်သို့ပြန်ရောက်သည့်အခါ သေရည်ဆိုင်ပိုင်ရှင် ပြန်ရောက်နေသည်ကို တွေ့လိုက်ရသည်။

အဘိုးအိုက ကောင်တာနောက်တွင်ထိုင်ရင်း အကောင်းစားသေရည်များကို ပြင်ဆင်နေ၏။

ကျန်းလန် ပြန်ရောက်လာသည်နှင့် ဆိုင်ရှင်က ကျန်းလန်ကို မော့ကြည့်လိုက်ရင်း…

“ကဲ… ဆိုင်အနောက်ဘက်မှာ ဘာတွေတွေ့ခဲ့လဲ…”

ကျန်းလန်က…

“မိုးမခပင်ကြီးတစ်ပင် တွေ့ခဲ့တယ်…”

ဆိုင်ရှင်က ရှောင်ယွိကိုလှမ်းကြည့်လိုက်ပြီး…

“မင်းလည်း ဆိုင်အနောက်ဘက် သွားကြည့်ချင်ရင် သွားကြည့်လေ…”

ရှောင်ယွိ ခေါင်းတစ်ချက်ညိတ်လိုက်ပြီး ဆိုင်အနောက်ဘက်သို့ ထွက်ခွာသွားလေသည်။

ကျန်းလန်က…

“ဘာလို့ ရှောင်ယွိကို အပြင်ထွက်သွားခိုင်းလိုက်ရတာလဲဗျ…”

ဆိုင်ရှင်က သေရည်အိုးတစ်အိုးအတွင်းသို့ ရေခဲများထည့်နေရင်း အေးဆေးသည့်လေသံဖြင့်…

“ကောင်လေး ဘယ်ရောက်သွားလဲဆိုတာ မင်းများ သိချင်မလားလို့ပါ…”

ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း…

“ဟုတ်ကဲ့… ကျွန်တော်လည်း သိချင်နေတာ…”

ကျန်းလန်က ကလေးငယ်ကို သဘောမကျ မဖြစ်မိပေ။

ထို့ပြင် ကလေးငယ် ဘယ်သို့ရောက်နေသည်လဲ အမှန်တကယ် သိချင်မိသည်။

သေရည်ဆိုင်ပိုင်ရှင်က…

“သူ တံခါးပိတ်ကျင့်ကြံနေတယ်လေ…”

ကလေးငယ်က တံခါးပိတ်ကျင့်ကြံနေသည်တဲ့။

သူသည်လည်း မကြာခဏ တံခါးပိတ်ကျင့်ကြံလေ့ရှိသူဖြစ်ရာ ကျန်းလန် ကလေးငယ်ကို နားလည်ပေးနိုင်လေသည်။

တံခါးပိတ်ကျင့်ကြံခြင်းက အချိန်ကို လွယ်လွယ်နှင့် ကုန်လွန်စေသည်ဟု ထင်မှတ်ရသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ်စုနှင့်များစွာ ကုန်ဆုံးသွားမည် ဖြစ်သည်။

သာမန်လူတစ်ယောက်ဖြစ်သော ကျန်းလန်ပင် ဤသို့ခံစားရသည်ဆိုလျှင် ချုန်ချီမျိုးရိုးမှ ဆင်းသက်လာသည့် ကလေးငယ်ကတော့ ပြောနေစရာပင် မလိုတော့ပေ။

ကလေးငယ်အတွက် အချိန်များစွာ ရှိလေသည်။ သူ့အတွက်က နှစ်ပေါင်းတစ်ရာဆိုသည်ကလည်း ဘာမှမထူးခြားသည့် အချိန်ကာလဖြစ်သည် မဟုတ်ပါလား။

ထိုစဉ် ရှောင်ယွိ ပြန်ရောက်လာသည်။

ဆိုင်ရှင်က…

“ကဲ… ဆိုင်အနောက်ဘက်မှာ ဘာတွေများ တွေ့ခဲ့သလဲ…”

ရှောင်ယွိက ကျန်းလန်ကို လှမ်းကြည့်လိုက်ပြီး စကားပြောရန် ချီတုံချတုံ ဖြစ်နေလေသည်။

ပြီးမှ…

“ကျွန်မတော့ မိုးမခပင်ကြီးကို မတွေ့ပါဘူး… ဝိညာဉ်စမ်းချောင်းလေးတစ်ခုပဲ တွေ့ခဲ့တယ်…”

ဆိုင်ရှင်က ပြုံးလိုက်ရင်း…

“ကောင်းပြီ… မင်းတို့နှစ်ယောက် အခုပြန်လို့ရပြီ… ၊ မနက်ဖန်ကျရင် အလုပ်အသစ်တွေ လုပ်ဖို့ရှိတယ် ၊ နောက်မကျစေနဲ့နော်…”

ထို့နောက် အဘိုးအိုက ခဏနားလိုက်ပြီး စကားဆက်ပြောသည်။

“သြော်… ဒါနဲ့ ဒီနေ့အတွက်လုပ်အားခအဖြစ် မြေပဲထုပ်တွေ တစ်ယောက်တစ်ထုပ် ယူသွားကြ…”

ကျန်းလန်နှင့် ရှောင်ယွိက မငြင်းကြဘဲ မြေပဲထုပ်များ တစ်ယောက်တစ်ထုပ် သယ်သွားကြသည်။

သူတို့ (၂)ယောက် ဆိုင်ထဲမှ ထွက်ခွာသွားတော့မှ အဘိုးအိုက ခေါင်းမော့ကြည့်လိုက်ရင်း…

“အိမ်း… ဒီ (၂)ယောက်က အတော်လေး စိတ်ဝင်စားစရာ ကောင်းတာပဲ…”

ထို့နောက်… ဆိုင်ရှင်က သေရည်ပန်းကန်များ ၊ သေရည်အိုးများနှင့် အကြမ်းပန်းကန်များကို တစ်ချက်ကြည့်လိုက်သည်။

“အတော်လေးစိတ်ချရတဲ့ နှစ်ယောက်ပဲ… ၊ သူတို့ထဲကတစ်ယောက် ဒါမှမဟုတ် နှစ်ယောက်လုံးသာရရင် ငါတော့ အတော်လေးကို သက်သာမှာ…”

ဆိုင်ရှင်အဘိုးအိုက ရွေရွတ်ရင်း ပြုံးလိုက်လေသည်။

“မနက်ဖန် စောင့်ကြည့်ကြတာပေါ့လေ…”


Comment

Leave a Reply


Options

not work with dark mode
Reset