အခန်း (၁၁၂)

ရှောင်ယွိနှင့်အတူတူအလုပ်လုပ်ခြင်း

အခန်း (၁၁၂) ရှောင်ယွိနှင့်အတူတူအလုပ်လုပ်ခြင်း

ရှောင်ယွိ ကောင်တာဆီသို့ထွက်သွားစဉ်တွင် ကျန်းလန်က ကြမ်းပြင်ထက်တွင် ပြန့်ကျဲနေသည့် သေရည်အိုးအလွတ်များနှင့် မြေပဲများကို ငုံ့ကြည့်လိုက်သည်။

ယနေ့ည သေရည်ဆိုင်တွင် တစ်ခုခုဖြစ်တော့မည်ဟု သူ ခံစားလိုက်မိသည်။

သို့သော်… သူက ညပိုင်းအလုပ်ဆင်းရန်မလိုအပ်သောကြောင့် ဘာမှ လုပ်ပေးနိုင်မည် မဟုတ်ပေ။

သူက ညဘက်တွင် တောင်ပေါ်သို့ပြန်ကာ ကျင့်ကြံရဦးမည် ဖြစ်သည်။

ထို့နောက်… ကျန်းလန်က သေရည်အိုးများနှင့် မြေပဲများကို သန့်ရှင်းရေး စတင်ပြုလုပ်လိုက်သည်။

သူက နဝမတောင်ထွတ်တွင် သန့်ရှင်းရေး ပြုလုပ်နေကြဖြစ်လေရာ ကျင့်သားရနေသည့်အလုပ်တစ်ခု ဖြစ်သည်။

ထို့ပြင်… အလုပ်လုပ်နေခြင်းက သူ့စိတ်ကိုပိုပြီး တည်ငြိမ်စေသည်။

ရတနာဝတ်ရည်သေရည်သောက်ပြီး မရှိမှုအာကာသအဆင့်သို့ တက်ရောက်စဉ်က သေရည်မူးနေသည့် (၁၀)နှစ်လုံးလုံး သူ ဤသို့သောအလုပ်များကိုသာ ပြုလုပ်နေခဲ့ခြင်း ဖြစ်သည်။

သူက အလုပ်လုပ်ရသည်ကို ပျင်းရိသူတစ်ယောက် မဟုတ်ပေ။

နောက်ဆုံးတော့… သေရည်ဆိုင်ကြမ်းပြင်နှင့် စားပွဲများအားလုံး သန့်ရှင်းရေးလုပ်ပြီးသွားလေသည်။

ထို့နောက်… ကျန်းလန်က အမှိုက်ထုပ်ကိုသယ်ကာ ဆိုင်အနောက်ဘက်သို့ ထွက်ခွာသွားသည်။

ဈေးဆိုင်များနှင့် တည်းခိုခန်းများက အမှိုက်ထုပ်များကို ဆိုင်အနောက်ဘက်ခြံဝန်းတွင် ထားလေ့ရှိသည် မဟုတ်ပါလား။

ထို့ပြင်… ကျန်းလန်က တစ်စုံတစ်ခုကို စပ်စုချင်နေမိသည်။

သေရည်ဆိုင်ဖွင့်လာသည်က နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်လေရာ ဆိုင်အနောက်ဘက်တွင် တောင်လောက်မြင့်သည့် အမှိုက်ပုံကြီးရှိနေမည်လားဟု ကျန်းလန်က သိချင်စိတ်ဖြစ်မိသည်။

ထို့ကြောင့်… ဆိုင်အနောက်ဘက်သို့ ထွက်လာခဲ့ခြင်း ဖြစ်၏။

သို့သော်… ကျန်းလန် ဆိုင်အနောက်ဘက်သို့ ရောက်ရှိသည်နှင့် ရုတ်တရက် လေပြင်းတစ်ချက်တိုက်ခတ်လာသည်ကို ခံစားလိုက်ရသည်။

တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသည့် လေပြင်းတစ်ချက်ဖြစ်သည်။

ရုတ်တရက်… တိုက်ခိုက်ခံလိုက်ရသောကြောင့် ကျန်းလန် အံ့အားသင့်သွားမိသည်။

ကျန်းလန်က တစ်ချက်တုန့်ဆိုင်းမနေဘဲ အနောက်သို့ခုန်ကာ ရှောင်တိမ်းလိုက်သည်။ သူက ရွှေပြဒါးအမြုတေအဆင့် တန်ခိုးစွမ်းအားကိုသာ အသုံးပြုပြီး ရှောင်တိမ်းလိုက်ခြင်း ဖြစ်သည်။

သို့သော်… တိုက်ခိုက်မှုက လျှင်မြန်လွန်းလေရာ ကျန်းလန်၏ ရှောင်တိမ်းမှုက အရာမထင်ခဲ့ပေ။

ကျန်းလန် ကူရာကယ်ရာမဲ့စွာဖြင့် လက်များကိုအသုံးပြုပြီးကာကွယ်ရန် ကြိုးစားလိုက်သည်။

“ဘုန်း…”

ကျယ်လောင်သည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

တိုက်ခိုက်မှုက ကျန်းလန်ထံသို့ တိုက်ရိုက်ဝင်ရောက်လာပြီး ကျန်းလန် အနောက်သို့ လွင့်စင်ထွက်သွားသည်။ သူ့လက်ထဲမှ အမှိုက်ထုပ်သည်လည်း အဝေးသို့ လွင့်ထွက်သွားရ၏။

ကျန်းလန် မြေပြင်ထက် ဖင်ထိုင်ရက်ပြုတ်ကျသွားရာမှ ကမန်းကတန်းပြန်ထလိုက်ရင်း သူ့ကို တိုက်ခိုက်သူ မည်သူဖြစ်ကြောင်း လှမ်းကြည့်လိုက်သည်။

သူ့ကို တိုက်ခိုက်သူက ဝိညာဉ်သားရဲတစ်ကောင်ဖြစ်လေ၏။ ထိုသတ္တဝါက ကြမ်းတမ်းပြီး အတော်လေး စွမ်းအားကြီးမားဟန်ရှိသည်။

ထိုသတ္တဝါ၏ ခန္ဓာကိုယ်က ကျားတစ်ကောင်အလားဖြစ်ပြီး ခေါင်းနှင့်အမြီးက နဂါးနှင့်ဆင်တူသည်။

အရေခွံက ရွှေနှင့်ကျောက်စိမ်းပေါင်းစပ်ထားသည့်အရောင်ဖြစ်ပြီး သူ၏ဦးခေါင်းချိုစောင်းများက နောက်ဘက်သို့ အနည်းငယ် ကွေးညွှတ်လျှက်ရှိသည်။

ပုံစံကိုကြည့်ရုံမျှဖြင့် ခေသူမဟုတ်သည့် ခပ်မိုက်မိုက်သတ္တဝါတစ်ကောင်ဖြစ်သည်မှာ ထင်ရှားနေသည်။

သို့သော်… ထိုသားရဲကောင်ထံမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်နေခြင်း မရှိပေ။

ထိုသတ္တဝါသာ ကျန်းလန်ကို သတ်ဖြတ်မည်ဆိုပါက သူ့အနေဖြင့် မရှိမှုအာကာသအဆင့် တန်ခိုးစွမ်းအားကို သုံးလျှင်သုံး ၊ မဟုတ်ပါက ဖနောင့်နှင့်တင်ပါး တစ်သားတည်းကျအောင် ပြေးရမည် ဖြစ်သည်။

ဤဝိညာဉ်သားရဲက အလွန်ပင် စွမ်းအားကြီးမားလွန်းသည် မဟုတ်ပါလား။

“ဒါ ဘယ်လိုဝိညာဉ်သားရဲမျိုးလဲ…”

ကျန်းလန် ရေရွတ်လိုက်သည်။

ဝိညာဉ်သားရဲ၏ လည်ပင်းတွင် သတ္တုကွင်းတစ်ခုစွပ်ထားသည်ကို တွေ့ရသော်လည်း ဘာအတွက် အသုံးပြုသည်ကို ကျန်းလန် မသိရှိပေ။

“ဂါး…”

သားရဲက ဟိန်းသံတစ်ချက် ခပ်တိုးတိုး ပြုလုပ်လိုက်သည်။

ထို့နောက်… ကျန်းလန်လက်ထဲမှ လွင့်ထွက်သွားသည့် အမှိုက်ထုပ်ရှိရာသို့ ဝိညာဉ်သားရဲက ထွက်ခွာသွားသည်။

စက္ကန့်ပိုင်းအတွင်းမှာပင် သားရဲကောင်က အမှိုက်ထုပ်ကို မြိုချပစ်လိုက်လေတော့၏။

“……………”

ကျန်းလန် ဆွံ့အသွားသည်။

ဤသို့ဖြစ်လာမည်ဟု မျှော်လင့်မထားခဲ့မိပေ။

ဤသတ္တဝါက… အမှိုက်စားဝိညာဉ်သားရဲများလား…။

သားရဲကောင်က အမှိုက်ထုပ်ကို မြိုချပြီးသည့်နောက် သူ့ကိုအန္တရယ်ပေးတော့မည်မဟုတ်ဟု ယူဆလိုက်ပြီး ကျန်းလန် ထွက်ခွာသွားရန် ဟန်ပြင်လိုက်သည်။

သို့သော်… သားရဲကောင်က လျှင်မြန်စွာပင် ကျန်းလန်ရှေ့သို့ ရောက်လာပြီး သွားမည့်လမ်းကို ပိတ်ဆို့ထားလိုက်သည်။

“ဂရား…”

သားရဲကောင်က ကျန်းလန်ကိုစိုက်ကြည့်ပြီး ဟိန်းဟောက်လိုက်၏။

ဒီကောင်က သူ့ကိုပါ အမှိုက်ထင်ပြီး စားပစ်ချင်နေတာများလား…

ကျန်းလန်တွေးလိုက်သည်။

သို့သော်… မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ပေ။

ထိုသတ္တဝါကိုကြည့်ရသည်မှာ သူ့ကိုတော့ စားချင်ဟန် မရှိပေ။

“ဘာဖြစ်လို့လဲ…”

ကျန်းလန်က မေးခွန်းမေးမြန်းလိုက်ပြီး သားရဲကောင်နှင့် ဆက်သွယ်ကြည့်ရန် ကြိုးစားလိုက်သည်။

ဆက်ဆံရေးသာကောင်းမွန်ပါက မလိုလားအပ်သည့် ပြဿနာများစွာကို ဖြေရှင်းနိုင်သည်မဟုတ်ပါလား…။

“ဂါး…”

“…………”

ဝိညာဉ်သားရဲက ထပ်မံဟိန်းဟောက်လိုက်သည်။

သူ့ကိုကြည့်ရသည်မှာ ကျန်းလန်ထံမှ တစ်စုံတစ်ခု လိုချင်နေဟန်ရှိသည်။

ကျန်းလန် ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။ သူ ဤနေရာက လွတ်မြောက်အောင် မည်သို့ ကြိုးစားရပါမည်နည်း။

ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်း တန်ခိုးစွမ်းအားဖြင့်လည်း ထိုသတ္တဝါ၏လက်မှ လွတ်အောင်ပြေးနိုင်ရန် မသေချာပေ။

အဘယ်ကြောင့်ဆိုသော်… သားရဲကောင်က အင်မော်တယ်တစ်ပါးနီးပါး စွမ်းအားမြင့်မားနေသောကြောင့် ဖြစ်၏။

ကျန်းလန်မှာ ဝိညာဉ်သားရဲ၏ ပိတ်ဆို့ထားခြင်းကို ခံနေရတော့သည်။

သူ ဘာလုပ်ရမှန်းမသိဖြစ်နေစဉ် ခြံဝန်းအနောက်ဘက်သို့ ရှောင်ယွိ ရောက်ရှိလာလေသည်။

အမှိုက်သွားပစ်သည့်ကျန်းလန် ဆိုင်ထဲပြန်ဝင်မလာသဖြင့် အမှိုက်များဖြစ်သွားလေပြီလားဟု ရှောင်ယွိက လာကြည့်ခြင်း ဖြစ်သည်။

ဝိညာဉ်သားရဲနှင့် ကျန်းလန်တို့ တစ်ယောက်မျက်နှာတစ်ယောက် စိုက်ကြည့်နေကြသည်ကို တွေ့သည့်အခါ သူမ အခြေအနေများကို နားလည်သွားသည်။

“ရော့… မင်းအတွက်…”

ရှောင်ယွိက ဝိညာဉ်ကျောက်တုံးတစ်တုံး ဝိညာဉ်သားရဲထံ ပစ်ပေးလိုက်သည်။

“ဝှစ်…”

ဝိညာဉ်သားရဲက ရှောင်ယွိပစ်ပေးသည့် ဝိညာဉ်ကျောက်တုံးကို ပါးစပ်ဖြင့်ကိုက်ကာ ဖမ်းယူလိုက်သည်။

ထို့နောက်… “နောက်တစ်ခါ ဝိညာဉ်ကျောက်တုံးပေးဖို့ မမေ့နဲ့” ဟု သတိပေးသည့်မျက်နှာထားမျိုးဖြင့် ကျန်းလန်ကို လှမ်းကြည့်လိုက်၏။

“………………”

လက်စသတ်တော့ ဝိညာဉ်သားရဲက အမှိုက်ထုပ်ကိုစားလိုက်ရသည့်အတွက် ဝန်ဆောင်ခတောင်းနေသည်ပဲ…။

ကျန်းလန် နောက်ဆုံးတော့ နားလည်သွားပြီ ဖြစ်သည်။

“ကူညီပေးတာ ကျေးဇူးတင်ပါတယ်… ဂိုဏ်းတူအစ်မ…”

ကျန်းလန်က ရှောင်ယွိအနားသို့ လျှောက်သွားလိုက်ပြီး ကျေးဇူးတင်စကား ပြောလိုက်သည်။

“ဒီသတ္တဝါကို ဖီရှိုးသတ္တဝါလို့ခေါ်တယ်… ရှင်က သူ့ကို တစ်ခုခု စားစေချင်တယ်ဆိုရင် ဝန်ဆောင်ခပေးရတယ်…”

ရှောင်ယွိက ရှင်းပြလိုက်သည်။

ပြီးမှ သူမက ကျန်းလန်ကို မေးလိုက်သည်။

“ဒီအကြောင်းတွေကို ရှင် မကြားဖူးဘူးလား… ဂိုဏ်းတူမောင်လေး…”

ကျန်းလန်က…

“ဝိညာဉ်သားရဲနဲ့ပတ်သက်တဲ့ စာအုပ်မျိုးတွေ တစ်ခါမှ ဖတ်မကြည့်ဖူးဘူး… ၊ အခုတော့ ဖတ်ကြည့်ဖို့လိုပြီ ထင်တယ်…”

ထို့နောက် ကျန်းလန် ရှောင်ယွိနှင့်အတူ သေရည်ဆိုင်ထဲသို့ ပြန်ဝင်လာခဲ့သည်။

ကျန်းလန်က ဝိညာဉ်သားရဲများအကြောင်း အနည်းငယ်သာ ဖတ်ရှုကြည့်ဖူးသည်။

သူက ကျင့်စဉ်များ ၊ အစီအရင်များ ၊ ကျင့်ကြံခြင်းနှင့်ပတ်သက်သည့်စာအုပ်များကိုသာ ဖတ်လေ့ရှိသူ ဖြစ်သည်။

ပျက်သုဉ်းတစပြင်လောကကြီးအကြောင်း အကြမ်းဖျင်းနားလည်အောင် အနည်းငယ်လေ့လာထားခဲ့သော်လည်း ဝိညာဉ်သားရဲများနှင့်ပတ်သက်ပြီး လေ့လာရခြင်း မရှိသေးပေ။

သူ့တွင် အချိန်မှ မရှိပေပဲ…။

အချိန်က အကန့်အသတ်ရှိလေရာ အရာအားလုံးကိုတော့ လေ့လာထားနိုင်မည် မဟုတ်ပေ။

ရှောင်ယွိက…

“ဒါဖြင့် ဂိုဏ်းတူမောင်လေးက တစ်ချိန်လုံး ကျင့်ကြံနေတာလား…”

သူတို့ ကောင်တာသို့ ရောက်ရှိလာကြသည်။

ကောင်တာက သူတို့ (၂)ယောက် လွတ်လွတ်လပ်လပ် နေထိုင်နိုင်လောက်အောင် ကျယ်ဝန်းလေသည်။

ရှောင်ယွိက ခုံပုလေးတစ်ခုံပေါ်သို့ တက်ပြီး မတ်တတ်ရပ်လိုက်သည်။

သူမက အနည်းငယ် အရပ်ပုလေရာ ခုံပေါ်တက်ရပ်မှသာ သူမ ကောင်တာနောက်တွင်ရှိသည်ကို ဧည့်သည်များ တွေ့မြင်ကြရမည် ဖြစ်လေ၏။

ကျန်းလန်က သေရည်ဈေးနှုန်းများကို ဖတ်နေရင်း…

“ဟုတ်တယ်… အချိန်အတော်များများကတော့ ကျင့်ကြံနေတာပေါ့…”

သာမန်သေရည်က ဈေးပေါလေသည်။

သို့သော်… အကောင်းစားသေရည်ဈေးနှုန်းများကတော့ အနည်းငယ် ထူးဆန်းသည်။

ဝယ်သူဘက်ကပေးသည့် ဈေးနှုန်းအပေါ်မူတည်ပြီး အကောင်းစားသေရည်အမျိုးအစားများလည်း ကွဲပြားသွားမည် ဖြစ်သည်။

ကျန်းလန်ဆိုလျှင် အကောင်းစားသေရည်အတွက် အမြဲတမ်း ရက်ရက်ရောရော ပိုက်ဆံပေးလေ့ရှိသည်။

ပထမဆုံးအကြိမ် အကောင်းစားသေရည်ဝယ်တုန်းကဆိုလျှင် ဆရာပေးလိုက်သည့် ဝိညာဉ်ကျောက်တုံးများအားလုံးကို ပေးခဲ့ခြင်း ဖြစ်သည်။

သတ်မှတ်ထားသည့် ဈေးနှုန်းထက် ပိုပေးနေမိသည်လားဟု သူ တစ်ခါမှ မစဉ်းစားခဲ့ပေ။ ဤသို့သောကိစ္စများက စဉ်းစားနေစရာမလိုသည့်ကိစ္စများဖြစ်သည်။

သူ့ဘက်က အရှုံးမရှိဟု တွေးမိသရွေ့ အဆင်ပြေသည်ပဲ ဖြစ်သည်။

“ဂိုဏ်းတူမောင်လေး… ရှင် အင်မော်တယ်ဖြစ်ဖို့ ဘယ်လောက်လိုသေးတယ်လို့ ထင်လဲ…”

ရှောင်ယွိက စပ်စပ်စုစုဖြင့် မေးမြန်းလိုက်၏။

ထို့နောက်…သူမက သေရည်ပန်းကန်တစ်ခုကိုယူပြီး အဝတ်နှင့်ပွတ်တိုက်နေလေသည်။

“အင်မော်တယ်ဖြစ်လာဖို့ သိပ်တွေးမထားသေးပါဘူး ၊ ဒီတစ်ခေါက် ဒီသေရည်ဆိုင်ကိုလာတာက မူလဝိညာဉ်အဆင့်တက်ရောက်နိုင်ဖို့ အခွင့်အရေးရမလားဆိုပြီး လာခဲ့တာပါ…”

ကျန်းလန်က ပွင့်ပွင့်လင်းလင်းပင် ပြန်ပြောလိုက်သည်။

အင်မော်တယ်ဖြစ်လာရန်က သူ့အတွက် အဝေးကြီးလိုသေးသည်။

အများအမြင်ဆိုလျှင် ရာစုနှစ်နှင့်ချီပြီး အချိန်ယူရဦးမည် ဖြစ်သည်။

သို့သော်… သူ၏ ကျင့်ကြံခြင်း အစစ်အမှန်ဖြင့်ဆိုလျှင်တော့ နောင်ထပ် နှစ်ပေါင်း (၅၀) ၊ (၆၀) အတွင်း အင်မော်တယ်ဖြစ်လာရန် စမ်းသပ်ခံရတော့မည် ဖြစ်သည်။

သို့သော်… ဤသည်က အခြားသူများမသိရှိနိုင်သည့် ကိစ္စတစ်ခုသာ ဖြစ်သည်။

ကျန်းလန်က…

“အင်မော်တယ်ဖြစ်လာဖို့က ဂိုဏ်းတူအစ်မအတွက်ရော လွယ်ကူသလား…”

ကျန်းလန်က သေရည်ဈေးနှုန်းများကို ကြည့်နေဆဲ ဖြစ်ပြီး သတိထားရမည့် အသေးစိတ်အချက်များကို အာရုံစိုက် ဖတ်နေရင်း မေးမြန်းလိုက်သည်။

ရှောင်ယွိက…

“ကျွန်မက ဂိုဏ်းတူမောင်လေးထက်တော့ ပိုပြီးမြန်နိုင်တာပေါ့…”

ကျန်းလန် ခေါင်းညိတ်ပြလိုက်ပြီး သူတို့ (၂)ယောက်စကားဆက်မပြောဖြစ်ကြတော့ပေ။ ကိုယ်လုပ်စရာရှိသည့် အလုပ်များကို ဆက်လုပ်နေကြသည်။

အတန်ကြာသည့်အခါ… ဆိုင်ထဲသို့ ဈေးဝယ်သူများ ရောက်ရှိလာ၏။

မိန်းကလေးတစ်ယောက်နှင့် ယောကျ်ားလေးတစ်ယောက်ဖြစ်လေသည်။ ယောကျ်ားလေးက မွန်မွန်ရည်ရည်ရှိပြီး မိန်းကလေးကတော့ ချောမောလှပသူတစ်ယောက် ဖြစ်၏။

ခွန်လွန်တောင်သို့ရောက်လာသည့် တပည့်အသစ်များဖြစ်ဟန်ရှိပြီး သူတို့၏ ကျင့်ကြံခြင်းအဆင့်က မြင့်မားခြင်း မရှိကြပေ။

ကျန်းလန်က သေရည်ဆိုင်တွင် အလုပ်လုပ်ရမည်ဖြစ်သောကြောင့် ခွန်လွန်တောင် တူညီဝတ်စုံကို ဝတ်မလာခဲ့ပေ။

ထို့ကြောင့်… အခြားသူများက ကျန်းလန်ကို ခွန်လွန်တောင်မှ တပည့်ဟု မသိရှိနိုင်ပေ။ အထူးသဖြင့် လူသစ်များက သူ့ကို လုံး၀ သိရှိကြမည် မဟုတ်ပေ။

ကျန်းလန်က နဝမတောင်ထွတ်မှ နှစ်ပေါင်း (၃၀)လုံးလုံး ဆင်းမလာခဲ့လေရာ နောက်ရောက်လာသည့် လူသစ်များမပြောနှင့် သူနှင့်အတူတူ ဂိုဏ်းထဲသို့ဝင်ရောက်လာကြသူများပင် သူ့ကို မမှတ်မိကြတော့ပေ။

ထို့အတူ… သူကလည်း မည်သူ့ကိုမှ မှတ်မိသိရှိခြင်းမရှိပေ။

သူက အရေးမပါသည့်အရာများကို အမြဲတမ်း ထောင့်တစ်နေရာတွင် လွှတ်ပစ်ခဲ့သည်ပဲ ဖြစ်သည်။

ထူးခြားသည့်အကြောင်းအရာလေးများ အစပြန်ဖော်ပေးမည်ဆိုလျှင်တော့ ပြန်လည် မှတ်မိလာနိုင်ကောင်းသည်။

ကျင့်ကြံသူလူငယ်၏အမည်က ကျိုးစူး ဖြစ်လေ၏။

ကျိုးစူးက…

“ဒီသေရည်ဆိုင်မှာ အကောင်းစားသေရည်ရတယ်လို့ကြားလို့… နှစ်အိုးလောက် ဝယ်ချင်လို့ပါ…”

လူငယ်က အသက်ငယ်ရွယ်သည့်တိုင် သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ရှိပုံရသည်။ ကြည့်ရသည်မှာ နောက်ခံအင်အားတောင့်တင်းသည့် မိသားစုမျိုးရိုးမှ ဆင်းသက်လာဟန် ရှိသည်။

လူငယ်က ရှောင်ယွိကို စကားပြောနေခြင်းဖြစ်သောကြောင့် ကျန်းလန်က ဝင်မပြောတော့ရန် ဆုံးဖြတ်လိုက်သည်။

သူက အနားမှ ပြုတ်ကျခါနီးသေရည်အိုးတစ်လုံးကို လက်ဖြင့်ဖမ်းလိုက်သည်။

ဤသေရည်ဆိုင်က သူ့အတွက် အလွန်စိတ်ဝင်စားဖွယ်ကောင်းလှသည်။ သူ့ကို အဆက်မပြတ် စမ်းသပ်နေသည်ဟု ခံစားရသည်။

ရှောင်ယွိက…

“မနေ့ကကြိုပြီး မှာထားသလား…”

“သေရည်ဝယ်တာပဲ ကြိုမှာစရာလိုလို့လား…”

ရှောင်ယွိက တည်ငြိမ်သည့်လေသံဖြင့်…

“အကောင်းစားသေရည်က ကြိုပြီးမှာထားမှ ဝယ်ယူလို့ရပါတယ်… ၊ မှာမထားဘူးဆိုရင်တော့ ဆိုင်ရှင်ပြန်လာတဲ့အချိန်ထိ စောင့်ရလိမ့်မယ် ၊ ကျွန်မ ရောင်းပေးလို့ မရပါဘူး…”

ရှောင်ယွိ၏ အသံက ခံစားချက်ကင်းမဲ့ပြီး တစ်သမတ်တည်း ထွက်ပေါ်လာသည်။

သူမက အတော်လေး အေးစက်လွန်းသူ ဖြစ်သည်။

ရှောင်ယွိ၏ စကားသံကိုကြားလိုက်သည်နှင့် ကျင့်ကြံသူ (၂)ယောက် မျက်မှောင်များ ကြုတ်လိုက်ကြသည်။

“ကောင်မလေး… ကျုပ်တို့ နှစ်ဆပေးမယ်ဗျာ… ၊ အကောင်းစားသေရည်ဝယ်ဖို့ အရမ်းအလျင်လိုနေလို့ပါ…”

ကျိုးစူးက ရှောင်ယွိကိုကြည့်လိုက်ရင်း အချိန်ကုန်သက်သာစေရန် ပိုက်ဆံပိုပေးရန် ဆုံးဖြတ်လိုက်၏။

သို့သော်… ရှောင်ယွိက စကားပြန်မပြောပေ။

ကြိုမှာထားခြင်းမရှိလျှင် အကောင်းစားသေရည်မရောင်းနိုင်ကြောင်း သူမ စကားကို ရှင်းအောင်ပြောပြီးပြီ ဖြစ်သည်။

ကျိုးစူးနှင့်အတူပါလာသည့် မိန်းကလေးကျင့်ကြံသူ၏အမည်က လုချန်ဖြစ်သည်။

လုချန်က…

“သေရည်ဆိုင်က ဆိုင်ဖွင့်ထားတာ စီးပွားရေးလုပ်ဖို့မဟုတ်လား… ၊ ဘာစည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်နေရတာလဲ… ၊ အခု ငွေကြေးနှစ်ဆပေးတယ်ဆိုတာ နည်းတာမဟုတ်ဘူးနော်… ၊ ဒါတောင် မရောင်းနိုင်ဘူးလား…”

လုန်ယွိက သူမကို အရေးမစိုက်ပေ။

“မင်းကလည်း တုံးလိုက်တာ…”

ကျိုးစူးက လုချန်ကို အပြစ်တင်လိုက်ပြီး ဝိညာဉ်ကျောက်တုံးတစ်တုံးကို ထုတ်ယူလိုက်သည်။

“ရော့… ဒါ မင်းအတွက်… ၊ ကျုပ်တို့ကို သေရည်ရောင်းနိုင်မလား…”

ရှောင်ယွိက မျက်လုံးပင် ပင့်မကြည့်ပေ။

သူမ စကားကို အရှင်းဆုံး ပြောခဲ့ပြီးပြီ ဖြစ်သည်။

ကျန်းလန် ကူရာကယ်ရာမဲ့စွာဖြင့် ရှောင်ယွိကို လှမ်းကြည့်လိုက်သည်။

ဤဂိုဏ်းတူအစ်မလေးက ဈေးရောင်းနေသည်လား ၊ ရန်ဖြစ်ချင်နေသည်လား မသဲကွဲပေ…။


Comment

Leave a Reply


Options

not work with dark mode
Reset