အခန်း (၁၁၁)

ဂိုဏ်းတူအစ်မတစ်ညလုံးငိုနေခဲ့တာလား

အခန်း (၁၁၁) ဂိုဏ်းတူအစ်မတစ်ညလုံးငိုနေခဲ့တာလား

သို့သော်… ယခုက ပုံမှန်မဟုတ်ပေ…။

ထို့ကြောင့်… ကျန်းလန်တွင် ရွေးခြယ်စရာ မရှိပေ။

ချစ်ကြည်ရေးထိမ်းမြားမင်္ဂလာဆိုသည်က ခွန်လွန်တောင်၏ အကျိုးအတွက် ဖြစ်လေရာ မငြင်းဆန်သည်ကသာ အကောင်းဆုံး ဖြစ်သည်။

ထို့နောက်… ဆရာဖြစ်သူကို နှုတ်ဆက်ပြီး ကျန်းလန် မရဏဂူထဲသို့ ပြန်ခဲ့သည်။

အဖြစ်အပျက်အလုံးစုံကို သူ သိရှိသွားခဲ့ပြီ ဖြစ်သည်။

သို့သော်… ရာစုနှစ်အနည်းငယ်အတွင်း သူ့အခြေအနေက ပြောင်းလဲဦးမည် မဟုတ်သေးပေ။

လောလောဆယ်တွင် သူနှင့် လုန်ယွိက စေ့စပ်ပွဲသာ ပြုလုပ်ထားမည်ဖြစ်ပြီး လက်ထပ်ပွဲကတော့ လုန်ယွိ အင်မော်တယ်ဖြစ်လာပြီး အရွယ်ရောက်လာသည့်အချိန်မှသာ ပြုလုပ်မည် ဖြစ်သည်။

ပြီးတော့… လုန်ယွိ အရွယ်ရောက်ရုံနှင့် မပြီးသေးပေ။ ကျန်းလန်လည်း အင်မော်တယ်ဖြစ်မှ လက်ထပ်ပွဲ ကျင်းပရမည် ဖြစ်သည်။

ကျန်းလန် အင်မော်တယ် ဖြစ်မလာပါက စေ့စပ်ပွဲက အလိုလို ပျက်စီးသွားမည် ဖြစ်သည်။

ဤအချက်က နဂါးမျိုးနွယ်များဘက်မှ တောင်းဆိုသည့် အချက်ဖြစ်၏။

ချစ်ကြည်ရေးမင်္ဂလာပွဲကို ခွန်လွန်တောင်ဘက်က စီစဉ်ခြင်း ဖြစ်ပြီး နဂါးမျိုးနွယ်များက မတတ်သာသောကြောင့် သဘောတူလက်ခံရခြင်း ဖြစ်သည်။

သို့သော်… မင်္ဂလာပွဲအတွက် နဂါးမျိုးနွယ်များဘက်မှ တောင်းဆိုမှုများပြုလုပ်သည်ကိုတော့ ခွန်လွန်တောင်ကလည်း မတတ်သာဘဲ လက်ခံခဲ့ရသည်။

အမှန်ဆိုရလျှင်… ခွန်လွန်တောင်ရော နဂါးမျိုးနွယ်များပါ တိုက်ခိုက်လိုခြင်း မရှိကြပေ။ အင်အားကြီးအုပ်စု (၂)စု တိုက်ပွဲ ဖြစ်ပါက ကြားလူက အချောင်အမြတ်ထွက်သွားမည် ဖြစ်သည်။

ထို့ကြောင့်… နှစ်ဦးနှစ်ဖက် အကျိုးရှိသည့်အခြေအနေကို လိုချင်ကြသည်။

ကျောက်စိမ်းရေကန်နတ်ဘုရားမ လုန်ယွိ ခွန်လွန်တောင်တွင် ရှိနေသရွေ့ ခွန်လွန်တောင်အတွက် အကျိုးအမြတ်ရှိနေမည် ဖြစ်သည်။

ထို့အတူ… နဂါးမျိုးနွယ်များအနေဖြင့်လည်း မင်္ဂလာပွဲသဘောတူခြင်းကြောင့် ခွန်လွန်တောင်မှ ပေးအပ်မည့် အကျိုးအမြတ်များစွာကို ရရှိမည် ဖြစ်သည်။

သို့သော်… သူတို့က ချစ်ကြည်ရေးမင်္ဂလာပွဲတွင် သူနှင့် လုန်ယွိ၏ ဆန္ဒကိုတော့ ထည့်မတွက်ခဲ့ကြပေ။

“ငါလည်း အင်မော်တယ်အမြန်ဖြစ်လာဖို့ လိုတယ်…”

ဝိညာဉ်သားရဲဥလေးရှေ့တွင် မတ်တတ်ရပ်ရင်း ကျန်းလန် ခပ်တိုးတိုးရေရွတ်လိုက်သည်။

အင်မော်တယ်ဖြစ်လာမှ သူ လုန်ယွိကို လက်ထပ်ခွင့်ရမည် ဖြစ်သည်။

အများအမြင်တွင် သူ၏ ကျင့်ကြံခြင်းအဆင့်က အင်မော်တယ်ဖြစ်လာရန် အချိန်များစွာ လိုအပ်သေးသည်။

သာမန်အခြေအနေဆိုလျှင်… နှစ်ပေါင်း (၆၀၀) ဆိုသည်က သာမန်လူတစ်ယောက် အင်မော်တယ်ဖြစ်လာရန် အမြန်ဆုံး အချိန်ဖြစ်သည်။

ကျောက်စိမ်းရေကန် နတ်ဘုရားမဖြစ်သည့် လုန်ယွိအတွက်တော့ နှစ်ပေါင်း (၄၅၀)ခန့်သာ အချိန်လိုအပ်မည် ဖြစ်သည်။

လုန်ယွိက ကျောက်စိမ်းရေကန်၏ စွမ်းအားအနှစ်သာရများအားလုံးကို အသုံးပြု ကျင့်ကြံနိုင်မည်ဖြစ်လေရာ သူမကိုတော့ အခြားသူများက မည်သည့်နည်းနှင့်မှ အမီလိုက်နိုင်မည် မဟုတ်ပေ။

သူမက နဂါးမျိုးနွယ်ဖြစ်လေရာ နှစ်ပေါင်း (၄၅၀)တွင် အရွယ်ရောက်သည့်နဂါးတစ်ကောင်လည်း ဖြစ်လာပေလိမ့်မည်။

သူကတော့ ဆရာဖြစ်သူ၏အကူအညီဖြင့် နှစ်ပေါင်း (၈၀၀)အတွင်း အင်ေမော်တယ် ဖြစ်လာနိုင်သည်။

ဤသည်က ပုံမှန်ပင် ဖြစ်သည်။ ထို့ကြောင့်… သူ့တွင် ရာစုနှစ်နှင့်ချီပြီး အချိန်ရဦးမည် ဖြစ်သည်။

ထိုအချိန်ရောက်မှသာ ကျန်းလန်က လက်ထပ်ရန် ဆုံးဖြတ်ရမည် ဖြစ်သည်။

သို့သော်… လုန်ယွိ…

သူ လက်ထပ်ရမည့်သူက လုန်ယွိ ဖြစ်သည်။

ကျန်းလန် လုန်ယွိအကြောင်း သိပ်ပြီး သိရှိခြင်းမရှိပေ။ သို့သော်… သူ လုန်ယွိကို မုန်းတီးခြင်း မဖြစ်မိပေ။

ထို့နောက်… အတွေးများကို ရပ်တန့်လိုက်ပြီး ဝိညာဉ်ဆေးရည်များကို ရေသဖန်းပင်လေးနှင့် ဝိညာဉ်သားရဲဥလေးပေါ်သို့ လောင်းချလိုက်သည်။

ဤအလုပ်က နှစ်ပေါင်းများစွာ အစဉ်အမြဲ ပြုလုပ်နေခဲ့သည့် အလုပ်ဖြစ်သည်။

ဝိညာဉ်သားရဲဥလေးကိုရော ၊ ရေသဖန်းပင်လေးကိုရော ပြုစုပျိုးထောင်ပေးရသည်ကို သူ ပျော်ရွှင်မိလေသည်။

ထို့နောက်… ကျန်းလန် ကျင့်ကြံခြင်း စတင်လိုက်၏။

သေရည်ဆိုင်မှ လက်ဖက်ရည်ကြမ်းကြောင့် ဉာဏ်အလင်းပွင့်သွားခြင်းက ကျင့်ကြံခြင်းကို အလွန်တရာ ချောမွေ့စေသည်။

ကျင့်ကြံသည့်အချိန်တွင် ကျောက်စိမ်းရေကန်နတ်ဘုရားမ ပန်းချီကားကိုလည်း ထုတ်ဖော်အသုံးပြု ထားခဲ့လေသည်။

………………

နောက်တစ်နေ့နံနက် ၊ အရုဏ်မတက်မီအချိန်…

သားရဲဥလေးနှင့် ရေသဖန်းပင်လေးကိုယူဆောင်ပြီး ကျန်းလန် မရဏဂူထဲမှ ထွက်လာခဲ့သည်။

ထိုအရာလေးများက မရဏဂူထဲမှာ အချိန်ကြာမြင့်စွာ နေခဲ့ကြရသည့်အတွက် နေပူဆာလှုံပေးရဦးမည် ဖြစ်လေသည်။

ရေသဖန်းပင်လေးက  ညှိုးလျော်နေသည့်တိုင် နှစ်ပေါင်းများစွာ ရှင်သန်နိုင်ခဲ့သည်။

ရေသဖန်းပင်လေး သူ့ဘဝကို ပျော်ရွှင်နေမည်လား… ဟု ကျန်းလန် တွေးမိသည်။

သို့သော်… သူက ရေသဖန်းပင်မဟုတ်လေရာ အပင်လေး ပျော်ရွှင်သည်လား ၊ မပျော်ရွှင်သည်လား မည်သို့ သိရှိနိုင်ပါမည်နည်း။

တစ်ခါတစ်ရံတွင် ပုံသဏ္ဍန်က စိတ်ပျက်ညှိုးလျော်နေသော်လည်း ရင်ထဲတွင် ပျော်ရွှင်နေတတ်သည် မဟုတ်ပါလား။

ကျန်းလန်က အပင်လေးနှင့် သားရဲဥလေးကို သူနေထိုင်ရာ အဆောက်အဦ၏ ခြံဝန်းအနောက်ဘက်တွင် နေဆာလှုံရန် နေရာချထားလိုက်သည်။

ထို့နောက်… အတ္တကြေးမုံကိုအသုံးပြုကာ တိုက်ခိုက်မှုလေ့ကျင့်ခြင်းကို စတင်လိုက်သည်။

ထုံးစံအတိုင်းပင် အတ္တကြေးမုံအတွင်းမှ အလင်းရောင်ပုံရိပ်ကို ရှုံးနိမ့်ပြီးသွားသည့်နောက် ကျန်းလန် တောင်ခြေရှိ သေရည်ဆိုင်သို့ ထွက်ခွာလာခဲ့တော့သည်။

ယနေ့တော့ နောက်ကျခြင်းမရှိအောင် စောစောထွက်လာခဲ့သည်။

သူက အစကတည်းက နောက်ကျလေ့ရှိသူ မဟုတ်ပေ။

မနေ့က နောက်ကျခဲ့သည်မှာ လူရွေးပွဲ အချိန်အတိအကျကို မသိရှိခဲ့သောကြောင့် ဖြစ်သည်။

ပြီးတော့… ဖုန်းကျီနှင့်လည်း တိုက်ခိုက်နေရသောကြောင့် နောက်ကျသွားရခြင်း ဖြစ်၏။

ယနေ့ ကျန်းလန် သေရည်ဆိုင်သို့ ရောက်လာချိန်တွင် နေရာင်ခြည်နုနုက ဖြာကျနေပြီး သေရည်ဆိုင်တံခါးကလည်း ပိတ်ထားဆဲဖြစ်သည်။

“အမ်… သေရည်ဆိုင်က မဖွင့်သေးဘူးလား…”

ကျန်းလန် အနည်းငယ် အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။

ထို့နောက်… ဆိုင်ဝတွင် မတ်တတ်ရပ်ရင်း ဆိုင်ဖွင့်သည်အထိ စောင့်ဆိုင်းနေရန် ဆုံးဖြတ်လိုက်သည်။

မကြာမီ…

“ရှပ်…”

“ရှပ်…”

သူ့နောက်မှ ခပ်တိုးတိုး ခြေသံတစ်သံထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

ကျန်းလန် အမှတ်တမဲ့ လှည့်ကြည့်လိုက်မိတော့ မိန်းကလေးငယ်လေးတစ်ယောက် လမ်းလျှောက်လာသည်ကို တွေ့မြင်လိုက်ရ၏။

သူမက အဖြူရောင်နှင့်အပြာရောင်ရောစပ်ထားသည့် အဝတ်အစားများကို ဝတ်ဆင်ထားပြီး ဆံပင်ကိုခပ်မြင့်မြင့်လေး စည်းနှောင်ထားသည်။

မျက်ဝန်းတောက်တောက်လေးများဖြင့် အလွန်မှ ချစ်စရာကောင်းပြီး ချောမောလှပသည့် ကလေးမလေး ဖြစ်သည်။

သို့သော်… သူမ၏ အနည်းငယ် နီရဲနေလေသည်။ ကြည့်ရသည်မှာ… တစ်ညလုံးငိုကြွေးထားဟန် ရှိသည်။

ထိုမိန်းကလေးငယ်လေးကို တစ်နေရာတွင် တွေ့မြင်ဖူးသည်ဟု ကျန်းလန်တွေးလိုက်မိသည်။

သို့သော်… မည်သည့်နေရာတွင် ဆုံတွေ့ဖူးမှန်း မမှတ်မိတော့ပေ။ ပြီးတော့… သူတို့ (၂)ယောက်ကလည်း အသိအကျွမ်းများမဟုတ်ကြသဖြင့် စိတ်ထဲထားမနေတော့ပေ။

ကျန်းလန်က သူမကို တစ်ချက်အကဲခတ်လိုက်သည်။

ရန်သူတစ်ယောက်ဖြစ်နေမည်ကို စိုးရိမ်သည့်အတွက် သူ့ကိုယ်သူကာကွယ်ရန် အသင့်အနေအထား ပြင်ဆင်ထားလိုက်သည်။

မကြာမီ… မိန်းကလေးငယ်လေးက ကျန်းလန်ရှိရာသို့ ရောက်ရှိလာပြီး ကျန်းလန်နှင့် မျက်နှာချင်းဆိုင်နေရာတွင် မတ်တတ်ရပ်လိုက်သည်။

သူမက ပစ္စည်းအချို့ ထုတ်ယူလိုက်ပြီး…

“ရှင့်အတွက်…”

ဟု ပြောကာ ကျန်းလန်ကို လှမ်းပေးလိုက်၏။

ရှောင်ယွိ လှမ်းပေးသည့်ပစ္စည်းများက ပုတီးစေ့လေးတစ်ခုနှင့် စာအုပ်တစ်အုပ် ဖြစ်သည်။

ထို့နောက်… သူမက အနီရောင်သမ်းသည့်မျက်ဝန်းများဖြင့် ကျန်းလန်ကို မော့ကြည့်လိုက်၏။

ကျန်းလန် သူမကိုကြည့်ပြီး စိတ်များရှုတ်ထွေးသွားသည်။

ကျန်းလန်က သူရသင့်ရထိုက်သည့် ပစ္စည်းများနှင့် လက်ဆောင်များကို တစ်ခါမှ ငြင်းဆိုခဲ့ဖူးခြင်း မရှိပေ။

သို့သော်… ယခုလို အကြောင်းမရှိဘဲ လက်ဆောင်များလာပေးသည်ကိုတော့ သဘောမကျပေ။

သူက ဆရာဖြစ်သူပေးသည့် လက်ဆောင်ပစ္စည်းများမှလွဲပြီး မည်သူ့ထံကမှ အလကားယူခဲ့ခြင်း မရှိပေ။

ဆရာဖြစ်သူအပေါ်တွင်လည်း သူက နောင်တစ်ချိန် ကျေးဇူးပြန်ဆပ်မည် ဖြစ်သည်။

ဆရာဖြစ်သူ၏ မျှော်လင့်ချက်များ ဖြစ်လာအောင်ပြုလုပ်ပေးပြီး တပည့်တစ်ယောက်တာဝန် ကျေပွန်ရမည်ဟု သူ ဆုံးဖြတ်ထားခဲ့သည်။

နဝမတောင်ထွတ်ကို အုပ်ချုပ်ပြီး ငရဲတံခါးကို စောင့်ရှောက်ပေးမည်။

နောက်ပိုင်း… နဝမတောင်ထွတ်အတွက် ဆက်ခံသူတပည့်ရှာဖွေကာ ပြုစုပျိုးထောင်ပေးမည်။

ထို့နောက်… တပည့်ဖြစ်သူကို နဝမတောင်ထွတ်တွင် တောင်သခင်အဖြစ် အပ်နှင်းခဲ့ပြီး သူကတော့ ပျက်သုဉ်းတစပြင်လောကကြီးတွင် လွတ်လွတ်လပ်လပ် လှည့်လည်သွားလာမည်ဟု တွေးထားခဲ့သည်။

သို့သော်… ဤသည်က လက်မထပ်ရဘူးဆိုလျှင် သူ စီစဉ်ထားသည့် အစီအစဉ် ဖြစ်၏။

ယခုတော့… လုန်ယွိနှင့် စေ့စပ်ရတော့မည်ဖြစ်လေရာ သူ့အစီအစဉ်များ တစ်မျိုးပြောင်းချင် ပြောင်းသွားနိုင်သည်။

ရှောင်ယွိက ခေါင်းကိုမော့လိုက်ရင်း…

“လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၀)က… ဂိုဏ်းတူမောင်လေးက ကျွန်မကို မှတ်တမ်းတင်မှော်ဝင်ပစ္စည်းလေးတစ်ခု ပေးခဲ့တယ်လေ… ၊ ဒါက ပြန်ပြီး အလျော်ပေးတာပါ… ၊ အရင်ကတည်းက ဒီပစ္စည်းတွေက ပေးဖို့ပါပဲ… ၊ ဒါပေမဲ့ ဂိုဏ်းတူမောင်လေးက တောင်ပေါ်က နှစ်ပေါင်း (၃၀)လုံးလုံး ဆင်းမလာလို့ ဒီပစ္စည်းတွေပေးဖို့ စောင့်နေခဲ့ရတာ…”

မိန်းကလေးငယ်လေးက အကြောင်းစုံကို အသေးစိတ်ပြောပြတော့မှ ကျန်းလန် အဖြစ်အပျက်များကို ပြန်မှတ်မိသွားသည်။

ဤမိန်းကလေးငယ်လေးနာမည်က ရှောင်ယွိဖြစ်သည် မဟုတ်ပါလား…။

ထိုစဉ်က ကျန်းလန်မှာ သူ့ကို ချောင်းမြောင်းနေသူကို အာရုံစိုက်နေရသောကြောင့် မိန်းကလေးငယ်လေးကို အမှတ်တမဲ့ ဖြစ်သွားမိသည်။

သို့သော်… သူ နားလည်လိုက်သည်မှာ  ဒီဂိုဏ်းတူအစ်မလေးက သိပ်ကို မာနကြီးသည်ဟူ၍…။

“ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်မ…”

ကျန်းလန်က ပုတီးစေ့လေးနှင့် စာအုပ်ကို လက်ခံယူလိုက်သည်။

ပြီးနောက်… ထိုပစ္စည်းများက မည်သည့်အရာများဖြစ်သည်ကို အကြမ်းဖျင်းကြည့်ရှုလိုက်သည်။

ပုတီးစေ့လေးက မှော်ဝင်မှတ်တမ်းတင်ပစ္စည်းအလွတ်တစ်ခုဖြစ်ပြီး စာအုပ်ကတော့ မိုးကြိုးတစ်ထောင်ကျမ်းစာ ဖြစ်သည်။

မိုးကြိုးတစ်ထောင်ကျမ်းစာထဲတွင် ကောင်းကင်မိုးကြိုးလျှပ်စီးကျင့်စဉ်လည်း ပါဝင်လေသည်။

မိုးကြိုးတစ်ထောင်ကျမ်းစာကို သာမန်လူသားဘာသာစကားဖြင့် ရေးသားထားသော်လည်း ကောင်းကင်မိုးကြိုးလျှပ်စီးကျင့်စဉ်ကိုတော့ ဘာသာစကား (၂)မျိုးဖြင့် ရေးသားထားသည်။

တစ်ခုက သာမန်လူသားဘာသာစကားနှင့်ဖြစ်ပြီး နောက်တစ်ခုက နဂါးဘာသာစကားနှင့် ဖြစ်သည်။

ကောင်းကင်မိုးကြိုးလျှပ်စီးကျင့်စဉ်ကို စနစ်တွင်မှတ်ပုံတင်ရင်း ကျန်းလန် ရရှိခဲ့ဖူးသည်။

ယခု… ရှောင်ယွိက လက်ဆောင်ပေးပြီဆိုသည့်အခါ သူ့အနေဖြင့် လူအများကြားတွင် ဤကျင့်စဉ်ကို ပွင့်ပွင့်လင်းလင်း အသုံးပြုနိုင်တော့မည် ဖြစ်သည်။

ခွန်လွန်တောင်၏ စာအုပ်များ ၊ ကျမ်းစာများထဲတွင်လည်း ဤကျင့်စဉ် ရှိလောက်လေသည်။ ကျန်းလန်က သတိမထားမိခြင်း ဖြစ်ပေလိမ့်မည်။

နဝမတောင်ထွတ်ရှိစာကြည့်တိုက်တွင် ကျင့်စဉ်များ ၊ ဂါထာမန္တန်များ များစွာရှိသည်။ သို့သော်… ကျန်းလန်အနေဖြင့် ထိုအရာများအားလုံးကို ဖတ်ရှုလေ့လာရန် မဖြစ်နိုင်ပေ။

ကျန်းလန် ပစ္စည်းများကို သိမ်းဆည်းလိုက်သည်။ ရှောင်ယွိကလည်း မည်သည့်စကားမှ မပြောဘဲ ကျန်းလန်ကို ကြည့်နေလေ၏။

ထို့နောက်… လုန်ယွိက ကျန်းလန်ဘေးသို့နေရာရွှေ့လိုက်ပြီး တိတ်ဆိတ်စွာဖြင့် မတ်တတ်ရပ်နေလေသည်။

သေရည်ဆိုင်တံခါးဖွင့်သည်အထိ သူတို့ ဆိုင်ရှေ့တွင် တိတ်ဆိတ်စွာဖြင့် စောင့်နေကြသည်။ ပတ်ဝန်းကျင်သည် ပုံမှန်မဟုတ်စွာပင် တိတ်ဆိတ်ငြိမ်သက်လျှက် ရှိလေသည်။

ကျန်းလန်ကတော့ အနည်းငယ် အံ့အားသင့်နေမိသည်။

ဤဂိုဏ်းတူအစ်မလေးက သူ့ကိုပစ္စည်းများပေးပြီးလျှင် ပြန်သွားမည်ဟု ထင်ခဲ့မိသည်။ သို့သော်… သူမက ကျန်းလန်နှင့်အတူ သေရည်ဆိုင်ရှေ့တွင် စောင့်နေလေ၏။

“သေရည်ဆိုင်ပိုင်ရှင်က မနေ့က “မင်းတို့တွေ” လို့ ပြောလိုက်တာ… ဟို တပည့် (၈)ယောက်ထဲက တစ်ယောက်ယောက်ကို ပြောတာ မဟုတ်လောက်ဘူး… ၊ ဂိုဏ်းတူအစ်မ ရှောင်ယွိကိုပြောတာ ဖြစ်ရမယ်…”

ကျန်းလန် ခန့်မှန်းကြည့်လိုက်သည်။

သို့သော်… ကျန်းလန် ရှောင်ယွိအကြောင်းကို သိပ်မစဉ်းစားတော့ပေ။

သူက သေရည်ဆိုင်တွင် အလုပ်လုပ်ရင်း အင်မော်တယ်ဖြစ်လာရန် အထောက်အပံ့ဖြစ်စေမည့် တစ်စုံတစ်ခု ရရှိမည်လားဟု သိချင်နေမိသည်။

အများအမြင်တွင် ကျန်းလန်၏ ကျင့်ကြံခြင်းအဆင့်က မူလဝိညာဉ်အဆင့်သို့ တက်ရောက်ရတော့မည် ဖြစ်သည်။

ထို့ကြောင့်… ဆရာဖြစ်သူက သေရည်ဆိုင်တွင် အလုပ်လုပ်ရန် စေလွှတ်လိုက်ခြင်းဖြစ်သည်။

သို့သော်… သူ၏ ကျင့်ကြံခြင်းအဆင့် အစစ်အမှန်က မရှိမှုအာကာသအဆင့် ၊ အလယ်ဆင့်သို့ ရောက်ရှိနေပြီ ဖြစ်လေရာ အင်မော်တယ်ဖြစ်လာရန် အလွန်နီးစပ်နေပြီဟု ဆိုနိုင်သည်။

“ခရက်…”

သေရည်ဆိုင်တံခါးပွင့်သွားသည်။

“မင်းတို့တွေ ရောက်နေကြပြီလား…”

တံခါးဖွင့်ဖွင့်ချင်း ဆိုင်ရှေ့တွင် မတ်တတ်ရပ်နေကြသည့် ကျန်းလန်နှင့်ရှောင်ယွိကို တွေ့လိုက်ရသည့်အတွက် ဆိုင်ရှင်အဘိုးအိုက နှုတ်ဆက်စကားဆိုလိုက်သည်။

“အနှောက်အယှက်ပေးမိပါပြီ… အဘိုး…”

ကျန်းလန်နှင့် ရှောင်ယွိ ပြိုင်တူပြောလိုက်ကြခြင်း ဖြစ်သည်။

“မင်းတို့နှစ်ယောက်က အတော်လိုက်ဖက်တာပဲ…”

ဆိုင်ရှင်အဘိုးအိုက အမှတ်တမဲ့ ပြောလိုက်လေသည်။

ပြီးမှ…

“ကောင်တာပေါ်မှာ သေရည်ဈေးနှုန်းတွေရေးထားတယ် ၊ မင်းတို့ဟာမင်းတို့ ဖတ်ကြည့်လိုက်ကြ… ၊ လက်ဖက်ရည်ကြမ်းနဲ့ မြေပဲအတွက်က ဈေးနှုန်းသတ်မှတ်ထားတာ မရှိဘူး… ၊ ဝယ်သူတွေ ပေးသလောက်သာ ယူလိုက်ကြ…”

ဆိုင်ရှင်က ခဏနားပြီး စကားဆက်ပြောသည်။

“မင်းတို့တွေ မနက်ပိုင်းတော့ ဆိုင်ထိုင်ပေးကြရမယ်… ဒါနဲ့ စကားမစပ်… ဆိုင်လည်း သန့်ရှင်းရေးလုပ်လိုက်ဦးနော်… ၊ နေ့လည် ကျုပ်ပြန်လာမှ တခြားကိစ္စတွေ အသေးစိတ်ပြောပြမယ်…”

ထို့နောက်… ဆိုင်ရှင်က ပြောပြောဆိုဆိုဖြင့် ထွက်ခွာသွားလေသည်။

သူ၏ကျောပေါ်တွင် ခြင်းတောင်းတစ်လုံးလွယ်ထားသည်ကို တွေ့မြင်ကြရလေ၏။

ဆိုင်ရှင်ထွက်ခွာသွားသည်နှင့် ကျန်းလန်နှင့် ရှောင်ယွိတို့ သေရည်ဆိုင်ထဲသို့ ဝင်လိုက်ကြသည်။

သေရည်ဆိုင်တစ်ခုလုံး ရှုတ်ပွလျှက် ရှိလေသည်။

သေရည်အိုးအလွတ်များနှင့်မြေပဲများက ကြမ်းပြင်ထက်တွင် ပြန့်ကျဲလျှက် ရှိသည်။

ကြည့်ရသည်မှာ တစ်စုံတစ်ယောက်က သေရည်ဆိုင်တွင် ညလုံးပေါက် သေရည်သောက်သွားဟန် ရှိသည်။

ရှုတ်ပွနေသည့်ဆိုင်ကိုကြည့်ပြီး ရှောင်ယွိ ဘာလုပ်ရမှန်းမသိဖြစ်သွားသည်။

ကျန်းလန်က သူမကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ဤဂိုဏ်းတူအစ်မလေးက ကြမ်းတမ်းသည့်အလုပ်များနှင့် သန့်ရှင်းရေးအလုပ်များကို တစ်ခါမှ လုပ်ဖူးဟန် မရှိပေ။

ကျန်းလန်က…

“ဆိုင်ကို ကျွန်တော် သန့်ရှင်းရေးလုပ်လိုက်ပါ့မယ်… ဂိုဏ်းတူအစ်မက ကောင်တာမှာထိုင်နေလေ… ၊ ဝယ်သူလာရင် ရောင်းလို့ရတာပေါ့…”


Comment

Leave a Reply


Options

not work with dark mode
Reset