Switch Mode

အခန်း ( ၇၂ )

ကျောင်းမှ ထုတ်ပယ်ခြင်း

“ နောက်တစ်ခါ ထပ်မလုပ်တော့ပါဘူး ပြောတော့ ဘာအသုံးဝင်မှာလဲ ”
ဝမ်ပေါင်လဲ့၏ အကြည့်မှာ အေးစက်ကာ အရေးမစိုက်ဟန် ပေါ်လွင်နေသည်။ အဆင့်မြင့်အရာရှိများ၏ကိုယ်ရေး အတ္ထုပ္ပတ္တိများကို ကျေညက်ထားသူ အနေဖြင့် ဝမ်ပေါင်လဲ့သည် ရန်သူအား မည်သို့ ဆက်ဆံရမည်ကို ကောင်းစွာ နားလည်သည်။ သူသည် စိတ်ပျော့နေ၍ မရပေ။ ရန်သူများသည် သူ့အတွက် ခြိမ်းခြောက်မှုတစ်ခု မဖြစ်တော့သည်အထိ အင်အားချည့်နဲ့သွားစေရမည်ဟု စိတ်ဆုံးဖြတ်ထားပြီး ဖြစ်သည်။ အထူးသဖြင့် တိမ်ရေကန်မိုးသစ်တောထဲတွင် ဖြစ်ပျက်ခဲ့သမျှ အရာရာကို ပြန်စဉ်းစားမိချိန်မျိုးတွင် ဖြစ်သည်။ ထိုအတွေးကြောင့် ဝမ်ပေါင်လဲ့၏ အကြည့်မှာ စူးရှသွားပြီး ချက်ချင်းပင် လျင်မြန်လှသည့် အရှိန်ဖြင့် ခုန်ထကာ ချောင်ခွင်းဆီ တဟုန်ထိုး ပြေးသွားသည်။

တချိန်တည်းမှာပင် လျှိုတောက်ပင်းနှင့် အဖွဲ့သည် အလန့်တကြားဖြစ်နေရာမှ သတိပြန်ဝင်လာသည်။ ဝမ်ပေါင်လဲ့သည် ကျောင်းသားခေါင်းဆောင်ဟောင်းနှင့် ထိပ်တိုက်တွေ့တော့မည်ကို သိလိုက်သောကြောင့် အသက်ရှူသံများ မြန်ဆန်လာသည်။ အထူးသဖြင့် ယခင်က ချောင်ခွင်း၏ အဖမ်းခံခဲ့ရသူများသည် စိတ်လှုပ်ရှားတက်ကြွစွာဖြင့် ပြေးထွက်သွားကာ ချောင်ခွင်း ထွက်မပြေးနိုင်အောင် ပိတ်ဆို့လိုက်ကြသည်။

“ ငါ့ရှေ့က ဖယ်ကြစမ်း”
ချောင်ခွင်းက အော်ဟစ်လိုက်သည်။ ယခု သူသည် ပိတ်မိနေလေပြီ။ အရူးတစ်ယောက်ကဲ့သို့ မျက်ထောင့်နီနှင့် သွေးရူးသွေးတန်း အော်ဟစ်ကာ ဟိုတိုးသည်တိုက်ဖြင့် တွန့်လိမ် ထွက်ပြေးရန် ကြိုးစားနေသည်။ သို့ရာတွင် သူသည် ထာဝရတာအိုကျောင်းထဲ၌ ရှိနေသည်ကို လုံးဝ မေ့နေဟန် တူသည်။ လွတ်အောင် ပြေးနိုင်လျှင်ပင် ဝေးဝေးသွားနိုင်မည် မဟုတ်ပေ။

ထို့ပြင် လွတ်အောင် ပြေးနိုင်သည့် အခွင့်အရေးလည်း မရှိပေ။ လျှိုတောက်ပင်းနှင့် အဖွဲ့က ချောင်ပိတ်ကာ ချောင်ခွင်း၏ ပြေးလမ်းကို ပိတ်ဆို့ထားလိုက်ကြသည်။ တခဏအကြာတွင် ဝမ်ပေါင်လဲ့သည် သူ့ရှေ့သို့ ရောက်ချလာသည်။

ချောင်ခွင်းသည် တစ်ကိုယ်လုံး ထိန်းမနိုင်သိမ်းမရ ပြင်းထန်စွာ တုန်လှုပ်နေကာ အကြောက်တရားနှင့် နောင်တတို့ ဆူဝေလာပြီး ဆောက်တည်ရာမရ ဖြစ်နေသည်။ ထွက်ပြေးရန် အခွင့်အရေးမရှိတော့သည်ကို သိပြီးနောက် ရုတ်တရက် လှည့်ကာ အော်လိုက်သည်။
“ ဝမ်ပေါင်လဲ့၊ ငါ ပါမောက္ခကို တွေ့ချင်တယ်။ ငါ….”

စကားမဆုံးမီ ဝမ်ပေါင်လဲ့က ချီဆုံချက်တစ်နေရာ ဖြစ်သည့် ဝမ်းဗိုက်အလယ်ပိုင်းကို အားပြင်းပြင်းနှင့် ဆောင့်ကန်လိုက်သည်။ ချောင်ခွင်း၏ ခန္ဓာကိုယ်မှာ ကန်ချက်ကြောင့် တွန့်လိမ်သွားပြီး နီစွေးသော သွေးစက်များ ပါးစပ်ထဲမှ ပန်းထွက်လာကာ မြေပြင်ပေါ်သို့ လဲကျသွားလေသည်။ သူ့မျက်နှာမှာလည်း သွေးရောင်မရှိတော့ဘဲ ဖြူဖျော့နေသည်။

ထိုကန်ချက်မှာလည်း အညှာအတာ ကင်းမဲ့ကာ ရက်စက်လှသည်။ ကျန်းလင်ကဲ့သို့ပင် ချောင်ခွင်း၏ ချီလမ်းကြောင်းများ ပျက်စီးကာ ရှေးဟောင်းသိုင်းအဆင့်မှာ ပျက်ပြယ်သွားသည်။

“ သူတို့ကို ဟိုဘက်ဘေးမှာ ကြိုးချည်ထားလိုက်”
သူတို့နှစ်ယောက်လုံးကို ဆက်တိုက် တိုက်ခိုက်ပြီးနောက် လေဆိပ်ထဲတွင် ရပ်နေဆဲ ဖြစ်သည့် ဝမ်ပေါင်လဲ့က တည်ငြိမ်စွာ အမိန့်ပေးလိုက်သည်။ လျှိုတောက်ပင်းနှင့် အဖွဲ့က ချက်ချင်းပင် ရှေ့တိုးလိုက်ပြီး တွန့်လိမ်ကာ စိတ်ဓါတ်ကျနေသည့် ချောင်ခွင်းနှင့် သတိလစ်နေသော ကျန်းလင်တို့ကို မလှုပ်သာအောင် ချုပ်ထားလိုက်ကြသည်။

ဘေးမှ စောင့်ကြည့်နေကြသည့် စီနီယာကျောင်းသားများ အားလုံးမှာ အရိုးခိုက်အောင် အေးစိမ့်ကာ ကြက်သီးတဖြန်းဖြန်း ထကုန်ကြပြီး ဝမ်ပေါင်လဲ့ကို လေးစားကြည်ညိုစွာ ကြည့်လိုက်ကြသည်။ ကျောင်းသားသစ်များမှာမူ စီနီယာကျောင်းသားများကဲ့သို့ ကျောင်းသားခေါင်းဆောင်နှင့် ရင်းနှီးကျွမ်းဝင်ခြင်း မရှိသောကြောင့် သူတို့သည် လေးစားအားကျနေကြသည်။

“ ကျောင်းသားခေါင်းဆောင်က တကယ် အစွမ်းထက်တာပဲ”

“ ဒီစီနီယာက ဝမ်ပေါင်လဲ့လား။ သူက ဘယ်ဌာနကလဲ။ ငါလည်း သူရှိတဲ့ဌာနကို သွားချင်တယ်”

“ ငါ ဘယ်လိုလုပ်ရင် စစ်ဆေးရေးမှူးဖြစ်နိုင်မလဲ။ သူတို့ကလည်း အရမ်းမိုက်တာပဲ”

ဝမ်ပေါင်လဲ့ကို တမူထူးခြားသည့် လေးလေးစားစား အကြည့်များဖြင့် ကြည့်နေကြသော ကျောင်းသူသစ် အတော်များများအပါအဝင် ကျောင်းသားသစ်များအားလုံး တအံတဩ သဘောကျနေကြသည်။ သူတို့သည် အတွေ့အကြုံ များများ မရှိသေးသည့်အပြင် ဝမ်‌ပေါင်လဲ့၏ တိုက်ကွက်များက သူတို့တွေ့ဖူးသမျှ အစွမ်းထက်ပုဂ္ဂိုလ်များထက် သေချာပေါက် ထူးကဲသာလွန်နေသည်။ ဝမ်‌ပေါင်လဲ့ထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါမှာ သူ့တန်ခိုးအာဏာနှင့် အခြားတစ်ယောက်၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်ကြောင်း အားလုံးကို ခံစားမိစေသည်။ ထိုအချက်ကြောင့်ပင် ဝမ်‌ပေါင်လဲ့ထံမှ ဆွဲဆောင်မှုတစ်မျိုး ပျံ့လွင့်နေသည်။

လူအုပ်ကြီးမှာ တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြစဉ် ဝမ်ပေါင်လဲ့က မတ်တတ်ရပ်လျက် မျက်လုံးမှိတ်၍ ဗိုက်ကို ပူထားကာ လင်းတျန်ဟောက် ရောက်အလာကို စောင့်ဆိုင်းနေသည်။ ချောင်ခွင်းနှင့် ကျန်းလင်တို့မှာ ကြံရာပါများသာ ဖြစ်ကြသည်။ လင်းတျန်ဟောက်မှာ အဓိက ကြံစည်သူဖြစ်ပြီး ဝမ်ပေါင်လဲ့ ကလဲ့စား၏ ဗဟိုသော့ချက် ဖြစ်သည်။

သို့ရာတွင် လင်းတျန်ဟောက် ပြန်ပေါ်လာနိုင်ခြေမှာ မရှိသလောက် နည်းသည်ကို ဝမ်ပေါင်လဲ့လည်း သိထားသည်။

ချောင်ခွင်း၊ ကျန်းလင်တို့၏ မိသားစုအခြေအနေ၊ နောက်ခံတို့မှာ သတင်းကြားနိုင်သည့် အဆင့်မဟုတ်ကြသောကြောင့် ဝမ်ပေါင်လဲ့နှင့် တည့်တိုးရင်ဆိုင်ကြရခြင်း ဖြစ်သည်။ သို့သော် လင်းတျန်ဟောက်မှာ လွှတ်တော်အမတ်တစ်ဦး၏ သားဖြစ်သည်။ သူ ပါဝင်လိုက်ပါလာရမည့် သင်္ဘောပျံ ဆိုက်ရောက်လာလျှင် လင်းတျန်ဟောက်ကို အမြီးပင် မတွေ့ရချေ။ သူသည် သတင်းကြားပြီး တာအိုကျောင်းသို့ ပြန်မလာခြင်း ဖြစ်နိုင်ကြောင်း ဝမ်ပေါင်လဲ့ သိလိုက်သည်။

“ မင်းက ပြန်မလာဘူးပေါ့”
ဝမ်ပေါင်လဲ့က အေးစက်စက် ရယ်မောကာ သူ့နားတွင် ရပ်နေသော လျှိုတောက်ပင်းကို တည်ငြိမ်စွာ ပြောလိုက်သည်။

“ကျောင်းသားခေါင်းဆောင်ကို သတ်ရန်ကြံစည်မှုနဲ့ ဓမ္မလက်နက်ဌာနက လင်းတျန်ဟောက် ကျောင်းထုတ်ခံလိုက်ရပြီဆိုတဲ့ အကြောင်း အမိန့်စာ ထုတ်ပြန်လိုက်”

လျှိုတောက်ပင်းက ချက်ချင်း လိုက်နာပါမည့်အကြောင်း ပြောပြီးနောက် အခြားသော စစ်ဆေးရေးမှူများနှင့်အတူ ဝမ်ပေါင်လဲ့နောက်မှ လိုက်သွားသည်။ ကျန်းလင်နှင့် ချောင်ခွင်းကို ချုပ်ထားပြီးနောက် ဓမ္မလက်နက်ဌာနနှင့် အဆင့်နိမ့်ကျောင်းတစ်ခုလုံးသို့ လင်းတျန်ဟောက်အား ကျောင်းမှ ထုတ်ပယ်လိုက်ကြောင်း အမိန့်စာကို အမြန်ဖြန့်ဝေလိုက်သည်။

ဝမ်ပေါင်လဲ့ဦးဆောင်သည့် တပ်ဖွဲ့ကြီး ထွက်ခွာသွားသည်နှင့် လေဆိပ်ထဲတွင် အုတ်အော်သောင်းနင်း ဖြစ်ကျန်ခဲ့သည်။ ဝိညာဥ်ကွန်ရက်ပေါ်၌ပင် စာရေးကြသူများ ရှိသည်။ ထိုအဖြစ်အပျက်၏ သက်ရောက်မှုမှာ အလွန်ကြီးမားလှပြီး တာအိုကျောင်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။

တာအိုကျောင်းက အမိန့်ကို ပယ်ဖျက်ခြင်း မပြုသည့်အပြင် ကျောင်းသားခေါင်းဆောင်အား သတ်ရန် ကြံစည်မှုဖြင့် သုံးယောက်လုံးကို အမှန်တကယ်ပင် ပြစ်ဒဏ်ချမှတ်လိုက်သည်။

ပွက်လောရိုက်သွားသည့်အပြင် လေဆိပ်ထဲမှ ဝမ်ပေါင်လဲ့၏ ဖမ်းဆီးမှုများကြောင့် သူသည် ပိုနာမည်ကြီးလာကာ ကျောင်းသားသစ်များကြားတွင်လည်း နာမည်ကျော်တစ်ယောက်အဖြစ် ထိပ်ဆုံးမှ ရပ်တည်လျက် ရှိသည်။ ဤအဖြစ်အပျက်ကို သိသွားပြီးနောက် ဝမ်ပေါင်လဲ့ လုပ်ခဲ့သမျှ လုပ်ရပ်များအားလုံးကို လူတိုင်းက တသသ ပြန်ပြောနေရသည်။

“ ဓမ္မလက်နက်ဌာနရဲ့ တစ်ဦးတည်းသော ကျောင်းသားခေါင်းဆောင်…”

“ တစ်နှစ်အတွင်း ဖွံ့ထွားသွေးကြောပညာရှင် ဖြစ်သွားတာ….”

သူ၏ ကျော်ကြားမှုကြောင့် ဝမ်ပေါင်လဲ့မှာ ထာဝရတာအိုကျောင်းအတွင်းရှိ မည်သည့်နေရာ၊ မည်သည့် ဌာနကို သွားသည်ဖြစ်စေ၊ လူတိုင်းက စကားစမြည်ပြောခြင်း၊ နှုတ်ဆက်ခြင်းများ လုပ်ကြလေသည်။ သူနှင့်ပတ်သက်သည့် သတင်းအချက်အလက်များမှာလည်း တာအိုကျောင်းတစ်ခုလုံး ပျံ့နှံ့သွားသည့်အပြင် ပြည်ထောင်စု၏ အခြားတာအိုကျောင်းသုံးခုသို့ပါ တောမီးအလား ပျံ့သွားသည်။

ဖြစ်ပျက်နေသမျှ အရာရာက ဝမ်‌ပေါင်လဲ့ကို စိတ်အေးလက်အေး ဖြစ်စေသည်။ ပါမောက္ခသည် ကျန်းလင်နှင့် ချောင်ခွင်းတို့ကို ဝမ်ပေါင်လဲ့ စိတ်ဖြေနိုင်ရန် အသုံးချလိုသဖြင့် သူတို့ ကျောင်းထုတ်ခံရမည့်အကြောင်းကို ကြိုတင်သတိမပေးဘဲ လေဆိပ်၌ သူကိုယ်တိုင် အမိဖမ်းနိုင်ရန် ထိန်ချန်ပေးထားခြင်းဖြစ်ကြောင်း ဝမ်ပေါင်လဲ့ သဘောပေါက်လိုက်သည်။ လင်းတျန်ဟောက် ပေါ်မလာသော်လည်း အဆင့်နိမ့်ကျောင်းကျွန်းမှ သူ့ကို ထုတ်ပယ်လိုက်သည့် အမိန့်စာမှာ တရားဝင်အတည်ပြုပြီး ဖြစ်သည်။ ဝမ်ပေါင်လဲ့အတွက် ဤသည်မှာ အကောင်းဆုံး ရလဒ်ဖြစ်ကြောင်း လက်ခံထားသည်။

“ ငါ့ရဲ့ ကလဲ့စားက အဆုံးမသတ်သေးဘူး”
ဝမ်ပေါင်လဲ့က အသက်မရှူတမ်း ပြောလိုက်သည်။ နောက်မှ လိုက်ဖမ်းခံရသည့် သွေးချောက်ခြားဖွယ် မြင်ကွင်းများကို သူ ပြန်လည် မြင်ယောင်နေမိသည်။ သူ့ကို အောင်နိုင်မှုများ ဆွတ်ခူးပေးခဲ့သည့် ဓမ္မအဆောင်များနှင့် ပညာရပ်များ၏ အရေးပါပုံကို ပိုမိုနားလည်ကာ တန်ဖိုးထားတတ်လာသည်။

“ ငါ ဓမ္မလက်နက်တွေ ထပ်ပြီး သန့်စင်ဖို့ လိုနေတယ် ”

ဓမ္မလက်နက်များထဲတွင် ခရမ်းရောင်ဓါးပျံသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်။ ထိုသို့တွေးမိကာ ဝမ်ပေါင်လဲ့သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ဝတ်ရုံကို ဆွဲဆန့်ကာ ဓမ္မလက်နက်ဌာနမှူးကို တွေ့ဆုံရန် ပြင်ဆင်လိုက်သည်။

သူ့ကို ဤဓါးပေးအပ်ခဲ့သည့် ဌာနမှူးအား ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြသချင်သည်။ ဌာနမှူးအိမ်တော်ထဲ၌ ဆရာမုတ်ဆိတ်သည် သူ့အား ဂါဝရပြု လာရောက်တွေ့ဆုံသည့် ဝမ်ပေါင်လဲ့ကို ကြည့်နေသည်။ ဓမ္မလက်နက်ဌာနမှူးအနေဖြင့် ဝမ်ပေါင်လဲ့ ကြုံတွေ့ခဲ့ရသည်များကို သိခွင့်ရှိသောကြောင့် သူက ဝမ်ပေါင်လဲ့အတွက် စိတ်မကောင်းဖြစ်နေသည်။ အထူးသဖြင့် ဤအဖြစ်မှာ သူ့ဌာနအတွင်း၌ ဖြစ်ပျက်သွားပြီး အလွန်ရက်စက် ကြမ်းကြုတ်သဖြင့် ထိန်းမရနိုင်လောက်‌အောင် ဒေါသတထောင်းထောင်း ထနေသည်။

“ ပေါင်လဲ့၊ မင်း ဒီကိစ္စကို ကိုင်တွယ်ပုံ အရမ်းမှန်တယ်”

“ တချို့လူတွေ နောက်ခံကောင်းတာနဲ့ပဲ စည်းမျဉ်းတွေကို မလေးမစား လုပ်ခွင့်ရှိတယ်ထင်ပြီး တာအိုကျောင်းကြီးလေးကျောင်းရဲ့ သည်းခံနိုင်စွမ်းကို လာလာထိပါးကြတယ်။ လုံးဝ မဖြစ်သင့်တာ ”

“ ဌာနမှူးရဲ့ ကျေးဇူးကြီးလှပါတယ်။ ဆရာပေးသနားခဲ့တဲ့ ဓါးပျံသာ မရှိခဲ့ရင် ကျွန်တော် အသက်ရှင်လျက် ပြန်လာနိုင်မှာ မဟုတ်ဘူး ”
ဝမ်ပေါင်လဲ့က လေးစားစွာ လက်နှစ်ဖက်ဆုပ်၍ အရိုအသေပေးလိုက်သည်။ ဆရာမုတ်ဆိတ်၏ သူ့အတွက် အမှန်တကယ် ဂရုစိုက်ကာ ပူပန်ပေးခြင်းကြောင့် ဝမ်ပေါင်လဲ့ ရင်ထဲခံစားသွားရသည်။ ထို့နောက် သိုလှောင်လက်ပတ်ထဲမှ ကျိုးနေသော ခရမ်းရောင်ဓါးလေးကို ထုတ်ယူလိုက်သည်။

ဝမ်ပေါင်လဲ့လက်ထဲမှ ခရမ်းရောင်ဓါး အပိုင်းအစများကို ကြည့်ကာ ဆရာမုတ်ဆိတ်၏ ခံစားချက်များ လှုပ်ရှားအသက်ဝင်လာသည်။ သူသည် ယခင်က ဖြစ်ပျက်ခဲ့သည်များကို ကြားသိပြီး ဖြစ်သည့်တိုင် ယခု ဓါးကို မြင်လိုက်ရသည့်အခိုက်အတန့်တွင် သွေးပျက်ဖွယ် အခြေအနေ၌ ဝမ်ပေါင်လဲ့ အသက်ရှင်နိုင်ရန် မည်မျှ ရုန်းကန်ခဲ့ရမည်ကို တွေးမကြည့်ရဲပေ။ သူကိုယ်တိုင် ရွေးချယ်ထားခဲ့သည့် အထူးဝင်ခွင့်ရကျောင်းသားကို ဂုဏ်ယူသည့် အရိပ်အယောင်များ ပျော်ဝင်နေသည့် နူးညံ့သော မျက်ဝန်းများဖြင့် မော့ကြည့်လိုက်သည်။

“ စိတ်မပူနဲ့၊ ငါ မင်းကို နောက်တစ်လက် ထပ်လုပ်ပေးမယ်”

ဝမ်ပေါင်လဲ့မှာ အံ့ဩဝမ်းသာဖြစ်သွားသည်။ ဌာနမှူးကို ချက်ချင်းပင် ကျေးဇူးတင်စကား ပြောကာ စကားစမြည်ပြောဆိုပြီးနောက် နှုတ်ဆက်လိုက်သည်။ သူ၏ နတ်ဝိဇ္ဇာဂူသို့ ပြန်ရောက်ပြီးနောက် တခဏမျှ တွေးနေပြီးနောက် ဝိညာဉ်‌ကျောက်တုံးများပေါ်သို့ ကမ္ဗည်းစာများ စတင်ရေးထိုးတော့သည်။

ထိုတိုက်ပွဲပြီးနောက် ဝမ်ပေါင်လဲ့သည် သူ့ထံတွင် အကာအကွယ် ဓမ္မအဆောင်များ လိုအပ်နေကြောင်း သတိထားမိကာ တွေးနေရင်း ဆက်လက်ရေးထိုးနေသည်။
“ အရင်က လုပ်ခဲ့တဲ့ ဓမ္မအဆောင်တွေက လက်ရာကြမ်းပေမဲ့ တကယ် အသုံးဝင်ခဲ့တာ။ ဒီတစ်ခါကျရင် ငါ အဲဒီလိုဟာတွေ များများလုပ်ရုံတင်မကဘူး။ ကာကွယ်နိုင်စွမ်း ရှိတာမျိုးလည်း တီထွင်ဖို့ လိုနေတယ်”

အချိန်က တဖြည်းဖြည်း ကုန်ဆုံးလာသည်။ နှစ်တစ်နှစ် အစပြုကာ ကျောင်းသားသစ်များ ရောက်လာသည်တွင် တာအိုကျောင်းမှ ဌာနတိုင်းသည် ယခင်ထက် စည်ကားနေဟန် ရှိသည်။ ဝမ်ပေါင်လဲ့ အပြင်ထွက်သည့် အခေါက်များတွင် ဓမ္မလက်နက်ဌာနကျောင်းသားသစ်များ၏ လေးစားသည့်အကြည့်များကို လက်ခံရရှိလေသည်။

ဝမ်ပေါင်လဲ့သည် အာရုံစိုက်ခံရခြင်းကို ကျေနပ်သော်လည်း ဓမ္မအဆောင်များများ ဖန်တီးရန်မှာ ပိုအရေးကြီးကြောင်း နားလည်ထားသည်။ ထို့ကြောင့် သူသည် ဝိညာဉ်ဒယ်အိုးဂူထဲတွင်သာ သူ၏ အချိန်တော်တော်များများကို ကုန်ဆုံးစေသည်။

လဝက်ခန့်ကြာသွားပြီးနောက် ပါမောက္ခက လူလွှတ်ကာ သေတ္တာနှစ်လုံးကို ပေးပို့လိုက်သည်။ ပထမသေတ္တာထဲ၌ ဖိနှိပ်အားပြင်းပြင်းတစ်ခုကို ထုတ်လွှတ်နေသည့် ကြေးမုံပြင်တစ်ချပ်ရှိသည်။ ကြေးမုံ၏ ထိပ်ဖျားတွင်လည်း လက်နက်အမှတ်အသားသုံးခုကို တွေ့ရသည်။ ဝမ်ပေါင်လဲ့မှာ ထိုအမှတ်အသားကို တွေ့ပြီးနောက် အလွန်တရာ စိတ်လှုပ်ရှားသွားလေသည်။

ဒါက…. အဆင့်သုံး နတ်ဘုရား ရတနာပါလား

သူက ချက်ချင်းပင် ဒုတိယသေတ္တာကို ဖွင့်ကြည့်လိုက်ရာ ရေနဂါးပုံထွင်းထားသည့် ကျောက်စိမ်းဆွဲပြားတစ်ခုကို တွေ့လိုက်ရသည်။ အလားတူပင် ၎င်းဆွဲပြားပေါ်၌ လက်နက်အမှတ်အသား သုံးခုတွေ့ရပြီး ရေနဂါးမှာလည်း အမှန်တကယ် အသက်ဝင်လှသည်။ ဝမ်ပေါင်လဲ့ ကြည့်နေစဉ်မှာပင် ရေနဂါးက အသက်ဝင်လာသည့်အလား အနည်းငယ် လှုပ်ရှားသွားသည်။

ဒါကလည်း အဆင့်သုံး နတ်ဘုရား ရတနာပဲဟ

ဝမ်ပေါင်လဲ့က ပင့်သက်ရှိုက်လိုက်သည်။ ဤပစ္စည်းနှစ်ခုမှာ မည်မျှ အဖိုးတန်ကြောင်း သူ ကောင်းကောင်း နားလည်သည်။ သူသည် ၎င်းတို့ကို ချက်ချင်းမထုတ်သေးဘဲ အသံလွှင့်လက်စွပ်ဖြင့် ပါမောက္ခကို ဆက်သွယ်လိုက်သည်။

မကြာမီ ပါမောက္ခ၏ အသံက အသံလွှင့်လက်စွပ်မှတဆင့် ထွက်‌ပေါ်လာသည်။

“ ကျောက်စိမ်းဆွဲပြားကို ငါကိုယ်တိုင် သန့်စင်ထားတာ၊ မင်းအတွက် အကာအကွယ်ရစေဖို့ လက်ဆောင်တစ်ခုပဲ ”

“ ကြေးမုံပြင်ကတော့ ထာဝရမြို့တော်ရဲ့ မြို့စားက ပို့ပေးလိုက်တာ။ သေချာစစ်ဆေးထားပြီးသား၊ ပြဿနာ တစ်စုံတစ်ရာ မရှိဘူး။ တကယ်လို့ မင်းမလိုချင်ရင်တော့…..”

ဝမ်ပေါင်လဲ့က နား‌ထောင်နေရင်း အတွေးထဲ နစ်မြောနေသည်။ လင်းတျန်ဟောက်၏ ဖခင်သည် ထာဝရတာအိုကျောင်းနှင့် သဘောတူညီချက်တစ်ခုခု ရှိထားသည်ကို ရိပ်မိလိုက်သည်။ ထိုသို့တွေးပြီးနောက် ချက်ချင်း အဖြေပေးလိုက်သည်။

“ ကျွန်တော်လိုချင်ပါတယ်။ ဘာလို့ မလိုချင်ရမှာလဲ ”

ဝမ်ပေါင်လဲ့၏ အဖြေကြောင့် ပါမောက္ခက သဘောတကျ ရယ်မောလိုက်သည်။ သူသည် ဝမ်ပေါင်လဲ့အား လက်ခံရန် ဖြောင်းဖြချင်သော်လည်း ယခု ဝမ်ပေါင်လဲ့သည် ဤလက်ဆောင်အား လက်ခံခြင်း၏ ထူးခြားအရေးပါပုံကို နားလည်ကြောင်း သိလိုက်ပြီးနောက် ခေတ္တတိတ်ဆိတ်သွားပြီး ခပ်တိုးတိုး ပြောလိုက်သည်။

“ ပေါင်လဲ့၊ တာအိုကျောင်းကြီး လေးကျောင်းနဲ့ လွှတ်တော်အမတ်ဆယ့်ခုနစ်ယောက်လုံးက ပြည်ထောင်စုကြီးရဲ့ အစိတ်အပိုင်းတွေပဲ။ ဒါကြောင့်မလို့ တချို့ပြဿနာတွေက တကယ်ကြီး စုံစမ်းလို့ မရဘူး။ ဒီကိစ္စကို ထားလိုက်ရအောင်။ နောက်ထပ် ဒီလိုပြဿနာမျိုး ထပ်မဖြစ်စေရဘူးလို့ ငါ အာမခံပါတယ် ”

“ ကျောင်းထုတ်တာကိုလည်း ပြန်ရုတ်သိမ်းလိုက်တာလား ”
ဝမ်ပေါင်လဲ့က အသာအယာ မေးလိုက်သော်လည်း သူ၏ အကြည့်များက အေးစက်သွားသည်။

“ တာအိုကျောင်းရဲ့ စည်းမျဉ်းတွေကတော့ ပြောင်းလဲသွားမှာ မဟုတ်ဘူး။ အဆင့်နိမ့်ကျောင်းရဲ့ ကျောင်းသားအဖြစ်ကိုတော့ ပြန်ရမှာ မဟုတ်ဘူး”
ပါမောက္ခက ဝမ်ပေါင်လဲ့ကို နှစ်သိမ့်လိုက်ပြီး အသံလွှင့်ခြင်းကို အဆုံးသတ်လိုက်သည်။

ဝမ်ပေါင်လဲ့သည် ဝိညာဉ်ဒယ်အိုးဂူထဲ၌ ထိုင်ကာ သေတ္တာနှစ်လုံးနှင့် အသံလွှင့်လက်စွပ်ကို ကြည့်ရင်း မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

အဆင့်နိမ့်ကျောင်းရဲ့ ကျောင်းသား … ဆိုလိုချင်တာက အဆင့်မြင့်ကျောင်းနဲ့ အဆင့်နိမ့်ကျောင်းတွေရဲ့ ကျောင်းဝင်ခွင့်က သပ်သပ်စီ ခွဲထားတယ်ဆိုတဲ့ အဓိပ္ပါယ်လား ..

Comment

Leave a Reply

Options

not work with dark mode
Reset