အခန်း (၁၀၇)

ကျန်းလန်အတွက်တာအိုလက်တွဲဖော်

အခန်း (၁၀၇) ကျန်းလန်အတွက်တာအိုလက်တွဲဖော်

“ဒါက ပုံမှန်ပါပဲ… ၊ လုန်ယွိ ကျောက်စိမ်းရေကန်နတ်ဘုရားမဖြစ်လာတာ နဂါးမျိုးနွယ်တွေလည်း သိတာပဲ… ၊ ပြီးတော့ ကျောက်စိမ်းရေကန်နတ်ဘုရားမဆိုတာ ခွန်လွန်တောင်အတွက် ဘယ်လောက်အရေးပါလဲဆိုတာလည်း အားလုံး သိကြတယ်… ၊ ကျောက်စိမ်းရေကန်နတ်ဘုရားမကြောင့် ခွန်လွန်တောင်က ရရှိခဲ့တဲ့ အကျိုးအမြတ်တွေက နည်းတာမှ မဟုတ်တာ…”

စကားပြောလိုက်သူက ဒုတိယတောင်ထွတ်၏တောင်သခင်လျိုကျင်း ဖြစ်၏။

လျိုကျင်းက အလွန်ငယ်ရွယ်သည့် လူငယ်တစ်ယောက်ပုံစံဖြစ်လေသည်။

အဖြူရောင်အဝတ်အစားများကို ဝတ်ဆင်ထားပြီး အလွန်မှ ချောမောခန့်ညားကာ ကြည့်ကောင်းသူ ဖြစ်သည်။

သို့သော်… တောင်သခင် (၉)ပါးထဲတွင်လျိုကျင်းက အသက်အကြီးဆုံး ဖြစ်သည်ကို အားလုံး သိရှိကြသည်။

ပထမတောင်ထွတ်၏ တောင်သခင် ဖုန်းယီရှောက်က…

“အမှန်ပဲ… အခု ကျောက်စိမ်းရေကန်ကြောင့် ခွန်လွန်တောင်ရဲ့ ကျင့်ကြံခြင်းပတ်ဝန်းကျင်တွေ ပိုပြီး တိုးတက်ကောင်းမွန်လာခဲ့တယ်… ၊ အခုလိုအချိန်မှ လုန်ယွိကို ပြန်ခေါ်သွားမယ်ဆိုရင် ခွန်လွန်တောင်အတွက် ဆုံးရှုံးမှုက အရမ်းများလိမ့်မယ်…”

တတိယတောင်ထွတ်၏ တောင်သခင်မ ကျူးချင်က…

“အမှန်ပဲ… ဒါပေမဲ့ လုန်ယွိက နဂါးမျိုးနွယ်ကလေ… ၊ သူတို့က လုန်ယွိကို နဂါးနန်းတော်ကို ပြန်ခေါ်သွားပြီး ခွန်လွန်တောင်ကို နောက်ထပ်နဂါးတစ်ယောက်ပို့ချင်တယ်လို့ တောင်းဆိုတာကို ကျွန်မတို့ဘက်က ဘယ်လိုလုပ် ငြင်းလို့ရမလဲ…”

ကျူးချင် မျက်မှောင်များ ကြုတ်ထားလေသည်။

အများအမြင်တွင်တော့… နဂါးမျိုးနွယ်များဘက်မှတောင်းဆိုမှုက သဘာဝကျသည်ဟု ဆိုနိုင်သည်။

သူတို့က သူတို့မျိုးနွယ်ဝင် နဂါးမင်းသမီးလေးတစ်ပါးကို ပြန်လည်ခေါ်ယူလိုခြင်းဖြစ်သည်။ ပုံမှန်ဆိုလျှင် ခွန်လွန်တောင်ကလည်း သူတို့၏ တောင်းဆိုမှုကို လက်မခံနိုင်စရာ မရှိပေ။

သို့သော်… လုန်ယွိက ကျောက်စိမ်းရေကန်နတ်ဘုရားမဖြစ်နေသောကြောင့် အခြေအနေများ ရှုတ်ထွေးကုန်ခြင်း ဖြစ်၏။

ဖုန်းယီရှောက်က အခြားသူများကို တစ်ချက်ဝေ့ကြည့်လိုက်ရင်း…

“ဖြစ်နေတဲ့ပြဿနာက အဲဒါပဲ… ၊ ဒါပေမဲ့… လုန်ယွိကို ပြန်ခေါ်ဖို့အတွက်နဲ့တော့ နဂါးမျိုးနွယ်တွေက ကျုပ်တို့ကို တိုက်ခိုက်မယ် မထင်ပါဘူး…”

အဋ္ဌမတေင်ထွတ်၏တောင်သခင် ကျိုးကျုန်းထျန်းက…

“ဒါပေမဲ့ ကျောက်စိမ်းရေကန်နတ်ဘုရားမကို ကျုပ်တို့ကလည်း သူတို့ဆီ ထည့်မပေးလိုက်နိုင်ဘူးလေ… ၊ ကျုပ်တို့ သူတို့တောင်းဆိုတာကို အကြောင်းပြချက်ကောင်းကောင်းနဲ့ ငြင်းနိုင်ဖို့တော့လိုလိမ့်မယ်…”

ဒုတိယတောင်ထွတ်၏တောင်သခင် လျိုကျင်းက…

“အကြောင်းပြချက်… ဘယ်လိုအကြောင်းပြချက်မျိုးပေးရင် သူတို့လက်ခံမယ်လို့ ခင်ဗျားက ထင်လို့လဲ…”

“အခု နဂါးမျိုးနွယ်တွေနဲ့ နတ်မိစ္ဆာမျိုးနွယ်တွေ စစ်ဖြစ်နေတယ်လေ… ၊ ဒီတော့ နဂါးမျိုးနွယ်တွေက ကျွန်မတို့ဆီက အကျိုးအမြတ် တစ်စုံတစ်ခုကို လိုချင်လိမ့်မယ်… ၊ အစကတည်းက သူတို့ဘက်က လုန်ယွိကို ခွန်လွန်တောင်ကိုပို့ခဲ့တာက ပညာသင်ဖို့မှ မဟုတ်တာ… ၊ ကျောက်စိမ်းရေကန် နတ်ဘုရားမ ဖြစ်လာစေချင်လို့ စေလွှတ်လိုက်တာလေ… ၊ အခု လုန်ယွိ ကျောက်စိမ်းရေကန်နတ်ဘုရားမ ဖြစ်လာပြီဆိုတော့မှ သူတို့က တခြားနဂါးတစ်ယောက်နဲ့ လဲချင်တယ်လို့ တောင်းဆိုလာတယ်… ၊ ဒီတော့… ကျွန်မတို့ အခက်တွေ့ပြီပေါ့… ၊ တကယ်တမ်းက… သူတို့က ကျွန်တို့နဲ့ တိုက်ခိုက်ချင်တာ မဟုတ်ဘူး… ၊ လုန်ယွိကို အကြောင်းပြပြီး ကျွန်မတို့ဆီက အကျိုးအမြတ်တစ်ခုခု လိုချင်တာ…”

ထိုစကားကိုပြောလိုက်သူက ပဉ္စမတောင်ထွတ်၏ တောင်သခင်မ မြောင်ယွဲ့ဖြစ်သည်။

သူမက မျက်နှာကိုပုဝါစတစ်ခုဖြင့် ဖုံးကွယ်ထားပြီး ဆံနွယ်များက ခါးထိအောင်ရှည်လျားလေသည်။

သူမကို ကြည့်ရသည်မှာ မိန်းမငယ်လေးတစ်ယောက်ပမာ အလွန်မှ သန့်စင်ပြီး မြတ်နိုးဖွယ်ရာ ဖြစ်သည်။

တတိယတောင်ထွတ်က မိန်းကလေးတပည့်များကိုသာလက်ခံလေ့ရှိသည်။ အကြောင်းမှာ… တောင်သခင်မကျူးချင်က ယောကျ်ားလေးများကို သဘောမကျသောကြောင့်ဖြစ်၏။

သို့သော်…  မြောင်ယွဲ့ကတော့ မျှမျှတတ တွေးခေါ်တတ်သူတစ်ယောက်ဖြစ်လေရာ ပဉ္စမတောင်ထွတ်တွင် မိန်းကလေးတပည့်များရော ယောကျ်ားလေးတပည့်များပါ လက်ခံလေ၏။

သို့သော်… နဝမတောင်ထွတ်ကတော့ တတိယတောင်ထွတ်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။

မော့ကျန်းသုန့်က မည်သည့်အခါမှ မိန်းကလေးတပည့်များကို လက်ခံလေ့မရှိပေ။ သူက နဝမတောင်ထွတ်တွင် ယောကျ်ားလေးတပည့်များကိုသာ လက်ခံလေ့ ရှိသည်။

ယခုပြုလုပ်ရသည့် အစည်းအဝေးပွဲ၏ အဓိကရည်ရွယ်ချက်က နဂါးမျိုးနွယ်များက လုန်ယွိကို ပြန်လည်ခေါ်ယူလိုခြင်းနှင့် ပတ်သက်သည်။

လုန်ယွိက ကျောက်စိမ်းရေကန်နတ်ဘုရားမ ဖြစ်လေရာ ခွန်လွန်တောင်ဘက်ကလည်း လုန်ယွိကို မည်သည့်နည်းနှင့်မှ ပြန်ထည့်မပေးလိုက်နိုင်ပေ။

ထို့ကြောင့်… နဂါးများ၏ မဆီလျော်သည့်တောင်းဆိုမှုကို ကိုင်တွယ်ဖြေရှင်းရန် ဆွေးနွေးတိုင်ပင်နေကြရခြင်း ဖြစ်သည်။

အဋ္ဌမတောင်ထွတ်၏တောင်သခင် ကျိုးကျုန်းထျန်းက…

“ကျောက်စိမ်းရေကန်နတ်ဘုရားမက နဂါးမျိုးနွယ်ဖြစ်နေကတည်းက ဒီပွဲမှာ ကျုပ်တို့ဘက်က တစ်ပန်းရှုံးပြီးသား ဖြစ်နေပြီလေ… ၊ ညှိနှိုင်းမယ်ဆိုရင်တောင် ကျုပ်တို့ဘက်က အရှုံးပဲကွ… ၊ သောက်ဂွပါပဲကွာ…”

လုန်ယွိက နဝမတောင်ထွတ်မှ တပည့်ဖြစ်သော်လည်း နဂါးမျိုးနွယ်မှ မင်းသမီးတစ်ပါးဖြစ်သည်။

နဂါးမျိုးနယ်ထဲတွင် သူမ၏ဂုဏ်ပုဒ်က ပေါ့သေးသေးမဟုတ်ပေ။

ထို့ကြောင့်… ဤကိစ္စက အခန့်မသင့်လျှင် နဂါးမျိုးနွယ်များနှင့် ခွန်လွန်တောင်ကြားရန်ပွဲ ဖြစ်လာနိုင်သည်။

ကျူးချင်က…

“ဒါပေမဲ့… လုန်ယွိက ဒီနှစ်တွေအတွင်း ထူးထူးခြားခြား ကျောက်စိမ်းရေကန်ကို ဝင်ရောက်နိုင်တဲ့ တစ်ဦးတည်းသော တပည့်ပဲ… ၊ သူက ကျောက်စိမ်းရေကန်နတ်ဘုရားမပဲလေ…”

ဟုတ်ပေ၏…။

ကျူးချင်ပြောသည့်စကားကလည်း ငြင်းစရာအကြောင်းမရှိပေ။

လုန်ယွိက နှစ်ပေါင်းများစွာအတွင်း ကျောက်စိမ်းရေကန်သို့ ဝင်ရောက်နိုင်သည့် တစ်ဦးတည်းသော တပည့်ဖြစ်သလို ကျောက်စိမ်းရေကန် နတ်ဘုရားမလည်း ဖြစ်လေသည်။

ဒုတိယတောင်ထွတ်၏တောင်သခင် လျိုကျင်းက…

“အခုကိစ္စက… ကျောက်စိမ်းရေကန်နတ်ဘုရားမဆိုတာက အရေးမကြီးတော့ဘူး… ၊ နဂါးမျိုးနွယ်တွေကိုဘယ်လို ဖြေရှင်းမလဲဆိုတာပဲ အရေးကြီးတော့တယ်…”

ဖုန်းယီရှောက်က အခြားသူများကို ဝေ့ကြည့်လိုက်ရင်း…

“နဂါးတွေကို ကိုင်တွယ်ရတာလွယ်ပါတယ်… ၊ အခု သူတို့က လုန်ယွိကို တကယ်ပြန်ခေါ်ချင်တာထက် ကျုပ်တို့ဆီက အကျိုးအမြတ်တစ်ခုခုလိုချင်လို့ လာရစ်နေတာ… ၊ ပြဿနာက အဲဒါပဲ…”

မြောင်ယွဲ့က…

“အမှန်ပဲ… အခု ကျွန်မတို့ဘက်က လုန်ယွိကို ပြန်မပေးဘဲ သူတို့ဖြစ်ချင်တဲ့ ဆန္ဒတစ်ခုခု လိုက်လျောပေးလိုက်မယ် ဆိုရင်တောင် တစ်ခါတည်းနဲ့ ပြီးသွားမှာမဟုတ်ဘူး… ၊ ထပ်ခါထပ်ခါရောက်လာပြီး ဘာတွေတောင်းဆိုဦးမလဲ မပြောနိုင်ဘူး…”

ပထမတေင်ထွတ်၏တောင်သခင် ဖုန်းယီရှောက်က…

“ဟုတ်တယ်… ဒါကြောင့်… အခု ဆွေးနွေးဖို့လိုနေတာက ကျောက်စိမ်းရေကန်နတ်ဘုရားမက နဂါးမျိုးနွယ်နဲ့ ပတ်သက်သလို ကျုပ်တို့ခွန်လွန်တောင်နဲ့လည်း နက်နက်ရှိုင်းရှိုင်းချည်နှောင်မိဖို့လိုတယ်…”

ခဏနားပြီးမှ ဖုန်းယီရှောက်က ဆက်ပြောသည်။

“လုန်ယွိကိုသာ ကျုပ်တို့ ခွန်လွန်တောင်နဲ့ ပတ်သက်မှုရှိအောင် လုံး၀ အပိုင်ချည်နိုင်ပြီဆိုရင် နဂါးမျိုးနွယ်တွေက ပြန်ခေါ်ချင်တယ်ဆိုရင်တောင် ခေါ်လို့ရမှာ မဟုတ်တော့ဘူး…”

ပဉ္စမတေင်ထွတ်၏တောင်သခင် မြောင်ယွဲ့က ခေါင်းတစ်ချက်ညိတ်လိုက်ရင်း…

“တကယ်တော့… လုန်ယွိကို ပြန်ထည့်မပေးလိုက်ဘဲ နဂါးမျိုးနွယ်တွေ ကျေနပ်သွားအောင် သူတို့ဖြစ်ချင်တဲ့ ဆန္ဒတစ်ခုခုကို ဖြည့်ဆည်းပေးရတာက ပြဿနာမရှိပါဘူး… ၊ ဒါပေမဲ… လုန်ယွိက နဂါးမင်းသမီးတစ်ပါး ဖြစ်နေတော့ လုန်ယွိကိုအကြောင်းပြပြီး ခွန်လွန်တောင်ကို မကြာခဏ တောင်းဆိုမှုတွေပြလုပ်နေမှာကိုပဲ စိတ်ပူရတာ…”

ဒုတိယတောင်ထွတ်သခင် လျိုကျင်းက …

“ဟုတ်ပါပြီ… ဒါပေမဲ့ နဂါးမင်းသမီးလေးကို ခွန်လွန်တေင်နဲ့ ဘယ်လိုချည်နှောင်မှာလဲ… ၊ ခက်နေတာက အဲဒါပဲလေ… ဒီကိစ္စက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…”

မြောင်ယွဲ့က…

“ခက်ခဲတာတော့ အမှန်ပဲပေါ့… နဂါးမျိုးနွယ်တွေကလည်း ကျွန်မတို့နဲ့ နီးစပ်လှသူတွေ မဟုတ်ဘူးလေ… ၊ ဒါပေမဲ့… အားလုံး သိကြတဲ့အတိုင်း… ဟိုးအရင်ကတည်းက နတ်မိစ္ဆာတွေက နဂါးမျိုးနွယ်တွေနဲ့ ကျွန်မတို့ခွန်လွန်တောင်ကို မကြာခဏ ရန်တိုက်ပေးဖို့ ကြိုးစားခဲ့တာပဲ… ၊ တတိယတောင်ထွတ် မှော်ရုံနယ်မြေထဲမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကိုပဲ ကြည့်လေ… ၊ ဒါပေမဲ့… အဲဒီတုန်းက လုန်ယွိ အသက်အန္တရယ်ရင်ဆိုင်ရတာတောင် နဂါးမျိုးနွယ်တွေဘက်က နှုတ်ဆိတ်နေပေးခဲ့တာပဲ မဟုတ်လား… ၊ ဒီတော့… နဂါးမျိုးနွယ်တွေ ကျွန်မတို့ဆီက တောင်းဆိုချင်တဲ့ကိစ္စက သိပ်တော့ များမယ်မထင်ပါဘူး…”

မြောင်ယွဲ့က အားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်ရင်း…

“ဒီတော့ကာ… ကျွန်မတို့ဘက်ကသာ နည်းမှန်လမ်းမှန် ပြုလုပ်နိုင်မယ်ဆိုရင် လုန်ယွိ ခွန်လွန်တောင်မှာပဲ နေခွင့်ရဖို့က ဖြစ်နိုင်ချေ ရှိပါတယ်…”

ကျူးချင်က…

“ဒါပေမဲ့… လုန်ယွိထိခိုက်မယ့်ကိစ္စမျိုး ဆိုရင်တော့ ကျွန်မ သဘောမတူနိုင်ဘူးနော်… ၊ လုန်ယွိက ကျောက်စိမ်းရေကန်နဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ ကျောက်စိမ်းရေကန်နတ်ဘုရားမဆိုပေမယ့်… ကျွန်မ တပည့်လေးပဲ… ၊ ရှင်တို့အားလုံး ဒါကို နားလည်မယ်လို့ မျှော်လင့်ပါတယ်…”

ပထမတောင်ထွတ်၏တောင်သခင် ဖုန်းယီရှောက်က…

“ကျုပ်မှာ အကြံတစ်ခု ရှိတယ်…”

ဖုန်းယီရှောက်က အားလုံးကို ပြုံးပြီးကြည့်လိုက်ရင်း…

“သိပ်ကိုရိုးရှင်းပြီး သိမ်မွေ့တဲ့ ဖြေရှင်းနည်းတစ်ခုကို ကျုပ်စဉ်းစားမိတယ်… ၊ အဲဒီနည်းလမ်းသာ အောင်မြင်သွားရင် ကျုပ်တို့တွေ လုန်ယွိကို ခွန်လွန်တောင်မှာ တစ်သက်လုံး ခေါ်ထားလို့ရပြီ… ၊ ပြီးတော့ နဂါးမျိုးနွယ်တွေလည်း ကျုပ်တို့ကို လာပြီး စွက်ဖက်ရဲမှာ မဟုတ်တော့ဘူး…”

အားလုံးက ဖုန်းယီရှောက်ကို လှမ်းကြည့်လိုက်ကြသည်။

ဖုန်းယီရှောက် ပြောနေသည့်စကားများကို သူတို့နားမလည်ကြပေ။

အဋ္ဌမတောင်ထွတ်၏တောင်သခင် ကျိုးကျုန်းထျန်းက….

“သိမ်မွေ့တဲ့နည်းလမ်း… ဟုတ်လား…”

ဖုန်းယီရှောက်က….

“သိပ်ကိုသိမ်မွေ့တဲ့နည်းလမ်းပဲ… ဒီနည်းလမ်းနဲ့သာဆိုရင် လုံးဝတိုက်ခိုက်စရာ မလိုတော့ဘူး…”

ကျူးချင်က…

“ဘာနည်းလမ်းလဲ….”

အမှန်တော့… သိမ်မွေ့သည့်နည်းလမ်းဆိုသည်မှာ မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ပေ။

ဖုန်းယီရှောက်က အေးဆေးစွာဖြင့်…

“ခင်ဗျားတို့တွေ… ချစ်ကြည်ရေးထိမ်းမြားမင်္ဂလာပွဲ စီစဉ်ပေးဖို့ မတွေးမိကြဘူးလား…”

“………………”

အားလုံးက တအံ့တသြဖြင့် တိတ်ဆိတ်သွားကြသည်။

ဖုန်းယီရှောက်က ဆက်ပြော၏။

“နဂါးမင်းသမီးလေး လက်ထပ်လိုက်တာနဲ့ ဘယ်မျိုးနွယ်ဝင်နဲ့ လက်ထပ်ပါစေ သူလက်ထပ်လိုက်တဲ့ မိသားစုရဲ့ မိသားစုဝင် ဖြစ်သွားမှာပဲလေ ၊ ဒါဆို လုန်ယွိနဲ့ပတ်သက်ပြီး နဂါးမျိုးနွယ်တွေဘက်က ဘာမှ မတောင်းဆိုနိုင်တော့သလို သူ့ကို ပြန်ခေါ်လို့လည်း မရတော့ဘူး… ၊ ပြီးတော့… သူတို့ဘက်က ကျုပ်တို့ကို တောင်းဆိုလာဦးတော့… ကျုပ်တို့က အကြောင်းပြချက်ကောင်းကောင်းနဲ့ ငြင်းလို့ရတာပဲမဟုတ်လား…”

ကျူးချင်က အံ့အားသင့်စွာဖြင့်…

“ချစ်ကြည်ရေးထိမ်းမြားမင်္ဂလာ… ဟုတ်လား…  ဒါဖြင့် လုန်ယွိက ဘယ်သူနဲ့လက်ထပ်ရမှာလဲ…”

ဖုန်းယီရှောက်က ပြုံးလိုက်ရင်း…

“တောင်သခင်တွေနဲ့ လက်ထပ်ဖို့အသင့်တော်ဆုံးပဲ….”

“ဘုန်း…”

ကျူးချင် ဒေါသတကြီးဖြင့် သူမရှေ့မှ စားပွဲခုံကို ဘုန်းခနဲထုလိုက်သည်။

“ဘာရှင့်…”

ခဏကြာမှ… ကျူးချင်က ဒေါသကို ထိန်းလိုက်ပြီး…

“ကျွန်မတပည့်က အခုမှ ကလေးပဲရှိသေးတာ… ရှင့်တို့လိုအိုကြီးအိုမတွေက မတန်မရာ ကလေးနဲ့လက်ထပ်ဖို့ စိတ်ကူးနေကြတယ်…. ဟုတ်စ…”

လျိုကျင်းက….

“ဒါပေမဲ့… ဒီကိစ္စက ဂိုဏ်းတူညီမ ငြင်းလို့ရတဲ့ကိစ္စမှ မဟုတ်တာ…”

“…………….”

ပဉ္စမတောင်ထွတ်၏ တောင်သခင်မ မြောင်ယွဲ့ကလည်း အစီအစဉ်ကို သဘောတူလိုက်၏။

“ဒါ တကယ့်အကြံကောင်းပဲ… ဒီနည်းလမ်းနဲ့ဆိုရင် လုန်ယွိက ခွန်လွန်တောင်ရဲ့ မိသားစုဝင်ဖြစ်သွားပြီ ၊ သူ့ကို ဘယ်သူမှ ခွန်လွန်တောင်က ခေါ်ထုတ်သွားလို့ မရတော့ဘူး…”

“ဂိုဏ်းတူအစ်မ…”

ကျူးချင်က မြောင်ယွဲ့ကိုကြည့်ပြီး အော်ဟစ်လိုက်သည်။

ဤအစီအစဉ်က ဟာသမြောက်လွန်းလှသည်။

ကျူးချင်က…

“ဂိုဏ်းတူအစ်မ…. ကျွန်မတပည့်လေးကို ဒီအဘိုးကြီးတွေနဲ့….”

ဒေါသထွက်နေသည့် ကျူးချင်ကို မြောင်ယွဲ့က နှစ်သိမ့်လိုက်သည်။

“ဂိုဏ်းတူညီမလေး… မစိုးရိမ်ပါနဲ့… ဒီအဘိုးကြီးတွေက နဂါးမင်းသမီးလေးကို လက်ထပ်မယ်ဆိုရင် နဂါးမျိုးနွယ်တွေဘက်ကလည်း ဘယ်သဘောတူပါ့မလဲ… ၊ ဒီအဘိုးကြီးတွေနဲ့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး… ၊ ဒါပေမဲ့…. နဂါးမင်းသမီးလေးနဲ့ လက်ဆက်ပေးဖို့ တပည့်တစ်ယောက်တော့ ရှာရလိမ့်မယ်…”

အားလုံးက မြောင်ယွဲ့စကားကို သဘောတူလိုက်ကြသည်။

အမှန်တော့… သူတို့ကိုယ်တိုင်လည်း အသက်ကြီးကာမှ အရှက်သိက္ခာမဲ့စွာ မိန်းကလေးငယ်လေးတစ်ယောက်ဖြင့် လက်မထပ်လိုပါပေ…။

စကားအဖြစ်သာ ပြောလိုက်ကြခြင်း ဖြစ်၏။

အထူးသဖြင့်…. လုန်ယွိကလည်း အလွန်ပင် ငယ်ရွယ်သေးသည် မဟုတ်ပါလား….။

ကျိုးကျုန်းထျန်းက….

“ဒါဖြင့်… ဘယ်သူနဲ့ လက်ဆက်ပေးရမလဲ…”

ဤအစီအစဉ်က ဖုန်းယီရှောက်အဆိုပြုသည့် အစီအစဉ်ဖြစ်သော်လည်း အဆင်ပြေနိုင်မည်မဟုတ်ဟု ကျိုးကျုန်းထျန်းက တွေးထင်နေမိသည်။

မြောင်ယွဲ့က…

“နဂါးမင်းသမီးလေးနဲ့ လက်ဆက်ပေးရမယ့်သူက ခွန်လွန်တောင်က အရေးပါတဲ့လူတစ်ယောက် ဖြစ်ရမယ်… ၊ ဒါပေမဲ့… တောင်သခင်တွေတော့ မဖြစ်နိုင်ဘူး… ၊ တောင်ထွတ်အသီးသီးက ဆက်ခံသူတပည့်တွေဆိုရင်တော့ ဖြစ်နိုင်ချေရှိတယ်… ၊ နဂါးမင်းသမီးလေးနဲ့ လက်ဆက်ပေးမယ့်သူက ခွန်လွန်တောင်ရဲ့ အနာဂတ်တောင်သခင်တစ်ပါး ဖြစ်နေမယ်ဆိုရင်.. နဂါးမျိုးနွယ်တွေဘက်က ငြင်းချင်ရင်တောင် ငြင်းလို့မရတော့ဘူး…”

မြောင်ယွဲ့က အခြားသူများကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

သူမ၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုသည့်အငွေ့အသက်များ လက်ခနဲ တောက်ပသွားသည်။

“ဒီလိုကိစ္စမျိုးကိုမှ သူတို့ဘက်က ငြင်းမယ်ဆိုရင်တော့ ကျွန်မတို့ တိုက်ခိုက်ဖို့ပဲ ရှိတယ်…”

ကျိုးကျုန်းထျန်းက….

“ဒါပေမဲ့… ဒီမင်္ဂလာကိစ္စကို နဂါးမျိုးနွယ်တွေဘက်က သဘောတူအောင် လုပ်ရဦးမယ်လေ… ၊ သူတို့ကျေနပ်ဖို့အတွက် ကျုပ်တို့ဘက်က သူတို့ဖြစ်ချင်တဲ့ဆန္ဒတစ်ခုခုတော့ လုပ်ပေးရမှာပဲ မဟုတ်လား… ဘာထူးမှာလဲ…”

ဖုန်းယီရှောက်က…

“ဒါပေမဲ့… သူတို့တောင်းဆိုတာကို ဖြည့်ဆည်းပေးရမှာ အခုတစ်ကြိမ်ပဲလေ… ၊ သူတို့အနေနဲ့ လုန်ယွိကို အကြောင်းပြပြီး ကျုပ်တို့ ခွန်လွန်တောင်ကို အကြိမ်ကြိမ်လာပြီး တောင်းဆိုနေလို့ မရတော့ဘူးပေါ့… ၊ သူတို့ တောင်းဆိုတိုင်း လိုက်လျောနေရတာထက်ဆာရင် တစ်ကြိမ်တည်း ပေးလိုက်ရတာ ပိုမကောင်းဘူးလား…”

ဒုတိယတောင်ထွတ်၏တောင်သခင် လျိုကျင်းက…

“ဟုတ်ပါပြီ… ဒီအစီအစဉ်က အဆင်ပြေတယ်ပဲထားပါတော့… ၊ နဂါးမင်းသမီးလေးနဲ့လက်ဆက်ပေးမယ့် သတို့သားလောင်းက ဘယ်သူတုန်း… ၊ အခုက ဘယ်တောင်ထွတ်မှာမှ ဆက်ခံသူတပည့် မရွေးခြယ်ရသေးဘူးနော်… ၊ တပည့်ရင်းတွေနဲ့ သာမန်တပည့်တွေပဲ ရှိတာလေ…”

ဟုတ်ပေ၏။

နဂါးမင်းသမီးလေးနှင့်လက်ဆက်သူမှာ မည်သည့်တောင်ထွတ်ကဖြစ်ပါစေ ဆက်ခံသူတပည့်ဖြစ်ဖို့ အရေးကြီးလေသည်။

တောင်သခင်များ အနားယူသွားချိန်တွင် တောင်သခင်တစ်ပါး ဖြစ်လာမည့်သူ ဖြစ်ရန်လိုအပ်သည်။

အရေးအကြီးအဆုံးအချက်မှာ… လုန်ယွိနှင့် အချိန်ကြာရှည်စွာ ရွှေလက်တွဲပြီး ခွန်လွန်တောင်တွင် နေထိုင်သွားနိုင်ရန် ဖြစ်သည်။

ကျိုးကျုန်းထျန်းက…

“ဒါဖြင့်… သင့်တော်တဲ့သတို့သားလောင်းမှ မရှိဘဲကို…”

ကျူးချင်က တစ်စုံတစ်ခုကို စဉ်းစားလိုက်မိပြီး ထောင့်တစ်နေရာသို့ လှမ်းကြည့်လိုက်သည်။

ထိုနေရာတွင်… စကားတစ်လုံးမှဝင်မပြောသည့် မော့ကျန်းသုန့်တစ်ယောက် ငြိမ်သက်စွာထိုင်နေလေ၏။

အားလုံးကလည်း နဝမတောင်ထွတ်၏ တောင်သခင်ရှိရာသို့ လှမ်းကြည့်လိုက်ကြသည်။ သူတို့ ချက်ချင်းပင် တစ်စုံတစ်ခုကို သတိရသွားကြသည်။

မော့ကျန်းသုန့်သည်ကား ငြိမ်းသက်လျှက် ရှိလေ၏။

အားလုံးက သူ့ကို လှမ်းကြည့်လာသည့်အခါ ထိုအကြည့်များ၏ အဓိပ္ပါယ်ကို နားလည်လိုက်သည်။

သူက ကူရာကယ်ရာမဲ့သွားသည့်ဟန်ဖြင့်…

“ကျန်းလန်က ငယ်ပါသေးတယ်ဗျာ… ပြီးတော့ နဂါးမင်းသမီးလေး လုန်ယွိကလည်း ခုမှ ကလေးသာသာပဲ ရှိသေးတာ… ၊ အသက်တောင် မပြည့်သေးဘူး မဟုတ်လား…”

ပဉ္စမတောင်ထွတ်၏ တောင်သခင်မ မြောင်ယွဲ့က…

“ဂိုဏ်းတူအစ်ကို… နဝမတောင်ထွတ်မှာ တပည့်တစ်ယောက်ပဲ ရှိတာမဟုတ်လား… ၊ အဲဒီတပည့်က နဝမတောင်ထွတ်ရဲ့ ဆက်ခံသူတပည့် မဟုတ်လား… ၊ အဲဒီအချက်သေချာရင်တော့ ကျန်တဲ့ကိစ္စ ကျွန်မတို့ ကြည့်လုပ်လိုက်ပါ့မယ်… ၊ ဂိုဏ်းတူအစ်ကို စိတ်မပူပါနဲ့…”


Comment

Leave a Reply


Options

not work with dark mode
Reset