အခန်း (၁၀၆) သေရည်ဆိုင်လူရွေးပွဲ
ခွန်လွန်တောင်ရှိရာသို့ ပျံသန်းသွားသည့် နဂါးကတော့ သိပ်ပြီး ရန်လိုဟန် မရှိပေ။
ကျန်းလန်က နဂါးကြီး၏ တန်ခိုးစွမ်းအားကြီးမားမှုကိုသာခံစားလိုက်ရပြီး တိုက်ခိုက်လိုသည့်အငွေ့အသက်များကို ခံစားလိုက်ရခြင်း မရှိပေ။
နဂါးကြီး ခွန်လွန်တောင်ရှိရာသို့ ဝင်ရောက်သွားသည်ကို တွေ့ရှိလိုက်ရပြီး မည်သည့် နဂါးဟိန်းသံမှ ထပ်မံကြားရခြင်း မရှိတော့ပေ။
နတ်လူသားမျိုးနွယ်များ ခွန်လွန်တောင်သို့ ဝင်ရောက်သွားစဉ်က အချင်းချင်း နှုတ်ဆက်ကြသည့်အသံများ ဆူဆူညံညံ ထွက်လာခဲ့ဖူးသည်။
သို့သော်… ယခုတော့ မည်သည့်အသံမှ မကြားရပေ။
“ကြည့်ရတာ… နဂါးမျိုးနွယ်တွေက နတ်လူသားမျိုးနွယ်တွေထက် အင်အားကြီးပေမယ့်… သိပ်ပြီး စကားများများ မပြောတတ်ကြဘူးထင်တယ်…”
နဂါးမျိုးနွယ်တစ်ယောက် ခွန်လွန်တောင်ရောက်ရှိလာခြင်းက ခက်ခဲသည့်အခြေအနေတစ်ခု ရင်ဆိုင်ရမည်မှာ ထင်ရှားနေသည်။
သို့သော်… ဤသည်က အဆင့်မြင့်အကြီးအကဲများ၏ အရေးကိစ္စသာ ဖြစ်သည်။
ကျန်းလန်၏ ကျင့်ကြံခြင်းအဆင့်ကို အမှန်အတိုင်း ထုတ်ဖော်ပြလိုက်လျှင်ပင် သူကူညီနိုင်သည့်အရာ ဘာတစ်ခုမှ မရှိပေ။
သူက နဝမတောင်ထွတ်မှ ဆက်ခံသူတစ်ယောက်မျှသာ ဖြစ်သည်။
နောင်တစ်ချိန်… တောင်သခင်ဖြစ်လာလျှင်တော့ ဤသို့သောကိစ္စများက သူနှင့် သက်ဆိုင်လာပေလိမ့်မည်။
ကျန်းလန် မျက်ခုံးများကို တွန့်ချိုးလိုက်ပြီး အရှေ့ဆီသို့ လှမ်းကြည့်လိုက်သည်။
သေရည်ဆိုင်သို့ အလျှင်အမြန်ရောက်ရှိရန် ဓားကိုစီးကာ ပျံသန်းသွားလိုသော်လည်း စောစောက နဂါးနှင့် ပြန်တွေ့နေရမည်ကို စိတ်ပူနေမိသည်။
ထိုအချက်က တော်တော်အဆင်မပြေလှပေ။
မတော်တဆ ထိုနဂါးနှင့်ဆုံမိ၍ ထိုနဂါးက မကျေမနပ်ဖြစ်သွားလျှင် အလိုလိုနေရင်း သောက်ပြဿနာက တက်ရပေဦးမည်။
ထိုသို့ဖြင့်… ကျန်းလန် ရှေ့ဆက်လမ်းလျှောက်လာခဲ့ပြီး အတန်ကြာသည့်အခါ သေရည်ဆိုင်သို့ ရောက်ရှိလာခဲ့လေသည်။
ခါတိုင်းအချိန်များကဲ့သို့ သေရည်ဆိုင်တွင် လူသူကင်းရှင်းပြီး တိတ်ဆိတ်နေခြင်း မရှိပေ။
ကျန်းလန် ဆိုင်ထဲဝင်လိုက်သည်နှင့် ဆိုင်ထဲတွင် သူ့ထက်အရင် ရောက်နှင့်နေသည့် ခွန်လွန်တောင်တပည့် (၈)ယောက်ကို တွေ့မြင်လိုက်ရသည်။
ယောကျ်ားလေး (၅)ယောက်နှင့် မိန်းကလေး (၃)ယောက် ဖြစ်၏။
သူတို့က ငယ်ရွယ်ပြီး ကျင့်ကြံခြင်းအဆင့်လည်း မြင့်မားခြင်း မရှိကြပေ။
အချို့က အခြေခံတည်ဆောက်ခြင်းအဆင့် ၊ ကနဦးအဆင့်ဖြစ်ပြီး အချို့တော့ ချီစွမ်းအားသန့်စင်ခြင်းအဆင့် အောင်မြင်ပြီးသူများ ဖြစ်ကြသည်။
ကျန်းလန် ဆိုင်ထဲဝင်ရောက်လာသည်နှင့် ဆိုင်ထဲမှ တပည့် (၈)ယောက်က ကျန်းလန်ကို ဝိုင်းဝန်းကြည့်လိုက်ကြသည်။
တစ်ချက်ကြည့်ရုံနှင့်ပင် ကျန်းလန်က ကျင့်ကြံခြင်းအဆင့် မြင့်မားသူတစ်ယောက်ဖြစ်ကြောင်း သိလိုက်ကြသည်။
အနည်းဆုံးတော့… သူတို့အားလုံးထက် ကျင့်ကြံခြင်းအဆင့် မြင့်မားသူ ဖြစ်လေ၏။
ကျန်းလန် ဝတ်ဆင်ထားသည့် အဝတ်အစားကိုကြည့်ရုံဖြင့် သူတို့၏ ဂိုဏ်းတူအစ်ကိုဖြစ်ကြောင်း သိရှိလိုက်ကြသည်။
သို့သော်… ဤဂိုဏ်းတူအစ်ကိုက သေရည်ဆိုင်သို့ အဘယ့်ကြောင့် ရောက်ရှိလာရပါသနည်း…။
ကျန်းလန်က ထိုတပည့်ငယ်များကို တစ်ချက်ကြည့်ပြီး ကျင့်ကြံခြင်းအဆင့်များကို ခန့်မှန်းလိုက်သည်။ ထို့နောက်… စကားတစ်ခွန်းမှ မဆိုဘဲ သေရည်ဆိုင်ပိုင်ရှင်ကိုသာ ရှာဖွေလိုက်သည်။
ကျန်းလန် ဆိုင်ထဲဝင်လာသည့်အတွက် တပည့်ငယ်များက ဘေးသို့အသာရှောင်တိမ်းပေးလိုက်ကြသည်။
ထိုစဉ်မှာပင်… သေရည်ဆိုင်ပိုင်ရှင်က ဆိုင်အနောက်ဘက်မှ ထွက်လာ၏။
“ဟာ…”
သူက ကျန်းလန်ကိုတွေ့သည်နှင့် အံ့သြသွားဟန်ဖြင့် အာမေဋိတ်သံ ပြုလိုက်သည်။
ပြီးမှ…
“နဝမတောင်ထွတ်ကတပည့်ပဲ… ၊ ကြည့်စမ်း… မင်းရောက်လာတာ နောက်ကျတယ်…”
ကျန်းလန်က တောင်းပန်ဟန်ဖြင့် သေရည်ဆိုင်ပိုင်ရှင်ကို ဦးညွှတ်အရိုအသေပေးလိုက်ရင်း…
“တောင်းပန်ပါတယ်ဗျာ…”
သေရည်ဆိုင်တွင် အလုပ်လာလျှောက်ရန်အတွက် အချိန်သတ်မှတ်ထားကြောင်း ကျန်းလန် မသိရှိခဲ့ပေ။
ထို့ကြောင့်… နောက်ကျသည်မျိုး ဖြစ်လာမည်ဟု မထင်ခဲ့မိပေ။
အလုပ်လျှောက်ရန် လူရွေးခြယ်ပွဲ ပြုလုပ်မည်ဖြစ်သောကြောင့် အချိန်မီသွားရောက်ရမည်ဟုလည်း ဆရာဖြစ်သူက မမှာလိုက်ပေ။
ကြည့်ရသည်မှာ သေရည်ဆိုင်ပိုင်ရှင်ကလည်း ဆရာဖြစ်သူကို ပြောပြထားဟန် မရှိပေ။
သေရည်ဆိုင်ပိုင်ရှင်၏ စကားကိုကြားလိုက်ရမှ ကျန်တပည့် (၈)ယောက်က ကျန်းလန်ကို နဝမတောင်ထွတ်မှ ဂိုဏ်းတူအစ်ကိုဖြစ်ကြောင်း သိရှိသွားကြသည်။
နဝမတောင်ထွတ်ဆိုသည်က သူတို့အားလုံးအတွက် အလွန်လျှို့ဝှက်ဆန်းကျယ်သည့် နေရာတစ်ခု ဖြစ်သည်။
နဝမတောင်ထွတ်တွင် တပည့်တစ်ယောက်မှမရှိသလို တစ်နှစ်ပတ်လုံး တပည့်လက်ခံခြင်းလည်း မရှိပေ။ တပည့်အသစ်များလက်ခံလျှင်လည်း သိပ်ကြာကြာမနေနိုင်ဘဲ ပြေးကြသည်ချည်းပင် ဖြစ်သည်။
ထို့ပြင်… သာမန်တပည့်များ နဝမတောင်ထွတ်သို့ သွားရောက်ပါကလည်း ကိုယ်တွင်းမိစ္ဆာ ဝင်ရောက်လာလေ့ ရှိကြသည်။
ထို့ကြောင့်… နဝမတောင်ထွတ်တွင် တပည့်မရှိဟု သူတို့က ထင်မှတ်ထားကြသည်။
နဝမတောင်ထွတ်တွင် တပည့်တစ်ယောက်ရှိကြောင်း ကြားဖူးထားသော်လည်း တစ်ခါမှ တွေ့မြင်ဖူးခြင်းမရှိလေရာ သူတို့စိတ်ထဲတွင် တပည့်မရှိဟုသာ မရေမရာဖြင့် သတ်မှတ်ထားကြခြင်း ဖြစ်၏။
ယနေ့တော့… နဝမတောင်ထွတ်မှတပည့်ကို မျက်စိဖြင့် ကိုယ်တိုင်တွေ့မြင်ကြရပြီ ဖြစ်သည်။
သေရည်ဆိုင်ပိုင်ရှင်က ကျန်းလန်ကိုခေါ်လိုက်ပြီး…
“ကဲ… ဒါဖြင့် လာခဲ့… အလုပ်လျှောက်မယ့်သူတွေအားလုံး စမ်းသပ်ခံကြရမယ်…”
ကျန်းလန် ခေါင်းညိတ်ပြလိုက်ပြီး ဆိုင်ရှင်နောက်သို့ လိုက်သွားသည်။
ဆိုင်ရှင်က အသင့်ယူဆောင်လာသည့် ရေနွေးကြမ်းအိုးနှင့် အကြမ်းပန်းကန်ကို စားပွဲငယ်တစ်လုံးထက်သို့ တင်လိုက်သည်။
ထို့နောက်… သူက တပည့် (၉)ယောက်ကို တစ်ချက်ဝေ့ကြည့်လိုက်ရင်း…
“ပထမဆုံးရောက်လာတဲ့သူက အရင်စမ်းသပ်ခံရမယ်… ဘယ်သူ ပထမဆုံး ရောက်လာတာလဲ…”
သေရည်ဆိုင်ပိုင်ရှင်အဘိုးအိုက အိုမင်းနေပြီဖြစ်သည့်တိုင် စွမ်းအားများပြည့်ဝနေဆဲ ဖြစ်သည်။
ကျန်းလန်က ဆိုင်ထဲသို့ နောက်ဆုံးမှ ရောက်လာသူဖြစ်လေရာ မည်သူအရင်ရောက်လာသည်လဲ မသိရှိပေ။
ကျန်တပည့် (၈)ယောက်က တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
မိန်းကလေးကျင့်ကြံသူတစ်ယောက်က…
“ကျွန်မဆိုင်ထဲကိုရောက်တုန်းက ဘယ်သူမှ မရောက်ကြသေးဘူး… ပထမဆုံးရောက်လာတဲ့သူက ကျွန်မဖြစ်မယ်ထင်တယ်…”
ပထမဆုံးရောက်လာသည်က ကောင်းသည်လား ၊ ဆိုးသည်လား သူမလည်း မသိရှိပေ။
အမှန်တော့… သူတို့အားလုံး သေရည်ဆိုင်တွင် ကူညီပြီး အလုပ်မလုပ်လိုကြပေ။
မည်သို့သောအလုပ်မျိုး ကူညီရမည်မှန်း မသိသော်လည်း ငြီးငွေ့ဖွယ်ရာ ဆိုင်ဝေယျာဝစ္စများကိုတော့ သူတို့ မလုပ်ချင်ကြပေ။
ယာယီမျှသာ ကူညီကြရမည်ဖြစ်သော်လည်း သူတို့၏ ကျင့်ကြံမည့်အချိန်များကို ဖဲ့ပြီး ပေးကြရမည် မဟုတ်ပါလား။
သေရည်ဆိုင်ပိုင်ရှင်က မိန်းကလေးကို တစ်ချက်ကြည့်လိုက်ပြီး…
“ထိုင်ပါ…”
မိန်းမပျိုက သေရည်ဆိုင်ပိုင်ရှင်ကို ဦးညွှတ်အရိုအသေပေးလိုက်ရင်း…
“ကျွန်မက ပဉ္စမတောင်ထွတ်က ကျန်းရှီပါ… ၊ အဘိုးကို အနှောက်အယှက်ပေးရပြီ…”
ထို့နောက် ကျန်းရှီက နေရာတွင် ဝင်ထိုင်လိုက်သည်။
မည်သို့သော စမ်းသပ်မှုမျိုးဖြင့် ရင်ဆိုင်ရမည်ကို မသိသောကြောင့် သူမကို ကြည့်ရသည်မှာ အတော်လေးသတိထားနေဟန် ရှိသည်။
ကျန်းလန်ကတော့ နောက်ဘက်နားတွင် မတ်တတ်ရပ်နေပြီး အခြေအနေကို အကဲခတ်နေသည်။ အလုပ်အင်တာဗျူးဝင်ရသည်နှင့်တူသည်ဟု တွေးနေမိသည်။
ထို့နောက် ဆိုင်ရှင်က တပည့်များအားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်ရင်း…
“အရင်ဆုံး ရှင်းအောင်ပြောပြမယ်… ၊ ဒီထိုင်ခုံမှာ ထိုင်လိုက်တာက မင်းတို့ ကျုပ်ရဲ့ သေရည်ဆိုင်မှာ ကူညီပေးဖို့ သဘောတူလိုက်တယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ… ၊ ဒါပေမဲ့ ကျုပ်ရဲ့ သေရည်ဆိုင်မှာက လူ (၂)ယောက်ပဲ လိုအပ်တာ… ၊ ဒါကြောင့် လူ (၂)ယောက် စမ်းသပ်ခံရတာကို အောင်မြင်သွားလို့ ရွေးခြယ်ခံလိုက်ရပြီဆိုရင် နောက်လူတွေအတွက် အခွင့်အရေးမရှိတော့ဘူး… နားလည်ကြတယ် မဟုတ်လား…”
ကျန်းလန်နှင့် အခြားသူများ ခေါင်းညိတ်လိုက်ကြသည်။
အဓိပ္ပါယ်ကတော့… ရှေ့မှ (၂)ယောက် ရွေးခြယ်ခံလိုက်ရလျှင် နောက်တွင် ကျန်ရစ်သူများကို အလုပ်ခန့်မည်မဟုတ်ဟု ဆိုလိုခြင်းဖြစ်၏။
“နှစ်ယောက်ပဲ အလုပ်ခန့်မှာတဲ့… ငါက နောက်ဆုံးမှရောက်တာ… ငါ့အလှည့်တေင် မရောက်လောက်ဘူးထင်တယ်…”
ကျန်းလန် တွေးလိုက်သည်။
ကျန်းလန်အတွက်တော့ အလုပ်မရလည်း ပြဿနာမရှိပေ။ တောင်ပေါ်ပြန်ပြီး ကျင့်ကြံမည်ဟုသာ ဆုံးဖြတ်ထားသည်။
သေရည်ဆိုင်ပိုင်ရှင်က…
“မင်းတို့တွေ နားလည်ကြပြီဆိုတော့… စမ်းသပ်မှု စတင်တယ်… ၊ လုပ်ခပေးဖို့အတွက်တော့ နောက်မှ ဆွေးနွေးတာပေါ့…”
ထို့နောက်… သေရည်ဆိုင်ပိုင်ရှင်က ရေနွေးကြမ်းအိုးကိုကိုင်လိုက်ပြီး အကြမ်းပန်းကန်ထဲသို့ လက်ဖက်ရည်ကြမ်းများ ငှဲ့ထည့်လိုက်သည်။
အားလုံးက ငြိမ်သက်ပြီး အခြေနေကို အကဲခတ်နေကြသည်။
သူတို့အားလုံး၏ မျက်ဝန်းများက လက်ဖက်ရည်ကြမ်းကို စူးစိုက်ကြည့်နေကြသည်။
ဤလက်ဖက်ရည်ကြမ်းက မည်သို့သောထူးခြားမှုရှိမည်လဲ သူတို့အားလုံး သိချင်နေကြသည်။
ထို့နောက်… သေရည်ဆိုင်ပိုင်ရှင်က လက်တစ်ဖက်ကို လှုပ်ရှားလိုက်ပြီး အကြမ်းပန်းကန်ကို ပဉ္စမတောင်ထွတ်မှ ကျန်းရှီ၏ရှေ့သို့ တိုးပေးလိုက်သည်။
“ဒီပန်းကန်ထဲက လက်ဖက်ရည်ကြမ်းကို သောက်နိုင်တယ်ဆိုရင် ဆိုင်မှာကူညီဖို့ အရည်အချင်းမီတယ်လို့ ဆုံးဖြတ်မယ်…”
သေရည်ဆိုင်ပိုင်ရှင်က ပဉ္စမတောင်ထွတ်မှ မိန်းကလေးကို ကြည့်ပြီး ခပ်တိုးတိုးပြောလိုက်သည်။
ဆိုင်ရှင်၏ စကားကြောင့် တပည့်များအားလုံး အံ့အားသင့်သွားကြသည်။
စမ်းသပ်မှုက သိပ်လည်း မခက်ခဲလှပါလားဟု သူတို့ တွေးလိုက်မိကြ၏။
ရေနွေးကြမ်းလေးတစ်ခွက်သောက်ရုံက ခက်ခဲသည့် ကိစ္စ မဟုတ်ပေ။ ထိုသို့သာဆိုလျှင်… သေရည်ဆိုင်သို့ အရင်ဆုံးရောက်သည့် တပည့်(၂)ယောက်က ရှေ့ဆုံးမှ အလုပ်ရသွားကြမည် ဖြစ်သည်။
ထိုသူ (၂)ယောက် အလုပ်မလုပ်ချင်မှသာ နောက်လူများအတွက် အခွင့်အရေးရမည် ဖြစ်သည်။
သို့သော်… ကျန်းလန်ကတော့ ထိုသို့ မထင်ပေ။
သူက စားပွဲထက်မှ အကြမ်းပန်းကန်ကိုစိတ်ဝင်တစားဖြင့် လှမ်းကြည့်လိုက်သည်။
စမ်းသပ်မှုပြုလုပ်ရန်အတွက် သေရည်ဆိုင်ပိုင်ရှင်က လက်ဖက်ရည်ကြမ်းတွင် မည်သို့သော ထူးခြားမှု ထည့်သွင်းထားမည်လဲသူ သိချင်နေသည်။
“ဒီအတိုင်း လက်ဖက်ရည်ကြမ်းသောက်ရုံလောက်တော့ မဟုတ်ဘူးထင်တယ်… ၊ တခြားအကြောင်းတစ်ခုခု ရှိကိုရှိရမယ်…”
ကျန်းလန် တွေးလိုက်သည်။
သူက အားလုံး၏ အနောက်ဘက်မှနေပြီး အခြေအနေကို စောင့်ကြည့်နေသည်။
လက်ဖက်ရည်ကြမ်းသောက်ပြီးသည်နှင့် ပဉ္စမတောင်ထွတ်မှ ဂိုဏ်းတူညီမ မည်သို့သော ထူးခြားမှုနှင့် ကြုံတွေ့ရမည်ကို ကျန်းလန် သိချင်နေမိသည်။
ကျန်းရှီကလည်း သူမရှေ့မှ အကြမ်းပန်းကို ငေးကြည့်နေ၏။
အမှန်တော့… ဤသည်က မည်သို့သော စမ်းသပ်မှုမျိုးဖြစ်ကြောင်း သူမ သိပ်ပြီး နားမလည်ပေ။
သို့သော်… သူမ အလုပ်လျှောက်ရန် ရောက်လာမှတော့ လက်ဖက်ရည်ကြမ်းတစ်ခွက် သောက်ရုံဖြင့် အလုပ်ရမည်ဆိုလျှင်လည်း ကောင်းသည်ပဲလေဟု ဆုံးဖြတ်လိုက်သည်။
သူမက…
“ဒါဖြင့် ကျွန်မ လက်ဖက်ရည်ကြမ်း သောက်ပါပြီ…”
ကျန်းရှီက ဆိုင်ရှင်အဘိုးအိုကို ရိုသေစွာဖြင့် ပြောလိုက်သည်။
ဆိုင်ရှင် ခေါင်းညိတ်ပြလိုက်သည်နှင့် သူမက အကြမ်းပန်းကန်ကို လှမ်းယူလိုက်သည်။
တပည့်များအားလုံးက သူမ တစ်စုံတစ်ခုဖြစ်တော့မည်လားဆိုသည့် အကြည့်ဖြင့် မျက်တောင်မခတ် စောင့်ကြည့်နေကြသည်။
ရုတ်တရက်… အကြမ်းပန်းကန်ကို သောက်ရန်ဟန်ပြင်လိုက်သည့် ကျန်းရှီ၏လက်များက လမ်းတစ်ဝက်တွင် ရပ်တန့်သွားသည်။
အားလုံးက ဘာဖြစ်သည်လဲ သိချင်စိတ်ဖြင့် စိတ်ထဲတွင် မရိုးမရွ ဖြစ်လာကြသည်။
ကျန်းလန် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
သူထင်သည့်အတိုင်းပင် ဖြစ်သည်။ သာမန်လက်ဖက်ရည်ကြမ်းသောက်ခြင်းကဲ့သို့ ရိုးရှင်းသည့်ကိစ္စတစ်ခု မဟုတ်ပေ။
အကြမ်းပန်းကန်ကိုကိုင်ထားသည့် မိန်းကလေး၏ စိတ်ထဲတွင် ပြောင်းလဲမှုတစ်ခု ဖြစ်သွားကြောင်း ကျန်းလန် ခံစားလိုက်မိသည်။
“ခွမ်း…”
အကြမ်းပန်းကန်က ကျန်းရှီလက်ထဲမှ လွတ်ကျသွား၏။
ထို့နောက်… သူမ အသက်ရှူများကြပ်လာပြီး အသက်ရှူရန် ရုန်းကန်နေရသည့်အလား ရင်ဘတ်ထက်မှ အင်္ကျီစကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားလေသည်။
သူမ၏ မျက်ဝန်းများတွင်လည်း ကြောက်ရွံ့မှုများဖြင့် ပြည့်နက်နေသည်ကို တွေ့လိုက်ရသည်။ သူမကိုကြည့်ရသည်မှာ အတော်လေး စိတ်မသက်မသာ ခံစားနေရဟန် ရှိသည်။
အဖြစ်အပျက်က ရုတ်တရက်ဖြစ်လေရာ တပည့်များအားလုံး အံ့သြတုန်လှုပ်သွားကြသည်။ ကျန်းရှီဘာဖြစ်သွားသည်လဲ မည်သူမှ မသိရှိကြပေ။
ကျန်းရှီက အကြမ်းပန်းကန်ကို ကိုင်နိုင်စွမ်းမရှိတော့ဘဲ ပြုတ်ကျသွားသည်ကိုသာ သူတို့ တွေ့မြင်ခဲ့ကြရသည်။
ကျန်းလန် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သည်။ သို့သော်… သိပ်တော့ မသေချာလှပေ။
ဤစမ်းသပ်မှုက စိတ်စွမ်းအားနှင့် ပတ်သက်ဆက်နွယ်နေသည်လား မပြောတတ်ပေ။
ထိုသို့ဆိုလျှင်တော့… ကျန်းလန်အတွက် အခက်အခဲ မရှိနိုင်ပေ။
သေရည်ဆိုင်ပိုင်ရှင် သူ့ကို စိတ်စွမ်းအားစမ်းသပ်သည်က ပုံမှန်ပင် ဖြစ်နေပြီ ဖြစ်သည်။
သူ သေရည်ဆိုင်သို့လာရောက်တိုင်း ဆိုင်ရှင်အဘိုးအိုက သူ့စိတ်ထဲသို့ အမြဲတမ်းဝင်ရောက်လေ့ရှိသည် မဟုတ်ပါလား။ ဆိုင်ရှင်အဘိုးအို ထိုသို့ပြုလုပ်သည်ကို ကျန်းလန်လည်း လုံး၀ ခုခံနိုင်ခဲ့ခြင်း မရှိပေ။
သေရည်ဆိုင်ပိုင်ရှင်က ဤကိစ္စမျိုးတွင် အတော်လေး ကျွမ်းကျင်ပုံရသည်။
ဆိုင်ရှင်က ကျန်းရှီကို ကြည့်လိုက်ရင်း…
“ကြည့်ရတာ မင်းတော့ စမ်းသပ်မှု မအောင်မြင်တော့ဘူးထင်တယ်…”
ကျန်းရှီက မတ်တတ်ရပ်လိုက်ပြီး အသံတိုးတိုးဖြင့်…
“အနှောက်အယှက်ပေးမိပါပြီ အဘိုး…”
သူမကိုကြည့်ရသည်မှာ ယခုအချိန်ထိ ပြန်လည်သက်သာလာဟန် မရှိသေးပေ။
ထို့နောက်… သူမ ဆိုင်ထောင့်တစ်နေရာသို့ ထွက်ခွာသွားသည်။
အခြားတပည့်များထဲမှ မည်သူ စမ်းသပ်မှု အောင်မြင်မည်လဲ သူမ စောင့်ကြည့်ချင်သေးသည်။
ဆိုင်ရှင်အဘိုးအိုက…
“နောက်တစ်ယောက်…”
ဟုခေါ်လိုက်၏။
ယောကျ်ားလေးတပည့်တစ်ယောက် နေရာတွင် ဝင်ထိုင်လိုက်သည်။
သူ့ကိုကြည့်ရသည်မှာလည်း အနည်းငယ် စိတ်လှုပ်ရှားနေဟန် ရှိသည်။
သို့သော်… လက်ဖက်ရည်ကြမ်းက မည်သို့သောထူးခြားမှုရှိသည်ကိုလည်း သူ သိချင်နေမိလေသည်။
………………
ခွန်လွန်တောင် အဓိကခန်းမဆောင်…
ခန်းမဆောင်ထဲတွင် ခွန်လွန်တောင် ၊ အဓိကတောင်ထွတ်ကြီး (၉)ခုမှ တောင်သခင်များ ရောက်ရှိနေကြသည်။ တောင်သခင်များက မျက်နှာများလည်း သိပ်မကောင်းကြပေ။
သူတို့က အရေးပေါ်အစည်းအဝေးတစ်ခုကို အလျှင်အမြန် ပြုလုပ်နေကြခြင်း ဖြစ်သည်။
တောင်သခင်များက ခွန်လွန်တောင် တစ်ခုလုံးကို ကိုယ်စားပြုသူများ ဖြစ်ကြပြီး ခွန်လွန်တောင်၏ အဆင့်မြင့်အကြီးအကဲများ ဖြစ်ကြသည်။
ဂိုဏ်းချုပ်မရှိချိန်တွင် တောင်သခင်များကသာ ခွန်လွန်တောင်၏ ကိစ္စအ၀၀နှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်များ ချမှတ်လေ့ ရှိကြသည်။
အဋ္ဌမတောင်ထွတ်၏ တောင်သခင် ကျိုးကျုန်းထျန်းက…
“နဂါးမျိုးနွယ်တွေက တော်တော်လွန်တာပဲ… ၊ သူတို့က အကြောင်းနည်းနည်းလောက်ပြပြီး ကျုပ်တို့ရဲ့ ကျောက်စိမ်းရေကန်နတ်ဘုရားမကို ပြန်ခေါ်သွားချင်ကြတာ… ၊ ကျစ်… ဒီကိစ္စ တော်တော်လွန်တာပဲ…”
ဟု စကားစတင်ပြောလိုက်လေ၏။