ဝမ်ပေါင်လဲ့၏ သဘောထား သေးသိမ်လှသည့် အကျင့်ကြောင့် သူသည် နည်းနည်းလေး ခံလိုက်ရလျှင်ပင် လက်စားချေရမှ ကျေနပ်သူ ဖြစ်သည်။ အထူးသဖြင့် တိမ်ရေကန်မိုးသစ်တောထဲ၌ သေလုမြောပါး အန္တရာယ်ကို ရင်ဆိုင်လိုက်ရကာ နောက်ဆုံး အသက်ရှင်လျက် ပြန်လာနိုင်ခဲ့သည့် တိုက်ပွဲပင်။ သူသာ တစ်ချက်ကလေး မှားသွားပါက သေပြီးနေပြီ ဖြစ်သည်။
တိမ်ရေကန်မိုးသစ်တောထဲမှ အဖြစ်အပျက်များကို ထပ်မံတွေ့ကြုံရမည်ဆိုလျှင်တောင် အသက်ရှင်လျက် ပြန်လာနိုင်မည်ဟု အာမ မခံနိုင်ပေ။
ထိုတိုက်ပွဲသည် ကောင်းကင်တာအိုကျောင်း၏ သည်းခံနိုင်သည့် အတိုင်းအတာကို ကျော်လွန်သွားရုံမက ဝမ်ပေါင်လဲ့ကိုပါ ရန်စသကဲ့သို့ ဖြစ်သွားသည်။ တာအိုကျောင်းက ထုတ်ပြန်သည့် အမိန့်စာအရ သူကိုယ်တိုင် ဝင်ပါရန် မလိုသော်လည်း ဝမ်ပေါင်လဲ့မှာ ကိုယ်တိုင်ကိုယ်ကျ လက်စားချေချင်သေးသည်။
ထိုသို့ဆိုလျှင် အာဃာတတရားများ ပိုမိုပွားများလာမည် ဖြစ်သော်လည်း ဝမ်ပေါင်လဲ့က အရေးမစိုက်တော့ပေ။ သူက လက်စားမချေလျှင်ပင် လင်းတျန်ဟောက်နှင့် အဖွဲ့တို့မှာ သူ့ကို ရန်သူအဖြစ် မြင်နေဦးမည် ဖြစ်သည်။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ သူ့လက်နှင့် လက်စားချေပြီး အားရပါးရ ထိုင်ကြည့်ရန် ပိုစိတ်ဝင်စားသည်။
ပါမောက္ခ၏ စုံစမ်းစစ်ဆေးမှုများနှင့် အမိန့်စာများ ထုတ်ပြန်အပြီးတွင် ချောင်ခွင်းနှင့် ကျန်းလင်တို့မှာလည်း လင်းတျန်ဟောက်၏ ကြံရာပါများ ဖြစ်ကြောင်း ပေါ်ထွက်လာသည်။ စစ်ဆေးမှုမှာ အလွန်တရာ နှံ့စပ်သေချာလှသည်။ ချောင်ခွင်းနှင့် ကျန်းလင်တို့မှာ တိုက်ရိုက် ပါဝင်ခြင်း မဟုတ်သော်လည်း ပူးပေါင်းကြံစည်သူများ ဖြစ်ကြသည်။
“ ဒင်းတို့ လူတကာရှေ့မှာ ငါအရှက်ခွဲတာကို ခံရပြီး အရှက်တကွဲ အကျိုးနည်းဖြစ်ကြမှ စိတ်ကျေနပ်စရာ ကောင်းမှာ”
ဝမ်ပေါင်လဲ့သည် စိတ်အားတက်ကြွစွာဖြင့် နတ်ဝိစ္ဇာဂူထဲတွင် မုန့်ထုပ်တစ်ထုပ်ကို တဂျွမ်းဂျွမ်း မြည်အောင် ဝါးစားရင်း လင်းတျန်ဟောက်နှင့် အဖွဲ့ ကျောင်းသို့ ပြန်အလာတွင် ကြုံရမည့် မြင်ကွင်းကို အားရဝမ်းသာ မြင်ယောင်နေမိသည်။
သုံးရက်တာအချိန်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။ လျှိုတောက်ပင်းနှင့် ဓမ္မလက်နက်ဌာန၏ အခြားသော စစ်ဆေးရေးမှူးများမှာ ဝမ်ပေါင်လဲ့၏ အမိန့်စာကို လက်ခံရရှိပြီးနောက် ကောင်းကင်တာအိုကျောင်းတော်သို့ အမြန်ပြန်လာကာ ဝမ်ပေါင်လဲ့ဆီ သတင်းပို့ကြသည်။
ဝမ်ပေါင်လဲ့သည် သူ့လက်အောက်ငယ်သားများကို အထူးတာဝန် ပေးအပ်ခြင်းမျိုး မရှိဘဲ အဆင်သင့်ပြင်ထားရန်သာ အမိန့်ပေးထားသည်။ နှစ်ရက်အကြာတွင် ကောင်းကင်တာအိုကျောင်းတော်၏ ပညာသင်နှစ်အသစ်၏ ပထမရက် ရောက်လာသည်။
ပထမဆုံးရက် နံနက်ခင်းတွင် ဝမ်ပေါင်လဲ့သည် အိပ်ရာမှ စောစောထသည်။ သူ၏ ကျောင်းသားခေါင်းဆောင် တာအိုဝတ်ရုံသစ်ကို ဝတ်ဆင်ကာ မှန်ရှေ့တွင် ပုံစံအမျိုးမျိုးလုပ်ကြည့်ရင်း အကောင်းဆုံးပုံစံကို ရွေးလိုက်သည်။ သူက ကျေနပ်သွားလျှင် အသံကို နှိမ့်ကာ လျှိုတောက်ပင်းကို အသံလွှင့်လက်စွပ်မှ တစ်ဆင့် အမိန့်ပေးညွှန်ကြားလိုက်သည်။
“ ဓမ္မလက်နက်ဌာနရဲ့ စစ်ဆေးရေးမှူးတွေ အကုန်လုံး တာအိုကျောင်းတော်ရဲ့ လေဆိပ်မှာ နာရီဝက်အတွင်း စုဝေးထားရမယ်”
အမိန့်ပေးပြီးနောက် ဝမ်ပေါင်လဲ့သည် အသက်ကို ဝဝရှူလိုက်ကာ အလွန် ကျေနပ်သွားလေသည်။ ဗိုက်ကိုကော့၊ လက်ကို နောက်ပစ်ကာ နတ်ဝိစ္ဇာဂူထဲမှ လမ်းလျှောက်ထွက်လာသည်။ တခဏအတွင်း ကောင်းကင်မှ တဝီဝီသံများ ကြားလိုက်ရပြီး နေရာအနှံ့မှ လာနေကြသော သင်္ဘောပျံ အများအပြားကို တွေ့လိုက်ရသည်။
စီနီယာကျောင်းသား အားလုံးနီးပါးသည် ပထမဆုံးရက်၌ တာအိုကျောင်းသို့ ပြန်လာကြမည် ဖြစ်သည်။ တချို့သော သင်္ဘောပျံများက ကြိုတင်ရောက်ရှိလာကြသည့် ကျောင်းသားသစ်များကို သယ်ဆောင်လာသည်။ နှစ်စဥ် ထိုနေ့မျိုးတွင် ကောင်းကင်တာအိုကျောင်း၏ လေဆိပ်မှာ လူများ ပြည့်ကျပ်နေလေ့ရှိသည်။
ထို့ပြင် ပြန်ရောက်လာကြသော စီနီယာကျောင်းသားများသည် ကျောင်းသားသစ် အုပ်စုများထဲသို့ ရောနှောသွားကြပြီး လာမည့်နှစ်တွင် တာအိုကျောင်းထဲ၌ ရင်ခုန်ဖွယ်ရာ အချစ်ဇာတ်လမ်းတစ်ပုဒ် ဖန်တီးနိုင်ရန် ရည်ရွယ်ကာ ရင်ဘတ်ချင်း ဆက်သွယ်နိုင်မည့် ကျောင်းသူသစ်များကို အသည်းအသန် ရှာဖွေလေ့ရှိသည်။
သို့သော် ယခုနှစ်တွင် ကွဲပြားနေသည်။ ထိုအခိုက်အတန့်တွင် လေဆိပ်ထဲ၌ လျှိုတောက်ပင်းနှင့် အနက်ရောင်ဝတ် စစ်ဆေးရေးမှူး ရာဂဏန်းခန့်သည် ဝမ်ပေါင်လဲ့ပင် ရောက်မလာမီ အမိန့်ရရချင်း အမြန်ဆုံးနှုန်းဖြင့် စီတန်းလိုက်ကြသည်။ သူတို့ရောက်လာခြင်းကြောင့် လေဆိပ်ထဲတွင် ရုတ်ရုတ်သဲသဲ ဖြစ်ကာ ကျောင်းသားအားလုံး အလန့်တကြား ဖြစ်ကုန်ကြသည်။
“ ဘာဖြစ်တာလဲ”
“ ဘာလို့ ဒီလောက် စစ်ဆေးရေးမှူးတွေ များနေတာလဲ”
“ သူတို့က ဓမ္မလက်နက်ဌာနကပဲ”
လူအုပ်ကြီးမှ စီစီညံညံ စကားပြောသံများ ထွက်နေချိန်တွင် လျှိုတောက်ပင်းအပါအဝင် အခြားစစ်ဆေးရေးမှူးများသည် ပုံစံတကျ တန်းစီလိုက်ကြပြီး မျက်နှာထားတင်းတင်းနှင့် စကားမပြောဘဲ ရပ်နေကြသည်။
မကြာမီ အဝေးမှ ဝမ်ပေါင်လဲ့၏ ပုံရိပ်ပေါ်လာပြီး စစ်ဆေးရေးမှူးများက စိတ်အားထက်သန်သည့် မျက်လုံးများဖြင့် ကြည့်ကာ လေးစားစွာ နှုတ်ဆက်လိုက်ကြသည်။ သူတို့၏ တုံ့ပြန်မှုမှာ စစ်မှန်ခြင်းရှိ၊ မရှိ အရေးမပါပေ။
“ နှုတ်ဆက်ပါတယ်၊ ကျောင်းသားခေါင်းဆောင် ”
သူတို့သည် ကျယ်လောင်လွန်းလှသဖြင့် အသံလှိုင်းက ပတ်ဝန်းကျင်တခွင် ပဲ့တင်ထပ်ကာ ပျံ့နှံ့သွားပြီး ကျောင်းသားအားလုံးအား တုန်လှုပ်သွားစေသည်။ ဝမ်ပေါင်လဲ့သည် ကျေနပ်စွာဖြင့် အနက်ဝတ် စစ်ဆေးရေးမှူးများနားသို့ လက်နောက်ပစ်၍ ကပ်လာပြီး ကောင်းကင်မှ ဆင်းသက်တော့မည့် သင်္ဘောပျံကို မော့ကြည့်လိုက်သည်။
ပါမောက္ခကို သူ့လက်နှင့် ကိုယ်တိုင် အရေးယူချင်ကြောင်း ခွင့်တောင်းပြီးနောက် ဝမ်ပေါင်လဲ့သည် လင်းတျန်ဟောက်၊ ချောင်ခွင်းနှင့် ကျန်းလင်တို့ကို သယ်ဆောင်လာမည့် သင်္ဘောပျံများ၏ နံပါတ်စဉ်များကို ပါမောက္ခဆီမှ သတင်းရပြီးဖြစ်သည်။ ယခု ဝမ်ပေါင်လဲ့သည် ကောင်းကင်မှ သင်္ဘောပျံများကို မျက်စိမှေးကာ ကြည့်နေရင်း စိတ်ရှည်လက်ရှည် စောင့်ဆိုင်းလျက် ရှိသည်။
သူ၏ တိတ်ဆိတ်မှုကြောင့် လျှိုတောက်ပင်းနှင့် အခြားစစ်ဆေးရေးမှူများမှာ စိတ်ထဲတွင် ဇဝေဇဝါ ဖြစ်သွားကြသော်လည်း ဝမ်ပေါင်လဲ့ကို ပြန်မေးရန် သတ္တိမရှိကြဘဲ မျက်နှာထားတင်းတင်းနှင့် အသံတိတ် စောင့်ဆိုင်းနေကြဆဲ ဖြစ်သည်။ လေဆိပ်ထဲမှ လူအုပ်ကြီးမှာ ပုံမှန်ကဲ့သို့ စီစီညံညံသံများ မရှိတော့ဘဲ ဖိအားတစ်မျိုး သက်ရောက်နေသည်ကို ခံစားရသည်။ တစ်ယောက်နှင့် တစ်ယောက် တီးတိုးပြောကာ ထင်ရာမြင်ရာများ ခန့်မှန်းပြောနေကြသည်။
အချိန်က တရွေ့ရွေ့နှင့် ကုန်ဆုံးလာသည်။ မကြာခင် သင်္ဘောပျံများ တစ်စင်းပြီးတစ်စင်း ဆိုက်ရောက်လာသည်။ သင်္ဘောပျံထဲမှ ထွက်လာကြသော စီနီယာကျောင်းသားများအားလုံးမှာ အစပိုင်းတွင် စိတ်လှုပ်ရှား တက်ကြွစွာဖြင့် အချင်းချင်း စကားပြောနေကြသော်လည်း ဓမ္မလက်နက်ဌာနမှ စစ်ဆေးရေးမှူးရာချီကို တွေ့ပြီးနောက် စကားပြောသံများ ရပ်တန့်သွားသည်။ သူတို့သည် အံ့ဩထိတ်လန့်ခြင်းနှင့်အတူ စစ်ဆေးရေးမှူးအတန်းလိုက်ကို ရှောင်ကွင်းကာ အခြေအနေကို အကဲခတ်ရင်း ဘေးကပ်ပြီး ဆက်လျှောက်လာကြသည်။
ထို့ပြင် တချို့သင်္ဘောပျံများတွင် ကျောင်းသားသစ်များကို ဦးဆောင်ခေါ်လာသော ဆရာများပါလာကြသည်။ ကျောင်းသားသစ်များကမူ စစ်ဆေးရေးမှူးများ၏ ရာထူးကို နားမလည်ကြသေးပေ။ သူတို့သည် တာအိုကျောင်းသို့ ချည်းနင်းဝင်ရောက်လာရသည့် ဝမ်းမြောက်ရင်ခုန်ဖွယ် ခံစားချက်ကြောင့် တက်ကြွနေကြသည်။ သို့သော် မကြာမီ အနက်ရောင်ဝတ် စစ်ဆေးရေးမှူးများကို ကြည့်နေကြသည့် လူအုပ်ကြီးကို သတိထားမိသွားပြီး ခေါင်းထဲတွင် မေးခွန်းများ ပေါ်လာတော့သည်။
“ ဘယ်သူတွေလဲ ”
“ ကြည့်ဦး၊ ဖက်တီးတစ်ယောက်က သူတို့ရှေ့မှာ ရပ်နေတာ၊ အဲ့ဖက်တီးက တခြားသူတွေနဲ့ ရာထူးမတူဘူး ထင်တယ်။ သူ့ဝတ်ရုံကလည်း မတူဘူး”
သူတို့သည် အသံတိုးတိုးဖြင့် ပြောဆိုနေကြရမှ ဦးဆောင်လာသည့် ဆရာက ဝမ်ပေါင်လဲ့ကို တစ်ချက်ငဲ့ကြည့်လိုက်သည်။ သူက ကျောင်းသားသစ်များကို အကြမ်းဖျင်း ရှင်းပြပြီးနောက် ဝတ်ရုံနက် စစ်ဆေးရေးမှူးများ၊ အထူးသဖြင့် ရှေ့ဆုံးတွင် ရပ်နေသည့် ဖက်တီး၏ ရာထူးဂုဏ်ပုဒ်ကို ကျောင်းသားသစ်များ နားလည်သွားကြသည်တွင် ပင့်သက်ရှိုက်လိုက်ကြသည်။
သင်္ဘောပျံများ အသီးသီး ဆိုက်ရောက်လာသည်နှင့် လူအုပ်ကြီးကလည်း တဖြည်းဖြည်း များလာသည်။ နောက်ဆုံးတွင် စကားပြောသံများဖြင့် အုန်းအုန်းကျွက်ကျွက် ဖြစ်လာပြန်သည်။ ရုတ်တရက် ဝမ်ပေါင်လဲ့၏ အကြည့်က ဆင်းသက်ရန် ပြင်နေသည့် သင်္ဘောပျံဆီသို့ ရောက်သွားကာ အနားသို့ ကပ်သွားသည်။
သူ့နောက်တွင် တန်းစီနေကြသည့် စစ်ဆေးရေးမှူးများသည် ဝမ်ပေါင်လဲ့၏ လှုပ်ရှားမှုကြောင့် တသီတတန်း လိုက်သွားကြသည်။ သူတို့တပ်ဖွဲ့မှ ထွက်ပေါ်လာသော ဖိအားကြောင့် ပတ်ဝန်းကျင်လူအုပ်ကြီးမှာ သူတို့ကို သတိထားမိသွားပြန်သည်။
ဝမ်ပေါင်လဲ့ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည့် သင်္ဘောပျံ ဆိုက်ရောက်သည်တွင် စီနီယာကျောင်းသားများ ဆင်းသက်လာကြသည်။ သူတို့ထဲမှ တစ်ယောက်သည် စိတ်မသက်မသာ ဖြစ်ကာ ဒုက္ခကြုံနေဟန် ရှိသည်။ ထိုသူမှာ အခြားသူမဟုတ်၊ ဝိညာဉ်ကျောက်တုံး ကျောင်းသားခေါင်းဆောင်ဟောင်း ကျန်းလင်ပင် ဖြစ်သည်။
သူသည် ယခင်က ဝမ်ပေါင်လဲ့၏ အပြစ်ပေးခြင်းကို ခံရသော်လည်း ဝမ်ပေါင်လဲ့ အာဏာဆုံးရှုံးသွားသည့် အချိန် ကျင်းပသည့် ပထမဆုံး ကျောင်းသားခေါင်းဆောင် တွေ့ဆုံပွဲ၌ သူ့အပြစ်များကို ပလပ်ခဲ့သည်။ သူသည် ဝမ်ပေါင်လဲ့ကို မုန်းတီးသည့်အပြင် လင်းတျန်ဟောက်၏ အစီအစဉ်များကို သိထားပြီး ယင်းအစီအစဥ်များထဲ ဝင်ပါလိုက်သေးသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့ကို မြင်လိုက်သည်နှင့် ဘေးဘီကိုပင် မကြည့်နိုင်ဘဲ သူတို့တပ်ဖွဲ့ကို အာရုံစိုက်နေမိကာ အသက်ရှူသံများ မြန်ဆန်လာသည်။ သူ လမ်းလျှောက်နေရင်း ရုတ်တရက် ရပ်တန့်သွားပြီး အတွင်းစိတ်ထဲမှ ဂြိုဟ်ဆိုးဝင်တော့မည်ဟု ခံစားနေရသည်။
ဝမ်ပေါင်လဲ့၏ မျက်လုံးများက ကျန်းလင် ရပ်တန့်သွားသည့်အခိုက်တွင် လက်ခနဲ ဖြစ်သွားသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက လေထဲသို့ မယုံနိုင်အောင် မြန်ဆန်လှသည့် အရှိန်နှုန်းဖြင့် ခုန်ပျံသွားရာ သက်တံ့ရှည်ကြီးတစ်ခု အဖြစ် ပြောင်းလဲသွားသည့်အလား ဆိုက်ရောက်လာသည့် သင်္ဘောပျံရှေ့သို့ တရှိန်ထိုး ပြေးထွက်သွားသည်။
တချိန်တည်းမှာပင် ဝမ်ပေါင်လဲ့ဆီမှ အသံ ထွက်လာသည်။
“ ကျန်းလင်၊ ကျောင်းသားခေါင်းဆောင်ကို သတ်ဖို့ အကွက်ချ ကြံစည်တဲ့အတွက် မင်းကို ကျောင်းကနေ ထုတ်လိုက်ပြီ။ ငါ မင်းကို ဖမ်းဖို့ လာတာ။ စစ်ဆေးရေးမှူးတွေ ကျန်းလင်ကို ချုပ်လိုက်ကြစမ်း ”
ဝမ်ပေါင်လဲ့၏ အသံမှာ မုန်တိုင်းသဖွယ် ဟိန်းထွက်လာသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး အသံလှိုင်းများ ပျံ့လွင့်သွားသည်။ ကျန်းလင်မှာ ထိုစကားကို ကြားလိုက်ရသည်တွင် ထိန်းမရလောက်အောင် အမူအရာ ပြောင်းလဲသွားပြီး မိုးကြိုးမှန်သည့်အလား တစ်ကိုယ်လုံး တုန်ရီလာသည်။ သူက ငယ်သံပါအောင် အော်လိုက်ပြီး အလိုလို နောက်ဆုတ်လိုက်သည်။
“ ဝမ်ပေါင်လဲ့၊ မင်း ဘာလုပ်နေတာလဲ ”
သူ၏ အဖော်များနှင့် ဘေးတွင် ရပ်နေသော ဆရာများမှာ ဝမ်ပေါင်လဲ့၏ လှုပ်ရှားမှုကြောင့် အလန့်တကြားဖြစ်ကာ သတိမထားလိုက်ဘဲ ဝမ်ပေါင်လဲ့ကို တားဆီးပေးရန် ကြိုးစားလိုက်ကြသည်။ သို့သော် ဝမ်ပေါင်လဲ့၏ စကားကို ကြားသောအခါ သူတို့အားလုံးသည် အသက်ကို ပြင်းပြင်းရှိုက်ကာ ကျန်းလင်ကို ရင်ဆိုင်တွေ့နိုင်ရန် ဘေးဖယ်ပေးလိုက်ကြသည်။
ကျန်းလင်၏ မျက်လုံးများမှာ ကြောက်ရွံ့စိုးထိတ်မှုများရှိနေပြီး မျှော်လင့်ချက်ကင်းမဲ့နေသည်။ သူသည် ရုန်းကန်ကာ ပြန်ခုခံရန် ကြိုးစားပြီး ဒေါသတကြီး ကြိမ်းဝါးလိုက်သည်။
“ စည်းကမ်းကို အာခံတာလား”
ဝမ်ပေါင်လဲ့၏ အကြည့်မှာ အေးစက်နေသည်။ ကျန်းလင်မှာ ကြောက်ရွံ့ တုန်လှုပ်ခြင်းကြောင့် ဒယိမ်းဒယိုင် ဖြစ်နေစဉ် ဝမ်ပေါင်လဲ့က လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ သူက ညာလက်ကို မြှောက်ကာ ကျန်းလင်ကို ဖမ်းဆုပ်လိုက်ပြီး ကြမ်းပြင်ပေါ်သို့ ကိုင်ပေါက်လိုက်သည်။
ကျန်းလင်၏ နဖူးတွင် ချွေးသီးချွေးပေါက်များ ကျလာပြီး နာကျင်စွာ အော်သံများ ထွက်လာသည်။ ဝမ်ပေါင်လဲ့သည် လူသတ်ချင်စိတ်အပြည့်ဖြင့် ခန္ဓာကိုယ်ကို တစ်ပတ်လှည့်ကာ ကျန်းလင်၏ အခြားလက်တစ်ဖက်ကို လိမ်ချိုးလိုက်သည်။ နာနာကျင်ကျင် အော်သံများကြားတွင် ဝမ်ပေါင်လဲ့က ကျန်းလင်၏ ရင်ဘတ်ကို အားပြင်းပြင်းနှင့် လက်သီးချက် ဆောင့်သွင်းလိုက်ရာ ချီလမ်းကြောင်းများ ပျက်စီးသွားပြီး ရှေးဟောင်းသိုင်းအဆင့် ပျက်စီးသွားေတာ့သည်။
နီရဲနေသော သွေးများက ကျန်းလင်၏ နှုတ်ခမ်းမှ ပန်းထွက်လာသည်။ သူ့ကျင့်ကြံခြင်းအဆင့်မှာ သစ်တောထဲမှ သွေးသံရဲရဲ တိုက်ပွဲ၌ အောင်ပွဲဆင်လာခဲ့သည့် ဝမ်ပေါင်လဲ့ကို မယှဉ်နိုင်တော့ပေ။ ယခု ကျန်းလင်၏ သွေးများ ပေကျံနေသော ခန္ဓာကိုယ်မှာ သင်္ဘောပျံထဲမှ လွင့်စင်ကျသွားသည်။ ကြမ်းပြင်ပေါ်သို့ ရိုက်မိသည့်အခိုက် အရှိန်ပြင်းလှသောကြောင့် သတိလစ်သွားပြီး လျှိုတောက်ပင်းနှင့် အဖွဲ့က ချက်ချင်းဆွဲခေါ်သွားကြသည်။
ထိုအဖြစ်အပျက်အားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်သွားပြီး ဝမ်ပေါင်လဲ့၏ ရက်စက်ကြမ်းတမ်းမှုကြောင့် အားလုံးမှာ အထိတ်တလန့်ဖြင့် မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြသည်။ သူတို့အားလုံးသည် ပင့်သက်ကို ရှိုက်ကာ မကြာသေးခင်က ဝမ်ပေါင်လဲ့ ပြောခဲ့သည့် စကားများကို သတိရကာ မျက်လုံးပြူးသွားကြသည်။
“ ကျောင်းသားခေါင်းဆောင်ကို သတ်ဖို့ကြိုးပမ်းမှု”
“ သောက်ကျိုးနဲ ဘာတွေဖြစ်ကုန်တာလဲ။ ကျောင်းထုတ်ခံရတယ်၊ ဟုတ်လား ”
“ ငါ ခုမှ သတိရတယ်။ ဝမ်ပေါင်လဲ့ကို လွန်ခဲ့တဲ့ သုံးလေးရက်တုန်းက တွေ့ခဲ့တာ၊ သွေးအလိမ်းလိမ်းနဲ့”
လူအုပ်ကြီးက အလန့်တကြားဖြစ်ကာ ထင်ရာပြောနေကြစဉ် သင်္ဘောပျံပေါ်တွင် ရပ်နေသည့် ဝမ်ပေါင်လဲ့က ရုတ်တရက် ခေါင်းကို ချာခနဲလှည့်ကာ ဆိုက်ရောက်လာသည့် နောက်သင်္ဘောပျံတစ်စင်းကို ကြည့်လိုက်သည်။ တစ်စုံတစ်ယောက်သည် သွေးမရှိသည့်အလား ဖြူဖျော့နေကာ နောက်သို့ အဆက်မပြတ် ဆုတ်နေသည်။ ထိုလူမှာ ချောင်ခွင်းပင် ဖြစ်သည်။
ချောင်ခွင်းကို ကြည့်ကာ ဝမ်ပေါင်လဲ့၏ နှုတ်ခမ်းများက ကောက်ကျစ်သည့်အပြုံးအသွင် တွန့်ကွေးသွားသည်။
ချောင်ခွင်းသည် ဝမ်ပေါင်လဲ့၏ အကြည့်နှင့် အထူးသဖြင့် ထိုအကြည့်ထဲမှ ရန်ငြှိုးအာဃာတများကို သတိထားမိသွားသည်။ သူ့စိတ်ထဲတွင် အရာရာ ဗလာကျင်းသွားပြီး စိတ်ပျက်လက်ပျက် ထွက်ပြေးရန် ကြိုးစားလိုက်သည်။ သို့ရာတွင် သူ့အရှိန်နှုန်းမှာ ဝမ်ပေါင်လဲ့အသံထက် နှေးနေသည်။
“ ချောင်ခွင်း၊ ကျောင်းသားခေါင်းဆောင်ကို သတ်ရန် ကြံစည်တဲ့အမှုနဲ့ မင်းကို ကျောင်းကနေ ထုတ်ပယ်လိုက်ပြီ ”
ဝမ်ပေါင်လဲ့က ပြောနေစဥ်အတောအတွင်း ချောင်ခွင်းဆီ တရှိန်ထိုး ပြေးဝင်သွားသည်။
ကျန်းလင် ကြုံတွေ့လိုက်ရသည့် အဖြစ်အပျက်ကြောင့် ချောင်ခွင်းမှာ ကြောက်လန့်နေပြီ ဖြစ်ကာ နောက်ဆုတ်ရင်း အော်လိုက်သည်။
“ ဝမ်ပေါင်လဲ့၊ ငါ့မှာ အပြစ်မရှိပါဘူး။ အဲဒါ လင်းတျန်ဟောက်၊ သူက ဦးဆောင်ပြီးလုပ်တာ။ ငါ့ကို ခွင့်လွှတ်ပေးပါ။ ငါ နောက်တစ်ခါ မလုပ်တော့ပါဘူး”