အခန်း (၁၄၀)

အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစ

အခန်း (၁၄၀) အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစ

အရှေ့နှင်းတောင်တန်းက ကြီးမားကျယ်ပြန့်သော်လည်း လူအများအာရုံစိုက်နိုင်သည့် ထူးခြားသောဝိသေသလက္ခဏာများက ရှိနေဆဲပင်။

မကြာမီ “တောင်ဘက်ပိုင်းရှိ တောင်တန်းများတွင် ပုံမှန်မဟုတ်သည့်ဝိညာဉ်စွမ်းအားစီးဆင်းမှုတစ်ခု ထွက်ပေါ်နေကြောင်း” ရန်ကျောက်ကဲ၏ လူများဖြစ်သော အနက်‌ရောင်ဝတ်သိုင်းသမားများက သတင်းပို့လာသည်။

ထိုနေရာတွင် အလွန်အမင်းပြင်းထန်ပြီး ဖုံးကွယ်ထားသည့် ဝိညာဉ်စွမ်းအားအစီအရင်တစ်ခု ရှိနေဟန်တူသည်။

ရန်ကျောက်ကဲနှင့်အားဟူတို့ ချက်ချင်းပင် ထိုနေရာသို့သွားခဲ့ကြသည်။

ရန်ကျောက်ကဲက မျက်ခုံးတစ်ချက်ပင့်လိုက်ရင်း…

“ဒါက တကယ့်ကို ကြီးမားတဲ့ဝိညာဉ်စွမ်းအားအစီအရင်တစ်ခုပဲ”

သေသေချာချာ အာရုံခံပြီးသည့်နောက် ဝိညာဉ်စွမ်းအားအစီအရင်၏ တန်ခိုးစွမ်းအားက အဆက်မပြတ်မြင့်တက်နေကြောင်း သိရှိလိုက်သည်။

အားဟူက သွားဖြဲကာ ပြုံးလိုက်ရင်း…

“သခင်လေး… ဒီလိုမျိုး တန်ခိုးစွမ်းအားအတက်အကျတွေ ဖြစ်နေတာကိုကြည့်ရရင် ဒီအစီအရင်က အခုမှ လူတွေပြုလုပ်ထားတဲ့အရာမဟုတ်ဘဲ ဟိုးအရင်ကတည်းက ရှိနေတဲ့အရာတစ်ခု ဖြစ်ရမယ် ၊ ပုံမှန်ဆိုရင် ဒီလိုအရာမျိုးက လုံးလုံးလျားလျား တိမ်မြုပ်နေပြီး ရှာရခက်တယ်”

အားဟူက ဆက်ပြောသည်။

“အခုတော့ တစ်ယောက်ယောက်က ဖုံးကွယ်ထားတဲ့လျှို့ဝှက်ချက်ကို ဖယ်ရှားလိုက်လို့ ဝိညာဉ်စွမ်းအားအစီအရင် ထွက်ပေါ်လာတာ ဖြစ်ရမယ် ၊ အစီအရင်ရဲ့တန်ခိုးစွမ်းအားက တဖြည်းဖြည်းမြင့်တက်လာပြီး ထိပ်ဆုံးအဆင့်ကိုတောင် ရောက်တော့မယ်”

ထို့နောက် အားဟူက လက်နှစ်ဖက်ကို ပွတ်သပ်လိုက်ရင်း မျက်လုံးများမှေးမှိတ်သွားသည်အထိ ရယ်မောလိုက်သည်။

“ကြည့်ရတာ… အဲဒါက ဟိုးအရင်ကတည်းက သေဆုံးသွားပြီဖြစ်တဲ့ ထိပ်တန်းသိုင်းကျင့်ကြံသူတစ်ယောက် နေထိုင်တဲ့ ကျောက်ဂူတစ်ခု ဖြစ်နိုင်တယ် ၊ ဒီတစ်ခါတော့ ပွတာပဲဗျို့ ၊ တိုက်တိုက်ဆိုင်ဆိုင် ဒီနေရာကို ရောက်လာတာ ကံကောင်းတာပဲ”

ရန်ကျောက်ကဲက အစီအရင်မှထွက်ပေါ်နေသည့် တန်ခိုးစွမ်းအားအတက်အကျများကို အာရုံစိုက်လေ့လာနေပြီး တစ်စုံတစ်ခုကို နားလည်သွားသည်။

“မဟာကပ်ဘေးကြီးပြီးဆုံးသွားတဲ့နောက်ပိုင်း အစွန်းရောက်ရှစ်ပါးကမ္ဘာမှာရှိတဲ့ အမွေအနှစ်တွေက သိပ်ပြီးရှေးကျတယ်လို့ မဆိုနိုင်ပါဘူး ၊ ကြည့်ရတာ ဒီတစ်ခုက ရေခဲနဂါးသိုင်းသူတော်စင်ထက်တောင် အများကြီးနောက်ကျဦးမယ့်ပုံပဲ ၊ ပြီးတော့ အမွေအနှစ်ကို ထားခဲ့တဲ့သူက သိုင်းသူတော်စင်အဆင့်ကို မရောက်သေးဘူး ၊ ဒါပေမဲ့ ဒီဝိညာဉ်စွမ်းအားအစီအရင်က အတော်လေး နက်နဲတယ်”

“အရင်က ဖုံးကွယ်ထားခံရလို့ ဒီအစီအရင်ကို ဘယ်သူမှ မတွေ့နိုင်ပေမယ့် အခု ဖုံးကွယ်ထားတာက လွတ်လာတော့လည်း ဒီအစီအရင်ရဲ့ ဝိညာဉ်စွမ်းအားအတက်အကျတွေက အနီးတစ်ဝိုက်က တောင်ထွတ်တွေလောက်ပဲ ပျံ့နှံ့သွားတာတွေ့ရတယ် ၊ ငါသာ ပတ်ဝန်းကျင်ကို ထောက်လှမ်းဖို့ လူတွေမလွှတ်လိုက်ရင် ဘယ်လိုမှ ရှာတွေ့နိုင်မှာ မဟုတ်ဘူး”

ရန်ကျောက်ကဲ တွေးလိုက်သည်။

ထို့နောက် သူက ပျော်ရွှင်နေသည့် အားဟူကို လှည့်ကြည့်လိုက်ရင်း…

“တစ်ယောက်ယောက်က ဖုံးကွယ်ထားတဲ့လျှို့ဝှက်ချက်ကို ဖယ်ရှားလိုက်လို့ အစီအရင်ထွက်ပေါ်လာတာလို့ စောစောက မင်းကိုယ်တိုင် ပြောခဲ့တယ် မဟုတ်လား ၊ အဓိပ္ပါယ်ကတော့ တစ်ယောက်ယောက်က ငါတို့ထက်အရင် အဲဒီကိုရောက်နေပြီ ဆိုတာပဲ”

အားဟူက ရိုးရှင်းစွာပင် ရယ်မောလိုက်ရင်း…

“တစ်ယောက်ယောက်က ရှေ့ကရောက်နေရင်လည်း သခင်လေးက ကျော်တက်လိုက်ပေါ့ဗျာ”

ရန်ကျောက်ကဲက…

“ရန်ရှန်းက ဒဏ်ရာအပြင်းအထန်ရပြီး ဆုတ်ခွာသွားပြီဆိုတော့ အခု ရောက်နေတဲ့သူက လင်ကျိုးဖြစ်ဖို့များတယ်”

ရန်ကျောက်ကဲက သူ့လက်များကို ပွတ်သပ်လိုက်ရင်း…

“ဒီလို ရှေးဟောင်းအမွေအနှစ်တွေမှာ ခုခံကာကွယ်မှုယန္တရားတွေ တပ်ဆင်ထားတတ်တယ် ၊ လင်ကျိုးက အရင်ရောက်နေတယ်ဆိုရင်တောင်မှ အဲဒီ ခုခံကာကွယ်မှုယန္တရားတွေကို ချိုးဖျက်ဖို့ လွယ်မှာမဟုတ်ဘူး ၊ ကံကောင်းရင် သူက ငါတို့ကိုယ်စား လမ်းရှင်းပေးတဲ့သူတောင် ဖြစ်နိုင်သေးတယ်”

အားဟူက…

“သခင်လေး… ဝိညာဉ်စွမ်းအားအစီအရင်က ထွက်ပေါ်လာပြီဆိုတော့ အခုချက်ချင်း အထဲကိုဝင်ကြမလား ၊ ဒါမှမဟုတ် အပြင်မှာခဏလောက် စောင့်ကြည့်ချင်သေးလား”

ရန်ကျောက်ကဲက မျက်လုံးများကိုမှိတ်ကာ ခဏမျှ စဉ်းစားလိုက်ပြီးနောက် အရေးမစိုက်ဟန်ဖြင့် စကားဆိုလိုက်သည်။

“သွားကြမယ် ၊ တခြားဘာမှမဆုံးဖြတ်နိုင်သေးခင် ငါတို့ အရင်ဝင်ကြည့်ကြမယ်”

ရန်ကျောက်ကဲနှင့် အားဟူတို့ အထဲသို့ဝင်သွားစဉ် အနက်ရောင်ဝတ်သိုင်းသမားများက အပြင်ဘက်တွင် စောင့်ဆိုင်းကျန်ရစ်ခဲ့ကြသည်။

ရန်ကျောက်ကဲတို့က ဝိညာဉ်စွမ်းအားလမ်းကြောင်းအတိုင်း အစီအရင်အလယ်ဗဟိုသို့ ဝင်ရောက်သွား၏။ ထိုနေရာက ရေခဲများဖြင့်ပြည့်နက်နေသည့် ကျောက်ဂူတစ်ခု ဖြစ်သည်။

ချောင်းမြောင်းနေသူများ ၊ ပုန်းခိုနေသူများ ရှိ မရှိ ပတ်ဝန်းကျင်တစ်ခုလုံးကို စစ်ဆေးပြီးနောက် ရန်ကျောက်ကဲနှင့်အားဟူတို့ ရေခဲဂူအတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။

ကျောက်ဂူအတွင်းရောက်သည်နှင့် ဝိညာဉ်စွမ်းအားအစီအရင်က ပိုမိုအားကောင်းလာကာသူတို့ကို လွင့်ထွက်သွားစေသည်အထိ တန်ခိုးစွမ်းအားများ ထုတ်လွှတ်နေသည်။

ရန်ကျောက်ကဲက အပြင်သို့ ပြန်ထွက်ရန် လမ်းပျောက်မည်ကို စိုးရိမ်ခြင်း မရှိပေ။ အစီအရင်ဗဟိုချက်ကို ခိုင်ခိုင်မာမာ ထိန်းချုပ်နိုင်လျှင် အချိန်မရွေး ပြန်ထွက်နိုင်မည် ဖြစ်သည်။

ရေခဲဂူထဲရောက်သည်နှင့် ခြေလှမ်း (၃)လှမ်းလှမ်းပြီးတိုင်း အန္တရယ်တစ်ခု ကျရောက်လာသလို ခြေလှမ်း (၅)လှမ်း လှမ်းပြီးတိုင်း အကျပ်အတည်းတစ်ခု ရင်ဆိုင်ရသည်။ နေရာတစ်ခုလုံး လျှို့ဝှက်စက်ယန္တရားများဖြင့် ပြည့်နက်နေလေရာ ရန်ကျောက်ကဲနှင့် အားဟူတို့မှာ အချိန်ပြည့်သတိထားနေကြရသည်။

ရှည်လျားသည့် ရေခဲဥမင်ကို ဖြတ်ကျော်ပြီးနောက် ခန်းမကျယ်ကြီးတစ်ခုအတွင်းသို့ သူတို့ ရောက်ရှိလာသည်။

”သခင်လေး… သတိထား”

အားဟူ၏မျက်နှာထားက တင်းမာနေပြီး အရင်လို မရယ်မောနိုင်တော့ပေ။

ရန်ကျောက်ကဲက ခေါင်းတစ်ချက်ညိတ်လိုက်ပြီး သူတို့ရှေ့တွင်ထွက်ပေါ်လာသည့် အေးစိမ့်နေသော မြူခိုးများကို အာရုံစိုက်လိုက်သည်။

မြူခိုးများက ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး မည်သည့်နေရာမှန်းမသိနိုင်အောင် အမြင်အာရုံဝေဝါးသွားစေသည်။

ရန်ကျောက်ကဲက အတော်ဝေးဝေးသို့ ဆက်လက်လမ်းလျှောက်ခဲသည့်တိုင် ခန်းမ၏နံရံ ၊ သို့မဟုတ် အတားအဆီးတစ်ခုခုရှိရာသို့ လုံးဝမရောက်ရှိနိုင်ဘဲ ဘာမှမရှိသည့် ဗလာနယ်ကြီးထဲ လမ်းလျှောက်နေရသလို ခံစားရသည်။

အေးစိမ့်သော မြူခိုးများဖြင့် ဖုံးလွှမ်းခံထားရသည့် ဤခန်းမကြီးသည် အလွန်တရာ ကြီးမားကျယ်ပြန့်ပြီး ရှုတ်ထွေးလှသော ဝိညာဉ်စွမ်းအားအစီအရင်၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။

အားဟူက ရန်ကျောက်ကဲနောက်သို့ တစ်လက်မမှ မခွာဘဲ ကပ်လိုက်လာသည်။

လေထုတစ်ခုလုံး မြူခိုးများ လွှမ်းခြုံထားသဖြင့် ကိုယ့်လက်ကိုယ်ပင် ပြန်မတွေ့မြင်ရသည့်တိုင် သူတို့ (၂)ယောက်က စိတ်အာရုံစူးစိုက်မှုဖြင့် အမြင်အာရုံကို မြှင့်တင်ထားသောကြောင့် အတိုင်းအတာတစ်ခုအထိတော့ တွေ့မြင်နိုင်ကြသည်။

မြူခိုးများကြားတွင် သွားလာရင်း သူတို့ခြေ‌ထောက်အောက်မှ ရေခဲထုကြီး ရုတ်တရက် တုန်ခါသွားသည်ကို ခံစားလိုက်ရသည်။ ထို့နောက် ရေခဲပြင်အောက်မှ ဧရာမဘီလူးကြီးများ (၁၀)ကောင်ထက်မနည်း တဖြည်းဖြည်းထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

ရေခဲစစ်သည်တော်များ ၊ ရေခဲများဖြင့် ဖွဲ့စည်းထားသည့် ဧရာမဘီလူးကြီးများဖြစ်သည်။

သူတို့၏ အေးစက်နေသော ခန္ဓာကိုယ်ကြီးများက ကြီးမားထွားကျိုင်းပြီး ခန္ဓာကိုယ်များမှ ပြင်းထန်သောစွမ်းအားများ ထွက်ပေါ်နေသည်။ ဘီလူးကြီးများ၏လှုပ်ရှားမှုများက အနည်းငယ် တောင့်တင်းနေသည့်တိုင် သူတို့ပိုင်ဆိုင်ထားသည့် စွမ်းအားက လေးလံလွန်းလေရာ လူသားများအနေဖြင့် လျှော့တွက်ရမည့်အရာ မဟုတ်ပေ။

ဤရေခဲစစ်သည်တော်များသည် မည်သည့် ကြယ်တာရာချီစွမ်းအားကိုမှ မပိုင်ဆိုင်ထားသော်လည်း သူတို့၏စွမ်းအားက ကြောက်မက်ဖွယ်ရာကောင်းလွန်းလှသည်။ သူတို့ခန္ဓာကိုယ်အတွင်းမှ အဖျက်စွမ်းအားက လူသားများထက် ပိုမိုသာလွန်သည်။

ဝိညာဉ်စွမ်းအားအစီအရင်တစ်ခုမှ မွေးဖွားလာသည့် သက်ရှိများဖြစ်လေရာ သူတို့ပျက်စီးသွားလျှင်တောင်မှ အေးစိမ့်သည့် မြူခိုးများအစွမ်းဖြင့် ပြန်လည်အားပြည့်လာပြီး အချိန်တိုအတွင်း ပြန်လည်ရှင်သန်ကြမည် ဖြစ်သည်။

ရန်ကျောက်ကဲက မျက်ခုံးတစ်ချက်ပင့်လိုက်ရင်း…

“ဒါက တာ့ပေဘိုးဘိုး ချန်ထားခဲ့တဲ့ အမွေအနှစ်တွေပဲ ၊ ‌ရေခဲမြူခိုးအစီအရင် ၊ ရေခဲစစ်သည်တော်တွေ ၊ ဒါတွေက ဟိုးအရင်တုန်းက တာ့ပေဘိုးဘိုးရဲ့ လက်ရာတွေပဲ မဟုတ်လား”

တာ့ပေဘိုးဘိုး ကွယ်လွန်သွားသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သို့တိုင် သူ၏နာမည်ဂုဏ်သတင်းက အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် အလွန်တရာကျော်ကြားနေဆဲ ဖြစ်ပြီး နောင်လာနောက်သား မျိုးဆက်သစ်များအတွက် ဒဏ္ဍာရီများစွာ ချန်ထားဆဲ ဖြစ်သည်။

အရောင်အသွေးစုံလင်လှသည့် ဒဏ္ဍာရီများကြားတွင် အကျော်ကြားဆုံးတစ်ခုမှာ တာ့ပေဘိုးဘိုးသည် “အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစ” တစ်ခုကို ပိုင်ဆိုင်ခဲ့သည်ဆိုသော ကောလဟလပင် ဖြစ်၏။

၎င်းအထွတ်ထိပ်မှော်ဝင်ပစ္စည်းက မဟာကပ်ဘေးမတိုင်ခင်ကတည်းက အထွတ်ထိပ်မှော်ဝင်ပစ္စည်းဟု ဆိုကြသည်။ မဟာကပ်ဘေးကာလတွင် ဘေးအန္တရယ်ကြုံတွေ့ပြီး အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားခဲ့သည်။

သို့သော် တာ့ပေဘိုးဘိုးရရှိထားသည်က ထိုအထွတ်ထိပ်မှော်ဝင်ပစ္စည်း၏ အပိုင်းအစတစ်ခုမျှသာ ဖြစ်သည့်တိုင် အတော်‌လေးပြင်းထန်သော စွမ်းအားကို ပိုင်ဆိုင်ထားဆဲပင်။

ထိုအပိုင်းအစထဲတွင်ပါဝင်သောစွမ်းအားသည် အခြားနေရာများတွင် ရှိနေသော အပိုင်းအစမျာကိုလည်း ရှာဖွေနိုင်လေရာ အလွန်အဖိုးတန်ရတနာတစ်ခုမဖြစ် သတ်မှတ်ကြသည်။

ထိုပစ္စည်းလက်ဝယ်ရှိနေသည့်အတွက် တာ့ပေဘိုးဘိုးမှာ ဝိုင်းဝန်းတိုက်ခိုက်ခြင်း ခံခဲ့ရပြီး ခက်ခက်ခဲခဲဖြင့် တိုက်ပွဲအတွင်းမှ ရုန်းထွက်ခဲ့ရသည်။ ထို့နောက် လျှို့ဝှက်နေရာတစ်ခု ရှာဖွေနေထိုင်ကာ လောကအလယ် ထပ်မံထွက်ပေါ်လာခြင်း မရှိတော့ပေ။

အားဟူက တုန်လှုပ်သွားခြင်းမရှိသော်လည်း အတော်လေး ပျော်ရွှင်သွားဟန်ဖြင့်…

“ဒီနေရာက တာ့ပေဘိုးဘိုး လျှို့ဝှက်နေထိုင်တဲ့နေရာထင်တယ် ၊ သခင်လေး… အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစက ပေါ့သေးသေးမဟုတ်ဘူးနော် ၊ ဒီတစ်ခါတော့ သခင်လေး တကယ်ကံကောင်းတာပဲ”

ရန်ကျောက်ကဲက…

“တာ့ပေဘိုးဘိုးက သိုင်းသူတော်စင်တစ်ယောက် မဖြစ်ခဲ့ဘူးဆိုတော့ အခုဆိုရင် သူသေတာ အချိန်အတော်ကြာနေလောက်ပြီ”

အားဟူက ပြုံးလိုက်ရင်း…

“သူသာ သိုင်းသူတော်စင်တစ်ယောက်ဆိုရင် ဘာလို့ ဒီမှာ ပုန်းအောင်းနေဦးမှာလဲ… နော်”

ပြောပြီးသည်နှင့် အားဟူက သူ့အနားချဉ်းကပ်လာသည့် ရေခဲစစ်သည်တော်တစ်ယောက်ကို လက်သီးဖြင့် ထိုးချလိုက်သည်။

“ဒီကောင်တွေကို ကျွန်တော်ထိန်းထားလိုက်မယ် ၊ သခင်လေးမှာ ရေခဲမြူခိုးတွေကို ဖြိုခွဲဖို့ နည်းလမ်းရှိလား”

ရန်ကျောက်ကဲက…

“ရေခဲမြူခိုးတွေကို ဖြိုခွဲရတာ မခက်ပါဘူး ၊ ဒါပေမဲ့ ရေခဲမြူခိုးတွေ မရှိတော့ရင် ပြဿနာက ရှင်းသွားမှာမဟုတ်ဘူး”

သူကဆက်ပြောသည်။

“စောစောကလေ့လာကြည့်သလောက်… ဒီနေရာမှာ အဆင့် (၂)ဆင့် ရှိတယ် ၊ ပထမထပ်က အေးစက်တဲ့ ရေခဲတွေပဲ ၊ ဒီရေခဲစွမ်းအားက အရှေ့နှင်းတောင်တန်းပတ်ဝန်းကျင်က ရယူထားတာ ၊ နောက်တစ်ထပ်ကတော့ မီးတောက်တွေ ဖြစ်နိုင်တယ် ၊ ဒီနေရာရဲ့ အောက်ဖက်ကို ဆက်ဆင်းသွားမယ်ဆိုရင် မြေအောက်သွေးကြောထဲက မီတောက်တွေကို ရယူထားတဲ့ မီးတောက်ကမ္ဘာတစ်ခုရှိနိုင်တယ် ၊ ချော်ရည်တွေတောင် ထွက်လာချင် ထွက်လာဦးမှာ”

အားဟူက သဘောပေါက်သွားပြီး…

“တာ့ပေဘိုးဘိုးက ရေခဲရော မီးရော ကျင့်ကြံခဲ့တဲ့သူမဟုတ်လား ၊ အဲဒါကြောင့် သူ့ကိုဝိုင်းပြီး ချီးကျူးဂုဏ်းပြုခဲ့ကြသေးတယ်လေ”

ရန်ကျောက်ကဲက ခေါင်းညိတ်လိုက်ရင်း…

”လာ… ငါနဲ့အတူ လှုပ်ရှားမယ် ၊ ငါက အစီအရင်ကို ချိုးဖျက်မယ် ၊ မင်းက ငါ့ကို ကာကွယ်ပေး”

အားဟူက ရိုးသားစွာ ရယ်မောလိုက်ရင်း…

”ကောင်းပါပြီ… သခင်လေး”

မလိုအပ်သော စကားများဖြင့် အချိန်ဖြုန်းမနေဘဲ နှစ်ယောက်သား စတင်လှုပ်ရှားလိုက်ကြသည်။

***

ထိုအချိန်…

ရန်ကျောက်ကဲနှင့် အားဟူကို တိတ်တဆိတ်စောင့်ကြည့်နေသည့် လူတစ်ယောက် ရှိနေခဲ့သည်။

ထိုသူက ချောမောခန့်ညားသည့် လူငယ်တစ်ယောက်ဖြစ်ပြီး သူ၏အမူအရာက တည်ကြည်လေးနက်ကာ အကြည့်များက စူးရှသည်။ သူဝတ်ဆင်ထားသည့် အဝတ်အစားများကတော့ ရန်ရှန်းဝတ်ဆင်သည့် အဝတ်အစားများနှင့် ဆင်တူလေရာ ကောင်းကင်မိုးကြိုးခန်းမ၏ ပင်မတိုက်ရိုက်တပည့်တစ်ယောက် ဖြစ်သည်မှာ ထင်ရှားသည်။

ရန်ကျောက်ကဲနှင့် ရန်ရှန်းသာ ရှိနေပါက ထိုလူငယ် မည်သူဖြစ်သည်ကို ချက်ချင်းမှတ်မိမည် ဖြစ်သည်။

မိုးကြိုးသခင်လေး ‘လင်ကျိုး’။

လင်ကျိုး ရောက်ရှိနေသည့် နေရာတွင် တစ်ဝက်က မီးများတောက်လောင်နေပြီး တစ်ဝက်က အေးစက်သည့်ရေခဲများဖြင့် ပြည့်နက်နေသည်။ ဝိညာဉ်စွမ်းအားများသည်လည်း စုစည်းပေါင်းဆုံနေကြပြီး တာ့ပေဘိုးဘိုးပြုလုပ်ခဲ့သည့် ဝိညာဉ်စွမ်းအားအစီအရင်၏ ဗဟိုချက်ဖြစ်ကြောင်း သက်သေပြနေသည်။

သူက လေထဲတွင် ပျံသန်းနေသည့် မှန်တစ်ချပ်မှတစ်ဆင့် ရန်ကျောက်ကဲတို့ကို စောင့်ကြည့်နေခြင်းပင်။

”ဝါဒတောင်သခင်လေး ရန်ကျောက်ကဲ”

လင်ကျိုး ရေရွတ်လိုက်သည်။

“မင်းလည်း ငါ့လိုလူစားမျိုးလားဆိုတာ ကြည့်ရအောင်…”


Comment

Leave a Reply


Options

not work with dark mode
Reset