Switch Mode

အခန်း (၉၇)

စာကြည့်တိုက်ကြီးမီးလောင်နေပြီ

ဒဏ္ဌာရီများအရ နတ်ပြည်၌ အမြစ်စွဲပြီး မြေကမ္ဘာစီသို့ အောက်စိုက်ကြီးထွားသော မြင့်မြတ်သည့် သစ်ပင်တစ်ပင်ရှိသည်ဆိုကြသည်။ ၎င်းကို ဗောဓိညောင်ပင်ဟု ‌သိကြသည်။ ကမ္ဘာကြီး၏ နိယာမများက မြေဆီလွှာအဖြစ် ၎င်းကို အဟာရပေးကြသည်။ သက်ရှိ‌များ၏ ဝိညာဉ်များကတော့ ၎င်း အသီးသီးရန် အဟာရများပေး၏။

ဗောဓိညောင်ပင်က နှစ်ပေါင်း (၉၀၀၀၀) ကြာမှ တစ်ကြိမ် အပွင့်ပွင့်ပြီး နောက်ထပ် နှစ်ပေါင်း (၉၀၀၀၀) ထပ်ကြာမှ အသီးသီးသည်ဟု ဆိုကြသည်။ ထို အသီးနှစ်ခြမ်းကွဲသွားသည့်အခါ နောက်ထပ် နေမင်း ဖြစ်ရန် အလားအလာရှိသည့် အစေ့ကို ထုတ်ပေးသည်ဟု အယူရှိသည်။

စုရှောင်ရှန် မျက်စိပြန်ဖွင့်လိုက်သောအခါ ရဲရဲနီနေသည့် ချော်ရည်များဖြင့် ပြည့်နေသော ကမ္ဘာကြီးကို တွေ့လိုက်ရ၏။ ၎င်းက မျက်စိတစ်ဆုံး အဆုံးအစမရှိတော့ ကမ္ဘာကြီးဖြစ်လေသည်။ အလွန်လည်းပူသည်။

သူ့ခြေထောက်အောက်မှ ချော်ရည်များ အပြင်းအထန် အမြုပ်ထနေသည့် အဖြစ်က သူ့တစ်ကိုယ်လုံးရှိ အ‌မွှေးအမျှင်များကို ထောင်ထသွားစေလိုက်၏။ ထို့နောက် သူ့ရှေ့၌ ကောင်းကင်၌ အမြစ်တွယ်ပြီး အကိုင်းအခတ်များက အောက်စိုက်ထိုးကျနေသည့် သစ်ပင်ကြီးတစ်ပင်ကိုမြင်လိုက်ရသည်။

“ဒါဗောဓိညောင်ပင်လား”

ဒဏ္ဌာရီထဲမှ တစ်စုံတစ်ခုကို သက်ရှိထင်ရှား မြင်တွေ့နေရခြင်းဖြစ်ရာ သူ့မျက်လုံးများကိုတောင် သူမယုံနိုင်တော့ပေ။ မျက်စိတစ်မှတ်အတွင်း သူ့ရှေ့ရှိ အပင်ကြီး၌ ပန်းများပွင့်လာကာ အသီးအဖြစ်သို့ ပြောင်းကုန်တော့သည်။ ထိုအသီးက ချက်ခြင်း ရှံ့တွသွားပြီး ပေါက်ပြဲသွားကာ အစေ့တစ်စေ့ကို ထုတ်ပေးလိုက်၏။

ထို့နောက် ပေါက်ကွဲသံ သဲ့သဲ့ကလေးနှင့်အတူ အစေ့အဖြစ်မှ အဖြူရောင်နေမင်းကြီးပေါ်ထွက်လာတော့သည်။ ၎င်းကို ဖောက်မြင်နိုင်သော အလင်းရောင်များက ဖုံးလွှမ်းထားပြီး အောက်ကျဆင်းလာကာ စုရှောင်ရှန်ထဲကို ၀င်သွားလေတော့သည်။

“အားးး”

ထို့နောက် စွမ်းအင်လှိုင်းများ သူ့ဒန်ထျန်ထဲသို့ အလုံးအရင်းနှင့်ဝင်လာတော့သည်။ ၎င်းတို့၏ အပူချိန်က သူ့ခန္ဓာကိုယ်အတွင်းရှိ သွေးများပိုပင် ခမ်းခြောက်သွားစေလိုက်သည်။ စုရှောင်ရှန် အလွန်နာကျင်သဖြင့် စူးစူးရှရှ အော်လိုက်၏။

ဘာလို့လဲ

ဘာလို့ ပုံရိပ်ယောင်တစ်ခုက ဒီလို နာကျင်စေရတာလဲ

အရင်တစ်ခေါက်တုန်းကတောင် မနာကျင်ရဘူး

စုရှောင်ရှန် ကြာကြာတွေးနေစရာပင်မလိုတော့ဘဲ သူ့စိတ်ထဲကို အချက်အလက်များကျတော့သည်။ စုရှောင်ရှန် မျက်လုံးပိတ်ပြီး နောက်ပြန်ဖွင့်ကာ ကမ္ဘာမြေကြီးကိုကြည့်လိုက်ရာ အနီရောင်အလင်းများ မရေမတွက်နိုင်အောင် လေခဲ၌ ပျံဝဲနေသည်ကို တွေ့လိုက်ရ၏။

“မီးဓာတ်စွမ်းအင်ပေါ့လေ”

စုရှောင်ရှန် လက်သီးကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။

ဖြစ်နိုင်ပါ့မလား

ငါ့ဆုတောင်းတွေ တကယ်ပြည့်သွားတာလား

မီးထပ်သီးကို တကယ်ရလိုက်တာလား

ရုတ်တရက် နတ်ဘုရားများက သက္ကတ ကျမ်းစားများအား တီးတိုး ရွတ်ဖတ်နေသကဲ့သို့ အသံများ ညံ‌သွားတော့သည်။ သူ့နားထဲတွင်တော့ ထိုတီးတိုးသံ တစ်ခုချင်းစီတိုင်းက မိုးချိမ်းသံထက် ကျယ်ပေ၏။

စုရှောင်ရှန် ထိုရွတ်ဖတ်သံများကို နားလည်နိုင်အောင်ကြိုးစားသည့်အခိုက် သူ့စိတ်တစ်ခုလုံး ဗလာဖြစ်သွားလေသည်။ နောက်ထပ် အကြိမ်အနည်းငယ်ကြိုးစားကြည့်သော်လည်း မအောင်မြင်ရာ အရှုံးပေးလိုက်တော့သည်။ သို့ဖြင့် အတွေးများ ရမ္မက်များအားလုံးကို မေ့သွားရာ ထိုအသံများက သူ့နားထဲ၌ ပီသ ရှင်းလင်းလာခဲ့၏။

“… ကမ္ဘာကြီးဟာ မီးဖိုအိုးကြီးဖြစ်ပြီး ကြမ္မာကတော့ အရာရာကိုဖန်ဆင်းပေးတယ်။ ယင်နှင့်ရန်တို့က သစ်သားကိုလောင်ကျွမ်းစေတယ်။ ဒီလိုနဲ့ လောကီလူသားတို့က ဖိုအိုးကြီးကို အသုံးပြုကြတယ်…”

ဘုန်းးး

ထိုစကားလုံးများ စုရှောင်ရှန်ကို မိုးကြိုးအလား ရိုက်ခတ်သွားလေသည်။ ထို့နောက် အရာအားလုံး တိတ်ဆိတ်သွားတော့၏။ ထိုအသံများက သူ့ကို ကမ္ဘာကြီးအား မီးဖိုကြီးတစ်လုံးအဖြစ်မှတ်ယူပြီး ကောင်းကင်နှင့် မြေပြင်အကြီးရှိ အရာအားလုံးကို ချက်ပြုတ်ဖို့ အကြံပေးသယောင်ယောင်ခံစားလိုက်ရသည်။

ကြောက်စရာကောင်းလိုက်တာ

ချော်ရည်များမှ မျက်စိစူးမတတ် အလင်းများထွက်လာပြီး မှော်ဆန်သည့် ဆေးပင်တစ်ပင် စုရှောင်ရှန်၏ ရှေ့မှောက်၌ ပေါ်လာတော့၏။ ဤသို့သော ထူးဆန်းသည့် ဆေးပင်မျိုးကို ပထမဆုံးမြင်တွေ့ဖူးခြင်းဖြစ်သော်လည်း ချက်ခြင်း ၎င်း၏ အကြောင်းအစုံကိုသိလိုက်ရသည်။

“န၀ဂံ ပြန်လည်ရှင်သန်ခြင်း ဆေးရွက်။ ဒဏ္ဌာရီလာရှေးဟောင်း ဆေးပင်တစ်မျိုးဖြစ်တယ်။ အသက်မရှိတော့တဲ့ သူကို အသက်ပြန်သွင်းနိုင်ပြီး ဒဏ်ရာအပြင်းအထန်ရတဲ့နေရာမှာသုံးတယ်။ အလွန်အမင်း စပ်ပြီး ချဉ်စုပ်စုပ် အနံ့ရှိတယ်။ အသားတစ်မျိုးမျိုးနဲ့ စားရင် အကောင်းဆုံးပဲ”

စုရှောင်ရှန် ကြက်သေသေသွားသည်။

ဘာဖြစ်နေတာလဲဟ

ထိုစဉ် ကောင်းကင်၌ အရွယ်အစားအလွန်ကြီးမားသည့် အနက်ရောင်ငှက်ကြီးတစ်ကောင်ပေါ်လာ‌တော့သည်။ ၎င်းက လောကကြီးတစ်ခုလုံးအမှောင်ကျသွားစေ၏။ စုရှောင်ရှန် ဤသို့သော ငှက်မျိုးကိုမမြင်ဖူးပါ။ သို့သော် တစ်ချက်ကြည့်လိုက်သည်နှင့် ဘာ‌ဖြစ်ကြောင်းကို ခရေစေ့တွင်းကျသိနေတော့၏။

“အနက်ရောင်နတ်ဇီးကွက်။ ဒီဏ္ဌာရီလာ ရှေးဟောင်းမကောင်းဆိုးဝါးတစ်ကောင်။ မြင့်မြတ်သောစွမ်းအင်တို့ဖြင့် ဖုံးလွှမ်းထားတယ်။ အသားက အလွန်အမင်း နူးညံ့ပြီး အရသာရှိတယ်”

စုရှောင်ရှန် စွံ့အသွားသည်။

ဘာလဲဟ

မှော်ဆန်သည့် ဆေးပင်နှင့် သတ္တဝါကြီးတို့၏ မိတ်ဆက်က အစ၌ ဟုတ်နေပြီးတော့ အဆုံးကျ ထူးဆန်းသွား၏။ ပုံရိပ်ယောင်ကမ္ဘာကြီးက အင်မတန်ခမ်းနားကာ ရင်သက်ရှူမောဖွာရာ ကောင်းလှသည်။ ရုတ်တရင် မှော်ဆန်သည့် ဆေးပင်နှင့် အတောင်ပါ သတ္တဝါကြီးတို့က ထိုခံစားချက်လေးကို ဖျက်ဆီးလိုက်၏။

ထို့နောက် အနက်ရောင်နတ်ဇီးကွက်ကြီးက န၀ဂံပြန်လည်ရှင်သန်ခြင်း ဆေးပင်ကို သုတ်ချီဖို့ ထိုးဆင်းလာ‌လေတော့သည်။ စုရှောင်ရှန် အလိုလို လက်ဆန့်ထုတ်မိလိုက်၏။

လက်ကို အဘယ်‌ကြောင့် သူကိုယ်တိိုင်ပင် ဆန့်ထုတ်လိုက်မိမှန်း မသိရပါချေ။ စိတ်အလိုကို လိုက်လိုက်မိ၏။

ဘုန်းးး

အနက်ရောင်နတ်ဇီးကွက်ကြီးက န၀ဂံပြန်လည်ရှင်သန်ခြင်း အပင်ကို နှုတ်သီးဖြင့် သုတ်လိုက်သည့် အခိုက်အတန့်၌ ကောင်းကင်မှ မမြင်နိုင်သော ငရဲမီးတောက်ကောင်းကင်မီးလျှံများ နေလုံးကြီးအလား ထိုးကျလာတော့သည်။ ထို့နောက် ထိုနတ်သတ္တဝါကြီးကို ဖုံးလွှမ်းသွားပြီး ချက်ခြင်း ပြာကျသွားစေလိုက်၏။ ထူဆန်းသော မွှေးရနံ့ လေထဲ၌ ပြည့်သွားပြီး သူမသိလိုက်ခင်တစ်ခဏ၌ ပုံရိပ်ယောင်ကမ္ဘာကြီး ပြိုကွဲသွားတော့သည်။

“ဘာဖြစ်တာလဲဟ” စုရှောင်ရှန် မှင်သက်သွားသည်။

ယခင်တစ်ခေါက်ဤကဲ့သို့ ပုံရိပ်ယောင် နယ်မြေထဲ၀င်သွားတုန်းက ဓားထိပ်သီး‌ကြောင့်ဖြစ်ပြီး မြောက်မြားစွာသော ဓားဆန္ဒ အသိအမြင်တို့ကို ပေးလေသည်။ ထို့နောက် ထိုပင်ကိုယ်စွမ်းရည် အဆင့်မြှင့်လိုက်တိုင်း အလင်းပေါက်သွားရသည်။

မူလက သူရလိုက်သော ပင်ကိုယ်စွမ်းရည်အသစ်က မီးနှင့် တစ်ခုခု ပတ်သက်ရပေမည်ဟု တွေးထင်ထားသော်လည်း ယခုတော့ မသေချာပါတော့ပေ။ ‘အလွန်အမင်းစပ်ခြင်း’ နှင့် ‘အရသာရှိခြင်း’ ဟူသော စကားနှစ်လုံး သူ့စိတ်ထဲ၌ ပေါ်လာလေသည်။ ၎င်းတို့က သရဲသဘက်အလား လိုက်လှံခြောက်လှန့်နေသလို မည်သို့မှ မေ့လို့မရဖြစ်နေသည်။

အသိပေးချက်ဖန်သားပြင်ကို ကြည့်‌လိုက်သောအခါ

[ကျွမ်းကျင်ပင်ကိုယ်စွမ်းရည် : စာဖိုမှူး ရရှိပါသည်]

ဘာကြီး

စုရှောင်ရှန်၏ မျက်နှာထက်၌ မှင်သက်နေသော အရာကြီးပေါ်လာသည်။

ချက်ပြုတ်ခြင်း ဟုတ်လား

စုရှောင်ရှန်၏ မျက်လုံးများပြူးကျယ်သွားပြီး မေးရိုးပါ လွဲမတတ် ပါးစပ်‌လည်းဟောင်းလောင်းဖြစ်သွားလေသည်။ ခမ်းနားကြီးကျယ်သော ကမ္ဘာကြီးသို့ ရောက်သွားပြီး ဒဏ္ဌာရီလာ ဗောဓိညောင်ပင်နှင့် နေမင်းတို့၏ဖွားမြင်ခြင်းကို တွေ့လိုက်ရာတာကြောင့် မီးထိပ်သီးကဲ့သို့ စွမ်းရည်မျိုး ထီပေါက်သွားပြီဟု တွေးထင်ထားခြင်းဖြစ်၏။

သို့သော်… ချက်ပြုတ်ခြင်းစွမ်းရည် ရလိုက်ပါသည်လော။

ဘယ်လို ကောင်းလိုက်တဲ့ စနစ်လဲ စောက်ရမ်း ကောင်းတာ

ဘုတ်ဟူသော မြည်သံဖြင့် စုရှောင်ရှန် ဒူးထောက်ကျသွားကာ ကြမ်းပြင်ကို သေသေကြီးကြည့်နေရင်း အမြင်များဝေဝါးလာတော့သည်။ ပင်ကိုယ်စွမ်းရည်အသစ်တစ်ခုရဖို့ လိုလိုလားလားစောင့်ခဲ့ပြီးမှ ချက်ပြုတ်ခြင်းနည်းစနစ်တဲ့လော။

“ဟက်… စာဖိုမှူးတဲ့…”

နပေါဦး

မဟုတ်သေးပါဘူး

ဘာလို့ ကြမ်းပြင်က နွေးနေတာလဲ

စုရှောင်ရှန် သတိပြန်လည်လာပြီး မတ်မတ်ထိုင်ကာ ပတ်၀န်းကျင်ကို သေချာကြည့်လိုက်သည်။ တစ်ခန်းလုံးက ရှုပ်ရှက်ခက်နေပြီး ပြူတင်းပေါက်နှစ်ပေါက်လည်း အထဲမှ လေမုန်တိုင်းတိုက်ခတ်သွားသည့်အလား ပျောက်ချင်းမလှ ပျောက်နေ၏။

ဘာဖြစ်သွားတာလဲ

ပုံရိပ်ယောင်ထဲ၌ လက်ဆန့်ထုတ်ကာ နေလုံးကြီးကိုဆင့်ခေါ်မိတာပြန်တွေးမိပြီး စုရှောင်ရှန်၏ မျက်စံများကျုံ့သွား၏။

တကယ့် အပြင်မှာလည်း ပေါက်ကွဲမှုကို ဖြစ်သွားစေတာပဲလားဟ

ခရက် ခက်

ထိုရင်းနှီးသော အသံကိုကြားလိုက်သောအခါ စုရှောင်ရှန် လန့်ဖျပ်သွားပြီး အကြားအမြင်ကို ထုတ်သုံးလိုက်သည်။ ချက်ခြင်း ၀န်းကျင်တစ်ခုလုံးကို မမြင်နိုင်သော မီးလျှံများ ဖုံးလွှမ်းထားတာကို တွေ့လိုက်ရ၏။

“လာလဲဟ… စာကြည့်တိုက်ကို ငါမီးရှို့မိသွားတာလား”

အခန်းအတွင်းရှိ မီးလျှံများကို ရှင်းရန်အလို့ငှာ စုရှောင်ရှန် အသက်ရှူခြင်းနည်းစနစ်ကို ထုတ်သုံးလိုက်၏။ သို့မှသာ ရင်ဘက်ကိုပုတ်ပြီး စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်လိုက်လေသည်။

“ကံကောင်းတယ် မီးက စာကြည့်တိုက် တစ်…”

ခရက် ခက်

အဝေးမှ တစ်စုံတစ်ခု ကျိုးကြေသံကို စုရှောင်ရှန်ကြားလိုက်ရရာ တစ်ကိုယ်လုံးရှိ အမွှေးအမျှင်များထောင်ထသွားတော့သည်။ တုန်တုန်ရင်ရင်နှင့် အောက်ထပ်သို့ ဆင်းရာသို့ သွားကြည့်လိုက်ရာ ပထမထပ်ရော ဒုတိယထပ်ပါ မီးလောင်ကျွမ်းနေသည်ကို တွေ့လိုက်ရ၏။

“ဘုရားးးရေ”

စုရှောင်ရှန် ချက်ခြင်း အောက်ထပ်သို့ ဝုန်းဒိုင်းပြေးဆင်းသွားလိုက်သည်။ ဤနေရာတစ်ခုလုံး နည်းစနစ်တွေ၊ နည်းလမ်းတွေနဲ့ ပြည့်နေရာ မီးလောင်သွားလျှင် သူကွိုင်တက်ပေလိမ့်မည်။

ငါမသေချင်ဘူးလို့

တစ်ယောက်ယောက် ကယ်ကြပါ

ထိုအချိန် စိတ်ဝိညာဉ်စာကြည့်တိုက် အပြင်ဘက်၌…

အနက်၀တ်လူတစ်ယောက်က ခြုံများအကြား၌ ပုန်းနေလေသည်။ ကျောက်ကျစ်တုံ့က သူ့ကို အစောင့်တာ၀န်ပေးပြီး ထားခဲ့ခြင်းဖြစ်သည်။ သူ၏တာ၀န်က စိတ်ဝိညာဉ်စာကြည့်တိုက်ကို တစ်ချိန်လုံး ကြည့်နေရန်ဖြစ်ပြီး စုရှောင်ရှန်ကို ပြန်ပေးဆွဲသည့်သူကို တွေ့လျှင် အားလုံးကို သတိပေးရန်ဖြစ်၏။

ဟှားးးး…

စည်းကမ်းကြီးကြပ်သူ သန်းလိုက်သည်။ တကယ်က မည်သည့် ပြန်ပေးသမားမှ စိတ်ဝိညာဉ်စာကြည့်တိုက်အတွင်း ၀င်နိုင်မည်ဟု သူမထင်ပေ။ သူ့တာ၀န်က အကျိုးမရှိသည့်အရာဖြစ်သော်လည်း စိတ်ဝိညာဉ်စာကြည့်တိုက်ကိုတော့ ကြည့်နေရန် တာ၀န်မပျက်ပါ။

ရုတ်တရက် လေထဲ၌ အပူချိန် မြင့်လာသည်ဟု ခံစားလိုက်ရလေသည်။

“ဘာဖြစ်နေတာ”

နေ၀င်သွားခဲ့ပြီဖြစ်ရာ မဲမှောင်နေသော ကောင်းကင်ပြင်ကို သူကြည့်လိုက်သည်။ ညအချိန်သို့ရောက်ပြီဖြစ်ရာ အပူချိန်က ကျသွားရမည် မဟုတ်ပါလား။

ဘာလဲဟ

သူ့တွင် အေးဆေးစဉ်းစားရန် အချိန်ပင်မရလိုက်ပါပေ။ စိတ်ဝိညာဉ်စာကြည့်တိုက်ကြီး ရုတ်တရက် အပြင်အထန်တုန်ခါသွားတော့သည်။ ၎င်းနှင့်အတူ အနားရှိ ဖျောက်ထားသည့် အကာအကွယ်အစီအရင်လည်း ဂယက်ထမှုများနှင့်အတူ မျက်စိဖြင့်မြင်နိုင်အောင် ပြန်ပေါ်လာတော့သည်။

ဘုန်း

ယခင်တစ်ခေါက်ကထက် ပိုကျယ်လောင်သော ပေါက်ကွဲမှုကြီး ပေါက်ကွဲထွက်လာတော့သည်။ အစောင့်ကြီးကြပ်သူ၏ မျက်နှာ ဖြူဖက်ဖြူရော်ဖြစ်သွား လေသည်။ တတိအလွှာရှိ ပြူတင်းပေါက်နှစ်ခုလည်း လွင့်ပျံထွက်သွားလေသည်။ သို့ဖြင့် သစ်သားစများနှင့်အတူ ကျစ်ကျစ်တောက်ပူသော စွမ်းအင်များ ဧရိယာတစ်ခုလုံးသို့ အလုံးအရင်း ၀င်လာတော့၏။

စည်းကမ်း ကြီးကြပ်သူ ကြက်သေသေသွားသည်။ ထျန်းစန်းနန်းတော်၏ အခြေခံအုတ်မြစ်ကို ဖျက်စီးရန် တကယ်ပဲ စိတ်ဝိညာဉ်စာကြည့်တိုက်ကို ဖောက်ခွဲဖို့ ပြန်ပေးသမား အထဲ၌ ပုန်းအောင်းနေခဲ့သည်လော။

ရှဲ ရှဲ

မီးလောင်းကျွမ်းသံများနှင့်အတူ မျက်စိတစ်မှိတ်အတွင်း သူ့ပတ်ပတ်လည်ရှိ စိမ်းလန်နေသော မြက်ခင်းပြင်ကြီး အညိုရောင်ပြောင်းသွားလေသည်။ နာကျင်သလိုလို ခံစားလိုက်ရရာ သူ့စိတ်ဝိညာဉ်အာရုံ အလိုလို ဖြန့်ကျက်သွားပြီး အရာအားလုံးကို မမြင်နိုင်သည့် မီးလျှံများ လောင်ကျွမ်းနေသည်ကို တွေ့လိုက်ရ၏။ သူ့ကိုယ်သူ စိတ်ဝိညာဉ်အနှစ်ဖြင့်ကာကွယ်လိုက်လေသည်။

“တိုက်ခိုက်ခံနေရတယ်… တိုက်ခိုက်ခံနေရတယ်” အသံတစ်ဆုံး အဆုတ်ထွက်မတတ် ပြင်းပြင်းထန်ထန် အော်ဟစ်ပစ်လိုက်သည်။

သို့မှ ကျောက်ကျစ်တုံ့က အတွင်းစည်းမှ ပညာသင်ယူပြီးနောက် အဘယ်ကြောင့် သူတို့အသင်းခေါင်းဆောင်ဖြစ်လာပြီး သူကတော့ နှစ်အများကြီး တာ၀န်ထမ်းဆောင်ပြီးတာတောင် ကင်းသမား အဖြစ်တာ၀န်ပေးခံရသည်ကို သိလိုက်၏။ သူမမြင်နိုင်သည့်အရာကို ကျောက်ကျစ်တုံ့က မြင်နိုင်နေလေသည်။

စုရှောင်ရှန်ထံမှ ဘာမဟုတ်သည်လေးကို ဆက်သွယ်ပြီး ဘာဖြစ်တော့မည်ဆိုတာကို သိနိုင်သွားသည်။ တစ်ဘက်က သူကတော့ စာကြည့်တ်ိုက်ကြီး ပေါက်ကွဲပြီးမှ ကျောက်ကျစ်တုံ့ပြောတာ ယုံလေ၏။ ကံကောင်းတာက ကျောက်ကျစ်တုံ့ တပ်ကူများကို သွားခေါ်နေပြီးဖြစ်လေသည်။

ထိုစည်းကမ်းကြီးကြပ်သူ၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်၌ စိတ်ဝိညာဉ်စာကြည့်တိုက်၏ အကာအကွယ်အစီအရင်ပါ လောင်ကျွမ်းသွားလေသည်။ ထိတ်လန့်ကြောက်ရွံ့နေသော အသံဖြင့် သူဒုတိယတစ်ကြိမ်ထပ်မံအော်ဟစ်လိုက်၏။

“စိတ်ဝိညာဉ်စာကြည့်တိုက်ကြီး မီးလောင်နေပြီ… မီး မီး မီး”

Comment

Leave a Reply

Options

not work with dark mode
Reset