ခရမ်းရောင်ကျောက်စိမ်းစာလိပ်တစ်ခု သိုလှောင်လက်စွပ်အတွင်းရှိ ဆေးပင်များပေါ်၌ ရှိနေ၏။
“ကြည့်ရတာတော့ ရိုးရှင်းသားပဲ…”
ကျောက်စိမ်းစာလိပ်ထဲတွင် သာမန် ဆေးအသိဆိုင်ရာ အသိပညာတွေ သိုမှီးထားတယ်ဆိုပေမယ့် တစ်ကယ့်အနှစ်က မီးကို ကောင်းကောင်းထိန်းချုပ်နည်းဖြစ်လေသည်။ စုရှောင်ရှန် လက်ဖဝါးဖြန့်လိုက်ပြီး စိတ်ဝိညာဉ်အနှစ်များကို သိပ်သည်းစေလိုက်ရာ လေကိုလောင်ကျွမသကဲ့သို့ အသံများထွက်လာလေသည်။ သူ့တွင် အကြားအမြင်သာ မရှိပါက ထိုမမြင်နိုင်သည့်မီးလျှံများကို ထိန်းချုပ်ရန် အလွန်အခက်တွေ့ပေလိမ့်မည်။
“မီးလျှံကို မူလထက် အရွယ်အစား (၁၀) လောက် သေးနိုင်သလောက် သေးအောင် သိပ်သည်းပြီး အလယ်ဗဟိုတည့်တည့်မှာ စွမ်းအင်တွေကို စုစည်း… တကယ်လို့ အဲ့တာက ပေါက်ကွဲသွားခဲ့ရင် ကြီးမားတဲ့ အဖျက်စွမ်းအား ပေါက်ထွက်လာလိမ့်မယ်… ပေါက်ကွဲတာက အဓိကမဟုတ် တော့မဟုတ်ဘူး။ ဒီမှာဖော်ပြထားတာက စွမ်းအင်တွေကို အလယ်ဗဟိုမှာ စုစည်းလိုက်ရင် ဘေးဘက်အလွှာက မီးလျှံတွေက အားနည်းသွားမယ်တဲ့။ အဲ့မီးနဲ့မှ ဆေးဖော်စပ်ရမယ်…”
ကျောက်စိမ်းစာလိပ်မှ အချင်းအရာကြောင့် စုရှောင်ရှန် ထိတ်လန့်သွားသည်။ ငရဲမီးတောက်ကောင်းကင်မီးလျှံက ဆေးဖော်စပ်ဖို့အတွက် အစကတည်းက မသင့်တော်ပါချေ။ ၎င်းကိုတီထွင်သူက ဆေးဖော်စပ်ရန် ဘယ်လိုများကြောက်စရာကောင်းတဲ့ နည်းလမ်းကို စဉ်းစားမိလိုက်မိလိုက်လည်းမသိရချေ။ မီးလျှံကိုကောင်းကောင်းမထိန်းချုပ်နိုင်လျှင် ပေါက်ကွဲသွားပေလိမ့်မည်။
ထို့နောက် သူ့ခေါင်းပေါ်မှ ပုလဲလုံးကြီးကိုကြည့်လိုက်သည်။ ကျောက်စိမ်းစာလိပ်ပြောထားသည့် အရတော့ ၎င်းက အပူစွမ်းအင်များကို စုပ်ယူနိုင်စွမ်းရှိလေသည်။ သို့ဖြင့် ပေါက်ပွဲမှုများကိုလည်း ခံနိုင်ရည်ရှိလောက်မည်ဟု တွေးလိုက်၏။
“စမ်းကြည့်ရအောင်”
သူ၏ စိတ်ဖြင့်ထိန်းချုပ်မှုအောက်၌ သူ့လက်ဖဝါးပေါ်ရှိ မီးလျှံက စွမ်းအင်များကို အပြင်ဘက်သို့ မဖြန့်ထုတ်ပါတော့ချေ။ ထိုအစား အတွင်းသို့ ၀င်သွားကြပြီး တဖြေးဖြေး လူခေါင်းတစ်လုံးစာလောက် ဘောလုံးအရွယ်အစားကို ရောက်သွားသည်။
သို့သော်လည်း အပူစွမ်းအင်အချို့က အပြင်ဘက်သို့ ထွက်နေစဲဖြစ်ရာ ထိုဘောလုံးက မတည်မငြိမ်ဖြစ်လာခဲ့သည်။ အံကိုကြိတ်ပြီး စုရှောင်ရှန် အားပိုစိုက်ထုတ်လိုက်၏။
ခရက်
အက်ကွဲသံတစ်ချို့နှင့်အတူ လူခေါင်းအရွယ်အစားရှိ ဘောလုံးသဏ္ဌာန်မီးလျှံတို့က ထပ်၍ သိပ်သည်းသွားပြီး လက်သီးတစ်လုံးအရွယ်အစားလောက်ကို လျော့ကျသွားခဲ့၏။ အလွန်ပူပြင်းသော အပူချိန်က လေဟာနယ်ကိုတောင် တွန့်သွားစေလေသည်။ စုရှောင်ရှန် မှင်သက်သွား၏။
“ဘာလဲဟ… အပူချိန်က အလယ်ဗဟိုမှာ သွားစုစည်းပြီးအေးသွားရမှာမလား။ ဘာလို့ ပိုပူလာတာတုန်းဟ”
သူ့လက်ထဲမှ လက်သီးအရွယ်အစားမီးလုံးကို နားမလည်နိုင်သည့်အလားကြည့်လိုက်ပြီး စိတ်ဖြင့် ရွေ့လျားစေရန် အာရုံစိုက်လိုက်တော့သည်။ သို့ဖြင့် ထိုဘောလုံးသဏ္ဌာန်မီးလျှံတို့က စတင်၍ လျှင်လျှင်မြန်မြန် လည်ပတ်လာခဲ့၏။
ရ… ရာစင်းဂန်လား…
“ချီးပဲ ငါသွားချင်တာ ဒီလမ်းမဟုတ်ဘူးဟ” စုရှောင်ရှန် မှုန်တေတေ အမူအရာဖြင့် ဆိုလိုက်သည်။
ကျောက်စိမ်းစာလိပ်အရတော့ ၎င်းကို လက်သည်းခွံအရွယ်အစားထိ ဖိသိပ်နိုင်ပါက အပူစွမ်းအင်များက အထဲသို့ ပြောင်းပြန်စီးဆင်းကာ “အတွင်းပိုင်းမီး” ဖြစ်လာမည်ဖြစ်ပြီး အပြင်ဘက်ရှိ အလွှာကတော့ “ကျစ်ရစ်မီး” ဖြစ်လာမည်ဖြစ်သည်။ အပူချိန် လျော့နည်းသွားသည့် ကျစ်ရစ်မီးက ဆေးဖော်စပ်ရာတွင် လိုအပ်သည့် မီးဖြစ်လေသည်။ ၎င်းကအကုန်မဟုတ်ပေ။ ၎င်းက ငရဲမီးတောက်အစေ့ကို ပြုလုပ်ခြင်း (သို့) ကျင့်ကြံခြင်းဖြစ်သည်။
ထိုကျန်ရစ်မီးကို ဆေးဖော်စပ်သည့် တစ်လျှောက်လုံး တတ်တိုင်သမျှ အလိုက်သင့်လေးလိုက်ပြောင်းပေးရသေးသည်။ ထို့ပြင် လက်သည်းခွံအရွယ်စားမီးလျှံ၏ အတွင်းပိုင်းမီး ထိန်းချုပ်မှုလွတ်သွားမှာကိုလည်း သတိထားရသေး၏။ တစ်ချက်မှားသွားသည်နှင့် အသုံးပြုသူကို သေစေနိုင်၏။
သူ့လက်ထဲက လက်သီးအရွယ်အစား မီးလုံးသေးသေးလေးကိုကြည့်ပြီး စုရှောင်ရှန် ပြဿနာထုပ်ကြီးကို သယ်ပိုးထားရသည့်အလား ခံစားလိုက်ရ၏။ ထိုမီးလုံးကိုသိပ်သည်းပြီးနောက်၌ ထိန်းထားရသည်ကပင် သူ့အတွက် မနည်းတော့ပေ။
သူ့နဖူးမှ ချွေးစေးများစတင်ထွက်လာသော်လည်း အံကိုကြိတ်ပြီး ဆက်၍ လုပ်လိုက်၏။ သူ့လက်ထဲရှိ မီးလုံးက နှစ်ကြိမ်မျှ လှုပ်ရမ်းသွားပြီး နောက်ဆုံး လက်သည်းအရွယ်မီးတောက်အစေ့အဖြစ်ကို ပြောင်းသွား၏။
အကြားအမြင်မှ ၎င်းထံကနေ ငွေရောင်သဏ္ဌာန်မဲ့ မီးခိုးတွေထွက်လာပြီး အပြင်ပိုင်းအလွှာအဖြစ်ဖွဲ့စည်းသွားတာကို တွေ့လိုက်ရလေသည်။
ကျစ်ရစ်မီး
ငါလုပ်လိုက်နိုင်ပြီ
စုရှောင်ရှန် ပျော်မြူးသွားသော်လည်း သူ့အပြုံးက နောက်တစ်စက္ကန့်ကြာသော် အေးခဲသွား၏။ သူ့လက်ထဲမှ သိပ်သည်းပြီးဖြစ်သော မီးလျှံတို့က မတည်မငြိမ်ဖြစ်စွာ နှစ်ကြိမ်တိတိ တုန်ခါသွားပြီး ပြန်ရပ်သွားလေသည်။
“တော်သေးတယ် …ဟမ် နေဦး မတော်တော့ဘူး… စွမ်းအင်တွေ မတည်ငြိမ်တော့ဘူးဟ… ချီး ငါမထိန်းထားနိုင်တော့ဘူး”
သေခြင်းတရားကို ခံစားလိုက်ရသည့်အလား သူ့မျက်ဆံများကျုံ့သွားပြီး ဆံပင်များ ထောင်ထသွားလေတော့သည်။ သူ့လက်ထဲမှ အရာကို ထိန်းချုပ်မှု လွတ်ကင်းသွားလျှင် စာကြည့်တိုက်ကိုပါ လောင်ကျွမ်းသွားစေမလား တွေးလိုက်ရင်း သူ့အထက်မှ အနီရောင်ပုလဲလုံးကိုကြည့်လိုက်၏။
“အဲ့လိုတော့ အဖြစ်မခံနိုင်ဘူး”
စုရှောင်ရှန် ပြူတင်းပေါက်နားကိုသွားပြီး သူ့လက်ထဲမှ လက်သည်းအရွယ်အစား မီးတောက်အစေ့ကို အပြင်ဘက် ကောင်းကင်စီသို့ ပစ်ပေါက်လိုက်လေသည်။
ဘုန်းးးး
ပေါက်ကွဲမှုကြီးက လေထဲ၌ဖြစ်ပွားသွားပြီး ကြောက်မက်ဖွယ်ရာ ကောင်းသော အပူစွမ်းအင်တို့ လှိုင်းအလာ စာကြည့်တိုက်၏ အထက်၌ ပြန့်ထွက်လာခဲ့လေသည်။ လက်ရှိ ပေါက်ကွဲမှုမှ ခပ်ရေးရေးလေး မသိသာသော မှိုသဏ္ဌာန်တိမ်စိုင်ကဲ့သို့ ဖြစ်ပွားသွားတာကို တွေ့လိုက်ရလေတော့သည်။
“လခွမ်းးးး”
စုရှောင်ရှန် စွံ့အသွားသည်။ “ဆေးဖော်တယ်ဆိုတာ ဒါလား… ဒါကြီးက နျူးကလီးယားကြီးဟ… လေလွင့်တိမ်တိုက် ဓား(၄) ကွက်လို နောက်ထပ်ကြမ်းတဲ့ နည်းစနစ်တစ်ခုကို ငါဖန်တီးနိုင်လိုက်တာပဲ… ပိုကြမ်းတာက ဒါက နေရာအကျယ်ကြီးထိတဲ့ တိုကွက်ဟ။ ဘယ်သူမဆို ပြာကျသွားလောက်တယ်”
စုရှောင်ရှန် စိတ်လှုပ်ရှားသွားသည်။ ဤသို့သော မီးတောက်အစေ့မျိုးကို တည်ငြိမ်အောင် လုပ် ထိန်းချုပ်ရန်က ခက်ခဲသော်လည်း အခြားတစ်ဘက်မှ မတည်ငြိမ်အောင်လုပ်ဖို့ကတော့ လွယ်လွန်းလေသည်။
ထို့နောက် သူ့ဒန်ထျန်ကို ကြည့်ကြည့်လိုက်ရာ ထို လက်သည်းအရွယ်အစားလောက်သိပ်သည်းထားသော မီးတောက်အစေ့လေးက သူ့ဒန်ထျန်၏ (၃၀) ရာခိုင်နှုန်းလောက်ကို ကုန်ခမ်းသွားစေကြောင်း တွေ့လိုက်ရသည်။ သို့သော် သူ့အဆင့်မြင့်စိတ်ဝိညာဉ်က ကုန်ခမ်းသွားသော စိတ်ဝိညာဉ်အနှစ်၏ (၈၀) ရာခိုင်နှုန်းလောက်ကို ပြန်လည် ပြည့်ပေးရာ မိနစ်အနည်းငယ်အတွင်း သူ့ဒန်ထျန် စွမ်းအင်များဖြင့် ပြန်ပြည့်သွားမည်ဟု ယူဆလိုက်၏။
“နည်းနည်းလောက် ကြမ်းကြည့်ရင်ရော”
သူ့လက်နှစ်ဖက်လုံးကိုဖြန့်လိုက်ပြီး သဏ္ဌာန်မဲ့မီးလုံးနှစ်လုံးကို ဖွဲ့စည်းလိုက်လေတော့သည်။ ၎င်းက သူ၏ ဒန်ထျန်မှ စိတ်ဝိညာဉ်အနှစ်ကို တစ်၀က်ခန့် ကုန်ခမ်းသွားစေလိုက်၏။
ရှဲ ရှဲ
သိပ်သည်း၊ သိပ်သည်း၊ ထပ်ပြီး သိပ်သည်း….
ချွေးတစ်ချက်မထွက်ဘဲနှင့် သူ့လက်နှစ်ဘက်မှ မီးလုံးများကို လက်သည်းခွံအရွယ်အစားထိ သိပ်သည်းလိုက်၏။ သို့သော် ထိုမှ စွမ်းအင်များက ယခင်တစ်ခေါက်ကထက်ပို၍ ရုန်းရင်းဆန်ခတ်ဖြစ်လာလေသည်။ စုရှောင်ရှန် ၎င်းကို ထိန်းချုပ်ဖို့ ဆန္ဒလည်းမရှိပါ။
ဝှီးးး
ဝှီးးး
သဏ္ဌာန်မဲ့မီးလျှံနှစ်ခုကို ကောင်းကင်ပေါ်သို့ တစ်ပြိင်နက် အားကုန် ပစ်လွှတ်လိုက်ရာ တစ်ခုနှင့် တစ်ခု တိုက်မိသွားကြ၏။
ဘုန်းးးးး
ပေါက်ကွဲသွားမှုကြီးက မီးတောက်အစေ့ နှစ်စေ့ကို ပေါင်းလိုက်သည်ဆိုသည်ထက် ပိုလေသည်။ စာကြည့်တိုက်ကို ကာထားသော အကာအကွယ်ပင် အသက်၀င်လာကာ ထိန်းမနိုင်သိမ်းမရဖြစ်နေသည့် အပူစွမ်းအင်တို့ကို ပြက်ပျက်စေလိုက်တာ တွေ့လိုက်ရ၏။ ၎င်းတောင် ပေါက်ကွဲပြီးနောက် လှိုင်းကလေးသာဖြစ်သည်။
သူသာ ၎င်းတို့ဖြင့် စာကြည့်တိုက်ကို ပစ်ပေါက်လိုက်ပါက…
“အဟမ်း… မဖြစ်ဘူး မဖြစ်ဘူး စိတ်အလိုကိုမလိုက်နဲ့”
စိတ်ကူးယဉ်ကြည့်ရသော်…
သူ့ကို ကြီးမားသည့် စစ်တပ်ကြီးကဝိုင်းထားသည်။ သို့သော် သူက ဂရုမစိုက်။ သူ၏ ဓားပျံကိုသာ စီးရင်း အဆင့်မြင့်စိတ်ဝိညာဉ်ကို သုံးပြီး မီးလုံးများကို သိပ်သည်းစေကာ တစ်လုံးပြီးတစ်လုံး စစ်တပ်ထဲကို ပစ်ထည့်…
၎င်းက သူ့ကို သက်ရှိ ဗုံးပစ်လွှတ်သူ မဖြစ်သွားစေဘူးလား
၎င်းတစ်ခုတည်းမှ လေးစားသမှုနှင့် နာကျဉ်းမှုတို့ မည်မျှတောင် ရလိုက်ပါမည်နည်း။
“အိုးဟိုးဟိုး…”
သူ့မျက်လုံးများကိုမှေးလိုက်သည်။ ကနဦးက ဤနေရာကို ဆေးလုံးများ ပြုလုပ်နည်းသင်ယူရန်လာခြင်းဖြစ်လေသည်။ ယခုတော့ ထိုအစား အလွန်ကြမ်းတမ်းသည့် တိုက်ကွက်တစ်ခုကိုသာ တီထွင်မိလိုက်၏။
“ဟုတ်သား ငါ နာမည်ပေးရမှာပဲ… လေလွင့်တိမ်တိုက်ဓားကွက်တိုင်းလည်း နာမည်ရှိနေတော့ ဒါကို ‘မီးတောက်အစေ့သိပ်သည်းခြင်း’ လို့တော့ ခေါ်လို့မရဘူးမလား… ဒါက သေးတယ်၊ ဘောလုံးလို သိပ်သည်းတယ်၊ မီးဓာတ်စွမ်းအင်… သိပြီ ဒါကို ‘အဆင့်နိမ့်မီးဘောလုံး’ လို့ခေါ်မယ်။ ဟုတ်တယ်”
ထို့နောက် ပြူတင်းပေါက်မှ ထွက်ခွာသွားလိုက်သည်။ လက်ဖဝါးများမှ ဖုန်များကိုပွတ်ခါရင်း ကျေနပ်နေသည့် အမူအရာဖြင့် ခြေသုံးချောင်း ဆေးမီးဖိုအိုးကြီးကို ကြည့်လိုက်၏။
“ဟူးးးး သွေဖယ်နေပြန်ပြီ။ ဆေးဖော်တာ… ဆေးဖော်တာ ပြန်သွားရမယ်…”
…
ကျောက်ကျစ်တုံ့ ပါးစပ်ထဲ၌ မြက်တစ်ချောင်းကို ကိုက်ရင်း ခေါင်းကို လက်နှစ်ဖက်ဖြင့် ပိုက်ထားရင်းမှ လျှောက်သွားနေလိုက်တော့သည်။ ဟဲယွဲ့ရှင်းကို ပြစ်ဒဏ်ချမှတ်ရေးခုံရုံးကို ပို့ပေးလိုက်ပြီးနောက် သူ့တွင် ဘာမှ လုပ်စရာမရှိတော့ပါပေ။
စုရှင်းရှင်း အတွင်းစည်း၏ အဆောက်အဦးတစ်ခုကို ဖျက်ဆီးလိုက်သည်ကတော့…
တစ်ယောက်ယောက်မသေလျှင် ထိုသို့သောအရာက အရေးမကြီးပါဟု သူတွေးတောလိုက်သည်။ သူသာမျက်ကွယ်ရာပြုထားလိုက်ပါက မကြာခင် ကိစ္စတစ်ရပ်လုံး သူ့အလိုလို ပျောက်ကွယ်သွားမည်သာ။
ထိုအချိန် ကောင်းကင်ယံမှ ပေါက်ကွဲသံကြီးကို ကြားလိုက်ရ၏။
ဘုန်းးးး
သူနှင့်သိပ်မဝေးသော နေရာမှ ကြောက်မက်ဖွယ်ရာ အပူစွမ်းအင်လှိုင်းတစ်ခု ပေါက်ကွဲပြန့်နှံ့လာလေသည်။ ကျောက်ကျစ်တုံ့၏ မျက်ဆံများကျုံ့သွား၏။
အဲ့တာ…
စာကြည့်တိုက်
ယမန်နေ့ညမှ မျက်နှာဖုံးတပ်လူ ကျူးကျော်၀င်ရောက်တိုက်ခိုက်ခြင်းကို ပြန်မြင်ယောင်ပြီး မကောင်းတာတစ်ခုခု ခံစားလိုက်ရ၏။
ဘုန်းး
ယခင်တစ်ခေါက်ကထက်ပိုကြီးသော ပေါက်ကွဲမှုကြီးကို ကြားလိုက်ရလေသည်။ ဤတစ်ခေါက်တော့ စာကြည့်တိုက်၏ အကာအကွယ်အစီအရင်ပါ အသက်၀င်လာတာကို တွေ့လိုက်ရ၏။ တစ်စုံတစ်ယောက်က နေ့ခင်းကြောင်တောင်ကြီး စာကြည့်တိုက်ကို တိုက်လိုက်လေပြီ။
မည်သူက ဤမျှမိုက်ရူးရဲဆန်ရပါသနည်း။ ကျောက်ကျစ်တုံ့ စိတ်အေးအေးမထားနိုင်တော့ကာ ကောင်းကင်ပေါ် ပျံတက်ပြီး အော်လိုက်၏။
“ကျူးကျော်သူ”