မုကျစ်ရှီနောက်သို့လှည့်လိုက်ရာ ကောက်ရိုးခမောက်အောက်၌ ရှုံ့တွနေသော မျက်နှာကို တွေ့လိုက်ရသည်။ ထိုမျက်နှာထက်၌ ညိုမဲနေသော မျက်ကွင်းများရှိနေပြီး သူမကို အတတ်နိုင်ဆုံး အတင်းနွေးထွေးစွာ ပြုံးပြထားရသည့်အလား ရှုံ့မဲ့နေ၏။
သို့သော် သူမမျက်နှာနှင့် ထိုမျက်နှာအကြားတွင် တစ်လက်မအထက်ပင် မဝေးလေရာ သူမအတွက်တော့ လိပ်ပြာလွင့်သွားစေရန် လုံလောက်၏။
မုကျစ်ရှီ စကားပင်မပြောနိုင်တော့အောင် ကြောက်ရွံ့သွားသည်။ မျက်ဖြူလန်ပြီး တောင့်တောင့်ကြီး သစ်သားတစ်တုံးအလား နောက်ပြန်လဲကျသွား၏။
ဘုတ်…။
အဖိုကြီးသူ့ခမောက်ကို ချွတ်လိုက်ပြီး မုကျစ်ရှိလဲကျသွားသည်ကို မျက်နှာအမူအရာ ကင်းမဲ့စွာကြည့်နေလိုက်၏။
“ဟမ့်။ ပြဿနာတကယ်ရှာတဲ့ကလေးတွေ။ ငါသာ သူတို့ကို ဒီဆိုင်းဆက်လွှတ်ထားရင် နံရံတွေတောင် စဖောက်တော့မလားဘဲ”
ထို့နောက် သူမလက်ထဲမှ စာအုပ်များကို ယူကာ ဖုန်ခါလိုက်ပြီး သက်ဆိုင်ရာ စာအုပ်စင်ပေါ်သို့ ပြန်ထားလိုက်သည်။
ထို့နောက် ကြမ်းပြင်ပေါ်တွင် လဲကျနေသည့် မုကျစ်ရှီကို တစ်ဘက်သို့ ကန်လိုက်သည်။ နောက်တစ်ယောက်ကို ရှင်းရန် သူသွားရန်ပြင်လိုက်သော်လည်း ရုပ်ချည်း မျက်မှောင်ကုက်သွား၏။
သူထိုင်ချလိုက်ပြီး မုကျစ်ရှီ၏ လက်တစ်ဖက်ကို ကိုင်ကြည့်လိုက်သည်။
“ဘာလဲဟ” အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
“ဒီလောက်များတဲ့ အသက်စွမ်းအင် ပမာဏ…”
သူမ၏ ခန္ဓာကိုယ်ထဲရှိ အသက်စွမ်းအင်များ မည်မျှ သိပ်သည်းသည်ဆို သစ်သားဓာတ်စွမ်းအင်ကိုပင် ဖုန်းကွယ်လုနီးပါး ဖြစ်သည်ကို တွေ့လိုက်ရာ အဖိုးကြီးတုန်လှုပ်သွားသည်။
ထို့နောက် ဖိနှိပ်ခံထားရသော သစ်သားဓာတ်စွမ်းအင်များမှာ အလကားမဖြစ်သွားသည့်အပြင် အသက်စွမ်းအင်များကို ရနိုင်သလောက် ပြန်စုပ်ယူပြီး သူ့ကိုယ်သူတောင် ပိုသန်မာလာအောင်လုပ်နေ၏။ ၎င်းက သူ့ကို အံ့အားသင့်သွားစေရသည့် အချက်ဖြစ်သည်။
“ဘယ်လို ခန္ဓာကိုယ်လဲဟ”
“သစ်သားဓာတ်စွမ်းအင်တွေက အသက်စွမ်းအင်တွေကို စုပ်ယူပြီး သူ့ဟာသူ အစွမ်းထက်လာအောင် လုပ်နိုင်တယ်လား”
ရတနတစ်ခုကို ရှာတွေ့လိုက်ရသည့်အလား သူ့မျက်လုံးများတောက်ပသွားခဲ့သည်။
သို့သော် စုရှောင်ရှန်ရှိရာဘက်သို့ တစ်ချက် ထို့နောက် မုကျစ်ရှီကို တစ်ချက်ကြည့်ရင်း တွေဝေသွားသည်။ ဆုံးဖြတ်ချက်ချရန် ခက်ခဲနေကြောင်းတွေ့ရ၏။
သို့သော် ထိုတွေဝေနေမှုက ခဏလေးသာ ခံခဲ့ပြီး ပြတ်သားသော အကြည့်များက သူ့မျက်လုံးထဲ ပြန်ပေါ်လာခဲ့သည်။
“နှမျောစရာပဲ…” သူသက်ပြင်းချလိုက်သည်။ “ငါသာ ဒီကလေးမလေးကို အရင်ရှာတွေ့ခဲ့ရင် သူ့ကို ရွေးချယ်ခဲ့မိမှာ”
ဆုံးဖြတ်ချက်ချပြီးလိုက်သည်နှင့် အဖိုးကြီး တုန့်ဆိုင်းမနေဘဲ မုကျစ်ရှီကို တစ်ဘက်သို့ကန်ပစ်လိုက်သည်။
သူ့ခေါင်းကို မော့လိုက်ပြီး ကျိုးထျန်းရှန်နားတွင် ထိုင်ချကာ သူ့လက်ထဲမှ တိရိစ္ဆာန် သားရေလိုစာရွက်ကိုကြည့်လိုက်၏။
“သူကြက်သေသေနေတယ်”
“ဘာလိုလုပ် ဒီလို ဝှက်ထားတဲ့ဟာတောင် ရှာတွေ့သွားတာလဲဟ”
“ဒီကလေးတွေက ကြွက်တွေလားဘာလား”
သူ့ဘေးနားရှိ ကိုရိုးသား ရွေ့သွားသကဲ့သို့ရှိရာ အဖိုးကြီး သူ့အနားကိုပိုတိုးကပ်လိုက်သည်။
ကျိုးထျန်းရှန် တိရိစ္ဆာန်သာရေကဲ့သို့ အရာကိုဖတ်ရင်း မှင်သက်နေရာမှ ပြန်နိုးထလာခဲ့သည်။ သူ့အကြည့်များက စိတ်လှုပ်ရှားမှုများဖြင့် စူးရှနေကာ ထိုစာရွက်ကို ကိုင်ထားသော သူ့လက်များပင် အပြင်းအထန် တုန်ခါနေခဲ့၏။
“ဆိုတော့ မင်းတစ်ခုခုကို သင်ယူနိုင်သွားတယ်ပေါ့လေ” သူ့စိတ်ထဲတွင် ပြောသကဲ့သို့ ခြောက်ကပ်ကပ်အသံတစ်ခုကို ကြားလိုက်ရာ ကျိုးထျန်းရှန် ကြက်အစာကောက်သည့်အလား ပြင်းပြင်းထန်ထန် ခေါင်းငြိမ့်လိုက်သည်။
“ငါ တကယ် အများကြီး သင်ယူနိုင်သွားတာ”
“စုရှောင်ရှန်ပြန်တာ တကယ်မှန်တယ်။ ငါသာ ဒီဓားနည်းစနစ်ကို ထပ်ပြီး ကျင့်ကြံနေရင် သိပ်မကြာခင် ငါ့ဆေဘာဆန္ဒလည်း စစ်မှန်ခြင်းနယ်ပယ်ကို ရောက်သွားနိုင်တယ်”
“မုကျစ်…”
သူ့စိတ်တစ်ခုလုံးက ထိုသူမြင်လိုက်ရသော ပုံရိပ်ဖြင့် ကြီးစိုးနေ၏။ ထိုစဉ် မုကျစ်ရှီကို လက်ပြခေါ်၍ လာကြည့်စေရန် လုပ်လိုက်ရာ တစ်စုံတစ်ခုကို ကိုင်မိသွားသည်ဟု ခံစားလိုက်ရသည်။
၎င်းက နွေးသည်၊ နုသလိုလိုနှင့် ကြမ်းတမ်းသည်။
ကျိုးထျန်းရှန် သင်္ကာမကင်းသဖြင့် လှည့်ကြည့်လိုက်သည်။
အဖိုးကြီးတစ်ယောက်၏ မျက်နှာကို သူ့ရှေ့တည့်တည့်၌ တွေ့လိုက်ရ၏။
ထိုမျက်နှာက ရှံ့တွ နေသည်။ သူ့လက်ချောင်းများအကြားမှ သူ့ကို ကြည့်နေရာ သေမင်းက ကြည့်နေသည့်အလား ကျိုးထျန်းရှန်ခံစားလိုက်ရ၏။
“လခွမ်းး”
ကျိုးထျန်းရှန် မျက်ဖြူလှန်သွား၏။ သို့ဖြင့် ကိုရိုးသား ကောင်းကောင်းပင်မအော်လိုက်ရသေးချေ အလွန်ခြောက်ခြားဖွယ်ရာကောင်းသော ဤမြင်ကွင်းကြောင့် သတိမေ့သွားတော့လေသည်။
သူ့တစ်ကိုယ်လုံးတောင့်သွားပြီး နောက်ပြန်လဲကျရာ နံရံရှိနေသဖြင့် ၎င်းပေါ်မှ ကြမ်းပြင်ပေါ်သို့ ပွတ်တိုက် ထိုင်ကျသွား၏။
အဖိုးကြီးသူ့မျက်နှာကို အင်္ကျီလက်စဖြင့် သုတ်လိုက်ပြီး ထိုကိုရိုးသားကို ထောင့်တစ်နေရာသို့ ကန်လိုက်သည်။ “တစ်ယောက်ပဲကျန်တော့တယ်”
…
ရှက် ရှက် ရှက်
ရှက် ရှက် ရှက်
စုရှောင်ရှန် ပို၍ အကျိုးသက်ရောက်မှုရှိရန် အလုပ်နှစ်ခုကို တစ်ပြိုင်တည်းလုပ်လိုက်သည်။ လက်တစ်ဘက်က စာအုပ်တစ်အုပ်ကို ကိုင်ကာခါနေရင်း အခြားတစ်ဘက် ကျောက်စိမ်းစာလိပ်တစ်ခုကို ကိုင်ထားလိုက်၏။
သူ့လုပ်ငန်းဆောင်တာ အနည်းငယ် နှေးကွေးသွားသော်လည်း ၎င်းကို မရပ်လိုက်ပေ။
ထို မုကျစ်ရှီတို့ နှစ်ဦးထံမှ ရနေသော ပင်ကိုယ်မှတ်များ ရုတ်တရက်ပျောက်သွားခဲ့ပြီး ထိုအစား အသိပေးချက်တစ်ခုပေါ်လာခဲ့၏။
[စောင့်ကြည့်ခံနေရပါသည်။ ပင်ကိုယ်မှတ် +၁]
ထိုအသိပေးချက်က သူ့တစ်ကိုယ်လုံးရှိ မွှေးညှင်းများကို ထောင်ထသွားစေပြီး အရိုးထဲအကြောထဲထိကို တုန်လှုပ်သွားစေ၏။ သို့ဖြင့် သူ့ကိုစောင့်ကြည့်နေသည့်အရာ တစ်ခုခုကို လက်ဖြင့် ဖြတ်ရိုက်မိ မလိုတောင်ဖြစ်သွားသည်။
ထိုဆန္ဒကို သူထိန်းချုပ်လိုက်သည်။
ထို့နောက် စိတ်လိုက်မာန်ပါမလုပ်ရန်နှင့် နောက်လှည့်လိုက်ပါက သူ့အတွက် အဆုံးသတ်ဖြစ်သွားမည်ဟု သူ့ကိုယ်သူ ပြောလိုက်၏။
‘ဘယ်သူငါ့ကိုကြည့်နေတာလဲဟ’
စုရှောင်ရှန် အလွန်ထိတ်လန့်ကြောက်ရွံ့သွားပြီး စိတ်ထဲ၌ အော်ဟစ်ဆဲဆိုလိုက်သည်။ သို့သော် သူ့လက်များကတော့ အလုပ်မပျက်ပါ။
သူ့[အကြားအမြင်] မှလည်း ထိုအရာကို သူ့ကို သတိမပေးခဲ့သလို ယခုလည်း ရှာမတွေ့ပါချေ။
‘မဟုတ်သေးဘူး နေဦး’ တွေးလိုက်သည်။
‘အခြားနှစ်ယောက်ရဲ့ စိတ်ဝိညာဉ်အရှိန်အဝါတွေကို ငါဘာလို့ မခံစားရတော့တာလဲ’
‘သူတို့ လုံး၀ ပျောက်သွားတာဟ’
မုကျစ်ရှီတို့ နောက်ဆုံးရှိခဲ့သည့် နေရာကို အာရုံခံကြည့်လိုက်ရာ ထိုနှစ်ဦးကြမ်းပြင်ပေါ်၌ သတိလစ်မေ့မျောနေသည်ကို တွေ့လိုက်ရ၏။
‘ချီးးး’
‘တစ်ယောက်ယောက် သူတို့ကို ကိစ္စတုန်းပစ်လိုက်တာဟ’
‘ဒီက စာကြည့်တိုက်မှူးများလား’
စုရှောင်ရှန်၏ နှလုံး အပြင်းအထန် ခုန်သွား၏။ အကယ်၍ ထိုသူက သူ့အရှေ့တည့်တည့်၌ ဒဲ့ပေါ်လာပါက သူဤမျှ ကြောက်ရွံ့လိမ့်မည်မဟုတ်ပေ။
သို့သော်အခြားသူတစ်ယောက်က အမှောင်ထဲမှ သူ့ကို ကြည့်နေခြင်းဖြစ်၏။
မည်သည့်အရာမှန်းမသိ ကြောက်ရွံ့ရခြင်းက တကယ် ဒုက္ခရောက်ရလေသည်။
စုရှောင်ရှန် သူကိုင်ထားသော စာအုပ်ကို အသာအယာ မှုတ်ပြီး လက်ဖြင့် သုတ်လိုက်သည်။ ထို့နောက် မည်သည်ကိုမှ ဂရုမပြုသည့် ပုံစံဖမ်းကာ ရေရွတ်လိုက်၏။
“ဒီနေရာကို နောက်ဆုံးတစ်ခေါက် သန့်ရှင်းခဲ့တာ ဘယ်နှနှစ်ရှိပြီလဲတောင်မသိဘူး။ ဖုန်တွေပေနေလိုက်ကြတာ။ မတတ်နိုင်ဘူး။ မြင်နေရမှတော့ ငါရှင်းပေးလိုက်မှပဲ တော်ကာကျမယ်”
ထို့နောက် ခေါင်းကိုမလှည့်ဘဲ နောက်ကျောဆန့်လိုက်ပြီး ဆက်၍ ဆို၏။
“ပထမအလွှာမှာ ငါ့ကုသိုလ်ဖြစ်အလုပ်လေးလည်း ပြီးသွားပြီဆိုတော့ ငါ့ကိုယ်ပိုင် နည်းစနစ်ကို ဒုတိယအလွှာမှာ သွားရှာဖို့အချိန်ကျပြီပေါ့”
စာအုပ်စင်ပေါ်သို့ စာအုပ်ကိုပြန်ထားလိုက်သည်။ ထို့နောက် သူ့ခြေထောက်ကို ရွေ့လိုက်ရာ မရွေ့သွားပါချေ။ ထိုမှ သူ့တစ်ကိုယ်လုံး ထိန်ချုပ်မှုကင်းလွတ်သွားပြီဖြစ်ကြောင်းသိလိုက်ရသည်။
‘သေပြီ’
‘သွားပါဟ လခွမ်းလိုပဲ’
စုရှောင်ရှန်၏ မျက်နှာအမူအရာ ရှံ့တွသွားသည်။ သို့သော်ချက်ခြင်း သူ့ခန္ဓာကိုယ်ကို ပြန်ပြင်လိုက်ပြီး မတ်မတ်ရပ်လိုက်သည်။
“ချီးကွာ ငါရပ်နေတာကြာလို့ ငါ့ခြေထောက်တွေတောင် ကျဉ်နေပြီ။ ဒီအလုပ်လုပ်ရတာ တကယ် ပင်ပန်းလိုက်တာ”
“နေ့တိုင်းဒီနေရာမှာ စာအုပ်တွေအများကြီးကို ရှင်းလင်းရမယ့် စာကြည့်တိုက်မှူးတွေဆိုဘယ်လိုလုပ်မလဲ။ တော်တော်ပင်ပန်းကြမှာ။ ဒါတောင်လုပ်နိုင်ကြတယ် အထင်ကြီးစရာပဲ”
သို့မှသာ သူ့ခြေထောက်ကို လှုပ်နိုင်သည်ကို သိလိုက်သည်။ သူပျော်သွားပြီး ချက်ခြင်း ထွက်သွားရန်ပြင်လိုက်၏။
“ဟက် ငါရှိနေတာတောင် အာရုံခံနိုင်နေပြီဆိုတော့ တိုးတက်လာတာပဲ မဆိုးဘူး” သူ့နောက်မှ အသံအက်အက်တစ်ခုပေါ်လာခဲ့သည်။
“လခွမ်း”
စုရှောင်ရှန် သူ့နားများကို ချက်ခြင်းကာလိုက်ရင်း “ငါပင်ပန်းလွန်းလို့ ထင်ယောင်ထင်မှားတွေတောင် ကြားနေရပြီ…”
သူ့ ခြေထောက်များကို ချက်ခြင်းလှုပ်ရှားသွားနိုင်ရာ ချက်ခြင်းနောက်လှည့်မကြည့်ဘဲသွားလိုက်သည်။ သို့သော် ကံကြမ္မာက သူ့ကို ပြစ်ဒဏ်ခတ်ထားလိုက်၏။
“ဟန်ဆောင်မနေနဲ့တော့”
“ခုချက်ခြင်းလှည့်လာခဲ့”
စုရှောင်ရှန် ရှံ့တွနေသော မျက်နှာဖြင့် မလှည့်ချင်ဘဲ လှည့်လိုက်ရသည်။ ထို့နောက် ကောက်ရိုးခမောက်ဖြင့် မျက်ကွင်းညိုနေသော အဖိုးကြီးကိုတွေ့လိုက်ရ၏။
“ခင်ဗျားဘဲ”
သူ့ကြောက်ရွံ့မှုများချက်ခြင်းပျောက်သွားကာ အံ့အားသင့်မှုများ အစားထိုး၀င်ရောက်လာခဲ့၏။
‘ဒါက ငါ့ကို ငရဲမီးတောက် အစေ့ အတင်းကျွေးခဲ့တဲ့ အဖိုးကြီးမလား’ သူတွေးလိုက်သည်။
‘သူ့နာမည်က ဘာ …’
‘အကြီးအကဲစန်းဆိုလား’
ထိုနေ့က သူခံစားခဲ့ရသော နာကျင်မှုများကိုပြန်တွေးမိပြီး ဒေါသထွက်သွား၏။ သူမည်မျှ ဒေါသထွက်နေသည်ဆို အဖိုးကြီး၏ အဆင့်အတန်းကိုတောင် မေ့သွားခဲ့လေသည်။
ထိုစဉ်က ဤအဖိုးကြီးအား ထပ်တွေ့ပါက ဓားဖြင့်ခုတ်လိုက်မည်ဟု ကျိန်ဆိုထားခဲ့သည်ကို မည်သို့မေ့နိုင်ပါမည်နည်း။
သူခြေတစ်လှမ်းဆုတ်လိုက်ပြီး သိုလှောင်လက်စွပ်ထဲမှ တိတ်တခိုးနာကျင်ခြင်းကို ထုတ်ယူလိုက်သည်။ ထို့နောက် အဖိုးကြီးအား ၎င်းဖြင့် ထိုးပြလိုက်၏။
‘စုပ်ရင်လည်းဆူး စားရင်လည်းရူးပဲ’
သူ့ကို ဓားဖြင့် ထိုးထားသည်ကို တွေ့ရာ အကြီးအကဲစန်း၏ မျက်ခုံးများပင့်သွားသည်။ ထိုဓားထိပ်မှစ၍ စုရှောင်ရှန်ကို အမူအရာကင်းမဲ့သော မျက်နှာဖြင့် ကြည့်လိုက်သည်။
“ဟင်..”
ရေခဲမြစ်ထဲကိုပစ်ချခံလိုက်သကဲ့သို့ ခံစားလိုက်ရပြီး စုရှောင်ရှန်၏ တစ်ကိုယ်လုံးအေးစက်သွားသည်။
‘ဘုရားရေ’
‘ငါဘာလုပျနတောလဲဟ’
‘စာကြည့်တိုက်မှုးကို ငါဘာလို့ ဓားနဲ့ ရွယ်ထားရတာလဲ’
‘ငါရူးသွားတာလားဘာလား။ ဟိုနှစ်ယောက်ကိုတောင် အသံတစ်ချက်မထွက်ပဲ ကိစ္စတုံးလိုက်တာကို ငါ့ကိုယ်ငါ့ကို သေတွင်းထဲပို့နေတာလား”
ထို့နောက် တိတ်တခိုးနာကျင်ခြင်းကို ဖြေးညှင်းစွာမြှောက်ရင်း လေထဲ၌ လှုပ်ရမ်းလိုက်ပြီးနောက် သိုလှောင်လက်စွပ်ထဲသို့ လျှပ်တပြက် ပြန်ထည့်ကာ အဖိုးကြီးကို ပြုံးပြလိုက်၏။
“ဟီးဟီး။ ဒီနည်းစနစ်ကိုရှာနေတာကြာပြီ ခုမှ တွေ့တော့တယ်။ ဒါနဲ့ နည်းနည်းနားလည် သွားပြီး ဓားနဲ့ ကစားချင်သလိုလို ဖြစ်လာတာ နဲ့ လုပ်မိလိုက်တာ…”
“ဟီးဟီးးး…”
“ဓားနည်းစနစ်ဟုတ်လား” အကြီးအကဲစန်း ကောက်ရိုးခမောက်ကို ချွတ်လိုက်ပြီး စုရှောင်ရှန် ပြန်ထားလိုက်သော စာအုပ်ကိုယူလိုက်ပြီး “မင်းပြောတာ ဒီ ပျက်သုဉ်းမြေမှ လက်သီး (၁၂) ချက်လား”
ဂလု
စုရှောင်ရှန်၏ အပြုံး တောင့်တောင့်ကြီးဖြစ်သွား၏။
…