Switch Mode

အခန်း (၄၈)

ကောင်းကင်နှင့် မြေပြင် စည်းနှောင်ခြင်း

စတင်ခြင်းနယ်ပယ်ဓားဆန္ဒက တစ်မိုင်အတွင်းရှိ ဓားများအားလုံးကို ပဲ့တင်ထပ်သွားစေကာ စစ်မှန်ခြင်းနယ်ပယ်ဓားဆန္ဒကတော့ (၁၀) မိုင်အတွင်း ဓားဆန္ဒများကို ပဲ့တင်ထပ်သွားစေလေသည်။

လူတိုင်း၏ ဓားများ သူတို့၏ ဓားအိမ်များထံသို့ ပြန်၀င်သွားသည်တောင် ပဲ့တင်ထပ်နေတုန်းဖြစ်ရာ လူတိုင်း စစ်မှန်ခြင်းနယ်ပယ် ဓားဆန္ဒမွေးဖွားခြင်းကို တွေ့မြင်လိုက်ရကြောင်း သိသွားကြသည်။

“ဘုရားရေ ငါရူးတော့မယ်။ စုရှောင်ရှန် စစ်မှန်ခြင်းနယ်ပယ် ဓားဆန္ဒကို နားလည်သွားတယ်လား”

“ဘယ်လိုဖြစ်နိုင်မှာလဲ။ ငါ့ကို သ၀န်တိုအောင် လုပ်နေတာပဲ”

“ဒီကောင် ငါတို့ကိုဘယ်လို ဆက်ပြီး အံ့ဩအောင်များ လုပ်နေနိုင်တာလဲဟ”

ပွဲကြည့်သူများ အလွန်စိတ်လှုပ်ရှားသွားကြလို့ အချို့ဆိုလျှင် ထိုင်နေရာမှ ထခုန်ကြသည်။ ထိုထခုန်သောသူများကို သူတို့အနောက်ရှိ လူများက ချက်ခြင်း ပြန်ထုချလိုက်၏။

“လခွေး။ ငါ အိပ်မက် မက်နေတာမဟုတ်ပါဘူးနော်” ထိုအခြား ပုရိတ်သတ်‌တစ်ယောက်အားထုလိုက်သည့်သူက သူ့ပါးသူပြန်ရိုက်ကြည့်လိုက်လေရာ နာကျင်မှုတို့ကို ခံစားလိုက်ရသည်။

“စစ်မှန်ခြင်းနယ်ပယ်ဓားဆန္ဒနဲ့ လူတစ်ယောက်က နှစ်တစ်ရာမှာ တစ်ခါဖွားတယ်ကြားတယ်။ အရင်နှစ်က စုရှင်းရှင်း စစ်မှန်ခြင်းနယ်ပယ် ဓားဆန္ဒကိုနိုးထတယ်။ ဒီနှစ်တော့ စုရှောင်ရှန်တဲ့လား”

“တကယ်ကြီးလားဟ။ ကမ္ဘာကြီး ဘာဖြစ်နေတာလဲ..”

“သွားပြီ။ လုံး၀ ရူးသွားပြီ”

ပြိုင်ကွင်းအတွင်း၍ တိုက်ပွဲက ဓားဆန္ဒထွက်ပေါ်လာမှုကြောင့် တားဆီးခြင်းခံလိုက်ရသော်လည်း ပြိုင်ပွဲက ဆက်ရဦးပေမည်။

မိုမို စုရှောင်ရှန် အဆင့်တက်သွားတာကို ၀င်မနှောင့်ယှက်ပါပေ။ အကယ်၍ သူမလုပ်လျှင်တောင် ရှောင်ချိစွေက ၀င်တား လိမ့်မည်ဖြစ်သည်။

သူမက အပြင်စည်း၏ ဗိုလ်ဆွဲထားသူသာဖြစ်ပြီး စုရှောင်ရှန်ကတော့ စစ်မှန်ခြင်းနယ်ပယ် ဓားသမားတစ်ယောက်ဖြစ်သည်။ သူတို့နှစ်ဦးယှဉ်လျှင် ဘယ်သူက ပို၍ အရေးကြီးကြောင်း ထင်ရှားလေသည်။

စုရှောင်ရှန်ထံမှ ထုတ်လွှင့်နေသည့် ဓားဆန္ဒများ ပျောက်ကွယ်သွားသည်တောင် သူတိူ့နှစ်ဦး မလှုပ်ရှားလိုက်ကြပါချေ။

မိုမို ပဟေဠိဖြစ်သွားသည်။ သူမ မလှုပ်ရှားသည်မှာ စုရှောင်ရှန် အဆင့်တက်တာ ပြီးဆုံးအောင် စောင့်ဆိုင်းနေ၍ ဖြစ်သည်။ သို့သော် အဆင့်တက်ပြီးတာတောင် စုရှောင်ရှန် အဘယ်ကြောင့် မလှုပ်ရှားရသနည်း။ သူဘာဖြစ်ချင်နေသနည်း။

“သူဘာလို့ ကြောင်တောင်တောင်နဲ့ ပြုံးနေတာလဲ” မိုမို စုရှောင်ရှန်ထံမှ အကြည့်မခွာလိုက်ချေ။ စုရှောင်ရှန်၏လက်က ဓားလက်ကိုင်ပေါ်၌ ရှိသေးသည်။ သို့သော် သူ၏ မျက်နှာက အရူးတစ်ယောက်အလား သေသေကြီးပြုံးနေလေသည်။

စုရှောင်ရှန် ပျော်ရွှင်မှုကြောင့် ရူးသွားခြင်းဖြစ်သည်။

သူ့ဓားဆန္ဒ အစီအရင်ကို ထွင်းဖောက်ပြီး ကောင်းကင်သို့တက်သွားမည်ဟု သူမထင်ထားပါချေ။ သို့ကြောင့် သူရလိုက်သော ပင်ကိုယ်မှတ်များက မယုံကြည်နိုင်လောက်အောင် ဖြစ်လေသည်။

[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် + ၆၇၄]

[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် + ၁၈၇၆]

[အထင်ကြီးခြင်းခံရပါသည်။ ပင်ကိုယ်မှတ် + ၁၉၄၀]

[အထင်ကြီးခြင်းခံရပါသည်။ ပင်ကိုယ်မှတ် + ၁၁၂၀]

“… …”

ဤ ဆူးဖြိုးဖြိုးပင်ကိုယ်မှတ်များက ဦးစွာ သံသယဖြစ်မှု၊ ထို့နောက် အံ့အားသင့်မှုနှင့် နောက်ဆုံး လေးစားအထင်ကြီးမှုတို့ဖြင့် စိတ်ခံစားချက် ရိုလာကိုစတာစီးလိုက်သော ပွဲကြည့်သူများထံမှ ရရှိခြင်းဖြစ်၏။

ထိုအဆင့်တက်မှုတစ်ခုတည်းက သူ့ကို ပင်ကိုယ်မှတ် (၁၀၀၀၀) နီးပါး ရိတ်သိမ်းပေးလိုက်လေသည်။

သူ ပင်ကိုယ်မှတ် (၁၀၀၀)ကို (၁၀၀၀၀)နှင့်အတူ များပြားသော ဓားအသိအမြင်တို့ဖြင့် ဖလှယ်လိုက်ခြင်းဟုဆိုလျှင် မမှားချေ။ ၎င်းအား အမြတ်ဟူသည့် စကားလုံးတစ်လုံးတည်းဖြင့်သာ ဖော်ပြနိုင်သည်။

အသိပေးချက်များ ဆက်တိုက် ပေါ်လာ‌နေရင်း စုရှောင်ရှန် ပျော်ရွှင်စွာ အတွေးထဲနစ်မျောသွား၏။ သို့သော် ၎င်းတို့ တန်ဖိုးကျသွားသည်။

ဟာ

ဘာလို့ငါ့ကို လူတိုင်း သင်္ကာမကင်း အမြင်နဲ့ ကြည့်ကုန်ကြတာလဲဟ။

သူ့အတွေးထဲမှ ရုန်းထွက်လိုက်ပြီး လှည့်ပတ်ကြည့်လိုက်ရာ လူတိုင်း သူ့အား ငတုံးတစ်ကောင်အလား ဝိုင်းကြည့်နေကြသည်ကို မြင်လိုက်ရသည်။

“နင်ပြီးပြီလား” မိုမိုကမေးသည်။

စုရှောင်ရှန် စွံ့အသွားသည်။ သူ… သူတို့ ငါအဆင့်တက်ပြီး သတိပြန်၀င်လာတာကို စောင့်နေကြတာလား။

ဘုရား ဘုရား ဘယ်လောက်ရှက်ဖို့ကောင်းလိုက်လဲ။

ကံကောင်းတာက မိုမိုက လူကောင်းတစ်ယောက်ဖြစ်သောကြောင့် သူ့ကို အလစ်မတိုက်ခိုက်လိုက်ခြင်းဖြစ်သည်။

အလစ်တိုက်ခိုက်ခဲ့လျှင်တောင် သူ၏ အသိပေးချက်ဖန်သားပြင်က ၎င်းအား သတိပေးပေမည်။

စုရှောင်ရှန် အသက်ပြင်းပြင်း ရှိုက်ထုတ်လိုက်ပြီး “ပြီးပြီ ဆက်ချကြမယ်”

မိုမို လှုပ်ရှားတော့မည့် အချိန်၌ စုရှောင်ရှန်၏ မျက်လုံးများ ဓားအလင်းများဖြင့် တောက်ပသွားသည်။

“လေလွင့်တိမ်တိုက် အဆင့်(၄) : ဓားထုတ်နည်းစနစ်”

အတိတ်က သူ့ဓားကို တစ်လက်မခန့်ထုတ်ရသည်ဖြစ်သည်။ သို့သော် ယခုတော့ စစ်မှန်ခြင်းနယ်ပယ်သို့ တက်သွားသည်ဖြစ်ရာ သူ့ဓားဆန္ဒကလည်း အကြီးအကျယ် တိုးတက်သွား၏။ စုရှောင်ရှန် ဓားထုတ်လိုက်သော နှုန်းက မျက်စိတစ်မှိတ်အတွင်းပြီးသွားသည်။

ဖုန်မှုန့်များလေနှင့်အတူလွင့်ပါသွားပြီး လူတိုင်း ဓားစွမ်းအင်ကိုမြင်လိုက်ရသည့်အချိန် ၎င်းက မိုမို၏အရှေ့သို့ရောက်နေပြီဖြစ်သည်။

ချလပ်

စုရှောင်ရှန် မျက်ခုံးလှုပ်သွားသည်။ ၎င်းက ထိုအသံပဲဖြစ်သည်။

၎င်းက စစ်မှန်ခြင်းနယ်ပယ်ဓားဆန္ဒများအား မွှေနှောက်ပြီး သိပ်သည်းထားခြင်းဖြစ်သည်။ သို့သော်လည်း ၎င်းကို မိုမိုက လက်ဗလာဖြင့်ဖမ်းလိုက်၏။

မည်သို့ပင်ဆိုစေကာမူ ဓားစွမ်းအင်ကို သူမ လက်နှစ်ဖက်သုံးပြီး ဖမ်းလိုက်ရခြင်းဖြစ်သည်။ ထို့နောက် ၎င်းနောက်မှ အားကြောင့် လှုပ်ရှားရုန်းကန်နေရပြီး တဖြေးဖြေးနောက်သို့ ဆုတ်သွားသည်ကို မြင်မှ စိတ်သက်သာရာ ရသွား၏။

သို့သော် ဓား၏ ထိုးစစ်ကို သူမ နှေးကွေးသွားစေလေသည်။ ထို့နောက် နှေးကွေးသော်လည်း သက်ရောက်မှုရှိစွာ နှင်းဖြူရောင်ဓားစွမ်းအင်ကို ပျက်ပြယ်သွားစေတာ ၎င်း၏ တောက်ပမှုပင် မှေးမှိန်သွားရ၏။

“အဲ့ဒီ ချိတ်ပိတ်ခြင်းနည်းစနစ်က ကောင်းကင်ကို မလွန်ဆန်နေဘူးလား” စုရှောင်ရှန် တအံ့တအောဆိုလိုက်သည်။ သူမိုမို့ကို ပြန်တိုက်ခိုက်ခွင့် ပြုမည်မဟုတ်ချေ။

ဓားထုတ်ဓားကွက်

သူ့လက်လှုပ်ရှားသွားခြင်းနှင့်အတူ မရေမတွက်နိုင်သော ပုရိသတ်များ၏ အံ့အားသင့်မှုများအောက်၌ နောက်ထက် အဖြူရောင်ဓားစွမ်းအင်ကို မိုမို့ထံ ပစ်လွှတ်လိုက်သည်။ မိုမို၏ လက်များမှာ ဓားစွမ်းအင်တစ်ခုကို တားထားသည်ဖြစ်ရာ ဒုတိယဓားစွမ်းအင်ကိုမည်သို့ ခုခံပါတော့မည်နည်း။

စုရှောင်ရှန် အနိုင်က လက်တစ်ကမ်းအလို၌သာရှိကြောင်း တွေ့နေရသည်။ ပို၍သေချာအောင်လို့ စုရှောင်ရှန် တိတ်တခိုးနာကျင်ခြင်းကို ထပ်ကိုင်လိုက်၏။

“ဟ စုရှောင်ရှန်ရူးသွားပြီလား။ သူဘာလို့ မရပ်သေးတာလဲ”

စုရှောင်ရှန်အခြားလူများ မည်သို့ တွေးနေသည်ကို ဂရုမစိုက်ချေ။ ဒုတိယဓားချက်အပြီး တတိယဓားချက်အတွက် သူအဆင်သင့်ဖြစ်သွားသည်။

ချလပ်

ဓားထုတ်လိုက်သံက လေထဲ၌ ပဲ့တင်သံထပ်သွားသော်လည်း ဓားအလင်းတန်းက ထွက်မလာခဲ့ချေ။

စုရှောင်ရှန် ၏မျက်နှာ မဲမှောင်သွားသည်။ သူ့ဒန်ထျန်ကိုကြည့်လိုက်ရာ စိတ်ဝိညာဉ်စွမ်းအင်များ တစ်စက်မှ မရှိတော့သည်ကို တွေ့လိုက်ရတော့သည်။

“လခွမ်း။ ချကွာ” လက်သီးချီမြှောက်ပြီး ရှေ့သို့ ပြေးသွားလိုက်သည်။

ထိုစဉ်ပြိုင်ကွင်း၏ အခြားတစ်ဘက်၌…

စုရှောင်ရှန်၏ ပထမ ဓားချက်ကြောင့် မိုမို ပြိုင်ကွင်းအစွန်သို့ ရောက်သွားခဲ့လေသည်။ ထို့နောက် သူမခေါင်းကိုဖြတ်ဖို့ အရန်သင့် လိုက်လာသော ဒုတိယဓားစွမ်းအင်ကိုမြင်ရာ ပါးစပ်ကို ရုပ်ချည်းဖွင့်လိုက်ပြီး လေကို ပြင်းပြင်းစုပ်ယူလိုက်၏။

အသက်ပြင်းပြင်းရှိုက်လိုက်သံ*

သူမ ဒုတိယ ဓားစွမ်းအင်ကို မျိုချလိုက်တော့သည်။

ချလပ်

ထို့အတူ ရိုက်ချက်တစ်ခုနှင့် ပထမဓားစွမ်းအင်ကိုလည်း ပျက်ပြယ်သွားစေလိုက်သည်။

လူတိုင်းမယုံကြည်နိုင်စွာထရပ်လိုက်ကြသည်။ စုရှောင်ရှန်လည်း ဤသည်ကိုမြင်သော် ပြေးလာရာမှ ထခုန်ပြီး ရပ်လိုက်၏။ ထိတ်လန့်တုန်လှုပ်သွားပြီး လက်သီးချီမြှောက်ကာ ရှေ့ပြေးလာနေသော လူငယ်လေး နောက်သို့ ချက်ခြင်းလှည့်ကာ အမြှီးကုပ်ပြီး ထွက်ပြေးသွား၏။

‘ဘာကြီးလဲဟ’

‘အဲ့တာ လူတစ်ယောက်လုပ်နိုင်လို့လား’

‘သူ့မှာ စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်တောင်မရှိဘဲ ငါ့ ဓားဆန္ဒကို မျိုချပစ်လိုက်တယ်’

‘ဗိုက်ထဲမှာ အူကလီစာတွေ မပြတ်တောက်သွားဘူးလား’

မိုမို့ကိုကြည့်ရသည်မှာ ပြင်းထန်သော နာကျင်မှုကိုခံစားနေရသည်နှင့်တူသည်။ စုရှောင်ရှန်၏ တိုက်ကွက်ကို အတင်းချိတ်ပိတ်လိုက်ရခြင်းက သူမကိုလည်း ပြန်ထိသည့်ဟန်ရသည်။

စုရှောင်ရှန် ပြန်ဆုတ်နေရာ လမ်းတစ်၀က်လောက်၌ ရပ်တန့်သွားသည်။ ဤသည်က ဘာကိုဆိုလိုသလဲဆိုတာ သူသိသည်။

သူနောက်တစ်ကြိမ် မိုမို့ထံ ပြန်ပြေးသွားလိုက်လေသည်။

လူအုပ်ကြီး ပွဲကျသွား၏။

“ခု စုရှောင်ရှန်ရဲ့ ခေါင်းထဲမှာ အတွေးတွေ ရောက်ရက် ခက်နေမယ်ထင်တယ်နော်။ သူ့ကြည့်ရတာ ပြေးပဲချရမလား မချရဘူးလားဆိုတာ တွေဝေနေတဲ့ပုံပဲ”

“ဟားဟားဟား။ သူဘယ်လိုခံစားနေရသလဲဆိုတာ ငါနားလည်ပေးနိုင်တယ်…”

“ငါလည်း သူ့လို ကိုယ့်ပြိုင်ဘက်က ကိုယ့်ရဲ့ စစ်မှန်ခြင်းနယ်ပယ် ဓားဆန္ဒကိုမျိုချတာကို တွေ့လိုက်ရရင် ‌အကြောက်တရားတစ်ခုတည်းနဲ့ ပြိုင်ကွင်းပေါ်ကနေ ခုန်ဆင်းမိမှာ သေချာတယ်”

စုရှောင်ရှန် လက်သီးချီမြောက်ပြီးပြန်ပြေးလာသည့် အချိန်က အလွန်နောက်ကျသွားချေပြီ။

မိုမိုက သူမ၏ နာကျင်မှုမှ ပြန်သက်သာလာပြီဖြစ်သည်။ သူမ မျိုချလိုက်သော ဓားဆန္ဒကို ခေါင်းထဲထည့်မနေတော့ဘဲ ချက်ခြင်း လက်ကွက်အဆက်လိုက်ကို ချောချောမွေ့မွေ့လုပ်လိုက်သည်။

စုရှောင်ရှန် ဤမြင်ကွင်းကြောင့် မျက်ခုံးများ အပြင်းအထန် လှုပ်သွားသည်။ နောက်‌ဆုံးအကြိမ် ဤသို့ဖြစ်ခြင်းက ကျောက်ချင်းထန်၏ သဏ္ဌာန်မဲ့အေးခဲခြင်းကြောင့် ဇကာပေါက်ဖြစ်သွားရသည့် အချိန်ဖြစ်သည်။

ယခုလည်း…

စုရှောင်ရှန်ချက်ခြင်း လျှပ်ပြက်သည့်အလား ရှေ့သို့ ပြေးသွားလိုက်ပြီး ထိုးချလိုက်သည်။ သူတို့ နှစ်ဦး အကြား၌ တစ်လက်မလောက်သာ ကွာဝေးချေတော့သည်။

မိုမိုသူမနှင့် တစ်လက်မလောက်သာ ကွာဝေးတော့သော ထိလုစဲစဲ မျက်နှာကိုကြည့်လိုက်ပြီး ချက်ခြင်း မျက်နှာလွှဲလိုက်ရာ သူတို့အကြား နှစ်လက်မ ကွာသွား၏။ ထို့နောက် လက်ဝါးနှစ်ဖက်ကို ပူးကပ်ပြီး ဆန့်ထုတ်လိုက်တော့သည်။

“ကမ္ဘာချိတ်ပိတ်ခြင်း စည်းနှောင်မှု”

ခြေတစ်လှမ်းတည်းဖြင့် ဘယ်သူသေမယ် ဘယ်သူရှင်မယ် ကိုအဆုံးအဖြတ်ပေးနိုင်သည့် အကွာအဝေးအတွင်း သူရှိနေခြင်းဖြစ်သည်ကိုသိသည်။ ထို့ပြင် ဆော်ပလော်တီးခံရတော့မည်ကိုလည်း သိသည်။

သူမှန် ပေ၏။

ဘုန်း ဘုန်း ဘုန်း

လေထဲ၌ မိုးခြိမ်းသံအလားအသံများထွက်ပေါ်လာပြီး ကောင်ကင်နှင့် မြေပြင်တို့ နှစ်ခြမ်းကွဲသွားကြ၏။ ထို့နောက် အနက်ရောင် တွင်းနက်ကြီးများပေါ်လာပြီး ၎င်းထဲမှ လူခေါင်းတစ်လုံးစာလောက်ကြီးသည့် သံကြိုးများထွက်လာပြီး စုရှောင်ရှန်ကို ရစ်ပတ်ကာ ခြေလက်များကို စည်းနှောင်လိုက်တော့သည်။

ဘန်း

အားပြင်းပြင်းဆွဲဆောင့်ချက်နှင့်အတူ သံကြိုးများ တင်းတင်းဆွဲသွားပြီး စုရှောင်ရှန် သူ့ခြေလက်အင်္ဂါများပြုတ်ထွက်မတတ်ခံစားလိုက်ရသည်။ အကယ်၍ သူ့တွင် စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်မရှိနေပါက လူကောင်းပကတိကနေ အပိုင်းပိုင်းဖြစ်သွားနိုင်လောက်သည်။ သို့ဆိုပါက သူ၏ ပြတ်ထွက်သွားသောခန္ဓာကိုယ်မှ သွေးများ အဆက်မပြတ်ထွက်လာနေခဲ့မည်ဖြစ်၏…

ထိုသို့ တွေးမိပြီး စုရှောင်ရှန် ထိတ်လန့်တုန်လှုပ်သွားသည်။ သူခေါင်းကိုလှည့်ကြည့်လိုက်ရာ သူ့ကို လေထဲတွင် ကောင်းကင်မှ သံနှစ်ကြိုး မြေပြင်မှ သံနှစ်ကြိုးဖြင့် တင်းတင်းဆွဲထားသည်ကိုတွေ့လိုက်ရ၏။ စဉ်းနှီတုန်းပေါ်၌ လည်စင်းခံလိုက်ရချေပြီ။

ဒါဘယ်လို ဝိဇ္ဇာပညာရပ်ကြီးလဲဟ။

စုရှောင်ရှန် မျက်ရည်ဝဲသွားသည်။ စစ်မှန်ခြင်းနယ်ပယ် စိတ်ဝိညာဉ်နည်းစနစ်များ ဤမျှ အစွမ်းထက်ပါသည်လော။

၎င်းက ခြောက်ခြာစရာကောင်းလှသည်။

ရှောင်ချိစွေ မျက်မှောင်ကုပ်လိုက်သည်။ ဤသို့သော စိတ်ဝိညာဉ်နည်းစနစ်မျိုးကို သူယခင်က မတွေ့ဖူးပါချေ။ ၎င်းက စိတ်ဝိညာဉ်စာကြည့်တိုက်ဌာနမှ မဟုတ်ဟန်ရသည်။

မိုမိုကံကောင်းပြီး ၎င်းကို တစ်နေရာရာမှ ရခဲ့ခြင်းပင်ဖြစ်ရမည်။

ပွဲကြည့်ရှူသူများအနက်ရှိ ကျန်းရှင်းရှုံ၏ အမူအရာ လေးနက်နေသည်။ ဤကမ္ဘာချိတ်ပတ်ခြင်း စည်းနှောင်မှုက သူ့ကို အငိုက်ဖမ်းသွားလေသည်။ “ဒါက အနည်းဆုံးတော့ အရှင်သခင်နယ်ပယ်စိတ်ဝိညာဉ်နည်းစနစ်ဖြစ်ရမယ်…”

“မိုမိုက ဘယ်သူလဲ။ သူဘယ်ကလာတာလဲ”

လျှိုကျန်းကြက်သေသေသွားသည်။ အရှင်သခင်အဆင့်ပေလော။

အရှင်သခင်စိတ်ဝိညာဉ်နည်းစနစ်က အလွန်ရှားပါးသည့် မျိုးစိတ်ဖြစ်ကာ အတွင်းစည်း၌ပင် ကြုံတောင့်ကြုံခဲမှ မြင်ရသည်။

လေထဲ၌ တန်းလန်းကြီးဖြစ်နေသော စုရှောင်ရှန် လွတ်မြောက်စေရန် ရုန်းလိုက်သည်။ သူ့တစ်ကိုယ်လုံး၌ ချွန်ထက်ခြင်းအလင်းများကို စုစည်းလိုက်သော်လည်း သံကြိုးတစ်ချောင်းကိုမှ မချိုးဖျက်နိုင်ပါချေ။

‘ငါတော့ သွားပြီ…’

‘အဓိပ္ပာယ်ကိုမရှိဘူး။ ငါ့စစ်မှန်ခြင်းအဆင့်ချွန်ထက်ခြင်းအလင်းနဲ့တောင် ဒါကို မဖျက်နိုင်ဘူး”

လေထဲ၌ တန်းလန်းကြီး ချိတ်ဆွဲထားခံရတာ လေတိုက်သော် အလွန်အေးသည်ဟု စုရှောင်ရှန်ခံစားလိုက်ရသည်။ ၎င်းက အလွန့် အလွန် အေးနေခဲ့ခြင်းဖြစ်၏။

မိုမို သူမ၏ လက်ကွက်များကို စတင် ဆက်လက် ပြောင်းလိုက်သည်။

‘နေဦး မလုပ်နဲ့လေ’ စုရှောင်ရှန် စိတ်ထဲမှ အော်ဟစ်လိုက်ပြီး ရုတ်တရက် အပေါ့သွားချင်သည်ဟု ခံစားလိုက်ရ၏။

တစ်ယောက်ယောက် ငါ့ကို ကယ်ကြပါ…

Comment

Leave a Reply

Options

not work with dark mode
Reset