ကြည်ပြာရောင်ကောင်းကင်ကြီးမှာ နက်မှောင်လာပြီ ဖြစ်သောကြောင့် မရေမတွက်နိုင်လောက်အောင် များပြားသော ကြယ်များဖြင့် ပြည့်နှက်နေပြီး ကမ္ဘာကြီးတစ်ခုလုံးကို လွှမ်းခြုံထားသည့် အဆုံးအစမရှိလောက်အောင် ကြီးမားကျယ်ပြန့်သော ခြုံလွှာကြီးတစ်ထည်နှင့် တူနေ၏။
ထိုညကောင်းကင်ယံ၏ အောက်တွင် သင်္ဘောပျံကြီးတစ်စင်း ပျံသန်းနေ၏။ ၎င်း၏ အကာအကွယ်ဒိုင်းကာဆီမှ ခပ်မှိန်မှိန် အလင်းရောင်တစ်ခုကို ထုတ်လွှတ်နေသောကြောင့် သင်္ဘောပျံကြီးမှာ မှိတ်တုတ်မှိတ်တုတ်ဖြစ်ကာ တုန်ခါနေသည့်အလား ဖြစ်နေ၏။
ယခုတွင် ထိုသင်္ဘောပျံကြီးပေါ်၌ ဝမ်ပေါင်လဲ့နှင့် သူဖမ်းဆီးခဲ့သော ဝတ်ရုံနက်လူကြီးတို့အပြင် အခြားသူများစွာလည်း ရှိနေပြီ ဖြစ်သည်။ သူတို့အားလုံးမှာ ဝမ်ပေါင်လဲ့နှင့်အတူ ခရီးသွားခဲ့ကြသည့် ခရီးသွားဧည့်သည်များ ဖြစ်ကြသည်။
ကောင်းကင်မြို့တော်သို့ သွားမည့် သင်္ဘောပျံကြီးမှာ စီးနင်းတိုက်ခိုက်ခံခဲ့ရသဖြင့် ရပ်တန့်သွားခဲ့သောကြောင့် ထိုသင်္ဘောပျံကြီးပေါ်မှ ခရီးသည်အားလုံးမှာ ထိုအပေါ်တွင် ပိတ်မိနေခဲ့ကြခြင်း ဖြစ်သည်။ ထို့အပြင် သင်္ဘောပျံကြီးကို ဆက်သွယ်နိုင်သော နည်းလမ်းအားလုံးမှာလည်း ပြတ်တောက်သွားခဲ့ရသည်။ ဝမ်ပေါင်လဲ့ ပြန်ရောက်လာသောအခါမှသာ ထိုခရီးသည်များမှာ မောင်းနှင်နိုင်သော သင်္ဘောပျံကြီးပေါ်သို့ ပြောင်းရွှေ့လာကြခြင်း ဖြစ်သည်။
ထိုသင်္ဘောပျံကြီးပေါ်ရှိ လူများအားလုံး ဝမ်ပေါင်လဲ့၏ သူရဲကောင်းဆန်ဆန် ပြန်လည်ရောက်ရှိလာမှုကို အထင်ကြီး အံ့သြနေကြသည်။ ဖွံ့ထွားသွေးကြောအဆင့် သိုင်းသမားများစွာ၏ ပစ်မှတ်အဖြစ် သတ်မှတ်ခံခဲ့ရသော လူတစ်ယောက်က သာမန်မဟုတ်နိုင်ကြောင်း သူတို့ နားလည်ထားကြသည်။ ထို့အပြင် သူသည် လိုက်လံဖမ်းဆီးခံခဲ့ရသည့် အချိန်က မယုံကြည်နိုင်လောက်အောင် သင်္ဘောပျံကြီးပေါ်မှ တစ်ယောက်တည်း ခုန်ချသွားခဲ့သည်ဖြစ်ပြီး နောက်ဆုံးတွင် အောင်မြင်ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာခဲ့သည် မဟုတ်ပါလော။ ယခုတွင် သူ၏ ခန္ဓာကိုယ်တစ်လုံးခုတွင် သွေးညှီနံ့များနှင့် တိုက်ပွဲ၏ အငွေ့အသက်များ စွဲနေပြီဖြစ်သည်။
ဝမ်ပေါင်လဲ့ဆီမှ ထွက်ပေါ်နေသော သွေးညှီနံ့များနှင့် သူ ဖမ်းဆီးလာခဲ့သည့် ဝတ်ရုံနက် သက်လတ်ပိုင်းလူကြီး၏ သေခါနီးဆဲဆဲ ဖြစ်နေသော ပုံပန်းသွင်ပြင်များကြောင့် သင်္ဘောပျံကြီးပေါ်ရှိ လူတိုင်းမှာ ရင်တမမ ဖြစ်နေကြ၏။ သူတို့မှာ ဝမ်ပေါင်လဲ့အားကြည့်ရင်း အလွန် ရိုသေလေးစားသွားကြပြီး သူ့အား မေးခွန်းများ မမေးမြန်းရဲတော့သလို ရန်လည်း မစရဲကြတော့ပေ။
ဝမ်ပေါင်လဲ့မှာမူ သူတို့အားလုံး၏ အမူအရာများကို ဂရုစိုက်ခြင်း မရှိပေ။ ယခုတွင် သူသည် သွေးများစိုရွှဲနေသည့် ကျောင်းသားခေါင်းဆောင် တာအိုဝတ်ရုံတစ်ထည်ကို ဆင်မြန်းထားသည်ဖြစ်ပြီး သင်္ဘောပျံကြီး၏ သီးသန့်အခန်းတစ်ခန်းထဲတွင်ထိုင်၍ ပြတင်းပေါက်အပြင်ဘက်ရှိ မိုးသစ်တောရှိရာဘက်သို့ အချိန်အတော်အတန်ကြာအောင် စိုက်ကြည့်နေသည်။
နှစ်ရက်တိတိ ကုန်ဆုံးသွားပါသော်လည်း သူ တိုက်ပွဲထဲတွင် သတ်ဖြတ်ခဲ့သည့် မြင်ကွင်းများနှင့် တောင်ထိပ်ငါးခုတွင် မြင်ခဲ့ရသည့်ပုံရိပ်များမှာ သူ့အား အိပ်မက်ဆိုးကြီးတစ်ခုကဲ့သို့ ခြောက်လှန့်နေဆဲပင်။
” သူ့မျက်နှာဖုံးနဲ့ သူ့လက်ထဲက ဓား ”
ဝမ်ပေါင်လဲ့မှာ တိုးတိုးလေး ရေရွတ်ရင်း နက်မှောင်နေပြီဖြစ်သော ကောင်းကင်ယံကြီးကို မော့ကြည့်နေ၏။
” အဲဒီဓားက တကယ်ပဲ နေမင်းကြီးကို ထိုးဖောက်သွားခဲ့တဲ့ ရှေးဟောင်း အာကာသဓားကြီးလား။ အရွယ်အစားကတော့ မတူဘူး … ”
ဝမ်ပေါင်လဲ့မှာ သက်ပြင်းအရှည်ကြီး ချလိုက်ပြီး ထိုသံသယစိတ်များကို မေ့ထားလိုက်တော့သည်။ ထို့နောက် သူသည် သူတစ်ယောက်တည်းသာ အသက်ရှင်လျက် ကျော်ဖြတ်နိုင်ခဲ့သော သူ့အား လိုက်လံဖမ်းဆီးခဲ့သည့် ကိစ္စရပ်ကြီးကို ပြန်လည်တွေးတောမိသွားသောအခါ သူ၏ မျက်လုံးများထဲတွင် အေးစက်မှုများ ပြည့် ပြည့်နှက်သွားသည်။
” လင်းတျန်ဟောက် ”
ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးကာ တွေးလိုက်၏။ ထိုဖြစ်ရပ်ကြီး တစ်ခုလုံးကြောင့် သူသည် စိတ်မသက်မသာ ဖြစ်နေရုံသာမက သူ့မိသားစု၏ ဘေးကင်းလုံခြုံရေးကိုပါ စိုးရိမ်နေရတော့သည်။ အမှန်တွင် သူသည် လွန်ခဲ့သောနှစ်ရက်ခန့်က မိုးသစ်တောထဲမှ ထွက်ခွာလာခဲ့ပြီးနောက် သူ၏မိဘများကို ချက်ချင်းပင် ဆက်သွယ်ခဲ့သည်။ သူတို့ ဘေးကင်းစွာရှိနေသည်ကို သိလိုက်ရသောအခါမှသာ သူသည် စိတ်အေးသွားရပြီး သက်ပြင်းအရှည်ကြီး ချနိုင်ခဲ့၏။ ထို့နောက် သူ၏အမူအရာမှာ ပို၍ပင် သုန်မှုန်သွား၏။
” ဓမ္မလက်နက်ဌာနရဲ့ တစ်ဦးတည်းသော ကျောင်းသားခေါင်းဆောင်ဆိုတဲ့ ရာထူးလေးတစ်ခုပဲ ပိုင်ဆိုင်ထားတောင် ငါ့ကို သတ်ဖြတ်ဖို့ ပစ်မှတ်တွေ ထားနေကြပြီပဲ။ တကယ်လို့ သူတို့သာ ငါ့မိသားစုဝင်တွေဘက် လှည့်သွားမယ်ဆိုရင်…. ”
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောရင်း အသားများတုန်ရီသွားပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်တော့သည်။
” ဒီကိစ္စကို နောက်ကွယ်ကနေ ကြိုးကိုင်တဲ့သူက လင်းတျန်ဟောက်ပဲဆိုတာ ငါ ခုနစ်ဆယ်ရာခိုင်နှုန်းအထိ သေချာတယ် ”
” သူ့ရဲ့အဖေက ထင်ပေါ်ကျော်ကြားတဲ့ လူတစ်ယောက်ပဲ။ အဲဒီတော့ သူ့ရဲ့အဖေက ဘယ်သူလဲဆိုတာကို အရင်ဆုံးသိအောင် ငါ လုပ်ရမယ် ”
” သူ့အဖေရဲ့ ရာထူးအဆင့်အတန်းက ရိုးရိုးတန်းတန်းတော့ မဖြစ်နိုင်ဘူး။ အဲဒီလိုမှ မဟုတ်ရင် ဒုပါမောက္ခက သူ့ရဲ့ မာနကို ချိုးနှိမ်ပြီးတော့ အဲဒီလူကြီးရဲ့ သားနဲ့ သွားပြီး ပတ်သက်နေမှာ မဟုတ်ဘူး။ ဒီပုံစံအတိုင်းဆို ငါ ချက်ချင်း လက်တုံ့ပြန်နိုင်ဖို့က မဖြစ်နိုင်လောက်သေးဘူး “
ဝမ်ပေါင်လဲ့မှာ မျက်လုံးများကိုမှိတ်လိုက်ပြီး သူ၏ လက်ရှိအခြေအနေနှင့် ဤကိစ္စကို အမြန်ဆုံး ဖြေရှင်းနိုင်မည့် နည်းလမ်းများအား လေးလေးနက်နက် စဉ်းစားတွေးတောနေလိုက်တော့သည်။
အချိန်များကုန်ဆုံးသွားပြီး နောက်ရက်များတွင် သင်္ဘောပျံကြီးမှာ အပျက်အဆီး ကြီးကြီးမားမားနှင့် မကြုံခဲ့ရပေ။ အကာအကွယ်ဒိုင်းကာကြီးကြောင့် ရက်စက်ကြမ်းကြုတ်သော သတ္တဝါကြီးများ၏ တိုက်ခိုက်မှုများကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့သည်။ သင်္ဘောပျံကြီးပေါ်မှ ခရီးသည်များမှာမူ ဝမ်ပေါင်လဲ့အား မြင်လိုက်ရသည့်အချိန်တိုင်း အထင်ကြီးလေးစားသွားကြသည် ဖြစ်ပါသော်လည်း သူတို့၏ စိုးရိမ်စိတ်များမှာ အစောပိုင်းနေ့ရက်များကထက် သိသိသာသာ လျော့ကျသွားပြီဖြစ်သည်။
နောက်ဆုံးတွင် ဝမ်ပေါင်လဲ့၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသော သင်္ဘောပျံကြီးမှာ ကောင်းကင်မြို့တော်ဆီသို့ ပျံသန်းမသွားဘဲ ကောင်းကင်တာအိုကျောင်း၏ အဆင့်နိမ့်ကျွန်းထဲသို့ တိုက်ရိုက်ဆင်းသက်သွား၏။
သင်္ဘောပျံကြီးပေါ်မှ လူများမှာလည်း ထိုကဲ့သို့ ဆင်းသက်ရန် ရွေးချယ်ခဲ့သည့် နေရာနှင့်ပတ်သက်၍ စောဒက တက်မနေကြပေ။ သူတို့အားလုံးမှာ ဝမ်ပေါင်လဲ့အား အရိုအသေပေးကာ ကျေးဇူးတင်စကားများဆို၍ နှုတ်ဆက်လိုက်ကြပြီးနောက် ကောင်းကင်မြို့တော်ဆီသို့ အလျင်အမြန် ထွက်ခွာသွားကြတော့သည်။
ဝမ်ပေါင်လဲ့မှာ အခြားခရီးသည်များကို နှုတ်ဆက်စကား ဆိုလိုက်ပြီးနောက် တာအိုကျောင်းကြီးအား လှည့်ကြည့်လိုက်သည်။ ထို့နောက် သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး ဝတ်ရုံနက် သက်လတ်ပိုင်းလူကြီးကိုခေါ်ကာ ပါမောက္ခတောင်ထိပ်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်တော့သည်။
စာသင်နှစ် မစတင်သေးသောကြောင့် ကျောင်းဝန်းထဲတွင် ကျောင်းသားအနည်းငယ်သာ ရှိနေ၏။ သို့သော် ဝမ်ပေါင်လဲ့မှာ အဆင့်နိမ့်ကျွန်းတွင် အလွန် နာမည်ကျော်ကြားသည်ဖြစ်ရာ ကျောင်းတွင် ရှိနေကြသည့် ကျောင်းသားအနည်းငယ်မှာ ဝမ်ပေါင်လဲ့အား ချက်ချင်းပင် သတိထားမိသွားကြသည်။ သူတို့မှာ သူ၏ သွေးများပေကျံနေသော အင်္ကျီကို မြင်လိုက်ရသောအခါ မယုံနိုင်လောက်အောင် ဖြစ်နေသည့် အမူအရာများနှင့် စိုက်ကြည့်နေကြပြီး တုန်လှုပ်ချောက်ချားသွားကြ၏။
” အဲဒါ ဝမ်ပေါင်လဲ့လား ”
” ဘာကိစ္စတွေများ ဖြစ်ပျက်ခဲ့တာတုန်း။ သူ့တစ်ကိုယ်လုံးလည်း သွေးတွေနဲ့ချည်းပဲ။ ပြီးတော့ သူ့ခန္ဓာကိုယ်ပေါ်မှာလည်း ဒဏ်ရာတွေအများကြီး ရထားတဲ့ပုံပဲ ”
သူတို့အားလုံး တုန်လှုပ်ချောက်ချားနေကြစဉ် ဝမ်ပေါင်လဲ့မှာ ခံစားချက်ကင်းမဲ့သော အမူအရာဖြင့်သာ ရှေ့သို့ ဆက်၍ လျှောက်လှမ်းသွားသည်။ သူသည် ထိုကဲ့သို့သော တုံ့ပြန်မှုများကို လိုချင်သောကြောင့် ယခုလို ဝတ်စားထားခြင်း မဟုတ်ပေ။ သူ့တွင် အခြားဝတ်စရာ ဝတ်ရုံများ ရှိမနေတော့သောကြောင့်သာ ဖြစ်သည်။ ယခုတွင်မူ သူသည် ဖြူဖပ်ဖြူရော်ဖြစ်နေသော ဝတ်ရုံနက် သက်လတ်ပိုင်းလူကြီးကို ဒရွတ်တိုက် ဆွဲခေါ်သွား၏။ တခြားကျောင်းသားများမှာ သူ ပြန်လည်ရောက်ရှိလာသည့် သတင်းကို မဖြန့်နိုင်ခင်မှာပင် သူသည် ပါမောက္ခတောင်ထိပ်ဆီသို့ ရောက်သွားပြီဖြစ်သည်။
ပါမောက္ခတောင်ထိပ်ရှိ အစေခံများ၏ အံ့ဩတုန်လှုပ်နေကြသော အကြည့်များ၏အောက်တွင် ဝမ်ပေါင်လဲ့မှာ အဓိကခန်းမကြီး၏ ရှေ့တည့်တည့်တွင်ရပ်ကာ ညာလက်သီးပေါ် ဘယ်လက်ဖဝါးတင်၍ လေသံကျယ်ကျယ်ဖြင့် တောင်းဆိုလိုက်သည်။
” သေခါနီးဆဲဆဲ အခြေအနေကနေ ပြန်လာနိုင်ခဲ့တဲ့ တပည့်ဝမ်ပေါင်လဲ့ ပါမောက္ခကြီးကို တွေ့ခွင့်တောင်းပါတယ် ”
သူ၏ အသံမှာ ကျယ်လောင်ပြီး ပင်မခန်းမတစ်ခွင် ပျံ့နှံ့သွားသည်။ ဝမ်ပေါင်လဲ့က ထိုသို့အော်ပြောလိုက်သောအခါ ခန်းမကြီး၏ အရှေ့ဘက်တွင် တရားထိုင်နေသည့် ပါမောက္ခကြီးမှာ မျက်လုံးများပွင့်လာ၏။ သူသည် ဝမ်ပေါင်လဲ့၏ စကားများကို ရှင်းလင်းပြတ်သားစွာ ကြားလိုက်ရသောကြောင့် သူ၏ အကြည့်များမှာ အေးစက်သွားပြီး သူသည် ညာလက်ကိုမြှောက်ကာ အားပါပါနှင့် ဝှေ့ယမ်းလိုက်၏။
ထိုအခါ ပင်မခန်းမကြီး၏ တံခါးပေါက်မှာ ချက်ချင်းပင် ဖြည်းညင်းစွာ ပွင့်သွား၏။ ထိုတံခါးပေါက်ကြီး ပွင့်သွားသောအခါ နေရောင်ခြည် အလင်းတန်းများမှာ ခန်းမထဲသို့ ဖြာကျလာသောကြောင့် ဝမ်ပေါင်လဲ့၏ သွေးများပေကျံနေသော ခန္ဓာကိုယ်ကြီးကို ပါမောက္ခကြီးက မြင်လိုက်ရတော့သည်။
ပါမောက္ခကြီးမှာ ဝမ်ပေါင်လဲ့ကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် သူ၏ အမူအရာများမှာ ပြောင်းလဲသွားပြီ ချက်ချင်းပင် မတ်တတ်ထလာ၏။
” ဘာဖြစ်တာလဲ ”
ဝမ်ပေါင်လဲ့မှာ ပင်မခန်းမ၏ အပြင်ဘက်တွင်ရပ်ကာ ပါမောက္ခကြီးအား ကြည့်နေ၏။ အချိန်အတော်အတန်ကြာပြီးနောက် သူသည် မျက်လုံးများ မှိတ်သွားသည်။ ထို့နောက် သူသည် မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး ပင်မခန်းမထဲသို့ဝင်ကာ ဝတ်ရုံနက် သက်လတ်ပိုင်းလူကြီးကို ဘေးသို့ ပစ်ချ၍ သူ၏ အသံလွှင့်လက်စွပ်ကို ထုတ်ယူလိုက်သည်။ ထို့နောက် သူသည် တာအိုကျောင်းမှ သူ့အား ချက်ချင်းပင် ကျောင်းသို့ပြန်လာရန် အမိန့်ပေးခဲ့သည့် ဆင့်ခေါ်စာကို ဖွင့်ပြလိုက်သည်။
ဝမ်ပေါင်လဲ့၏ အသံလွှင့်လက်စွပ်ထဲရှိ ဆင့်ခေါ်စာကို ကြားလိုက်ရသောအခါ ပါမောက္ခကြီး၏ အမူအရာမှာ တည်ကြည်သွား၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့ ဘေးသို့ပစ်ချလိုက်သော ဝတ်ရုံနက် လူကြီးကိုကြည့်ကာ သူ့ဆီသို့ တည့်မတ်စွာ လျှောက်လှမ်းလာ၏။
” ကျနော်…. ”
ဝတ်ရုံနက် သက်လတ်ပိုင်းလူကြီးမှာ အပြင်းအထန် တုန်ရီနေ၏။ သူသည် ခွင့်လွှတ်ပေးရန် တောင်းပန်ချင်ပါသော်လည်း သူ စကားတစ်ခွန်းမှ မပြောနိုင်ခင် ဒေါသအမျက်ချောင်းချောင်း ထွက်နေသောကြောင့် သုန်မှုန်နေသည့် ပါမောက္ခကြီးမှာ သူ၏ ဦးခေါင်းကို လက်ဝါးဖြင့် တင်းကြပ်စွာ ဖိလိုက်၏။
သူသည် သူ့အား သတ်လိုက်ခြင်း မဟုတ်ဘဲ ဝမ်ပေါင်လဲ့ နားမလည်သော နည်းလမ်းတစ်ခုကို အသုံးပြုကာ ထိုဝတ်ရုံနက် လူကြီး၏ အသိစိတ်ကို နှောင့်ယှက်လိုက်ခြင်း ဖြစ်သည်။ ပါမောက္ခကြီး၏ လက်စွပ်မှာ ဝင်းလက်တောက်ပသွားပြီး ချွန်ထက်သော အပ်ချောင်းတစ်ချောင်းအသွင် ပြောင်းလဲသွားကာ ထိုလူကြီး၏ ဦးခေါင်းထဲသို့ စိုက်ဝင်သွားသည်။ ထိုအခါ ထိုလူကြီးမှာ တစ်ကိုယ်လုံး တုန်ရီသွားပြီး သူ၏ မှတ်ဉာဏ်များမှာ ပါမောက္ခကြီး၏ လျှို့ဝှက်ဆန်းကြယ်ရတနာ၏ အတင်းအဓမ္မ လှန်လှောရှာဖွေခြင်းကို ခံလိုက်ရသည်။
ဝမ်ပေါင်လဲ့မှာမူ အသက်ပြင်းပြင်းရှူကာ ထိုမြင်ကွင်းကို စိုက်ကြည့်နေ၏။ သူသည် စကားတစ်ခွန်းတလေပင် မပြောဘဲ တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ကြည့်နေ၏။
သိပ်မကြာခင် ပါမောက္ခကြီးမှာ သူ၏ လက်ဝါးနှင့် အပ်ချောင်းတို့ကို ပြန်၍ရုပ်သိမ်းလိုက်သောအခါ ထိုသက်လတ်ပိုင်းလူကြီးမှာ ဆတ်ခနဲတုန်ရီသွားကာ ချက်ချင်းပင် မြေကြီးပေါ်သို့ လဲကျသွား၏။ ထို့နောက် သူ၏ပါးစပ်ထဲမှ အဖြူရောင်အမြှုပ်များ ထွက်လာပြီး သူ၏တစ်ကိုယ်လုံးမှာလည်း ထိန်းမနိုင်သိမ်းမရ တုန်ခါနေတော့သည်။
သူ၏ပုံစံမှာ သနားစရာကောင်းကာ စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်နေပါသော်လည်း ပါမောက္ခကြီးမှာ အနည်းငယ်မျှပင် ဂရုမစိုက်ပေ။ ထိုအချိန်တွင် ကောင်းကင်တာအိုကျောင်းရှိ အဆင့်နိမ့်ကျွန်း၏ ပါမောက္ခကြီးမှာ သူ၏ ခံစားချက်များကို အတင်းအကြပ် ချုပ်တည်းထားသည့်ပုံ ပေါက်နေပါသော်လည်း သူ၏ မျက်ဝန်းများထဲတွင် ပြည့်နှက်နေသည့် အမျက်ဒေါသများကိုမူ ဖုံးကွယ်နိုင်စွမ်း မရှိတော့ပေ။
” ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေအားလုံးအတွက် ငါ မင်းကို သေသေချာချာ ပြန်ရှင်းပြမယ် ”
ပါမောက္ခကြီးက ကတိပေးလိုက်၏။
” ကျေးဇူးတင်ပါတယ် ပါမောက္ခကြီး ”
၎င်းမှာ ဝမ်ပေါင်လဲ့ ပါမောက္ခကြီးကို ပြောခဲ့သည့် ဒုတိယမြောက် စကားတစ်ခွန်းသာ ဖြစ်သည်။ သူသည် ထိုသို့ဆိုလိုက်ပြီးနောက် လက်နှစ်ဖက်ဆုပ်၍ နောက်ထပ်တစ်ကြိမ် အရိုအသေပေးလိုက်ပြီး နောက်သို့လှည့်ကာ ထွက်ခွာသွားသည်။
သူ ထွက်ခွာသွားပြီးသည့်တိုင်အောင် ပါမောက္ခကြီး၏ အမူအရာမှာ အရုပ်ဆိုးနေဆဲပင်။ ထို့ကြောင့် သူသည် သက်ပြင်းအရှည်ကြီးတစ်ခု ချလိုက်၏။
” ဒီကိစ္စရဲ့ အမှန်တရားကို ရှာဖွေဖော်ထုတ်လိုက်စမ်း ” ပါမောက္ခကြီးက အမိန့်ပေးလိုက်သည်။
သူ စကားဆုံးသွားသည်နှင့် တစ်ပြိုင်နက် သူ၏နောက်မှနေ၍ အသံဝင်နေသည့် အဘိုးကြီးတစ်ယောက်၏ စကားသံတစ်သံ ထွက်ပေါ်လာသည်။
” ဟုတ်ကဲ့ပါဆရာ ”
ဝမ်ပေါင်လဲ့မှာ နတ်ဝိဇ္ဇာဂူသို့ ပြန်ရောက်သွားပြီးနောက် အပြင်သို့ ပြန်၍ မထွက်ခဲ့ပေ။ သူသည် ထိုကိစ္စ၏ ဖြေရှင်းချက်ကို စောင့်ဆိုင်းနေ၏။ သူသည် ကောင်းကင်တာအိုကျောင်းထဲရှိ သူ၏ ရာထူးအဆင့်အတန်းအကြောင်းကို နားလည်ထားသည်ဖြစ်ပြီး ဤကိစ္စမှာ ကောင်းကင်တာအိုကျောင်းအတွက် သေးဖွဲသိမ်နုပ်သော ကိစ္စတစ်ခုမဟုတ်ကြောင်းကိုလည်း သိထားသည်။ ထို့အပြင် သူသည် လင်းတျန်ဟောက်၏ နောက်ခံအင်အားအကြောင်းကိုလည်း ပို၍ပင် ရှင်းရှင်းလင်းလင်း နားလည်ထားပြီးဖြစ်သည်။ သူသည် အသေးစိတ် အချက်အလက်များကို မသိသေးပါသော်လည်း လင်းတျန်ဟောက်၏ နောက်ခံအင်အားမှ ဤကိစ္စအပေါ် လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းကို သူက ထောက်ပြပေးနိုင်မည် မဟုတ်ပေ။
ထိုသို့ စောင့်ဆိုင်းနေရင်း နှစ်ရက်တိတိ ကုန်ဆုံးသွားသည်။ ပါမောက္ခတောင်ထိပ်ပေါ်တွင် ပါမောက္ခကြီးမှာ တောင်ထိပ်တွင်ရပ်ရင်း ညကောင်းကင်ယံထဲရှိ ထိန်ထိန်သာနေသော လမင်းကြီးကို မော့ကြည့်ကာ သူ၏နောက်မှ ပေါ်ထွက်လာနေသော အက်ကွဲနေသော စကားသံကို နားထောင်နေ၏။
” ပါမောက္ခကြီး။ ဒီကိစ္စကို သေသေချာချာ စုံစမ်းစစ်ဆေးပြီးပါပြီ။ ကျနော် မိုးသစ်တောဆီကိုတောင် သွားခဲ့တာပါ။ အဲဒီ အခင်းဖြစ်ပွားရာနေရာမှာ ရှာဖွေရင်းနဲ့ တွေ့ရှိခဲ့ရတဲ့ ရုပ်အလောင်းတွေကို လေ့လာပြီးတဲ့နောက်မှာ စုစုပေါင်း လူနှစ်ဆယ့်ခုနစ်ယောက်ကို ကြေးစားတွေအဖြစ်နဲ့ ငှားခဲ့ပြီးတော့ ဝေဟင်ဓားပြတွေအဖြစ် ဟန်ဆောင်ခိုင်းခဲ့တယ်ဆိုတာ သိခဲ့ရပါတယ်။ အဲဒီအဖွဲ့ထဲမှာ ဖွံ့ထွားသွေးကြော နောက်ဆုံးအဆင့်မှာရှိနေတဲ့ သိုင်းသမား နှစ်ယောက်ပါတဲ့အပြင် အာနာပါနအဆင့်ရောက်ဖို့ ခြေလှမ်းဝက်ပဲ လိုတော့တဲ့ လူတစ်ယောက်လည်း ပါပါသေးတယ်။ ထွက်ပြေးလွတ်မြောက်သွားခဲ့တဲ့ သင်္ဘောပျံကြီးကိုလည်း ရှာတွေ့ခဲ့ပေမယ့် စိတ်မကောင်းစွာနဲ့ပဲ အဲ့သင်္ဘောပျံကြီးကလည်း ဖျက်ဆီးခံခဲ့ရတာပါ ”
ပါမောက္ခကြီးမှာ ဝတ်ရုံနက် လူကြီး၏ မှတ်ဉာဏ်ထဲမှနေ၍ ထိုအကြောင်းများကို သိထားပြီးသားဖြစ်သည်။ သို့သော် သူသည် ထိုအဖြစ်အပျက်များမှာ မှန်ကန်နေကြောင်း သိလိုက်ရသောအခါ တုန်လှုပ်ချောက်ချားသွားရဆဲပင်။ ထို့ကြောင့် သူသည် သူ၏နောက်တွင် ရှိနေသည့် လူကြီးကို လှည့်ကြည့်ကာ မေးလိုက်သည်။
” ဝမ်ပေါင်လဲ့က တကယ်ပဲ အဲဒီတိုက်ခိုက်ရေးသမားအားလုံးကို သူတစ်ယောက်တည်း ထိပ်တိုက်ရင်ဆိုင်ခဲ့တာလား ”
” အဲဒီလိုဖြစ်ဖို့ များပါတယ်။ သူတစ်ယောက်ထဲပဲ ရှိတာ။ ပြီးတော့ ကျနော် သင်္ဘောပျံကြီးပေါ်က တခြား လူတွေနဲ့လည်း အဲဒီကိစ္စကို တိုက်စစ်ပြီးသွားပြီ။ ကျနော် ရုပ်အလောင်းတွေကို စစ်ဆေးခဲ့တဲ့ အချိန်တုန်းက သူတို့ထဲက အများစုက တိုက်ကွက်တစ်ကွက်ထဲနဲ့ ဇီဝိန်ချုပ်သွားခဲ့ရတာဆိုတဲ့ အချက်ကိုလည်း ရှာတွေ့ခဲ့သေးတယ်။ တော်တော်များများကို ဓမ္မအဆောင်တွေသုံးပြီး သတ်ဖြတ်ခဲ့တာ။ ပြီးတော့ အဲဒီနေရာမှာ ကျန်ရစ်ခဲ့တဲ့ ဓမ္မအဆောင် အကျိုးအပဲ့တွေလည်း အများကြီးပဲ။ သင်္ဘောပျံကြီးကိုတော့ လေပေါ်ပျံနေတဲ့ သတ္တဝါကြီးတစ်ကောင်က ဖျက်ဆီးလိုက်တာ။ အဲဒီနေရာက မိုးသစ်တောဆိုတော့ သိပ်တော့ မထူးဆန်းပါဘူး။ ဒီ အချက်အလတ်တွေအားလုံးကို ကြည့်လိုက်ရင် အဲဒီတိုက်ပွဲကြီးက တော်တော်ကို အန္တရာယ်များပြီးတော့ ခက်ခဲကြမ်းတမ်းခဲ့မှာ အမှန်ပါပဲ ”
ပါမောက္ခ၏ နောက်ရှိ လူကြီး၏ ခပ်အက်အက်စကားသံထဲတွင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည့် အရိပ်အယောင်များ ပါဝင်နေသည်။
” ဝမ်ပေါင်လဲ့က တာအိုကျောင်းမှာ သင်ခဲ့ရတဲ့ ဓမ္မလက်နက်နဲ့ ပတ်သတ်တဲ့ ဗဟုသုတတွေအားလုံးကို အစွမ်းကုန် ထုတ်သုံးခဲ့တာပဲ ဖြစ်ရမယ်။ သူ တခြား လျှို့ဝှက်ပညာရပ်တွေကို အသုံးပြုခဲ့တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဘယ်လိုဘဲပြောပြော ဒီဖြစ်ရပ်ကြီးတစ်ခုလုံးက အမှန်ပါပဲ။ နောက်ကွယ်ကနေ ကြိုးကိုင်တဲ့လူတွေကတော့ လင်းတျန်ဟောက်နဲ့ သူ့ရဲ့ နောက်လိုက်တွေပါ။ ချောင်ခွင်းနဲ့ ကျန်းလင်တို့က သူ့ကို သွေးထိုးလှုံ့ဆော်ပြီးတော့ ဒီလိုလုပ်ဖို့ အကြံပေးခဲ့တဲ့လူတွေ ဖြစ်နိုင်ပါတယ် ”
ပါမောက္ခကြီးမှာ တစ်ခဏမျှ တိတ်ဆိတ်ငြိမ်သက်သွားပြီးမှ ဆိုလိုက်သည်။
” လျှို့ဝှက်ချက်တွေ…. လူတိုင်းမှာ လျှို့ဝှက်ချက်တွေရှိတာ ကြီးကြီးမားမား ကိစ္စကြီးတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လင်းတျန်ဟောက်က… တော်တော်ကို သတ္တိကောင်းလှပါလားကွ။ အဓိက ကျောင်းကြီး လေးကျောင်းရဲ့ အရေးအကြီးဆုံး စည်းမျဥ်းကို ချိုးဖောက်ရဲလောက်တဲ့အထိကို သူက အတင့်ရဲနေတာပဲ ”
ပါမောက္ခကြီးမှာ ထိုသို့ဆိုလိုက်ပြီးနောက် ချက်ချင်းပင် နောက်သို့လှည့်သွားပြီး အဆင့်မြင့်ကျွန်းဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်တော့သည်။
ဤကိစ္စရပ်ကြီး တစ်ခုလုံးထဲတွင် လင်းတျန်ဟောက်နှင့် တာအိုကျောင်း၏ အရေးအကြီးဆုံးစည်းမျဉ်းတို့ ပါဝင်ပတ်သက်နေသည်ဖြစ်ရာ ကောင်းကင်တာအိုကျောင်း၏ အဆင့်မြင့်ကျွန်းအား သူ သတင်းပို့ရန် လိုအပ်ပေသည်။
သို့သော် အစကနေ ယခုအထိ ခြင်ကြီး၏ အကြောင်းကို မည်သူကမှ ထုတ်မပြောခဲ့ပေ။ ထို့အပြင် ဝတ်ရုံနက် သက်လတ်ပိုင်းလူကြီး၏ မှတ်ဉာဏ်များနှင့် ထွက်ဆိုချက်များထဲတွင်လည်း မည်သူကမှ အနက်ရောင် မြူခိုးများထဲတွင် ပေါ်လာခဲ့သည့် ငေါထွက်နေသော ပါးစပ်နှင့် လူဝံတစ်ကောင်၏ ပါးစပ်တို့ကို ပိုင်ဆိုင်ထားသော လူငယ်လေးအကြောင်းကို မသိခဲ့ရပေ။ ထိုဖြစ်ရပ်များ အားလုံးမှာ လုံးဝမဖြစ်ခဲ့သည့်အတိုင်းပင်။ သူတို့၏ မှတ်ဉာဏ်များထဲမှ ထူးဆန်းစွာ ဖယ်ရှားခံလိုက်ရသကဲ့သို့ပင်။
အချိန်များမှာ လျင်မြန်စွာကုန်ဆုံးသွားပြီး နောက်ထပ်နှစ်ရက်တိတိ ကုန်လွန်သွားပြန်သည်။ ကျောင်းပြန်ဖွင့်ရန်အတွက် ရက်အနည်းငယ်မျှသာ လိုတော့သည်လည်း ဖြစ်သည်။ ထိုကိစ္စအား စုံစမ်းစစ်ဆေးခဲ့သည့် အကြောင်းများနှင့် ကိုင်တွယ်ဖြေရှင်းလိုက်သည့် နည်းလမ်းများကို ပါမောက္ခကြီးကိုယ်တိုင် ဝမ်ပေါင်လဲ့အား ချက်ချင်းပင် အသိပေးလိုက်သည်။
ဝမ်ပေါင်လဲ့မှာ ထို အကြောင်းကြားစာနှင့် စုံစမ်းစစ်ဆေးမှု၏ နောက်ဆုံးရလဒ်ကို ကြားသိလိုက်ရသောအခါ ကြို၍ မှန်မှန်ကန်ကန် ခန့်မှန်းထားသည့်တိုင်အောင် အံ့ဩတုန်လှုပ်သွားရဆဲပင်။
” ဘယ်လိုလုပ်ပြီးတော့ အရေးအကြီးဆုံးစည်းမျဉ်းကို ဒီလောက်လွယ်လွယ်နဲ့ ချိုးဖောက်နိုင်ရတာလဲ။ မင်းနဲ့ မင်းရဲ့မိသားစုရဲ့ ဘေးကင်းလုံခြုံမှုအတွက် စိတ်ပူနေစရာ မလိုပါဘူး။ ကျောင်းက အာမခံပါတယ်။ လွှတ်တော်အမတ်တစ်ယောက် ဖြစ်နေတော့ရော ဘာလုပ်ရမှာလဲ။ တစ်ယောက်ယောက်က ပြဿနာ ထပ်ရှာလို့ကတော့ကွာ…. ”
၎င်းမှာ ထိုအကြောင်းကြားစာထဲရှိ နောက်ဆုံးစာကြောင်း ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ မြန်ဆန်လာ၏။ သူ၏ အကြည့်များမှာ ပို၍ပင် ပြတ်သားလာပြီး သူသည် ပို၍ခိုင်မာသော သန္နိဋ္ဌာန်တစ်ခုကို ချမှတ်လိုက်သည်။ တာအိုကျောင်း၏ ဆုံးဖြတ်ချက်ကြောင့် သူသည် ကျောင်းကို ယုံကြည်နိုင်ကြောင်း သဘောပေါက်သွား၏။
” မင်းရဲ့အဖေက လွှတ်တော်အမတ်တစ်ယောက်ပေါ့ ဟုတ်လား။ ပြဿနာမရှိပါဘူး။ လင်းတျန်ဟောက်၊ ချောင်ခွင်း၊ ကျန်းလင်။ မင်းတို့ရဲ့ အဘိုးဝမ်ဆိုတဲ့ ငါက မင်းတို့အကုန်လုံးကို ငါ့ရဲ့ ခြေဖဝါးအောက်မှာ ပြားပြားဝပ်နေအောင် လုပ်ပြမယ် ”
ဝမ်ပေါင်လဲ့မှာ ကောင်းကင်ကြီးကိုကြည့်၍ ဟက်ဟက်ပက်ပက် ရယ်မောကာ သူ၏ အသံလွှင့်လက်စွပ်ကို ဖွင့်လိုက်ပြီး လျှိုတောက်ပင်းနှင့် သူ၏အပေါင်းအပါများကို သတင်းတစ်ခု ပို့လိုက်၏။ ၎င်းမှာ သူ၏ ဦးဆောင်မှုအောက်ရှိ စစ်ဆေးရေးမှူးအားလုံးကို ကျောင်းသို့ စောစောပြန်လာရန် ဆင့်ခေါ်လိုက်ခြင်းပင်ဖြစ်သည်။