အပိုင်း ( ၁၀၃၂ )

ထွက်ခွာခြင်း

ရှားရှင်းယွန်နှင့် တွေ့ပြီးနောက် ရီဖူရှင်းက  တောင်ပေါ်သို့ ပြန်လာခဲ့သည်။ အင်ပါယာရှားက သူ့အား ထိုရာထူးကို ကိုယ်တိုင် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ သူက မင်းသမီး၏ ကိုယ်ရံတော်သာ ဖြစ်သော်လည်း တစ်ဖက်တွင် ထိုရာထူးသည် သူ့အတွက် အကာအကွယ် ဖြစ်၏။ မည်သို့ဖြစ်‌စေ သူက သွားရောက်ကာ ကျေးဇူးတင်စကား ပြောရပေမည်။

သူက အင်ပါယာရှားအား မတွေ့ခဲ့ရသော်လည်း ထိုကိစ္စမှာ သိပ်အရေးမပါပေ။

ရှားရှင်းယွန်က သူ့အပေါ် လွန်စွာ အေးစက်သော်လည်း ထိုအရာကပင် သူမ၏ပုံစံဖြစ်သည်။ သူမသည် အင်ပါယာရှားဘုံ အတွင်း၌ အဆင့်အတန်း အမြင့်ဆုံးနေရာတွင် မွေးဖွားခဲ့ကာ အင်ပါယာရှား ကိုယ်တိုင်၏ အချစ်ဆုံး မင်းသမီး ဖြစ်သည်။ အမှန်တကယ်ပင် သူမသည် မာနကြီးသင့်ပေ၏၊ သို့သော် ရှားရှင်းယွန်သည် စကားပြော မာကျောအေးစက် သော်လည်း နူးညံ့သော နှလုံးသား ရှိသည်ကို ရီဖူရှင်း သိသည်။ ရှေးနန်းတော်ရာ၌ ရီဖူရှင်းက သူမအား အနိုင်ယူပြီးနောက် သူ့အပေါ် သူမ၏ အပြုအမူ သဘောထားများ မှာလည်း ပြောင်းလဲခဲ့သည်။ သူမက သူ့အား ပထမဦးဆုံး တွေ့စဉ်ကကဲ့သို့ အေးစက်ခြင်းလည်း မရှိတော့ပေ။ ထိုအစား သူမသည် သူ့အား အဆင့်အတန်း တူညီသော သဘောထားဖြင့် လေးစားစွာ ဆက်ဆံခဲ့သည်။

သူက မင်းသမီးအား ရှန့်ထိုရှား၏ မွေးနေ့ပွဲ၌ ပထမဦးဆုံး အကြိမ် တွေ့ဆုံခဲ့သည်။ သူမက သူ့အား ပြောခဲ့သော တစ်ခွန်းတည်းသော စကားမှာ သူမနောက်သို့ လိုက်ရန် ဖြစ်သည်။ သူက ငြင်းပယ် လိုက်သည်နှင့် သူမသည် ရီဖူရှင်းအား လုံးဝ လျစ်လျူရှု ထားခဲ့သည်။

ယခု သူမသည် သူနှင့် အပြန်အလှန် ခွန်းတုံ့ပြန်ကာ ပြောဆိုသည်။

ဟန်ဆောင်ခြင်းနှင့် ဒေါသတို့သည် သဘောထား နှစ်ခုအား ပြန်လည် ထင်ဟပ်စေသော အပြုအမူများ ဖြစ်သည်။

ရီဖူရှင်းကလည်း ထိုအချက်ကို နားလည်ကာ တစ်ဖက်တွင် အင်ပါယာရှားနှင့် ရှားရှင်းယွန်တို့ အပေါ်တွင် များစွာ ကျေးဇူးတင် ပေသည်။ အနည်းဆုံး သူသည် သူတို့ထဲမှ တစ်ယောက် ဖြစ်သည်။

တောင်ပေါ်တွင် ကော့တေးမှ လူများသည် နောက်ပိုင်း နေ့ရက်များတွင် နှိမ့်ချသိုသိပ်စွာ နေထိုင်ခဲ့ကြသည်။ လူအများအပြားက သူတို့၏ လှုပ်ရှားမှုများကို စောင့်ကြည့် နေကြသော်လည်း ရီဖူရှင်းနှင့် တခြားလူများက ဘာမှမလုပ်ကြပေ။

ထိုအခိုက်တွင် ရီဖူရှင်းသည် အင်ပါယာရှားဘုံ အတွင်းမှ ထိပ်သီး ပုဂ္ဂိုလ်များ၏ အကြောင်းကို ရေးမှတ်ထားသော စာအုပ် စာတမ်းများအား ဖတ်ရှုနေသည်။ သူက အထက်ဘုံသို့ ရောက်လာမှ‌တော့ ဤသို့သော အရာများကို သိနားလည်ရန် လိုသည်။

လို့လန်ရွှီက သူ့ဘေးတွင် ရပ်ကာ ရီဖူရှင်း အတွက် အသုံးဝင် နိုင်လောက်သော စာအုပ်များအား ရွေးချယ်ပေး၏။ နောက်ပိုင်း နှစ်များတွင် သူမမှာ ရီဖူရှင်းအား ခစားရသည်ကို နေသားကျလာခဲ့ပြီး အကောင်းဆုံး ကြိုးစား လုပ်ဆောင်လေ့ ရှိသည်။

“အင်ပါယာရှားဘုံ အတွင်းမှ စွမ်းအားမြင့် ပုဂ္ဂိုလ်တွေ အများကြီး ရှိတယ်။ ဒါပေမဲ့ အင်ပါယာရှားက အထက်ဘုံနဲ့ အောက်ဘုံကို အလွယ်တကူ ထိန်းချုပ်နိုင်တယ်” ရီဖူရှင်းက တီးတိုးပြောသည်။ ထိုအရာက ပုံမှန်ဖြစ်ပေသည်။ သူကား ရန်ဟောင်တန်ခိုးရှင် ဖြစ်၏။

ရီဖူရှင်း သိသော လီဟန်ဓား နန်းတော်နှင့် ကျူးထန်နန်းတော် တို့သည် အင်ပါယာရှားဘုံ အတွင်းမှ ထိပ်သီး အင်အားစုများ ဖြစ်ကြ၏။ ထို့အတူ သူ အနိုင်ယူခဲ့ဖူးသော ချင်ချီအမြည်ရှိ လူငယ်တစ်ဦးလည်း ရှိသေးသည်။ သူသည်လည်း ထိပ်သီးအင်အားစု တစ်ခုမှ ဖြစ်၏။

အင်ပါယာရှားသည် ဗိုလ်ချုပ် အဆင့်ရှိသော ရှန့်ထိုရှစ်ပါးအား တိုက်ရိုက် အမိန့်ပေးသည်။ သူတို့အားလုံးမှာ အလွန် စွမ်းအားမြင့်သော ခေါင်းဆောင်များ ဖြစ်ကြ၏။ ဗိုလ်ချုပ် တစ်ဦးစီက များစွာသော စစ်သည်များအား အုပ်ချုပ်ကာ အင်ပါယာရှား ပြီးပါက အာဏာ အမြင့်ဆုံးလည်း ဖြစ်ကြ၏။

သူတို့အပြင် အင်ပါယာရှား နန်းတော်အတွင်းမှ နန်းတွင်း သက်တော်စောင့် များလည်း ရှိပေသည်။ တချို့သော လျှို့ဝှက် အဖွဲ့အစည်းများ မှာလည်း အင်ပါယာရှား လက်အောက်တွင် ရှိသည်ဟု ဆိုကြ၏။

သူ့လက်အောက်တွင် ရှိသော အင်အားစုများ အပြင် အချို့သော အင်အားစုများမှာ သူနှင့် လွန်စွာ နီးကပ်ပေသည်။

ဥပမာ… နတ်ဘုရား တိမ်တိုက် တောင်ကြားသည် အင်ပါယာရှားဘုံ အတွင်း၌ ချပ်ဝတ်လက်နက်များ ပြုလုပ်သော တော်ဝင်မြေ ဖြစ်သည်။ သူတို့၏ တောင်ကြား သခင်သည် အတော်ဆုံး ချပ်ဝတ်လက်နက် ပြုလုပ်သူအဖြစ် သတ်မှတ် ခံထားရ၏။ သူ့အား အင်ပါယာရှားဘုံ အတွင်းမှ လူအများအပြားက လေးစား ကြရပေသည်။

ထို့အတူ အင်ပါယာရှားဘုံ အတွင်း၌ နာမည်ကျော် အလှပဂေးများလည်း ရှိကြကာ နာမည် အကျော်ကြားဆုံးမှာ ရှားရှင်းယွန်၏ မွေးသမိခင် ဧကရီရှောင် ဖြစ်သည်။ သူမ၏ မိသားစုသည်လည်း ထိပ်သီး အင်အားစု ဖြစ်၏။ သူမ၏မိသားစု၌ များစွာသော စွမ်းအားမြင့် တန်ခိုးရှင်များ ထွက်ပေါ်လေ့ရှိပြီး မဆုံးနိုင်သော အလားအလာ များအား ပိုင်ဆိုင်ကြသည်။ ဧကရီရှောင်နှင့် မင်းသမီး ရှားရှင်းယွန်တို့ ကြောင့်ပင် သူတို့မိသားစုမှာ ရှောင်မိသားစု၏ ရွှေခေတ်သို့ ရောက်နေသည်ဟုပင် ပြောနိုင်သည်။ ထို့ကြောင့် သူတို့တွင် ထူးခြားသော အဆင့်အတန်းအား ပိုင်ဆိုင်ကြ၏။

ရီဖူရှင်းက တိတ်တခိုး သက်ပြင်းချသည်။ ပြည်နယ်ကိုးခုမှ တော်ဝင်မြေများမှာ အထက်ဘုံ၌ ဘာမှ မဟုတ်ပေ။ အဆင့်အတန်း အမြင့်ဆုံး၌ရှိသော ရှန့်ထိုဓား မရဏဓား နတ်မယ်နှင့် ပြည်နယ်ကိုးခု ရှီအဆင့် နံပါတ်၁ မဟာရှာမန် မှော်ဆရာတို့သာ အထက်ဘုံ၌ လူရာဝင်ပေသည်။

ပြောကြသည်မှာ မဟာရှာမန် မှော်ဆရာသည် ယခု အင်ပါယာရှား နန်းတော်၌ ရှိသည်။

“လီဟန်နန်းတော်က လှုပ်ရှားမှုတွေ ရှိလား …” ရီဖူရှင်းက စာအုပ်ကိုပိတ်ကာ လို့လန်ရွှီအား မေးသည်။

“တိုက်ပွဲအပြီးမှာ အင်ပါယာရှားက နင့်ကို မင်းသမီးရဲ့ ကိုယ်ရံတော် ခန့်ခဲ့တယ်။ ဒါကြောင့် လီဟန် နန်းတော်က ပြဿနာ မရှာတော့ဘူး။ ဒါပေမဲ့ မကြာခင် သတင်းတွေ ထွက်လာခဲ့တယ်။  အဲဒါက ဟောင်ကျူဂီနဲ့ ရီဝူချင်းတို့ဟာ ရန်ဟောင် အမွေအနှစ်တွေကို ပိုင်ဆိုင်တယ်ဆိုတဲ့ ကောလာဟလတွေပဲ …”

“အင်း …” ရီဖူရှင်းက ခေါင်းညိတ်သည်။ ကြည့်ရသည်မှာ ထိုသတင်းများအား လူအချို့က တမင် ဖွခဲ့ဟန်ရသည်။ ဤအရာက လျှို့ဝှက်ချက် မဟုတ်သော်လည်း လူအများအပြား သိလေလေ သူတို့အတွက် မထင်ထားသော ပြဿနာများ ဖြစ်ရန် အခွင့်အလမ်း များလေလေ ဖြစ်သည်။

ထို့နောက်တွင် ရီဖူရှင်းက ထရပ်ကာ တောင် အနောက်ဘက်သို့ လျှောက်လာခဲ့သည်။

တောင်ကမ်းပါးယံတွင် လူနှစ်ယောက် ရှိသည်။ တစ်ဦးကား မိန်းမလှ တစ်ယောက် ဖြစ်ကာ တင်ပျဉ်ခွေထိုင်လျက် ကျင့်ကြံနေသည်။ သူမဘေးတွင် နောက်ထပ် မိန်းမ တစ်ယောက်သည် သူမ ကျင့်ကြံသည်ကို လမ်းညွှန်ပြသနေဟန် ရ၏။

ထိုမြင်ကွင်းကို ရီဖူရှင်း ထူးဆန်းစွာ ကြည့်သည်။ ထိုင်လျက် အနေအထားဖြင့် ကျင့်ကြံနေသော မိန်းကလေးသည် မှန်နန်းတော် သခင်ဖြစ်ကာ ရာရာက သူမအား ညွှန်ကြား သင်ပြနေခြင်း ဖြစ်သည်။

ရီဖူရှင်းက သူတို့ထံသို့ လျှောက်သွားလျှင် ရာရာက ရုတ်တရက် သူ့ဘက်သို့ လှည့်ကာ ကြည့်သည်။

“ရာရာ… မင်းက သူမကို ကူညီ သင်ပြပေး နေတာလား…” ထိုအရာက ရီဖူရှင်းအား ထူးဆန်းစေသည်။ သို့သော်လည်း သူ နားလည်၍ ရ၏။ မည်သို့ဆိုစေ ရာရာကား မရဏဓား နတ်မယ်ဖြစ်သည်။ ထို့ကြောင့် သူမ အနေအထားဖြင့် မှန်နန်းတော် သခင်မအား သင်ပြပေးနိုင်သည်။

ရာရာက နောက်လှည့်ကာ ရီဖူရှင်းအား အေးစက်စွာ ကြည့်သည်… “မင်းက ငါ့ကို နောက်နာမည်တစ်ခု ခေါ်လို့ မရဘူးလား…”

သူမက ဒေါသထွက်လျှင် အတော် ချစ်စရာ ကောင်းသည်ဟု ရီဖူရှင်း တွေးသည်။ ထို့ကြောင့် သူက လက်ဆန့်တန်းကာ သူမ၏ ရင်ဘတ်အား အသာ လှမ်းရိုက်လိုက်သည်။ ရုတ်တရက် ရာရာ၏ အမူအရာက အလွန်တရာ အေးစက် သွားခဲ့၏။ သူမ၏အလွန်တရာ ထက်ရှသော ဓားအသိများ ထွက်ပေါ်လာခဲ့ကာ ရီဖူရှင်းအား စူးစူးရဲရဲ ကြည့်သည်။

“ဒါက အလေ့အထဟောင်းပဲ… မတော်တဆ လုပ်မိတာ…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။ ရာရာ ငယ်စဉ်က သင်္ချိုင်းကုန်း ကျေးရွာတွင် ရီဖူရှင်းက အမှန် တကယ်လည်း ဤနည်းဖြင့် စနောက်လေ့ ရှိခဲ့သည်။

သူက ရာရာ လုံးဝ ကွယ်ပျောက် သွားမည်ကို မလိုလားပေ။ ထို့ကြောင့် သူမက မရဏဓား နတ်မယ် ဖြစ်နေသည့်တိုင် ရီဖူရှင်းက ထိုသို့ ပြုမူခြင်း ဖြစ်၏။

ရီဖူရှင်း၏ နွေးထွေးသော အပြုံးကို ကြည့်ကာ မရဏဓား နတ်မယ်၏ အေးစက်သော အငွေ့အသက်များက ကွယ်ပျောက် သွားသည်။ သို့သော်လည်း အဆုံးတွင် ရာရာက ရင်ဘတ်အနီးသို့ ရောက်လာသော လက်အား ရိုက်ပုတ် ဖယ်ရှားလိုက်၏။ သူမက အကြောင်းအရာအား ပြောင်းလဲလိုက်ကာ ပြောသည်… “အခု သူမမှာ ဆန္ဒ မရှိတော့ပေမဲ့ သူမရဲ့ ဓားပညာက ပိုကောင်း လာတယ်…”

ရီဖူရှင်းက ပြုံး၏။ ယခု ရာရာသည် အကျင့်စရိုက်နှစ်ခု ရောထွေးနေသော လူတစ်ယောက်နှင့် ဆင်တူသည်။ သို့သော်လည်း သူမသည် သူ့အား ရင်းနှီးမှု ရှိနေဆဲ ဖြစ်သည်ကို ရီဖူရှင်း သိ၏။

“မင်းမှာ အချိန်ရှိရင် ဝူချင်းတို့ကိုလည်း သွားပြီး သင်ပေးပါဦး … သူတို့က သိပ်ပြီးတော့ ပါရမီ မမြင့်ပေမဲ့ ကြိုးစားကြတယ်… သူတို့က ဓားလမ်းစဉ်မှာ ခရီးအများကြီး ရောက်လိမ့်မယ်…” ရီဖူရှင်းက ပြောသည်။

“ကောင်းပြီ…” ရာရာက‌ ခေါင်းညိတ်သည်။

“တောင်ကို လူတွေ အများကြီး စောင့်ကြည့် နေကြလား…” ရီဖူရှင်းက မေးသည်။ ရာရာ၏ အာရုံခံစားမှုမှာ အားလုံးသူထက် မြင့်ပေသည်။

“အင်း…” ရာရာက ခေါင်းညိတ်သည်… “သူတို့တွေကို ခြောက်လှန့်ပြီးတော့ လူနည်းနည်း သတ်လိုက်ရင် မကောင်းဘူးလား…”

“မင်းက အမြဲတမ်း လူသတ်နေလို့ မရဘူး… ထားလိုက်ပါ…” ရီဖူရှင်းက သူမ၏နဖူးအား လက်ဖြင့် ထောက်လိုက်ကာ ဆိုလျှင် ရာရာ၏ မျက်နှာက နက်မှောင် သွားသည်။

“မင်းတို့ နှစ်ယောက် ဆက်လုပ်ကြပါ …” ရီဖူရှင်းက ထိုသို့ပြောလျက် ထွက်ခွာ သွားခဲ့သည်။ သူ၏ခံစားချက်မှာ ပိုမို ကောင်းမွန် လာခဲ့၏။

သူထွက်လာသော အချိန်တွင် ကျေးရွာ ခေါင်းဆောင် လာနေသည်ကို တွေ့၏။ ကျေးရွာ ခေါင်းဆောင်က ရီဖူရှင်းအား ခေါင်းညိတ် နှုတ်ဆက်ပြီးနောက် ရာရာ၏ ဘေးနားသို့ ရောက်လာကာ ပြောသည် … “သခင်မလေး …”

“အဝေးကို ထွက်သွား …” ကျေးရွာ ခေါင်းဆောင်က ဘာမှ မပြောရသေးမီတွင် ရာရာက သူ့အား အေးစက်စွာ ပြောသည်။

“…” ကျေးရွာခေါင်းဆောင် မျက်လုံး မျက်ဆန်ပြူး သွား၏။ ဘာတွေ ဖြစ်နေသနည်း။

“ငါပြောတာ မကြားဘူးလား …” ရာရာက သူ့အား ပြန်ကြည့်သည်။

“ကျုပ် ကြားပါတယ် …” သူ့သခင်မလေးမှာ တစ်စုံတစ်ခု မှားယွင်း နေသည်ကို ကျေးရွာ ခေါင်းဆောင်က သိလိုက်ကာ ချက်ချင်းပင် ထွက်ပြေး သွားခဲ့သည်။ သို့သော်လည်း သူသည် များစွာ အံ့အားသင့်ရ၏။ သူမသည် ရှန့်ထိုအဆင့်သို့ ပြန်ရောက်နေခဲ့ပြီ ဖြစ်သည်။ သူမက အဘယ်ကြောင့် အလွယ်တကူ ဒေါသထွက်နေ ရသနည်း။

ဘယ်သူက ဤသို့ ဖြစ်အောင် လုပ်ခဲ့သနည်း။

သူတို့နှင့် အဝေးတွင် ရီဖူရှင်းသည် စိတ်လက် ပေါ့ပါးစွာဖြင့် ထွက်သွားခဲ့ပြီ ဖြစ်သည်။ သူ၏ စိတ်ခံစားမှုများ အလွန် ကောင်းမွန် နေသည်။

မျက်လုံး တစ်မှိတ်အတွင်း ရက်အနည်းငယ် ကုန်ဆုံး သွားခဲ့သည်။ ရီဖူရှင်းသည် အချိန်အများစု၌ တိတ်ဆိတ်စွာပင် လေ့ကျင့် နေခဲ့သည်။

ကျန်ကျောင်းက ရီဖူရှင်းဘေးသို့ ရောက်လာသည်။ ရီဖူရှင်းက မျက်လုံးကို ဖွင့်ကာ မေးသည် … “ဘာများလဲ …”

ကျန်ကျောင်းက ရှေ့သို့ တက်လာကာ မြေပုံတစ်ခုအား ပေး၏။ ထိုမြေပုံပေါ်တွင် တော်ဝင်မြေတစ်ခု၏ အသေးစိတ် အချက်အလက်များ ပါဝင်သည်။

“ထျန်ကျိ နန်းဆောင်က သတင်းတွေက တိကျရဲ့လား …” ရီဖူရှင်းက မေးသည်။

ကျန်ကျောင်းက ခေါင်းညိတ်သည် … “အမှား မရှိနိုင်ဘူး …”

“အဲဒီအတွက် ဘာတွေ ပေးခဲ့ရလဲ …” ရီဖူရှင်းက မေးသည်။

“တော်ဝင်ရတနာ တစ်ခု …” ကျန်ကျောင်းက ဖြေသည်။

“ဘယ်လောက် သွေးအေး လိုက်သလဲ … သူတို့ရဲ့အလုပ်ရှင်ကို မျက်လုံး တစ်မှိတ် အတွင်းမှာ သူတို့က ရောင်းထုတ် လိုက်ကြတယ်။ ငါတို့က ဒီကိစ္စမှာ တော်ဝင် ရတနာတွေ တစ်ခုထက် ပိုပြီးတော့ ပြန်ရနိုင်တယ် …” ရီဖူရှင်းက ပြုံးလျက် အေးစက်စွာ ပြောသည်။ သူက ထရပ်ကာ ပြောသည် … “ရာရာ … မှန်နန်းတော် သခင်မနဲ့ ကျေးရွာ ခေါင်းဆောင်တို့ကို သွားပြောလိုက် … ငါတို့ လှုပ်ရှားမဲ့ အချိန်ကျပြီ”

“ဟုတ်ကဲ့ …” ကျန်ကျောင်းက ထိုနေရာမှ ထွက်သွားခဲ့သည်။

ရီဖူရှင်းက အေးစက်သော မျက်လုံးများဖြင့် အဝေးသို့ ကြည့်သည်။ သူက လီဟန်ဓား နန်းတော်အား တိုက်ခိုက်ရန် မစွမ်းဟု ဆိုသော်လည်း တခြား အင်အားစုများက ဘေးကင်းသည်ဟု မဆိုလိုပေ။ ထို့ကြောင့် လူအများအပြားက မိမိတို့ကို စောင့်ကြည့် နေမှ‌တော့ ထိုသူတို့အတွက် ဥပမာတစ်ခု ပြရပေမည်။

***

စွေ့ရန် နန်းတော်သည် ဓားပညာကို လေ့ကျင့်သော တော်ဝင်မြေ တစ်ခုဖြစ်သည်။ ပေ့ချိန်ရန်မှာ ကျင့်ကြံခြင်း ပျက်စီး သွားခဲ့သော်လည်း ထိုအရာက ‌စွေ့ရန်နန်းတော်၏ ပုံမှန် လည်ပတ်မှုကို မထိခိုက်စေခဲ့ပေ။ ဓားသမား အများအပြားမှာ ထိုနေရာ၌ လေ့ကျင့် ကြပေသည်။

လက်ရှိတွင် စွေ့ရန်ရှန့်ထို ဓားသည်လည်း သူ၏ နန်းဆောင် အတွင်း၌ လေ့ကျင့်နေသည်။

သူက မျက်မှောင်ကြုတ် လိုက်ကာ မျက်လုံးဖွင့်လျက် ကြည့်လျှင် ပေ့ချိန်ရန် တစ်ယောက် သူ့ထံသို့ လျှောက်လာသည်ကို မြင်သည် … “ဘာကိစ္စလဲ …”

“အဖေ … လီဟန် နန်းတော်က တကယ်ပဲ လက်လျှော့ လိုက်တာလား … “ပေ့ချိန်ရန်က ပြောသည်။ သူ့အဖေက သူ့ကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေသည်ကို ပေ့ချိန်ရန် သိသည်။ အစပထမက သူ့အတွက် စိတ်မကောင်း ဖြစ်ဟန် ရသော်လည်း ကြာလာသောအခါ ထိုအရာက စိတ်အနှောင့်အယှက် ဖြစ်လာ ခဲ့ရပေသည်။

“မျိုးစေ့က စိုက်ပျိုး ထားခဲ့ပြီးပြီ။ ဒါက ယာယီအားဖြင့် ငြိမ်သက် နေတာပဲ။ အနှေးနဲ့အမြန် လှုပ်ရှားမှုတွေ ရှိလာလိမ့်မယ်။ မင်းက ဘာကို စိုးရိမ်နေတာလဲ …” စွေ့ရန်ရှန့်ထိုဓားက အေးစက်စွာ ပြောသည်။

“သူ့ကို မင်းသမီးရဲ့ ကိုယ်ရံတော်အဖြစ် အင်ပါယာရှားက ခန့်အပ်ခဲ့တယ်။ ဒါတောင်မှ ကျွန်တော်တို့က လှုပ်ရှားလို့ ရသေးတာလား …” ပေ့ချိန်ရန်၏ မျက်နှာက ရုပ်ဆိုး အကျည်းတန် သွားသည်။ အင်ပါယာရှားက ရီဖူရှင်းအား မင်းသမီး၏ ကိုယ်ရံတော်အဖြစ် ခန့်အပ်ခဲ့မှတော့ လီဟန်နန်းတော်ကပင် သတိထား လှုပ်ရှားရန် လိုပေသည်။

“သူက ကျူးထန်နန်းတော် ကိုးလွှာသို့ တက်လာခဲ့တဲ့ ပုံစံအရ ငါတို့က နောက်ဆုတ် လိုက်ရင်တောင် သူက အလျှော့ပေးမှာ မဟုတ်ဘူး …” စွေ့ရန်ရှန့်ထိုဓားက ပြောသည်။

“သူ ရှန့်ထိုဖြစ်တဲ့အထိ ကျုပ်တို့က စောင့်ပေးရမှာလား … သူက တစ်ခုခု လုပ်တယ် ဆိုရင်တောင် ကျုပ်တို့ကို တိုက်ရိုက် တိုက်ခိုက်မှာ မဟုတ်သေးဘူး။ သူ အားနည်းနေတုန်းမှာ ဘာလို့ အခွင့်ကောင်း ယူပြီးတော့ …” ပေ့ချိန်ရန်က ပြောသည်။

“တော်လောက်ပြီ …” စွေ့ရန်ရှန့်ထိုဓားက ကြားဖြတ်ကာ ပြောသည်။ သူ၏မျက်လုံးများက အလွန်တရာ အေးစက်နေ၏ … “ပြီးခဲ့တဲ့ တိုက်ပွဲမှာ မရဏဓား နတ်မယ်ကြောင့် လီရန်ရှန့်ထိုဓားရဲ့ ဓားအသိက ဖြတ်တောက်ခြင်း ခံရတယ်။ ဒါက ဘာကို ဆိုလိုလဲဆိုတာ မင်းသိလား။ ငါတို့ အခု ဘယ်လို မျက်နှာ ပြရတော့မလဲ”

ပေ့ချိန်ရန်၏ မျက်နှာက ပြာနှမ်းသွားကာ တုန်ယင်စွာ ပြောသည် … “အဖေ ကြောက်နေတာလား …”

စွေ့ရန်ရှန့်ထိုဓား ဝုန်းခနဲ ထရပ်သည်။ သူ၏ မျက်လုံးများက စူးရှစွာဖြင့် ပေ့ချိန်ရန်ကို ကြည့်သည်။

သူ့အဖေ၏ မျက်လုံးများကို ကြည့်ကာ ပေ့ချိန်ရန်သည် ကြီးစွာ ထိတ်လန့် သွားခဲ့သည် … “ကျွန်တော်က အဖေ့ကို နှောင့်ယှက်ခဲ့မိတာ တောင်းပန်ပါတယ်”

ထိုသို့ပြောကာ သူက နောက်လှည့် ထွက်ခွာလာခဲ့သည်။ စွေ့ရန်ရှန့်ထိုဓားက ပေ့ချိန်ရန် ထွက်သွားသည်ကို ကြည့်သည်။ သူက ကိစ္စရပ်များအား ပေါ်ပေါ်ထင်ထင် မဆောင်ရွက်ခဲ့ခြင်းမှာ ကောင်းသောကိစ္စ ဖြစ်သည်။ သူက နောက်ကွယ်မှသာ အရာအားလုံးကို စီမံခဲ့ခြင်း ဖြစ်သည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset