အင်ပါယာရှား၏ ခန့်အပ်မှုက မုန်တိုင်း ထန်စေခဲ့သည်။
ပုံမှန်ကြည့်လျှင် ထိုခန့်အပ်မှုမှာ သိပ်အရေးမပါဟု ထင်မှတ် ရသော်လည်း မင်းသမီး၏ ကိုယ်ရံတော် ဖြစ်ခြင်းက သူမ၏ ဘေးတွင်နေတာ သူမ၏ အန္တရာယ်များအား ကာကွယ်ပေးရမည် ဟူ၏။
အင်ပါယားရှား နယ်မြေ အတွင်းမှ လူများအားလုံး သိကြသည်မှာ အင်ပါယာရှားသည် ရှားရှင်ယွန်အား အချစ်ဆုံး ဖြစ်သည်။ သူမ၏ ကိုယ်ရံတော်မှာလည်း သိသိသာသာ အရေးကြီး ပေသည်။
ဆိုလိုသည်က အင်ပါယာရှားသည် သူ၏ ဇာစ်မြစ်ကိုဖြစ်စေ၊ ပါရမီအားဖြင့် ဖြစ်စေ၊ အရည်အချင်းအားဖြင့် ဖြစ်စေ၊ အပြည့်အဝ ယုံကြည်သည်။
အင်ပါယာရှားဘုံ အတွင်းမှ အတော်ဆုံးသော ပါရမီရှင် အတော် များများမှာ မင်းသမီးအား စိတ်ဝင်စား ကြသည်မှာ သေချာ၏။ သူတို့က ထိုအတွေးများအား လူမြင်ကွင်းတွင် ပြောဆိုခြင်း မရှိကြသော်လည်း အင်ပါယာရှား၏ အချစ်ရဆုံးသော သမီးကလေးသည် အထက်ဘုံ အတွင်း၌ ပါရမီအမြင့်ဆုံး ဖြစ်သည်။ သူမက ယောက်ျား အဝတ်အစားများ ကိုသာ ဝတ်ဆင်လေ့ ရှိသော်လည်း သူမ၏ ရုပ်သွင်မှာ အထက်ဘုံ၌ ဖြစ်စေ အောက်ဘုံ၌ဖြစ်စေ ပြိုင်ဘက်ကင်းအောင် ချောမော လှပပေသည်။
အင်ပါယာရှားဘုံ အတွင်း၌ မင်းသမီး ရှားရှင်းယွန်နှင့် နှိုင်းယှဉ် နိုင်စွမ်းသော နောက်ထပ် မိန်းမတစ်ယောက် မရှိနိုင်တော့ပေ။
အကယ်၍ အင်ပါယာရှားက ယခင် မျိုးဆက်များမှ ရှန့်ထိုတစ်ပါးအား မင်းသမီးကို ကာကွယ်ရန် ခန့်အပ်ခန့်ပါက မည်သူကမှ အလေးထားကြမည် မဟုတ်ပေ။ သို့သော် ယခု ခန့်အပ်ခံရသူမှာ ပြည်နယ်ကိုးခုမှ ပါရမီ အမြင့်ဆုံးအဖြစ် သတ်မှတ်ခံရသော ရီဖူရှင်း ဖြစ်သည်။ သူသည် အင်ပါယာရှား၏ လက်အောက်၌ တိုက်ရိုက် တာဝန်ပေးခြင်း ခံရသူဖြစ်ကာ အလွန် ငယ်ရွယ် ချောမောသည်။ ထို့ကြောင့် ထိုသို့သော ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ဦးက မင်းသမီး၏ ကိုယ်ရံတော် အဖြစ် ခန့်အပ်ခြင်း ခံရသည်မှာ လူအများအကြား ပုံပြင်တစ်ပုဒ် ဖြစ်လာခဲ့သည်။
ထို့အပြင် အမိန့်တော် ထုတ်ပြန်သည့် အချိန်မှာ လီဟန်နန်းတော်နှင့် ထိတွေ့ ရင်ဆိုင်မှု ဖြစ်ပွားသည့် အချိန်နှင့် အလွန် တိုက်ဆိုင် နေခဲ့သည်။ ရပ်တည်ချက် အနေနနဲ့ ပြောရရင် ဤအရာက အင်ပါယာရှား၏ သတိပေးမှု တစ်ရပ်လည်း ဖြစ်နိုင်ပေသည်။
အထက်ဘုံ၌ မည်မျှ အားကောင်းသော အင်အားစု ဖြစ်ပါစေ သူတို့က ရီဖူရှင်းအား တစ်စုံတစ်ခု ကြံစည် လိုသည် ဆိုပါက သေသေချာချာ စဉ်းစားရန် လိုပေသည်။ သည်ခန့်အပ်ခြင်းမှာ ရီဖူရှင်းတို့က ကျူးထန်နန်းတော် အဆင့်မှ တန်ခိုးရှင်များအား တိုက်ခိုက် အနိုင်ယူခဲ့သည်ထက် သက်ရောက်မှု ပိုမိုအားကောင်း ပေသည်။
ထို့အပြင် ထိုသူသည် အောက်ဘုံမှ လာသောသူ တစ်ယောက် ဖြစ်ကြောင်း လူအများအပြားက သိလာကြသည်။ သူကား အောက်ဘုံမှ တော်ဝင်မြေ တစ်ခု၏ ခေါင်းဆောင်ဖြစ်ကာ အင်ပါယာရှား၏ အောက်တွင် တိုက်ရိုက် တာဝန် ထမ်းဆောင်သူ ဖြစ်သည်။
အထက်ဘုံမှာလည်း အင်ပါယာရှား၏ အုပ်ချုပ်မှု အောက်တွင် ရှိသော်လည်း လီရန်ဓား နန်းတော်ကဲ့သို့သော အင်အားစုများသည် အင်ပါယာရှား၏ လက်အောက်မှ မဟုတ်ကြပေ။
ထိုအခိုက်တွင် တောင်တစ်လုံး အပေါ်၌ တိမ်များ လှည့်ပတ် ရွေ့လျား နေကြသည်။ တောင်ပေါ်၌ အဆောက်အဦ အချို့ကိုလည်း တွေ့ရ၏။ ထိုနေရာမှ သဘာဝ စွမ်းအင်များမှာ ထူထပ် သိပ်သည်းပြီး မြစ်ချောင်းမှာ၊ ရေတံခွန်၊ မျှော်စင်များနှင့် ပန်းဉယျာဉ်များ ရှိနေကာ ပတ်ဝန်းကျင်အား အလွန်တရာ လှပစေသည်။
အထက်ဘုံသို့ ရောက်သည်နှင့် နေစရာများအား ရှာဖွေရန် ဂူတုံးလျိုနှင့် ကျူးကော့မင်းယွီတို့က တာဝန် ယူခဲ့ကြသည်။ ယခု သူတို့က တောင်ကြား တစ်ခုအား ရှာဖွေတွေ့ရှိခဲ့ကြကာ တောင်ကြား၏ အပြင်ဘက်တွင် ကော့တေးဟု ရေးထွင်း ထားသော ဆိုင်းဘုတ်ကလေး တစ်ခု ရှိနေသည်။
သည်စာလုံးများအား ရီဖူရှင်း ကိုယ်တိုင် ရေးထွင်း ထားခြင်းဖြစ်ရာ တောင်ကြား၏ နာမည်ကိုလည်း သူကိုယ်တိုင် ပေးခဲ့ခြင်း ဖြစ်သည်။ သူက အဘယ်ကြောင့် ထိုသို့ လုပ်ခဲ့သည်ကို အထူးအထွေ ရှင်းပြရန် မလိုတော့ပေ။ ရီဖူရှင်းက ထိုစာလုံးများအား ရေးထွင်းသောအခါ ဓားသခင်၊ ဂူတုံးလျိုနှင့် ကော့တေး တပည့်များ အားလုံးသည် အမှတ်တရ ဟောင်းများ များစွာကို သတိရကြသည်။ လက်ရှိတွင် သူတို့၏ဆရာနှင့် အစ်ကို၄ဖြစ်သော ရွှီယီတို့မှလွဲ၍ ကျန်သော ကော့တေး တပည့်များ အားလုံး တောင်ပေါ်သို့ ရောက်နေကြပြီ ဖြစ်သည်။
တောင်ပေါ်တွင် ရီဖူရှင်းသည် ရှုခင်းများကို ကြည့်ကာ တိတ်ဆိတ်စွာ ရပ်နေသည်။ ပုံမှန်အားဖြင့် အင်ပါယာရှား၏ အမိန့်တော်ကို သူက လက်ခံရရှိခဲ့ရာ ထိုအမိန့်တော်မှာ ဘာကို ဆိုလိုသည်ကို သူသိသည်။ အင်ပါယာက သူ့အား ကာကွယ်ပေးခြင်း ဖြစ်၏။
ဝူချင်းတို့အား လီဟန်ဓား နန်းတော်က ဝိုင်းရံ တိုက်ခိုက်ခဲ့ကြ သော်လည်း ပုံမှန်အားဖြင့် သူက လီဟန်ဓားနန်းတော်သို့ တိုက်ရိုက် သွားရောက်ကာ လက်စားချေ၍ မရပေ။
လီဟန်ဓား နန်းတော်သည် မည်မျှ အင်အားကြီးသည်ကို သူနားလည် ပေသည်။ ရာရာ၏ စွမ်းအားဖြင့်ပင် သူတို့က လီယန်ဓား နန်းတော်သို့ သွားရောက် တိုက်ခိုက်ခြင်းသည် ကိုယ့်သေတွင်းကိုယ် တူးခြင်းနှင့် တူညီ၏။ မည်သို့ဆိုစေ လီရန်ရှန့်ထိုဓားက ယူချင်းအား တိုက်ခိုက်ခဲ့ပေသည်။ သူက လီဟန်ဓား နန်းတော်ကို ရန်စပါက မည်သို့ သေဆုံးသွားမည်ကိုပင် မိမိမှာ သိလိုက်မည် မဟုတ်ပေ။
အင်ပါယာရှားက အထက်ဘုံနှင့် အောက်ဘုံကို အုပ်ချုပ်သည် ဆိုသော်လည်း ပြည်နယ်ကိုးခုမှ ရှန့်ထိုအများစုသည် အင်ပါယာရှား၏ အထောက်အပံ့ဖြင့် ရှန့်ထို ဖြစ်လာကြခြင်း ဖြစ်သည်။ ပြည်နယ်ကိုးခုမှ တော်ဝင်မြေများသည် အင်ပါယာရှား၏ အမိန့်တော်ကို တိုက်ရိုက် နာခံရ၏။ ထို့ကြောင့် ပြည်နယ်ကိုးခုတွင် ဖြစ်ပွားသမျှသော တော်ဝင် စစ်ပွဲများသည် အင်ပါယာရှား၏ စည်းမျဉ်း စည်းကမ်းများကို လိုက်နာရ၏။
သို့သော်လည်း အထက်ဘုံတွင်မူကား အရာအားလုံးမှာ ကွဲပြား ခြားနားပေသည်။ လီဟန်ဓား နန်းတော်ကဲ့သို့သော အင်အားစုများသည် အင်ပါယာရှား၏ အထောက်အပံ့ကို မှီခိုခြင်း မရှိဘဲ မိမိကိုယ်ကိုယ် လေ့ကျင့်ကြသည်။ သူတို့က အင်ပါယာရှား နယ်မြေ အတွင်း၌ ရှိနေသော်လည်း အင်ပါယာ၏ အမိန့်တော် တိုက်ရိုက်နာခံခြင်း မရှိပေ။ အင်ပါယာကလည်း သူတို့၏ ကိစ္စများ၌ ဝင်စွတ်ဖက်ခြင်း မရှိပေ။ အကယ်၍ သူက လီဟန်ဓား နန်းတော်နှင့် ထိပ်တိုက် ရင်ဆိုင်ရာတွင် ရီဖူရှင်းဘက်မှ ရပ်တည်ကာ လီဟန်ဓား နန်းတော်အား ဖိနှိပ်ပါက မည်သည့် ထိပ်သီး အင်အားစုကမှ အင်ပါယာရှား နယ်မြေ အတွင်းတွင် မနေထိုင်တော့ပဲ တခြား ဒေသများသို့ ထွက်သွားကြမည် ဖြစ်သည်။
ထိပ်သီး အင်အားစုများသာ တခြားသော ရန်ဟောင်ဘုံများ အတွင်းသို့ ထွက်သွားပါက အင်ပါယာရှားဘုံမှာ များစွာ ဆုတ်ယုတ် သွားပေလိမ့်မည်။
ထို့ကြောင့် အင်ပါယာရှားသည် ချိန်ခွင်လျှာ မျှတစေရန် အတွက် ရီဖူရှင်းအား မင်းသမီး၏ ကိုယ်ရံတော် အဖြစ် ခန့်အပ်ကာ မတော်မတရား ဖိနှိပ်ခြင်းမှ ကာကွယ် ပေးသည်။
ရီဖူရှင်း၏ နောက်သို့ မိန်းကလေး တစ်ယောက် လာရပ်သည်။ သူမကား လို့လန်ရွှီ ဖြစ်သည်။
“တောင်အောက်က အခြေအနေတွေ ဘယ်လိုရှိလဲ …” ရီဖူရှင်းက မေးသည်။
“လူတွေက မကြာမကြာ လာပြီးတော့ ရှင့်ကို စိန်ခေါ်ကြတယ် … ဒါပေမဲ့ ဝူချင်းနဲ့ တခြားလူတွေက သူတို့တွေကို တိုက်ခိုက် အနိုင်ယူခဲ့တာ များတယ်။ နောက်ပိုင်းမှာ လာနှောင့်ယှက်တဲ့လူတွေ နည်းသွားပေမဲ့ အထက်ဘုံမှာ ဒီနေရာက တဖြည်းဖြည်း နာမည်ကျော်ကြား လာတယ်” လို့လန်ရွှီက ပြောသည်။
ရီဖူရှင်းက ခေါင်းညိတ်သည်။ ကော့တေး၏ နာမည်သည် အထက်ဘုံ၌ များစွာ ကျော်ကြား လာပေလိမ့်မည်။
သူ ယုံကြည်သည်မှာ ဤသို့ ကျော်ကြား လာခြင်းသည် အင်ပါယားရှား၏ အမိန့်တော်ကြောင့် မဟုတ်ဘဲ ကော့တေး၏ စွမ်းရည် သက်သက်ကြောင့် ဖြစ်သည်။ ထို့ကြောင့်ပင် သူက ဤနေရာအား ကော့တေးဟု နာမည်ပေးခဲ့ခြင်း ဖြစ်သည်။
“မှန်နန်းတော် သခင်မ ဘာတွေလုပ်နေလဲ …” ရီဖူရှင်းက မေးသည်။
“သူမက အထက်ဘုံသို့ ရောက်ကတည်းက ကြိုးစားပြီးတော့ ကျင့်ကြံနေတယ် …” လို့လန်ရွှီက ပြန်ဖြေသည်။
“ကောင်းပြီ …” ရီဖူရှင်းက ခေါင်းညိတ်၏။ သူက စိတ်ဖြင့် ဆင့်ခေါ်လျှင် ကောင်းကင်မှ သိမ်းငှက်နက်သည် သူ့ရှေ့သို့ ဆင်းသက် လာခဲ့သည်။
“ငါက အင်ပါယာရှား နန်းတော်သို့ ခဏ သွားလိုက်ဦးမယ် …” ရီဖူရှင်းက ပြောကာ သိမ်းငှက်နက်နှင့်အတူ ထွက်သွားသည်။
အင်ပါယာရှား၏ ခန့်အပ်မှုကြောင့် သူသည် ရှန့်ထိုများ၏ ဘေးအန္တရာယ်ကို စိုးရိမ်စရာ မလိုတော့ပေ။ လီဟန်ဓား နန်းတော်က မည်မျှ စွမ်းပါစေ သူတို့က အင်ပါယာရှားအား အပြစ်မလုပ်ရဲပေ။
နာရီ အနည်းငယ်မျှ ပျံသန်းပြီးနောက် ရီဖူရှင်းသည် အင်ပါယာရှား နန်းတော်သို့ ရောက်ရှိလာခဲ့၏။ အစောင့်က သူ့အားမြင်လျှင် ဦးညွှတ်ကာ ပြောသည် … “အင်ပါယာက ကိုယ်ရံတော်ရီကို နန်းတော်သို့ စိတ်ကြိုက် ဝင်ထွက်ခွင့် ပေးထားပါတယ်”
“ကျေးဇူးပါ …” ရီဖူရှင်းက ခေါင်းညိတ်ကာ သိမ်းငှက်နက်နှင့်အတူ မင်းသမီး နန်းဆောင်သို့ ထွက်လာခဲ့သည်။
သူက မင်းသမီး နန်းဆောင်သို့ သွားရာလမ်းကို မှတ်မိပေသည်။
သို့သော်လည်း သူက နန်းတော် အတွင်းသို့ ဝင်သည်နှင့် သူ့ရှေ့တွင် အရပ်မြင့်မြင့် လူငယ် တစ်ယောက် ပေါ်လာခဲ့သည်။ ထိုသူသည် တိတ်ဆိတ်စွာ ရပ်နေခဲ့ကာ အဝေးသို့ ကြည့်နေ၏။ သို့သော်လည်း ဤလူငယ်သည် သူ့အား စောင့်နေခြင်း ဖြစ်သည်ဟု ရီဖူရှင်းက ခံစားရသည်။
“ရီဖူရှင်း …” ထိုအရပ်မြင့်သော လူငယ်က ရီဖူရှင်းအား ကြည့်သည်။ ဤတွင် ရီဖူရှင်းက သိပ်မသိသာ သော်လည်း အလွန် အားကောင်းသော ဖိအားတစ်ခု လူငယ်ထံမှ ခံစားရ၏။
သည်လူကား အလွန် အားကောင်းသည်။ အနည်းဆုံး သူသည် ပြည်နယ်ကိုးခုမှ ကျိရာထက် သိသိသာသာ အားကောင်း၏။
ဤနေရာတွင် တွေ့ရသော မည်သူမဆို အဆင့်အတန်း မြင့်မားသောသူ ဖြစ်မည်မှာ သေချာပေသည်။
“ကျုပ်နဲ့ ဘာကိစ္စများရှိလဲ မေးလို့ရမလား …” ရီဖူရှင်းက တည်ငြိမ်စွာ မေးသည်။
“အရှင်မင်းကြီးက မင်းကို မင်းသမီးရဲ့ ကိုယ်ရံတော်အဖြစ် ကိုယ်တိုင် ခန့်အပ်ခဲ့တယ်။ ဒါကြောင့် ခင်ဗျားက ဒါကို မျက်နှာ မပျက်စေသင့်ဘူး” ထိုလူက ရီဖူရှင်းအား မနာလိုသော အငွေ့အသက်များဖြင့် စိုက်ကြည့်သည်။ ထို့နောက် သူက ရီဖူရှင်း၏ နံဘေးသို့ လျှောက်လာ၏။ သူ၏ခြေလှမ်းတိုင်းက ရီဖူရှင်းအား ပိုမိုကြီးမားသော ဖိအားများ ခံစားစေသည်။
ရီဖူရှင်း မျက်မှောင်ကြုတ် လိုက်သည်။ သို့သော်လည်း သူဘာမှ မပြောပေ။ သူက ရှေ့သို့ ဆက်၍ လျှောက်သွားခဲ့သည်။ သူက အင်ပါယာရှား နန်းတော်အတွင်း၌ ပြဿနာ မဖြစ်လိုပေ။
ပုံမှန်အားဖြင့် မင်းသမီး၏ နန်းတော်၌ အစောင့်များ ရှိပေသည်။ အစောင့်များမှ တစ်ဆင့် အတွင်းသို့ သတင်းပို့ပြီးနောက် ရီဖူရှင်းက ရှားရှင်းယွန်အား တွေ့ခွင့်ရသည်။
ရှားရှင်းယွန်က သူ့အားကြည့်ကာ အေးစက်စွာ ပြောသည် … “ဒါက ငါ့အကြံမဟုတ်ဘူး …”
ရီဖူရှင်းက မှင်တက်သွားကာ မင်းသမီးအား နားမလည်သလို ကြည့်သည်။
“မင်းသမီးက အရှင်မင်းကြီးရဲ့ ရာထူးခန့်အပ်မှုကို ပြောတာပါလား …” ရီဖူရှင်းက မေးသည်။ ရီဖူရှင်းက မင်းသမီးဘက်မှ မင်းသမီး၏ ရှုထောင့်ဘက်မှ တစ်ခါမှ မတွေးမိခဲ့ပေ။ ပုံမှန်အားဖြင့် ထိုအမိန့်တော်မှာ အင်ပါယာ ကိုယ်တိုင်၏ အကြံအစည် ဖြစ်သည်ကို သူနားလည်သည်။ ရှားရှင်းယွန်က ထိုကိစ္စအား အနည်းငယ် လွန်ကဲစွာ တွေးတော နေခဲ့ဟန်ရပြီး ရီဖူရှင်း အထင်လွဲသွားမည်ကို စိုးရိမ်နေသည့်ဟန် ဖြစ်သည်။
ရီဖူရှင်းက ထိုနည်းဖြင့် တစ်ခါမှ မတွေးခဲ့သည်ကို သိလိုက်ကာ ရှားရှင်းယွန်မှာ အနည်းငယ် အရှက်ရသွားသော ဟန်ပန် ဖြစ်လာသည်။ သို့သော်လည်း တစ်ခဏအတွင်း ပုံမှန် အနေအထားသို့ ရောက်လာခဲ့သည်။ ထို့နောက် သူမက ရီဖူရှင်းအား ကြည့်ကာ ပြောသည် … “နင် ဒီကို ဘာလာလုပ်တာလဲ”
“ကျုပ်ကို အင်ပါယာက မင်းသမီးရဲ့ ကိုယ်ရံတော်အဖြစ် ခန့်အပ်ခဲ့တယ်။ ဒါကြောင့် ကျုပ်က မင်းသမီးဆီကို လာခဲ့တာပါ။ ကျွန်တော့်ကို အရှင်မင်းကြီးက နန်းတော်အပြင်မှာ လေ့ကျင့်ဖို့ ခွင့်ပြုထားပေမဲ့ မင်းသမီးမှာ ကျုပ်ကို ခိုင်းစေလိုတာ တစ်ခုခုရှိရင် အမိန့်ပေး ညွှန်ကြား နိုင်ပါတယလ်။ ပြီးတော့ ကျွန်တော်က အရှင်မင်းကြီးနဲ့ တွေ့ခွင့်ရနိုင်မလား …” ရီဖူရှင်းက ပြောသည်။
အင်ပါယာရှားက သူ့အပေါ် မည်သို့တွေးထင်သည်ကို ရီဖူရှင်း အလွန် စိတ်ဝင်စားပေသည်။ အင်ပါယာရှားက သူ့အား အဘယ်ကြောင့် ကာကွယ် ပေးနေရသနည်း”
“အဖေက လေ့ကျင့်ရေးတွေနဲ့ အမြဲတမ်း အလုပ် များနေခဲ့တာ။ ငါတောင်မှ ကိစ္စကြီးကြီးမားမား မရှိရင် တွေ့လို့မရဘူး။ ပြီးတော့ နင့်ရဲ့အပြုအမူတွေက ဘယ်တုန်းက ပုံစံကျသွားတာလဲ” ရှားရှင်းယွန်က ပြောသည်။ သူမက သူ့အား သူမနောက်သို့ လိုက်ရန် နှစ်ကြိမ်တိုင်တိုင် ဖိတ်ခေါ်ခဲ့သော်လည်း ငြင်းပယ်ခြင်း ခံခဲ့ရ၏။ ရီဖူရှင်းက ဤသို့သော စီစဉ်မှုအပေါ်တွင် သဘောမကျ ဖြစ်မည်ဟု သူမတွေးထင်သည်။
“အစကတည်းက ကျွန်တော် မှားနေခဲ့တာကို သိပါတယ် မင်းသမီး …” ရီဖူရှင်းက ရှားရှင်းယွန်အား တည်ငြိမ်စွာ ကြည့်ကာ ပြောသည် … “နောက်ဆုံးတစ်ကြိမ် ဒီကိုလာတုန်းက ကျွန်တော်က ချက်ချင်း ဝင်ခွင့်မရခဲ့တော့ စိတ်ပျက်သွားတဲ့ အတွက် ကျွန်တော့် အပြုအမူတွေက ရိုင်းစိုင်းသလို ဖြစ်သွားခဲ့ကာ တောင်းပန်ပါတယ်”
ထိုနေ့က ဖြစ်ပျက်ခဲ့သည်များကို ရှားရှင်းယွန်က ပြန်အမှတ်ရကာ စိတ်ရှုပ်သွားသည်။ သို့သော်လည်း ယနေ့တွင် ရီဖူရှင်းက လာရောက် တောင်းပန်ခဲ့ရာ သူမ၏ စိတ်ခံစားချက်မှာ တစ်နည်းနည်းဖြင့် ပိုကောင်း လာခဲ့သည်။
“အဖေက မင်းကို ငါ့ကိုယ်ရံတော် အဖြစ် ခန့်အပ်ခဲ့တယ်။ ဒါပေမဲ့ နင့်ကို အပြင်မှာ လေ့ကျင့်ခွင့် ပြုတယ်။ ဒါက ငါ့ဘေးမှာ ရှိနေစရာ မလိုတဲ့ ရာထူးပဲ။ ဒီမှာ ငါ့အမိန့်ကို လာပြီး နာခံစရာလည်း မလိုဘူး” ရှားရှင်းယွန်က ပြောသည်။
“မင်းသမီး စကားကို ကြားရတာ ကျွန်တော် တကယ်ပဲ စိတ်အေးရပါတယ် … ရီဖူရှင်းက ပြောသည်။ သူက မင်းသမီးဘေး၌ အမှတ်တကယ် ခံစားရပါက သူ့အတွက် စိတ်ညည်းညူဖွယ် မည်မျှ ကောင်းလိုက်မည်နည်း။
“နင် …” ရှားရှင်းယွန်၏ မျက်လုံးများက အလွန်အမင်း အေးစက် လာခဲ့သည်။ သို့သော်လည်း ရီဖူရှင်းက ထူးမခြားနားစွာဖြင့် လက်နှစ်ဖက်ကို ဆုပ်ကာ ပြောသည် … “မင်းသမီးမှာ ပြောစရာ မရှိတော့ရင် ကျွန်တော့်ကို သွားခွင့်ပြုပါဦး”
“နင့်ရဲ့ အပြုအမူတွေကို နည်းနည်း ပြင်လိုက်ရင် ငါက နင့်ကို အင်ပါယာရှား နန်းတော်မှာ အမှန်တကယ် လေ့ကျင့်ခွင့် ပြုနိုင်လောက်တယ် …” ရှားရှင်းယွန်က ပြုံးလျက် ရုတ်တရက် ပြောသည်။
ရီဖူရှင်းက သူမအားကြည့်ကာ သူမသည် အမှန်တကယ် လှပချောမွေ့လွန်း သည်ကို ဝန်ခံရပေသည်။ တစ်ခုတည်းသော ကိုးလိုးကန့်လန့် ကိစ္စမှာ သူမက ယောက်ျား အဝတ်အစားများကို ဝတ်ဆင်ထားခြင်းပင်။
“မင်းသမီးက မိန်းမ အဝတ်အစားတွေ ဝတ်ဆင်ထားခဲ့ရင် ဒီစကားတွေက ပိုပြီးတော့ ဆွဲဆောင်မှုရှိမှာပဲ …” ရီဖူရှင်းက သူမအား ပြုံးရောင်သန်းလျက် ပြောသည်။ ထိုအရာက အမှန်တရား ဖြစ်၏။
ရှားရှင်းယွန်၏ အပြုံးက ရုတ်တရက် ကွယ်ပျောက် သွားကာ အေးစက်စွာ ပြောသည် … “သွားစမ်း … ”
“ကျွန်တော့်ကို ခွင့်ပြုပါဦး …” ရီဖူရှင်းက လက်နှစ်ဖက်ကို ဆုပ်ကာ ပြောပြီး နောက်လှည့် ထွက်ခွာလာခဲ့သည်။
ရီဖူရှင်း ထွက်သွားသည်ကို ကြည့်ကာ ရှားရှင်းယွန်က လက်သီးများကို ဆုပ်သည်။ သူမထံမှ အေးစက်သော အငွေ့အသက်များပင် ထွက်ပေါ်လာခဲ့၏။ သူမ၏ အခြေအနေကို ကြည့်ကာ အစေခ မိန်းကလေးမှာ တုန်တုန်ယင်ယင် ဖြစ်နေသည်။ မင်းသမီးသည် ပုံမှန်အားဖြင့် တည်ငြိမ်ကာ ရင့်ကျက်သော ပုံစံ ဖြစ်သော်လည်း ယခု ထိုလူငယ်ကြောင့် ဒေါသထွက်နေသည်။
သို့သော်လည်း အစေခံ မိန်းကလေးပင် ထိုစကားများကို ကြားကာ ထိုသူအား ပြင်းပြင်းထန်ထန် ရိုက်နှက်လိုသော စိတ်များ ဖြစ်ပေါ်ခဲ့သည်။
သူက အမှန်တကယ် မင်းသမီးအပေါ် ခစားရသည်အား သဘောမကျ ဖြစ်နေသည်။ တစ်ဖက်တွင် မင်းသမီး၏အပြုအမူမှာလည်း ပုံမှန်မဟုတ်ပေ။
***